ဒေသနာ
၁ ဂျေရုဆလင်မြို့ရဲ့ဘုရင်၊ ဒါဝိဒ်ရဲ့သားတော်+ နည်းပြဆရာ*+ ပြောတဲ့ စကားတွေ။
၂ “တကယ် အချည်းနှီးပဲ။ တကယ် အချည်းနှီးပဲ။
အရာရာဟာ အချည်းနှီးပါပဲ”+ လို့ နည်းပြဆရာ ပြောတယ်။
၄ လူမျိုးတစ်ဆက် လွန်သွားတယ်။ လူမျိုးတစ်ဆက် ပေါ်လာတယ်။
ကမ္ဘာမြေကတော့ ထာဝစဉ်တည်တယ်။+
၆ လေဟာ တောင်ဘက်ကို တိုက်လိုက်၊ မြောက်ဘက်ကို လှည့်ပြီးတိုက်လိုက်နဲ့
မပြတ်တမ်း လှည့်ပတ်တိုက်ခတ်ပြီး လည်မြဲလည်ပတ်နေတယ်။
၇ မြစ်ချောင်းအားလုံး ပင်လယ်ထဲ စီးဝင်ကြတယ်။ ဒါပေမဲ့ ပင်လယ်ပြည့်သွားတယ်ဆိုတာ မရှိဘူး။+
မြစ်ချောင်းတွေဟာ ပြန်စီးဆင်းလာနိုင်ဖို့ စတင်စီးဆင်းခဲ့တဲ့ နေရာဆီ ပြန်သွားတတ်တယ်။+
၈ အရာရာဟာ ပင်ပန်းငြီးငွေ့စရာပဲ။
အကုန်အစင် ဖော်ပြနိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး။
မျက်လုံးက မြင်ရတာကို မကျေနပ်နိုင်ဘူး။
နားကလည်း ကြားလို့ကို မဝနိုင်ဘူး။
၉ ဖြစ်ဖူးတဲ့အရာတွေ ပြန်ဖြစ်လာလိမ့်မယ်။
လုပ်ဖူးတဲ့အရာတွေကို ပြန်လုပ်ကြလိမ့်မယ်။
နေအောက်မှာ အသစ်အဆန်းဆိုလို့ ဘာမှမရှိဘူး။+
၁၀ “ကြည့်စမ်း။ ဒါအသစ်အဆန်းပဲ” လို့ ပြောလောက်စရာ ဘာများရှိလို့လဲ။
ဟိုးအရင်ကတည်းက တည်ရှိပြီးသား၊
ငါတို့ခေတ်မတိုင်ခင်ကတည်းက တည်ရှိပြီးသားအရာတွေချည်းပဲ။
၁၁ အတိတ်ကလူတွေကို ဘယ်သူမှ သတိမရကြဘူး။
နောင်ပေါ်လာမယ့် လူတွေကိုလည်း ဘယ်သူမှ သတိရမှာ မဟုတ်ဘူး။
သူတို့ကိုလည်း နောက်နောင်ပေါ်လာမယ့်သူတွေ သတိရမှာ မဟုတ်ဘူး။+
၁၂ နည်းပြဆရာဖြစ်တဲ့ ငါက ဂျေရုဆလင်မြို့မှာ အစ္စရေးဘုရင်အဖြစ် နန်းစံနေတယ်။+ ၁၃ ကမ္ဘာပေါ်မှာ လုပ်ဆောင်သမျှကို၊+ လူသားတွေအတွက် ဘုရားသခင်ပေးထားတဲ့ စိတ်ပျက်စရာ အလုပ်အားလုံးကို ဉာဏ်ပညာသုံးပြီး လေ့လာစူးစမ်းဖို့+ ငါ စိတ်ပိုင်းဖြတ်လိုက်တယ်။
၁၄ နေအောက်မှာ လုပ်ဆောင်နေတဲ့ အလုပ်အားလုံးကို ငါမြင်တယ်။
ကြည့်ပါဦး။ အားလုံးဟာ အချည်းနှီးပဲ။ လေကိုဖမ်းဆုပ်ဖို့ အားထုတ်နေတာပဲ။+
၁၅ ကောက်တဲ့အရာကို ဖြောင့်အောင် မလုပ်နိုင်ဘူး။
မရှိတဲ့အရာကိုလည်း ရေတွက်လို့ မရနိုင်ဘူး။
၁၆ “ငါ့အရင် ဂျေရုဆလင်မြို့မှာရှိခဲ့တဲ့ လူတွေထက် သာလွန်တဲ့ဉာဏ်ပညာကို ငါဆည်းပူးထားတယ်။+ ငါ့ရင်ထဲမှာ ဉာဏ်ပညာနဲ့ ဗဟုသုတ အများကြီးရှိတယ်”+ လို့ စိတ်ထဲမှာ ငါပြောတယ်။ ၁၇ ဉာဏ်ပညာအကြောင်း၊ ရူးမိုက်ခြင်းအကြောင်း၊ မိုက်မဲခြင်းအကြောင်း သိနိုင်ဖို့ ငါကြိုးစားတယ်။+ ဒါလည်း လေကိုဖမ်းဆုပ်ဖို့ အားထုတ်နေတာပဲဆိုတာ ငါသိလာတယ်။
၁၈ ဉာဏ်ပညာရှိလေ စိတ်ပျက်စရာ ကြုံရလေပဲ။
ဗဟုသုတကြွယ်လေ စိတ်ဆင်းရဲရလေပဲ။+
၂ “ငါအပျော်အပါး လိုက်စားကြည့်ဦးမယ်။ ဒါမှ ဘာကောင်းကျိုးရမလဲ သိနိုင်မှာပေါ့” လို့ ငါ့စိတ်ထဲတွေးမိတယ်။ ဒါပေမဲ့ ဒါလည်း အချည်းနှီးပါပဲ။
၂ “ရယ်မောတာဟာ ရူးသွပ်နေတာပဲ” လို့ ငါပြောတယ်။
“အပျော်အပါးကကော ဘာများကောင်းကျိုးပေးလို့လဲ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးမိတယ်။
၃ စပျစ်ဝိုင်တမြမြနဲ့ ကြည်နူးနေရင် ဘာကောင်းကျိုးများရမလဲ သိအောင်လုပ်ဦးမှပဲဆိုပြီး ငါဆုံးဖြတ်လိုက်တယ်။+ အဲဒီအတောအတွင်း ငါ့စိတ်ကို ဉာဏ်ပညာနဲ့ ထိန်းကွပ်ထားတယ်။ ကမ္ဘာပေါ်မှာနေရတဲ့ သက်တမ်းတိုလေးအတွင်း လူသားတွေ လုပ်ဆောင်ရမယ့် အကောင်းဆုံးအလုပ်ဟာ ဘာများလဲသိနိုင်ဖို့ မိုက်မဲခြင်းကိုတောင် ငါလက်ခံထားခဲ့တယ်။ ၄ ကြီးမားတဲ့အလုပ်တွေ ငါလုပ်တယ်။+ ငါ့အတွက် နန်းတော်တွေ တည်ဆောက်တယ်။+ စပျစ်ခြံတွေ စိုက်ပျိုးတယ်။+ ၅ ဥယျာဉ်တွေ၊ ပန်းခြံတွေလုပ်ပြီး သီးပင်အမျိုးမျိုး စိုက်ပျိုးတယ်။ ၆ စိမ်းလန်းနေတဲ့ တောအုပ်ကို ရေပေးဖို့ ရေကန်တွေ တည်ဆောက်တယ်။ ၇ ကျွန်ယောက်ျား၊ ကျွန်မိန်းမတွေ ရယူထားတယ်။+ ငါ့နန်းတော်မှာပဲ မွေးလာတဲ့ ကျွန်တွေလည်း ရှိတယ်။ သိုးနွားဆိတ်စတဲ့ ခြံမွေးတိရစ္ဆာန်တွေကိုလည်း အများကြီးပိုင်တယ်။+ အရင်က ဂျေရုဆလင်မြို့မှာ ရှိခဲ့သူတွေ ပိုင်ဆိုင်တာထက် ပိုများတယ်။ ၈ ရွှေငွေတွေ၊+ ဘုရင်တွေနဲ့ ပြည်နယ်တွေဆီကရတဲ့ ဘဏ္ဍာတွေကို ငါစုဆောင်းတယ်။+ သီချင်းသည် အမျိုးသား အမျိုးသမီးတွေကို ခစားစေတယ်။ ယောက်ျားတွေကို ပျော်ရွှင်ကြည်နူးစေတဲ့ မိန်းမတစ်ယောက်မက အများကြီးကိုလည်း ငါသိမ်းယူတယ်။ ၉ ငါဟာ အရင်က ဂျေရုဆလင်မြို့မှာ ရှိခဲ့သူအားလုံးထက် ဘုန်းတန်ခိုးကြီးပြီး သာလွန်ခဲ့တယ်။+ ဒါပေမဲ့ ငါ့မှာ ဉာဏ်ပညာရှိနေဆဲပါပဲ။
၁၀ ငါ့အလိုဆန္ဒတစ်ခုကိုမှ မဖြည့်ဆည်းဘဲ မနေခဲ့ဘူး။+ အပျော်အပါးမှန်သမျှကိုလည်း မလိုက်စားဘဲ မနေခဲ့ဘူး။ ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့ရာအားလုံးကြောင့် ငါရွှင်လန်းခဲ့ရတယ်။ ဒါဟာ ကြိုးစားပမ်းစား လုပ်ကိုင်လို့ရတဲ့ အကျိုးကျေးဇူးပဲ။+ ၁၁ ဒါပေမဲ့ ကိုယ်တိုင်လုပ်ခဲ့သမျှ၊ ပင်ပင်ပန်းပန်းနဲ့ ပြီးမြောက်အောင်မြင်ခဲ့သမျှတွေကို ပြန်စဉ်းစားကြည့်တဲ့အခါ+ အားလုံးဟာ အချည်းနှီးပဲ၊ လေကိုဖမ်းဆုပ်ဖို့ အားထုတ်နေတာပဲဆိုတာ ငါသိလာတယ်။+ နေအောက်မှာ တကယ် အဖိုးတန်တဲ့အရာ မရှိပါလား။+
၁၂ အဲဒီနောက် ဉာဏ်ပညာ၊ ရူးသွပ်ခြင်း၊ မိုက်မဲခြင်းအကြောင်း ငါစူးစမ်းမိပြန်တယ်။+ (နောက်မှပေါ်လာမယ့် လူတစ်ယောက်က ဘာများစူးစမ်းနိုင်မှာလဲ။ အားလုံးဟာ လူတွေ စူးစမ်းပြီးသားအရာတွေချည်းပဲ။) ၁၃ အလင်းဟာ အမှောင်ထက် ပိုအကျိုးရှိသလို ဉာဏ်ပညာဟာ မိုက်မဲခြင်းထက် ပိုအကျိုးရှိတယ်ဆိုတာ ငါသိလိုက်ရတယ်။+
၁၄ ဉာဏ်ပညာရှိသူက သွားနေတဲ့လမ်းကို ရှင်းရှင်းလင်းလင်း မြင်တယ်။+ ဉာဏ်တိမ်သူကတော့ အမှောင်ထဲမှာ လျှောက်နေတယ်။+ နောက်ဆုံးမှာ နှစ်ယောက်စလုံးဟာ ရလဒ်တစ်မျိုးတည်းကိုပဲ ကြုံရမှန်း ငါသဘောပေါက်လာတယ်။+ ၁၅ “ဉာဏ်တိမ်သူ ကြုံရတဲ့အရာကို ငါလည်း ကြုံရမှာပဲ”+ ဆိုပြီး တွေးမိတယ်။ ဒါဆိုရင် ဉာဏ်ပညာ အလွန်အကျွံရှိတော့ကော ငါဘာများအကျိုးရလို့လဲ။ “ဒါလည်း အချည်းနှီးပါပဲ” လို့ တစ်ကိုယ်တည်း ပြောနေမိတယ်။ ၁၆ ဉာဏ်ပညာရှိသူကိုဖြစ်စေ၊ ဉာဏ်တိမ်သူကိုဖြစ်စေ အမြဲသတိရကြမှာ မဟုတ်ဘူး။+ အနာဂတ်မှာ လူတိုင်းဟာ မေ့လျော့ခံရမှာပဲ။ ဉာဏ်ပညာရှိသူဟာ ဘယ်လိုသေဆုံးမလဲ။ ဉာဏ်တိမ်တဲ့သူလိုပဲ သေဆုံးမှာပေါ့။+
၁၇ နေအောက်မှာ လုပ်နေတဲ့အရာမှန်သမျှ စိတ်ဆင်းရဲစရာကောင်းလွန်းလို့ အသက်ရှင်ရတာကိုတောင် ငါမုန်းလာတယ်။+ အားလုံးဟာ အချည်းနှီးပဲ၊+ လေကိုဖမ်းဆုပ်ဖို့ အားထုတ်နေတာပဲ။+ ၁၈ နေအောက်မှာ ငါကြိုးစားပမ်းစား လုပ်ဆောင်ခဲ့သမျှ+ နောက်လူအတွက် ချန်ထားခဲ့ရမှာဖြစ်လို့ အဲဒီအလုပ်တွေကို ငါမုန်းလာတယ်။+ ၁၉ အဲဒီလူက ဉာဏ်ပညာရှိမလား၊ ဉာဏ်တိမ်မလား ဘယ်သူသိလို့လဲ။+ နေအောက်မှာ ငါ ရေကုန်ရေခန်း ကြိုးစားပြီး၊ ဉာဏ်ပညာသုံးပြီး ရယူခဲ့ရာအားလုံးကို သူ ထိန်းချုပ်လိမ့်မယ်။ ဒါလည်း အချည်းနှီးပါပဲ။ ၂၀ ဒါကြောင့် နေအောက်မှာ ငါ ပင်ပင်ပန်းပန်း လုပ်ဆောင်ခဲ့ရာမှန်သမျှကို စိတ်ပျက်လာပြီ။ ၂၁ လူတစ်ယောက်က ဉာဏ်ပညာ၊ အသိပညာ၊ တတ်ကျွမ်းမှုတွေသုံးပြီး ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့ပေမဲ့ လုံ့လမစိုက်ခဲ့တဲ့ တခြားလူတစ်ယောက်လက်ထဲ အဲဒါတွေအားလုံး အပ်ခဲ့ရလိမ့်မယ်။+ ဒါလည်း အချည်းနှီးပါပဲ။ ဝမ်းနည်းစရာ ကောင်းလိုက်တာ။
၂၂ လူဟာ နေအောက်မှာ ကြိုးစားပမ်းစား လုပ်ဆောင်ရာမှန်သမျှ၊ ကြိုးစားပမ်းစားလုပ်ဖို့ သူ့ကို တွန်းအားပေးခဲ့တဲ့ ရည်မှန်းချက်မှန်သမျှကနေ ဘာများအကျိုးရလို့လဲ။+ ၂၃ အလုပ်ကြောင့် စိတ်ဆင်းရဲစရာ၊ စိတ်ပျက်စရာတွေကိုပဲ သူတစ်သက်လုံး ခံစားရတယ်။+ ညဘက်မှာတောင် စိတ်အေးလက်အေး မအိပ်ရဘူး။+ ဒါလည်း အချည်းနှီးပါပဲ။
၂၄ စားတာ၊ သောက်တာ၊ ကြိုးစားပမ်းစား လုပ်ကိုင်တာတွေကြောင့် ပျော်ရွှင်ရတာထက်ကောင်းတာ ဘာမှမရှိဘူး။+ ဒါဟာ စစ်မှန်တဲ့ဘုရားသခင် ပေးသနားတဲ့အရာပဲ ဆိုတာကိုလည်း ငါသဘောပေါက်လာတယ်။+ ၂၅ ငါ့ထက်ပိုပြီး စားနိုင်၊ သောက်နိုင်တဲ့သူ ဘယ်သူရှိလို့လဲ။+
၂၆ စစ်မှန်တဲ့ ဘုရားသခင်က မိမိနှစ်သက်တဲ့သူကို ဉာဏ်ပညာ၊ အသိပညာ၊ ပျော်ရွှင်ရတဲ့အခွင့် ပေးသနားတယ်။+ အပြစ်လုပ်တဲ့သူကိုတော့ ရှာဖွေစုဆောင်းရမယ့် အလုပ်ကို ပေးတယ်။ သူရှာဖွေစုဆောင်းပြီးရင် ဘုရားနှစ်သက်တဲ့သူကို ပေးလိုက်ရမှာပဲ။+ ဒါလည်း အချည်းနှီးပါပဲ။ လေကိုဖမ်းဆုပ်ဖို့ အားထုတ်နေတာပဲ။
၃ အရာအားလုံးအတွက် အချိန်အခါဆိုတာ ရှိတယ်။
ကမ္ဘာပေါ်က လုပ်ဆောင်မှုတိုင်းအတွက် အချိန်အခါရှိတယ်။
၂ မွေးဖွားချိန်နဲ့ သေဆုံးချိန်ရှိတယ်။
စိုက်ပျိုးချိန်နဲ့ စိုက်ပျိုးထားတာကို နုတ်ပစ်ချိန် ရှိတယ်။
၃ သတ်ဖြတ်ချိန်နဲ့ ကုသချိန် ရှိတယ်။
ဖြိုဖျက်တဲ့အချိန်နဲ့ တည်ဆောက်တဲ့အချိန် ရှိတယ်။
၄ ငိုရတဲ့အချိန်နဲ့ ရယ်ရတဲ့အချိန် ရှိတယ်။
မြည်တမ်းတဲ့အချိန်နဲ့ ကခုန်တဲ့အချိန် ရှိတယ်။
၅ ကျောက်တုံးတွေကို လွှင့်ပစ်ရတဲ့အချိန်နဲ့ ကျောက်တုံးတွေကို စုသိမ်းရတဲ့အချိန် ရှိတယ်။
ဖက်ယမ်းရတဲ့အချိန်နဲ့ မဖက်ယမ်းဘဲ နေရတဲ့အချိန် ရှိတယ်။
၆ ရှာဖွေရတဲ့အချိန်နဲ့ ပျောက်ဆုံးသွားပြီလို့ ယူမှတ်ရတဲ့အချိန် ရှိတယ်။
သိမ်းထားရတဲ့အချိန်နဲ့ လွှင့်ပစ်ရတဲ့အချိန် ရှိတယ်။
၇ ဆွဲဆုတ်ရတဲ့အချိန်နဲ့+ တွဲချုပ်ရတဲ့အချိန် ရှိတယ်။
နှုတ်ဆိတ်နေရတဲ့အချိန်နဲ့+ စကားပြောရတဲ့အချိန် ရှိတယ်။+
၈ ချစ်ရတဲ့အချိန်နဲ့ မုန်းရတဲ့အချိန် ရှိတယ်။+
စစ်ဖြစ်တဲ့အချိန်နဲ့ ငြိမ်းချမ်းတဲ့အချိန် ရှိတယ်။
၉ အလုပ်လုပ်တဲ့သူက ကြိုးစားအားထုတ်သမျှကနေ ဘာများအကျိုးရလို့လဲ။+ ၁၀ လူသားတွေအတွက် ဘုရားသခင် ပေးထားတဲ့အလုပ်ကို ငါတွေ့တယ်။ ၁၁ ဘုရားက အရာအားလုံးကို သူ့အချိန်နဲ့သူ တင့်တယ်လှပစွာ လုပ်ထားတယ်။+ လူသားတွေရဲ့ စိတ်ထဲမှာ ထာဝရကာလကို ထည့်ပေးထားတယ်။ ဒါပေမဲ့ လူသားတွေက စစ်မှန်တဲ့ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုတွေအကြောင်း အစကနေအဆုံးအထိ ဘယ်တော့မှ အပြည့်အဝ နားလည်နိုင်မှာ မဟုတ်ဘူး။
၁၂ ဒါကြောင့် ငါကောက်ချက်ချမိတာက ဘဝတစ်လျှောက်လုံး ပျော်ပျော်နေပြီး ကောင်းမှုလုပ်တာထက် မွန်မြတ်တာ ဘာမှမရှိဘူးဆိုတဲ့ အချက်ပဲ။+ ၁၃ အဲဒီအပြင် စားတာ၊ သောက်တာ၊ ကြိုးစားပမ်းစား လုပ်ကိုင်မှုကြောင့် ပျော်ရွှင်ကျေနပ်တာဟာ သင့်လျော်တယ်ဆိုတဲ့အချက်လည်း ပါတယ်။ ဒါတွေဟာ ဘုရားသခင်ဆီကရတဲ့ လက်ဆောင်ပဲ။+
၁၄ စစ်မှန်တဲ့ဘုရားသခင် ပြုလုပ်တဲ့အရာမှန်သမျှဟာ ထာဝစဉ် တည်မြဲမယ်ဆိုတာ ငါသိလာတယ်။ ထပ်ဖြည့်စရာ ဘာမှမရှိသလို ထုတ်ပယ်စရာလည်း ဘာမှမရှိဘူး။ ဘုရားက မိမိကို လူတွေ ကြောက်ရွံ့ရိုသေလာစေဖို့ အဲဒီလိုပြုလုပ်ထားတယ်။+
၁၅ ဖြစ်နေတဲ့အရာတွေဟာ ဖြစ်ဖူးတာတွေချည်းပဲ။ ဖြစ်လာမယ့်အရာကလည်း ဖြစ်ခဲ့တာတွေချည်းပဲ။+ စစ်မှန်တဲ့ဘုရားသခင်ကတော့ လိုက်ဖမ်းခံရတဲ့အရာတွေကို* ရှာဖွေတယ်။
၁၆ နေအောက်မှာ တရားမျှတမှုရှိရမယ့် နေရာမှာ ဆိုးညစ်မှုရှိနေတာ၊ ဖြောင့်မတ်မှုရှိရမယ့် နေရာမှာ ဆိုးညစ်မှုရှိနေတာကိုလည်း ငါမြင်တယ်။+ ၁၇ ဒါကြောင့် “ဖြောင့်မတ်သူကိုရော လူဆိုးကိုပါ ဘုရားသခင် တရားစီရင်မှာပါ။+ လုပ်ဆောင်မှုတိုင်း၊ လုပ်ရပ်တိုင်းအတွက် အချိန်အခါရှိတာပဲ” လို့ ငါတွေးမိတယ်။
၁၈ စစ်မှန်တဲ့ ဘုရားသခင်က လူသားတွေကို စမ်းသပ်ပြီး သူတို့ဟာ တိရစ္ဆာန်တွေနဲ့ အတူတူပဲဆိုတာကိုပြလိမ့်မယ်လို့လည်း ငါတွေးမိတယ်။ ၁၉ လူသားတွေနဲ့ တိရစ္ဆာန်တွေရဲ့ နောက်ဆုံးရလဒ်ဟာ အတူတူပဲ။+ တိရစ္ဆာန်သေသလို လူလည်း သေရတယ်။ သူတို့အားလုံးမှာရှိတဲ့ အသက်စွမ်းအားဟာ အတူတူပဲ။+ ဒါကြောင့် လူဟာ တိရစ္ဆာန်ထက် မသာပါဘူး။ အရာရာဟာ အချည်းနှီးပဲ။ ၂၀ သူတို့အားလုံး တစ်နေရာတည်းကိုပဲ သွားရတယ်။+ မြေမှုန့်က လာပြီး+ မြေမှုန့်ကိုပဲ ပြန်သွားရတယ်။+ ၂၁ လူသားတွေရဲ့ အသက်စွမ်းအားက အထက်ကို တက်မတက်၊ တိရစ္ဆာန်တွေရဲ့ အသက်စွမ်းအားကရော မြေကြီးထဲ ဆင်းမဆင်း ဘယ်သူသိလို့လဲ။+ ၂၂ ကိုယ့်အလုပ်မှာ ပျော်ရွှင်ကျေနပ်နေတာထက် ကောင်းတာ ဘာမှမရှိမှန်း ငါသိလာတယ်။+ ဒါဟာ လူသားတွေရရှိတဲ့ ဆုကျေးဇူးပဲ။ သေဆုံးသွားတဲ့ လူတစ်ယောက်ကို ဖြစ်ပျက်လာတဲ့အကြောင်းတွေ ဘယ်သူ အသိပေးနိုင်မှာလဲ။+
၄ အဲဒီနောက် နေအောက်မှာ ဖြစ်နေတဲ့ ဖိနှိပ်တဲ့ လုပ်ရပ်တွေအကြောင်း ငါစူးစမ်းမိတယ်။ ဖိနှိပ်ခံရသူတွေ ငိုကြွေးနေပေမဲ့ နှစ်သိမ့်ပေးသူတစ်ယောက်မှ မရှိမှန်း ငါမြင်တယ်။+ ဖိနှိပ်သူတွေက သြဇာအာဏာရှိသူတွေဖြစ်လို့ နှစ်သိမ့်ပေးသူ တစ်ယောက်မှ မရှိဘူး။ ၂ အသက်ရှင်နေတဲ့လူထက် သေသွားတဲ့လူက ပိုသာတယ်လို့ ငါတွေးမိတယ်။+ ၃ သူတို့နှစ်ယောက်ထက် မမွေးဖွားသေးတဲ့လူက ပိုတောင်သာတယ်။+ နေအောက်မှာ ဖြစ်နေတဲ့ စိတ်ဆင်းရဲစရာတွေကို သူ မတွေ့ဖူးသေးလို့ပဲ။+
၄ လူတွေရဲ့ ပြိုင်ဆိုင်ချင်စိတ်ကြောင့် အားထုတ်မှုတွေ၊ ပြောင်မြောက်တဲ့ လုပ်ဆောင်မှုတွေ ဖြစ်ပေါ်လာတယ်ဆိုတာ ငါမြင်တယ်။+ ဒါလည်း အချည်းနှီးပါပဲ။ လေကိုဖမ်းဆုပ်ဖို့ အားထုတ်နေတာပဲ။
၅ မိုက်မဲတဲ့သူဟာ မိမိအသားတွေ ကြုံလှီသွားပါစေ လက်ကတော့ ပိုက်ထားတုန်းပဲ။+
၆ လက်တစ်ဆုပ်စာ အနားယူရတာဟာ လက်နှစ်ဆုပ်စာ တပင်တပန်း လုပ်ဆောင်ပြီး လေကိုဖမ်းဆုပ်ဖို့ အားထုတ်နေတာထက် ပိုကောင်းတယ်။+
၇ နေအောက်မှာ အချည်းနှီးဖြစ်တဲ့အရာ နောက်တစ်ခုကိုလည်း ငါစူးစမ်းမိပြန်တယ်။ ၈ လူတစ်ယောက်က အပေါင်းအဖော်မရှိ၊ သားမရှိ၊ ညီအစ်ကိုမရှိဘဲ တစ်ကိုယ်တည်းဖြစ်ပေမဲ့ အလုပ်နဲ့လက် ပြတ်တယ်လို့ကို မရှိဘူး။ စည်းစိမ်တွေကိုပဲ မျက်စိကျနေတော့ ဘယ်တော့မှ သူ မရောင့်ရဲနိုင်ဘူး။+ “ငါ ကောင်းမွန်ရာတွေ မခံစားဘဲ ကြိုးစားပမ်းစား လုပ်ကိုင်နေတာ ဘယ်သူ့အတွက်လဲ”+ လို့ သူ့ကိုယ်သူ မမေးဘူး။ ဒါလည်း အချည်းနှီးပဲ။ စိတ်ပျက်စရာ အလုပ်ပဲ။+
၉ လူတစ်ယောက်ထက် နှစ်ယောက်က ပိုကောင်းတယ်။+ နှစ်ယောက်ပေါင်းပြီး ကြိုးစားပမ်းစားလုပ်ရင် ကောင်းကျိုးပိုရတတ်လို့ပဲ။ ၁၀ တစ်ယောက်လဲရင် ကျန်တဲ့တစ်ယောက်က ပြန်ထူပေးလိမ့်မယ်။ တစ်ယောက်တည်းသမားက ထူမယ့်သူမရှိတော့ လဲသွားရင် ဘယ်လိုလုပ်မလဲ။
၁၁ နှစ်ယောက်အတူအိပ်ရင် နွေးတတ်တယ်။ တစ်ယောက်တည်း အိပ်ရင်တော့ ဘယ်လိုလုပ် နွေးမှာလဲ။ ၁၂ ဒါ့အပြင် တစ်ယောက်တည်းသမားကို အနိုင်ယူလို့ရပေမဲ့ နှစ်ယောက်ဆိုရင်တော့ ပြန်ခုခံနိုင်တယ်။ သုံးလွန်းတင်တဲ့ကြိုးဟာ အလွယ်တကူ မပြတ်နိုင်ဘူး။
၁၃ ဆင်းရဲပေမဲ့ ဉာဏ်ပညာရှိတဲ့ ကလေးဟာ အသက်ကြီးပေမဲ့ ဉာဏ်တိမ်ပြီး သတိပေးတာကို လက်မခံတတ်တဲ့ ဘုရင်ထက်+ ပိုသာတယ်။+ ၁၄ အဲဒီကလေးက နိုင်ငံမှာ ဆင်းရဲသားအဖြစ် မွေးဖွားလာပေမဲ့+ ထောင်ကထွက်ပြီး ဘုရင်ဖြစ်လာတယ်။+ ၁၅ နေအောက်မှာ သွားလာလှုပ်ရှားနေတဲ့ အသက်ရှင်သူအားလုံးအကြောင်း၊ ဘုရင့်အရိုက်အရာကို ဆက်ခံတဲ့ လူငယ်လေး ဘာတွေ ကြုံရတယ်ဆိုတဲ့အကြောင်းကို ငါဆင်ခြင်မိတယ်။ ၁၆ သူ့ကိုထောက်ခံသူတွေ အများကြီးရှိပေမဲ့ နောက်ပိုင်းမှာပေါ်လာမယ့်သူတွေက သူ့ကို သဘောကျမှာ မဟုတ်ဘူး။+ ဒါလည်း အချည်းနှီးပဲ။ လေကို ဖမ်းဆုပ်ဖို့ အားထုတ်နေတာပဲ။
၅ စစ်မှန်တဲ့ဘုရားသခင်ရဲ့ အိမ်တော်ကို သွားတဲ့အခါတိုင်း ကိုယ့်ကိုယ်ကိုယ် သတိပြုပါ။+ မိုက်မဲတဲ့လူတွေလို ပူဇော်သက္ကာတွေ ဆက်သဖို့ သွားတာထက်+ နားထောင်ဖို့သွားတာက ပိုကောင်းတယ်။+ မိုက်မဲတဲ့သူတွေက မကောင်းတာ လုပ်လို့လုပ်နေမှန်း ကိုယ်တိုင် သတိမထားမိကြဘူး။
၂ စကားကို လွှတ်ခနဲ မပြောပါနဲ့။ ဘုရားသခင်ရှေ့မှာ စကားကို စိတ်မြန်လက်မြန် မပြောမိစေနဲ့။+ ဘုရားသခင်က ကောင်းကင်မှာစံမြန်းပြီး မင်းကတော့ မြေကြီးမှာရှိလို့ပဲ။ ဒါကြောင့် စကားကို စဉ်းစဉ်းစားစား ပြောသင့်တယ်။+ ၃ စွဲလမ်းမှုတွေများရင် အိပ်မက်မက်တတ်တယ်။+ စကားများများ ပြောရင်လည်း မိုက်မဲသူရဲ့ လေသံမျိုး ထွက်လာတတ်တယ်။+ ၄ ဘုရားသခင်ကို သစ္စာကတိပြုတဲ့အခါ အဲဒီအတိုင်းလုပ်ဖို့ မနှောင့်နှေးပါနဲ့။+ ဘာကြောင့်လဲဆိုတော့ ဘုရားက မိုက်မဲတဲ့သူတွေကို မနှစ်သက်လို့ပဲ။+ ဒါကြောင့် သစ္စာကတိပြုတဲ့အတိုင်း လုပ်ဆောင်ပါ။+ ၅ သစ္စာကတိပြုပြီးတော့မှ အဲဒီအတိုင်း မလုပ်တာထက် သစ္စာကတိမပြုဘဲနေတာ ပိုကောင်းတယ်။+ ၆ ကိုယ့်စကားနဲ့ကိုယ် အပြစ်သင့်ရတာမျိုး မဖြစ်စေနဲ့။+ မှားသွားပါတယ်လို့ ကောင်းကင်တမန်ကို ပြောရတဲ့အဖြစ်မျိုး မရောက်စေနဲ့။+ ကိုယ့်စကားကြောင့် ဘုရားသခင် အမျက်ထွက်ပြီး ကိုယ်လုပ်ဆောင်ထားရာတွေကို ဖျက်ဆီးပစ်အောင် ဘာလို့လုပ်မှာလဲ။+ ၇ စွဲလမ်းမှုတွေများရင် အိပ်မက်မက်တတ်သလို+ စကားများများ ပြောရင်လည်း အချည်းနှီး စကားတွေ ပါလာတတ်တယ်။ စစ်မှန်တဲ့ဘုရားသခင်ကိုပဲ ကြောက်ရွံ့ ရိုသေပါ။+
၈ ကိုယ့်ဒေသမှာ ဆင်းရဲသားကို ဖိနှိပ်နေတာ၊ တရားမျှတမှုနဲ့ ဖြောင့်မတ်မှုကို ချိုးဖောက်နေတာကို တွေ့တဲ့အခါ မအံ့သြပါနဲ့။+ အဲဒီလိုလုပ်တဲ့ မင်းအရာရှိကို သူ့ထက်ကြီးမြတ်တဲ့သူက စောင့်ကြည့်နေတယ်။ သူတို့ထက် ကြီးမြတ်တဲ့သူတွေလည်း ရှိသေးတယ်။
၉ သူတို့အားလုံး မြေကြီးကရတဲ့ အကျိုးအမြတ်ကို ခွဲဝေခံစားတယ်။ ရှင်ဘုရင်တောင်မှ လယ်ထွက်သီးနှံတွေကို စားသုံးနေရတယ်။+
၁၀ ငွေမက်တဲ့သူဟာ ဘယ်တော့မှ ငွေနဲ့ရောင့်ရဲနိုင်မှာ မဟုတ်ဘူး။ စည်းစိမ်မက်တဲ့သူဟာ ရတဲ့ဝင်ငွေနဲ့ ရောင့်ရဲနိုင်မှာ မဟုတ်ဘူး။+ ဒါလည်း အချည်းနှီးပါပဲ။+
၁၁ ကောင်းတဲ့အရာတွေ များလာတဲ့အခါ သုံးစွဲမယ့်သူတွေလည်း များလာတတ်တယ်။+ ပိုင်ရှင်က အဲဒါတွေကို ကြည့်နေရုံကလွဲလို့ ဘာများအကျိုးရလို့လဲ။+
၁၂ အလုပ်အကျွေးပြုတဲ့သူဟာ နည်းနည်း စားရသည်ဖြစ်စေ၊ များများ စားရသည်ဖြစ်စေ နှစ်ခြိုက်စွာ အိပ်စက်နိုင်တယ်။ သူဌေးသူကြွယ်ကတော့ စည်းစိမ်တွေကြောင့် အိပ်ရေးပျက်ရတယ်။
၁၃ နေအောက်မှာ ငါတွေ့ဖူးတဲ့ အဖြစ်ဆိုးကြီးတစ်ခု ရှိတယ်။ စည်းစိမ်ဥစ္စာက စည်းစိမ်ရှင်ကို ဒုက္ခတွေ့စေတယ်။ ၁၄ အန္တရာယ်များတဲ့ အရဲစွန့်မှုကြောင့် အဲဒီစည်းစိမ်ဥစ္စာတွေ ဆုံးရှုံးသွားတတ်တယ်။ သားတစ်ယောက်ရလာတဲ့အခါမှာတော့ သူ့မှာ ပိုင်ဆိုင်တာဆိုလို့ ဘာမှမရှိတော့ဘူး။+
၁၅ လူဟာ မိခင်ရဲ့ဝမ်းထဲကနေ ဘာမှမပါဘဲ ထွက်လာသလို ဘာမှမပါဘဲ ပြန်သွားရလိမ့်မယ်။+ ကြိုးစားပမ်းစား လုပ်ကိုင်ပြီး ရထားတဲ့အရာ တစ်ခုကိုမှ ယူသွားနိုင်မှာ မဟုတ်ဘူး။+
၁၆ အဖြစ်ဆိုးကြီးနောက်တစ်ခု ရှိသေးတယ်။ လူဟာ လာတုန်းကအတိုင်းပဲ ပြန်သွားရလိမ့်မယ်။ လေကိုဖမ်းဆုပ်ဖို့ ကြိုးစားတဲ့သူဟာ ဘာများအကျိုးရလို့လဲ။+ ၁၇ သူ့ခမျာ အစားအစာကိုလည်း အေးအေးဆေးဆေး မစားရတဲ့အပြင် နေ့တိုင်းလိုလို စိတ်ပျက်မှု၊ ဖျားနာမှု၊ ဒေါသတွေပဲ အကြီးအကျယ် ခံစားရတယ်။+
၁၈ ကောင်းမွန်၊ သင့်တော်တဲ့အရာတစ်ခုကိုတော့ ငါတွေ့တယ်။ ဘုရားသခင်ပေးထားတဲ့ တိုတောင်းလှတဲ့ သက်တမ်းအတွင်း စားတာ၊ သောက်တာ၊ နေအောက်မှာ တပင်တပန်း လုပ်ကိုင်မှုကြောင့် ပျော်ရွှင်ကျေနပ်တာဟာ သင့်လျော်တယ်ဆိုတဲ့အချက်ပဲ။+ ဒါဟာ လူသားတွေရတဲ့ ဆုကျေးဇူးပဲ။+ ၁၉ ဘုရားသခင်က လူကို စည်းစိမ်တွေ၊ ပစ္စည်းဥစ္စာတွေနဲ့အတူ+ အဲဒါတွေကို ခံစားနိုင်တဲ့အစွမ်းကိုလည်း ပေးထားတယ်။ အဲဒီဆုကျေးဇူးကို ရယူပြီး ကြိုးစားပမ်းစား လုပ်ကိုင်မှုကနေ ပျော်ရွှင်ကျေနပ်မှု ရသင့်တယ်။ ဒါဟာ ဘုရားဆီကရတဲ့ လက်ဆောင်ပဲ။+ ၂၀ ဘုရားသခင်က လူ့စိတ်ထဲမှာ ပျော်ရွှင်စရာတွေကိုပဲ စွဲလမ်းနေစေတယ်။+ ဒါကြောင့် လူဟာ သက်တမ်းတိုလေးအတွင်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို သတိမထားမိတော့ဘူး။
၆ နေအောက်မှာ ငါမြင်ရတဲ့ အဖြစ်ဆိုးနောက်တစ်ခု ရှိတယ်။ လူသားတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာပါပဲ။ ၂ စစ်မှန်တဲ့ဘုရားသခင်က စည်းစိမ်၊ ပစ္စည်းဥစ္စာ၊ ဂုဏ်ကျက်သရေ ပေးသနားတဲ့အတွက် လူတစ်ယောက်ဟာ လိုအင်ဆန္ဒမှန်သမျှ ပြည့်စုံနေတယ်။ ဒါပေမဲ့ ဘုရားသခင်က သူ့ကို အဲဒါတွေခံစားခွင့်မပေးဘဲ သူစိမ်းတစ်ယောက်ကို ခံစားခွင့်ပေးလိုက်တယ်။ ဒါဟာ အချည်းနှီးပဲ။ ဆိုးဝါးလှတဲ့ဒုက္ခပဲ။ ၃ သားသမီး အယောက်တစ်ရာရပြီး အသက်ကြီးတဲ့အထိ နှစ်ပေါင်းများစွာ အသက်ရှင်ရတယ်။ ဒါပေမဲ့ ကောင်းတဲ့အရာတွေကို မခံစားလိုက်ရဘဲ သင်္ချိုင်းကို ရောက်သွားတယ်ဆိုရင် အဲဒီလူထက် အသေမွေးလာတဲ့ ကလေးဟာ ပိုကောင်းတယ်လို့ ငါပြောမယ်။+ ၄ အဲဒီကလေးက လူ့လောကထဲကို အချည်းနှီးရောက်လာပြီး အမှောင်ထဲကို ထွက်သွားရတယ်။ သူ့နာမည်ဟာ အမှောင်ထဲမှာပဲ ပျောက်ပျက်သွားတယ်။ ၅ နေရောင်ကို တစ်ခါမှ မမြင်လိုက်ရတဲ့အပြင် ဘာကိုမှလည်း မသိလိုက်ရပေမဲ့ အဲဒီကလေးက ခုနကလူထက်တော့ ပိုသာတယ်။+ ၆ နှစ်ပေါင်းနှစ်ထောင် အသက်ရှင်ရပေမဲ့ ပျော်ရွှင်မှု မခံစားလိုက်ရဘူးဆိုရင် ဘာများအကျိုးရှိလို့လဲ။ အားလုံး တစ်နေရာတည်းကိုပဲ သွားရတယ် မဟုတ်လား။+
၇ လူတစ်ယောက် ကြိုးစားပမ်းစား လုပ်ကိုင်သမျှဟာ သူ့ဝမ်းရေးအတွက်ချည်းပဲ။+ ဒါတောင် ဘယ်တော့မှ အာသီသမပြေနိုင်ဘူး။ ၈ ဉာဏ်ပညာရှိသူဟာ လူမိုက်ထက် ဘာများ အကျိုးပိုရလို့လဲ။+ ဆင်းရဲသားက ဘယ်လိုရှင်သန်ရမယ်ဆိုတာ သိလာလို့ကော ဘာများ အကျိုးရှိလို့လဲ။ ၉ မရနိုင်တဲ့အရာကို လိုချင်နေတာထက်စာရင် မြင်နေရတဲ့အရာကို ခံစားကျေနပ်နေတာ ပိုကောင်းတယ်။ ဒါလည်း အချည်းနှီးပဲ။ လေကိုဖမ်းဆုပ်ဖို့ အားထုတ်နေတာပဲ။
၁၀ အခု ရှိနေတဲ့အရာတိုင်းဟာ အရင်တုန်းက နာမည်နဲ့တကွ ဖော်ပြပြီးသား အရာတွေချည်းပါပဲ။ လူ့သဘောသဘာဝကလည်း ထင်ရှားပြီးသားပဲ။ လူဟာ မိမိထက် တန်ခိုးကြီးတဲ့သူနဲ့ မငြင်းခုံနိုင်ဘူး။ ၁၁ စကားများလေ အချည်းနှီးဖြစ်လေပဲ။ လူကို ဘာများ အကျိုးပြုလို့လဲ။ ၁၂ အရိပ်လို ကွယ်ပျောက်ပြီး အချည်းနှီးဖြစ်သွားမယ့် သက်တမ်းတိုလေးအတွင်းမှာ လူတစ်ယောက်အတွက် အကောင်းဆုံးအလုပ်ဟာ ဘာလဲဆိုတာ ဘယ်သူသိလို့လဲ။+ သေဆုံးသွားတဲ့ လူတစ်ယောက်ကို နေအောက်မှာ ဖြစ်ပျက်လာတဲ့အကြောင်းတွေ ဘယ်သူ အသိပေးနိုင်မှာလဲ။
၇ နာမည်ကောင်းဟာ တန်ဖိုးကြီးတဲ့ဆီထက် ပိုကောင်းတယ်။+ သေဆုံးတဲ့နေ့ကလည်း မွေးဖွားတဲ့နေ့ထက် ပိုကောင်းတယ်။ ၂ အသုဘအိမ်ကို သွားတာက ပွဲခံတဲ့အိမ်ကို သွားတာထက် ပိုကောင်းတယ်။+ ဘာဖြစ်လို့လဲဆိုတော့ လူသားအားလုံးဟာ သေခြင်းမှာ လမ်းဆုံးရလို့ပဲ။ ဒါကို အသက်ရှင်နေသူတွေ နှလုံးသွင်းသင့်တယ်။ ၃ ဝမ်းနည်းတာက ရယ်မောတာထက် ပိုကောင်းတယ်။+ ညှိုးငယ်တဲ့မျက်နှာဟာ စိတ်ထားကို ပိုကောင်းလာစေလို့ပဲ။+ ၄ ဉာဏ်ပညာရှိသူက အသုဘအိမ်မှာ စိတ်ရောက်နေတတ်တယ်။ မိုက်မဲတဲ့သူကတော့ ပွဲခံတဲ့အိမ်ကိုပဲ စိတ်ရောက်နေတတ်တယ်။+
၅ ဉာဏ်ပညာရှိသူ ပြစ်တင်ဆုံးမတာကို နားထောင်ရတာက+ ဉာဏ်တိမ်တဲ့လူတွေ သီချင်းဆိုတာကို နားထောင်ရတာထက် ပိုကောင်းတယ်။ ၆ ဉာဏ်တိမ်တဲ့သူရဲ့ ရယ်မောသံဟာ တည်ထားတဲ့အိုးရဲ့ အောက်မှာ ဆူးပင်တွေ တဖြောက်ဖြောက် လောင်နေတဲ့အသံနဲ့ တူတယ်။+ ဒါလည်း အချည်းနှီးပါပဲ။ ၇ ဖိနှိပ်မှုက ဉာဏ်ပညာရှိသူကို ရူးစေနိုင်တယ်။ တံစိုးလက်ဆောင်က စိတ်ဓာတ်ကို ယိုယွင်းစေနိုင်တယ်။+
၈ ကိစ္စတစ်ခုရဲ့ အဆုံးဟာ အစထက် ပိုကောင်းတယ်။ စိတ်ရှည်တာက စိတ်မောက်မာတာထက် ပိုကောင်းတယ်။+ ၉ ထစ်ခနဲဆို မကျေမချမ်း မဖြစ်နဲ့။+ မကျေမချမ်း ဖြစ်တာဟာ ဉာဏ်တိမ်သူတွေရဲ့ ရင်ထဲမှာ ကိန်းအောင်းနေတတ်တယ်။*+
၁၀ “အရင်ခေတ်က အခုခေတ်ထက် ပိုကောင်းတယ်” လို့မပြောပါနဲ့။ အဲဒီလိုပြောတာက ဉာဏ်ပညာရှိရာမရောက်ဘူး။+
၁၁ အမွေဥစ္စာနဲ့အတူ ဉာဏ်ပညာကိုရတာ ကောင်းတယ်။ ဉာဏ်ပညာဟာ နေ့အလင်းမြင်ရသူတွေကို* အကျိုးပေးတယ်။ ၁၂ ငွေက ကာကွယ်ပေးသလို+ ဉာဏ်ပညာကလည်း ကာကွယ်ပေးတယ်။+ ဒါပေမဲ့ အသိပညာနဲ့ ဉာဏ်ပညာရဲ့ အားသာချက်ကတော့ ပိုင်ဆိုင်တဲ့သူကို အသက်ဆက်ရှင်စေတယ်။+
၁၃ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုတွေအကြောင်း စဉ်းစားကြည့်ပါ။ ကောက်ကွေးနေအောင် ဘုရားလုပ်ထားတာကို ဖြောင့်သွားအောင် ဘယ်သူလုပ်နိုင်လို့လဲ။+ ၁၄ အရာရာ အဆင်ပြေတဲ့နေ့မှာ ကောင်းတာတွေ လုပ်ဆောင်ပါ။+ ဒုက္ခရောက်တဲ့နေ့မှာတော့ အနာဂတ်မှာ ကြုံရမယ့်အရာတွေကို လူတွေ တပ်အပ်မသိနိုင်အောင်+ အဆင်ပြေတဲ့နေ့ကိုရော ဒုက္ခနေ့ကိုပါ ဘုရားသခင် ကျရောက်စေတယ်လို့ ယူမှတ်ပါ။+
၁၅ အချည်းနှီးဖြစ်တဲ့ ငါ့သက်တမ်းအတွင်းမှာ+ အရာအားလုံးကို ငါမြင်ခဲ့ရတယ်။ ရိုးဖြောင့်လျက်နဲ့ အသက်တိုတဲ့ ဖြောင့်မတ်သူကိုရော+ ဆိုးညစ်နေလျက်နဲ့ အသက်ရှည်တဲ့ လူဆိုးကိုပါ ငါမြင်ခဲ့ရတယ်။+
၁၆ တရားလွန် မဖြောင့်မတ်ပါနဲ့။+ အလွန်အကျွံ ဉာဏ်ပညာမရှိပါနဲ့။+ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးချင်ရတာလဲ။+ ၁၇ အလွန်အကျွံ မဆိုးညစ်ပါနဲ့။ အလွန်အကျွံ မမိုက်မဲပါနဲ့။+ ဘာလို့ အသေစောချင်ရတာလဲ။+ ၁၈ ပထမသတိပေးချက်ကို* လက်ခံသလို ဒုတိယသတိပေးချက်ကိုလည်း* လက်မလွှတ်တာဟာ အကောင်းဆုံးပဲ။+ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသူဟာ အဲဒီသတိပေးချက် နှစ်ခုစလုံးကို လိုက်နာလိမ့်မယ်။
၁၉ ဉာဏ်ပညာရှိသူဟာ ဉာဏ်ပညာကြောင့် မြို့ထဲမှာရှိတဲ့ ခွန်အားကြီးသူ ဆယ်ယောက်ထက် အစွမ်းတန်ခိုး ပိုရှိတယ်။+ ၂၀ ကောင်းတာတွေ အမြဲလုပ်ပြီး အပြစ်မလုပ်ဖူးတဲ့ ဖြောင့်မတ်သူဆိုတာ ကမ္ဘာပေါ်မှာ မရှိဘူး။+
၂၁ လူတွေပြောသမျှ စကားတိုင်းကို စိတ်ထဲမထားပါနဲ့။+ အဲဒီလိုထားရင် ကိုယ့်ကျွန်ကျိန်ဆဲတာကို ကြားရလိမ့်မယ်။ ၂၂ ကိုယ်လည်း သူများကို အကြိမ်ကြိမ် ကျိန်ဆဲဖူးတာ ကိုယ်တိုင် သိနေတာပဲ။+
၂၃ ဒါတွေအားလုံးကို ငါ့မှာရှိသမျှ ဉာဏ်ပညာနဲ့ ဆင်ခြင်သုံးသပ်ပြီးတဲ့နောက် “ငါ ဉာဏ်ပညာရှိလာမှာပဲ” လို့ပြောတယ်။ ဒါပေမဲ့ ဉာဏ်ပညာကို ငါလက်လှမ်းမမီဘူး။ ၂၄ ဖြစ်ပျက်လာတဲ့ အရာတွေဟာ ဉာဏ်မမီနိုင်လောက်အောင် နက်နဲလွန်းတယ်။ ဘယ်သူနားလည်နိုင်မှာလဲ။+ ၂၅ ဉာဏ်ပညာနဲ့ အရင်းခံအကြောင်းတရားကို သိရှိပြီး စူးစမ်းရှာဖွေနိုင်ဖို့၊ မိုက်မဲမှုရဲ့ ဆိုးညစ်တဲ့သဘောနဲ့ ရူးသွပ်မှုရဲ့ မိုက်မဲတဲ့သဘောကို နားလည်နိုင်ဖို့ ငါကြိုးစားတယ်။+ ၂၆ အဲဒီအခါ ငါသိလိုက်ရတဲ့ အချက်ကတော့ အမဲလိုက်ရာမှာသုံးတဲ့ ပိုက်ကွန်လို မိန်းမမျိုးဟာ သေခြင်းထက် ခါးသီးတယ်ဆိုတဲ့အချက်ပဲ။ သူ့စိတ်ဟာ ဆွဲပိုက်တွေနဲ့ တူတယ်။ သူ့လက်တွေဟာ အကျဉ်းသားကိုချည်တဲ့ သံကြိုးတွေနဲ့ တူတယ်။ ဘုရားသခင်ရဲ့ နှစ်သက်မှုကိုရတဲ့သူက သူ့လက်ကနေ လွတ်မြောက်လိမ့်မယ်။+ အပြစ်လုပ်တဲ့သူကတော့ သူ့လက်ခုပ်ထဲ ရောက်သွားလိမ့်မယ်။+
၂၇ နည်းပြဆရာ ပြောတာက+ “နောက်ဆုံးကောက်ချက်ကို ချနိုင်ဖို့ အကြောင်းအရာ တစ်ခုပြီးတစ်ခု လေ့လာဆန်းစစ်ကြည့်တဲ့အခါ ငါသိသွားတာ တစ်ခုရှိတယ်။ ၂၈ ငါမပြတ်ရှာဖွေနေတဲ့ အရာကိုတော့ မတွေ့ဘူး။ လူတစ်ထောင်မှာ ဖြောင့်မတ်တဲ့ ယောက်ျားတစ်ယောက် ရှိပေမဲ့ ဖြောင့်မတ်တဲ့မိန်းမကတော့ တစ်ယောက်မှ မရှိဘူး။ ၂၉ ဘုရားသခင်က လူသားတွေကို ဖြောင့်မှန်အောင် ဖန်ဆင်းခဲ့ပေမဲ့+ လူသားတွေကတော့ ကိုယ့်အကြံအစည် နောက်ကိုပဲ လိုက်နေကြမှန်း ငါသိသွားတယ်။”+
၈ ဘယ်သူဟာ ဉာဏ်ပညာရှိသူနဲ့ တူသလဲ။ ပြဿနာတစ်ခုရဲ့ ဖြေရှင်းနည်းကို ဘယ်သူသိသလဲ။ ဉာဏ်ပညာဟာ မျက်နှာမှာ ပေါ်လွင်နေတတ်တယ်။ မျက်နှာထား တင်းမာနေရင်တောင် ဉာဏ်ပညာကြောင့် ပျော့ပျောင်းသွားတတ်တယ်။
၂ ငါပြောမယ်– “ဘုရားသခင်ဆီ ကတိသစ္စာပြုထားတာကို ထောက်ပြီး+ ဘုရင့်အမိန့်ကိုနာခံပါ။+ ၃ ဘုရင့်ရှေ့ကနေ အလျင်စလို မထွက်သွားနဲ့။+ မကောင်းတဲ့ကိစ္စမှာ ဝင်မပါနဲ့။+ ဘုရင်က သူလုပ်ချင်တာမှန်သမျှကို လုပ်နိုင်တယ်။ ၄ ဘုရင့်စကားဟာ တစ်ချက်လွှတ်အမိန့် ဖြစ်တဲ့အတွက်+ ‘မင်းကြီး ဘယ်လိုလုပ်လိုက်တာလဲ’ လို့ ဘယ်သူပြောနိုင်မှာလဲ။”
၅ အမိန့်လိုက်နာတဲ့သူဟာ အန္တရာယ်ကြုံတွေ့မှာ မဟုတ်ဘူး။+ ဉာဏ်ပညာရှိသူကတော့ အချိန်အခါကိုရော လုပ်ပုံလုပ်နည်းကိုပါ သိတယ်။+ ၆ လူသားတွေရဲ့ ဒုက္ခဟာ များပြားလှတာ မှန်ပါတယ်။ ဒါပေမဲ့ ကိစ္စတိုင်းမှာ အချိန်အခါနဲ့ လုပ်ပုံလုပ်နည်းဆိုတာ ရှိတယ်။+ ၇ ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မသိဘူး။ ဒါကြောင့် ဘယ်လို ဖြစ်လာမယ်ဆိုတာ ဘယ်သူပြောနိုင်မှာလဲ။
၈ အသက်စွမ်းအားကို ထိန်းချုပ်နိုင်တဲ့လူ၊ အသက်စွမ်းအားကို ကန့်သတ်နိုင်တဲ့လူ မရှိသလို သေမယ့်နေ့ကို ထိန်းချုပ်နိုင်တဲ့လူလည်း တစ်ယောက်မှ မရှိဘူး။+ စစ်ဖြစ်နေချိန်မှာ စစ်သည်တစ်ယောက်ကိုမှ ထွက်ခွာခွင့် မပေးသလို ဆိုးညစ်မှုကလည်း ဆိုးညစ်သူတွေကို လွတ်မြောက်ခွင့်ပေးမှာ မဟုတ်ဘူး။*
၉ နေအောက်မှာ လုပ်ဆောင်နေတဲ့ အလုပ်အမျိုးမျိုးအကြောင်း ဆင်ခြင်ကြည့်လိုက်တဲ့အခါ ငါနားလည်သွားတာ တစ်ချက်ရှိတယ်။ ခေတ်အဆက်ဆက်မှာ လူလူချင်း အုပ်ချုပ်တာဟာ ထိခိုက်နစ်နာစရာတွေပဲ ဖြစ်စေတယ်။+ ၁၀ သန့်ရှင်းရာအရပ်မှာ ဝင်ထွက်သွားလာလေ့ရှိတဲ့ လူဆိုးတွေ သင်္ဂြိုဟ်ခံရတာကို ငါတွေ့တယ်။ ဒါပေမဲ့ မကြာပါဘူး၊ သူတို့ဆိုးသွမ်းခဲ့တဲ့မြို့မှာ သူတို့ကို မေ့လျော့သွားကြတယ်။+ ဒါဟာလည်း အချည်းနှီးပါပဲ။
၁၁ မကောင်းတဲ့လုပ်ရပ်ကို ချက်ချင်း ပြစ်ဒဏ်မစီရင်တဲ့အတွက်+ လူတွေရဲ့စိတ်ဟာ မကောင်းမှုလုပ်ဖို့ ပိုပြီး အတင့်ရဲလာတတ်တယ်။+ ၁၂ အပြစ်လုပ်တဲ့သူဟာ မကောင်းမှုကို အကြိမ်တစ်ရာ လုပ်တာတောင် အသက်ရှည်ရှည် နေရတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသူတွေ ကောင်းကျိုးရလိမ့်မယ်ဆိုတာ ငါသိတယ်။ သူတို့က ဘုရားကို ကြောက်ရွံ့ရိုသေကြတာကိုး။+ ၁၃ လူဆိုးကတော့ ဘုရားကို မကြောက်တဲ့အတွက် ကောင်းကျိုးရမှာ မဟုတ်ဘူး။+ အရိပ်နဲ့တူတဲ့ သူ့နေ့ရက်တွေဟာ ကြာရှည်မှာ မဟုတ်ဘူး။+
၁၄ ကမ္ဘာပေါ်မှာဖြစ်နေတဲ့ စိတ်ပျက်စရာကောင်းတဲ့ အရာတစ်ခုရှိတယ်။ ဆိုးညစ်သူတွေ ခံထိုက်တဲ့အရာကို ဖြောင့်မတ်သူတွေ ခံနေရပြီး+ ဖြောင့်မတ်သူတွေ ခံထိုက်တဲ့အရာကို လူဆိုးတွေ ခံနေရတယ်။+ ဒါလည်း အချည်းနှီးပါပဲ။
၁၅ ပျော်ပျော်နေတာကို ငါထောက်ခံတယ်။+ နေအောက်မှာ လူသားတွေအတွက် စားတာ၊ သောက်တာ၊ ပျော်ပျော်နေတာထက် ပိုကောင်းတာ ဘာမှမရှိဘူး။ နေအောက်မှာ ဘုရားသခင်ပေးထားတဲ့ အသက်တာအတွင်း ကြိုးစားပမ်းစား လုပ်ကိုင်ရင်း အဲဒီလိုစားသောက်ပြီး ပျော်ပျော်နေသင့်တယ်။+
၁၆ ဉာဏ်ပညာ ဆည်းပူးဖို့၊ ကမ္ဘာပေါ်မှာ လူတွေ လုပ်ကိုင်နေတဲ့ အရာတွေအကြောင်း သိနိုင်ဖို့ ငါနေ့မအိပ်ညမအိပ် ကြိုးစားတယ်။*+ ၁၇ အဲဒီနောက် ဘုရားသခင်ရဲ့ လုပ်ဆောင်မှုတွေအကြောင်း ငါဆင်ခြင်ကြည့်တဲ့အခါ နေအောက်မှာ ဖြစ်နေတဲ့အရာတွေကို လူသားတွေ နားမလည်နိုင်မှန်း ငါ သဘောပေါက်လာတယ်။+ လူတွေ ဘယ်လောက်ပဲ ကြိုးစားပါစေ နားမလည်နိုင်ဘူး။ နားလည်နိုင်လောက်တဲ့ ဉာဏ်ပညာမျိုး ရှိပါတယ်လို့ ပြောနေပေမဲ့ သူတို့ တကယ် နားမလည်နိုင်ပါဘူး။+
၉ ဒါတွေကို ဆင်ခြင်ပြီးတဲ့နောက် ငါကောက်ချက်ချလိုက်တာက ဖြောင့်မတ်သူတွေ၊ ဉာဏ်ပညာရှိသူတွေ၊ သူတို့ရဲ့အလုပ်တွေက စစ်မှန်တဲ့ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်။+ လူတွေက သူတို့ မမွေးခင်ကတည်းက ရှိခဲ့တဲ့ ချစ်ခြင်း၊ မုန်းခြင်းအကြောင်း မသိကြဘူး။ ၂ ဖြောင့်မတ်သူ၊ ဆိုးညစ်သူ၊+ ကောင်းတဲ့သူ၊ သန့်ရှင်းတဲ့သူ၊ မသန့်ရှင်းတဲ့သူ၊ ပူဇော်တဲ့သူ၊ မပူဇော်တဲ့သူ အားလုံးဟာ နောက်ဆုံးရလဒ်တစ်ခုတည်းကိုပဲ ကြုံရတယ်။+ ကောင်းတဲ့သူနဲ့ အပြစ်လုပ်တဲ့သူ၊ အလျင်စလို သစ္စာဆိုတဲ့သူနဲ့ အလျင်စလို သစ္စာမဆိုတဲ့သူ ကြုံရတာချင်း အတူတူပဲ။ ၃ နေအောက်မှာ ဖြစ်နေတဲ့ စိတ်ဆင်းရဲစရာတစ်ခု ရှိတယ်။ နောက်ဆုံးရလဒ်တစ်ခုတည်းကို ကြုံရမှာပဲဆိုတော့+ လူတွေရဲ့စိတ်ထဲမှာ ဆိုးညစ်တာတွေပဲ ပြည့်နေတယ်။ သူတို့စိတ်ထဲမှာလည်း တစ်သက်တာလုံး ရူးသွပ်မှုတွေပဲ ရှိနေတယ်။ နောက်ဆုံးတော့ သူတို့ သေရတယ်။
၄ အသက်ရှင်နေသူအတွက် မျှော်လင့်ချက်ဆိုတာ ရှိတယ်။ အသက်ရှင်နေတဲ့ခွေးဟာ သေသွားတဲ့ခြင်္သေ့ထက် သာတယ်။+ ၅ အသက်ရှင်နေသူက သေရမှာကို သိတယ်။+ သေလွန်သူကတော့ ဘာမှမသိဘူး။+ ဘာအကျိုးမှလည်း မရတော့ဘူး။ သူတို့နဲ့ပတ်သက်တဲ့ အမှတ်ရစရာအားလုံးကို လူတွေမေ့သွားကြတယ်။+ ၆ သူတို့ရဲ့ချစ်ခြင်း၊ မုန်းခြင်း၊ မနာလိုခြင်းတွေလည်း ပျောက်ပျက်ကုန်တယ်။ နေအောက်မှာ လုပ်ဆောင်နေတဲ့အရာတွေနဲ့ မပတ်သက်နိုင်တော့ဘူး။+
၇ ဒါကြောင့် ပျော်ပျော်ပါးပါး အစာစားပါ။ ရွှင်လန်းတဲ့စိတ်နဲ့ စပျစ်ဝိုင်သောက်ပါ။+ ဘုရားသခင်က မင်းရဲ့လုပ်ဆောင်မှုတွေကို နှစ်သက်တယ်။+ ၈ မင်းရဲ့အဝတ်တွေ အမြဲဖြူစင်နေပါစေ။* ခေါင်းကိုလည်း ဆီမလိမ်းဘဲ မနေပါနဲ့။+ ၉ တိုတောင်းလှတဲ့* လူ့ဘဝတစ်လျှောက်လုံးကို ချစ်ဇနီးနဲ့အတူ ပျော်မွေ့ပါ။+ နေအောက်မှာ တိုတောင်းလှတဲ့ လူ့ဘဝဟာ ဘုရားသခင် ပေးသနားတဲ့အရာပဲ။ ဒါဟာ ဘဝမှာရရှိတဲ့၊ နေအောက်မှာ တပင်တပန်း လုပ်ကိုင်မှုကနေ ရရှိတဲ့ ဆုကျေးဇူးပဲ။*+ ၁၀ ဘာပဲလုပ်လုပ် အားသွန်ခွန်စိုက် လုပ်ပါ။ ကိုယ်ရောက်သွားမယ့် သင်္ချိုင်းမှာ* အလုပ်အကိုင်၊ အစီအစဉ်၊ အသိပညာ၊ ဉာဏ်ပညာ ဘာတစ်ခုမှ မရှိလို့ပဲ။+
၁၁ နေအောက်မှာ ငါတွေ့တဲ့အရာ နောက်တစ်ခုကတော့– အပြေးသန်တယ်ဆိုတိုင်း ပြေးပွဲမှာ အမြဲအနိုင်ရတာ မဟုတ်ဘူး။ အင်အားကြီးတယ်ဆိုတိုင်း စစ်ပွဲမှာ အမြဲအနိုင်ရတာ မဟုတ်ဘူး။+ ဉာဏ်ပညာရှိတယ်ဆိုတိုင်း အမြဲစားစရာရှိတာ မဟုတ်ဘူး။ ဉာဏ်ကောင်းတယ်ဆိုတိုင်း အမြဲချမ်းသာကြွယ်ဝတာ မဟုတ်ဘူး။+ ဗဟုသုတကြွယ်တယ်ဆိုတိုင်း အမြဲအောင်မြင်တာ မဟုတ်ဘူး။+ လူအားလုံးဟာ မျှော်လင့်မထားတဲ့ အချိန်မှာ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ ကြုံရတတ်လို့ပဲ။ ၁၂ လူတွေဟာ ကိုယ်သေဆုံးမယ့်အချိန်ကို မသိကြဘူး။+ အန္တရာယ်ပိုက်ကွန်မှာ မိသွားတဲ့ ငါးတွေလို၊ ထောင်ချောက်မိသွားတဲ့ ငှက်တွေလို လူသားတွေလည်း ဘေးဆိုးကြုံရတဲ့အခါ ကျော့ကွင်းမိသွားပြီး အဲဒီအချိန်ကို မထင်မမှတ်ဘဲ ကြုံတွေ့ရတတ်တယ်။
၁၃ နေအောက်မှာ ဉာဏ်ပညာနဲ့ပတ်သက်ပြီး ငါသတိထားမိတာ ရှိသေးတယ်။ အဲဒီအချက်ကို ငါမှတ်သားမိတယ်။ ၁၄ ယောက်ျားသားနည်းနည်းပဲရှိတဲ့ မြို့ငယ်တစ်မြို့မှာပေါ့။ ခွန်အားကြီးတဲ့ ဘုရင်တစ်ပါးက အဲဒီမြို့ကို ထိုးစစ်ဆင်ဖို့ မြို့ရိုးပတ်လည်မှာ တံတိုင်းခတ်လိုက်တယ်။ ၁၅ အဲဒီမြို့မှာ ဆင်းရဲပေမဲ့ ဉာဏ်ပညာရှိတဲ့ လူတစ်ယောက် ရှိတယ်။ သူက ဉာဏ်ပညာသုံးပြီး မြို့ကို ကယ်တင်လိုက်တယ်။ ဒါပေမဲ့ သူ့ကို ဘယ်သူမှ သတိမရကြတော့ဘူး။+ ၁၆ ဒါကြောင့် “ဉာဏ်ပညာရှိတာဟာ ခွန်အားကြီးတာထက် သာတယ်။+ ဒါပေမဲ့ ဆင်းရဲသားရဲ့ ဉာဏ်ပညာကိုတော့ ဘယ်သူမှ ဂုဏ်မတင်ကြဘူး။ သူ့စကားကိုလည်း အရေးမလုပ်ကြပါလား”+ လို့ ငါတွေးမိတယ်။
၁၇ မိုက်မဲသူတွေကို အုပ်ချုပ်နေတဲ့ လူတစ်ယောက်ရဲ့ အော်ကြီးဟစ်ကျယ်စကားထက် ဉာဏ်ပညာရှိသူရဲ့ အေးဆေးတည်ငြိမ်တဲ့ စကားကို လက်ခံတာက ပိုကောင်းတယ်။
၁၈ ဉာဏ်ပညာဟာ စစ်လက်နက်တွေထက် သာတယ်။ ဒါပေမဲ့ အပြစ်လုပ်သူတစ်ယောက်ကြောင့် ကောင်းတဲ့အရာ အများကြီး ပျက်စီးနိုင်တယ်။+
၁၀ ယင်ကောင်အသေတွေကြောင့် ဆီမွှေးက ပုပ်စော်နံပြီး အမြှုပ်ထလာသလို မိုက်မဲမှုလေးတစ်ခုကြောင့် လူတစ်ယောက်ရဲ့ ဉာဏ်ပညာနဲ့ ဂုဏ်ကျက်သရေ ပျက်ပြယ်တတ်တယ်။+
၂ ဉာဏ်ပညာရှိသူရဲ့ စိတ်နှလုံးက သူ့ကို လမ်းမှန်ပေါ် ပို့ဆောင်ပေးတယ်။* မိုက်မဲတဲ့သူရဲ့ စိတ်နှလုံးကတော့ သူ့ကို လမ်းမှားပေါ် ပို့ဆောင်ပေးတယ်။*+ ၃ ဉာဏ်တိမ်တဲ့သူက ဘယ်လမ်းကိုပဲ လျှောက်ပါစေ စဉ်းစားဉာဏ်* မရှိဘူး။+ မိမိဟာ ဉာဏ်တိမ်တဲ့သူဖြစ်မှန်း လူတိုင်းသိအောင် လုပ်တတ်တယ်။+
၄ အုပ်စိုးရှင် ဒေါသထွက်လာပြီဆိုရင် ကိုယ့်နေရာကို မစွန့်ခွာနဲ့။+ အေးဆေးတည်ငြိမ်တာဟာ ကြီးလေးတဲ့အပြစ်တွေကို ကျေအေးစေလို့ပဲ။+
၅ နေအောက်မှာ ငါသတိပြုမိတဲ့ စိတ်ဆင်းရဲစရာ တစ်ခုရှိသေးတယ်။ အခွင့်အာဏာရှိသူတွေ လုပ်တဲ့အမှားပဲ–+ ၆ မိုက်မဲသူတွေက ရာထူးကြီးကြီးရပြီး သူဌေးသူကြွယ်တွေ* ကတော့ ရာထူးနိမ့်နိမ့်မှာပဲ ရှိနေတယ်။
၇ ကျွန်တွေက မြင်းစီးပြီး မင်းညီမင်းသားတွေကတော့ ကျွန်လို ခြေကျင်လျှောက်နေတာ ငါတွေ့ဖူးတယ်။+
၈ တွင်းတူးတဲ့သူဟာ တွင်းထဲပြန်ကျလိမ့်မယ်။+ ကျောက်တံတိုင်းဖြိုချတဲ့သူဟာ မြွေကိုက်ခံရလိမ့်မယ်။
၉ ကျောက်တူးတဲ့သူဟာ ကျောက်တွေနဲ့ထိခိုက်ပြီး ဒဏ်ရာရနိုင်တယ်။ ထင်းခွဲတဲ့သူကလည်း ထင်းတုံးတွေကြောင့် ထိခိုက်ဒဏ်ရနိုင်တယ်။*
၁၀ တုံးနေတဲ့ပုဆိန်ကို မသွေးဘဲထားရင် ပိုအားစိုက်ရတယ်။ ဉာဏ်ပညာကို အသုံးပြုရင်တော့ အောင်မြင်မှုရနိုင်တယ်။
၁၁ မြွေကိုမညှို့ခင် မြွေကိုက်ခံရတယ်ဆိုရင် မြွေအလမ္ပာယ်ဆရာဖြစ်ရတာ ဘာမှအကျိုးမရှိဘူး။
၁၂ ဉာဏ်ပညာရှိသူရဲ့စကားက မျက်နှာသာရစေတယ်။+ မိုက်မဲသူရဲ့စကားကတော့ သူ့ကို ပျက်စီးစေတယ်။+ ၁၃ သူက မိုက်မဲတဲ့စကားနဲ့ အစပျိုးပြီး+ အန္တရာယ်ရှိတဲ့ ရူးသွပ်တဲ့စကားနဲ့ နိဂုံးချုပ်တတ်တယ်။ ၁၄ ဉာဏ်တိမ်တဲ့သူကတော့ စကားကို မပြတ်တမ်း ပြောတတ်တယ်။+
လူက ဘာတွေဖြစ်လာမယ်ဆိုတာ မသိဘူး။ သေဆုံးသွားတဲ့ လူတစ်ယောက်ကို ဖြစ်ပျက်လာမ ယ့်အကြောင်းတွေ ဘယ်သူအသိပေးနိုင်မှာလဲ။+
၁၅ မိုက်မဲသူက မြို့ကို ဘယ်လိုသွားရမှန်းတောင် မသိတဲ့အတွက် သူ ကြိုးစားပမ်းစား လုပ်ကိုင်တာဟာ သူ့အတွက် အားကုန်တာပဲ ရှိတယ်။
၁၆ တိုင်းပြည်တစ်ခုမှာ လူငယ်လေးက ဘုရင်လုပ်နေပြီး မင်းညီမင်းသားတွေက စောစောစီးစီး စားသောက်ပွဲတွေလုပ်နေရင် ဘယ်လောက် ဆိုးဝါးလိုက်မလဲ။+ ၁၇ ဒါပေမဲ့ မင်းမျိုးမင်းနွယ်က ဘုရင်လုပ်နေရင်၊ မင်းညီမင်းသားတွေကလည်း မူးယစ်ဖို့မဟုတ်ဘဲ ခွန်အားရှိဖို့ သူ့အချိန်နဲ့သူ စားသောက်တဲ့သူတွေဖြစ်ရင် တိုင်းပြည်အတွက် ဘယ်လောက် ကောင်းလိုက်မလဲ။+
၁၈ အပျင်းကြီးလွန်းရင် ထုပ်တန်းတွေ ညွှတ်ကျတတ်တယ်။ လက်ကြောမတင်းရင် အိမ်မိုးယိုတတ်တယ်။+
၁၉ အစားအစာဟာ ရယ်မောစေတယ်။ စပျစ်ဝိုင်ဟာ ဘဝကို ပျော်ရွှင်စေတယ်။+ ငွေကတော့ လိုအပ်ရာမှန်သမျှ ဖြည့်ဆည်းပေးတယ်။+
၂၀ ရှင်ဘုရင်ကို စိတ်ကူးထဲမှာတောင်* မကျိန်ဆဲနဲ့။+ သူဌေးသူကြွယ်တွေကို အိပ်ခန်းထဲမှာ မကျိန်ဆဲနဲ့။ ငှက်တွေက မင်းရဲ့စကားကို သယ်ဆောင်သွားနိုင်သလို တောင်ပံပါတဲ့ သတ္တဝါတွေကလည်း မင်းပြောတာတွေကို ပြန်ပြောပြနိုင်လို့ပဲ။
၁၁ အစာကို ရေပေါ် ပစ်ချပါ။+ ရက်အတော်ကြာရင် ပြန်တွေ့ရလိမ့်မယ်။+ ၂ ကိုယ့်မှာရှိတဲ့အရာကို လူခုနစ်ယောက် ဒါမှမဟုတ် ရှစ်ယောက်ကို မျှဝေပေးပါ။+ ကမ္ဘာပေါ်မှာ ဘယ်လိုဘေးဒုက္ခတွေ ကျရောက်မယ်ဆိုတာ မသိနိုင်ဘူး။
၃ တိမ်တွေက မိုးရေတွေ ပြည့်လာရင် မြေပေါ် ရွာချလိမ့်မယ်။ သစ်ပင်က တောင်ဘက်ကိုဖြစ်ဖြစ်၊ မြောက်ဘက်ကိုဖြစ်ဖြစ် လဲကျရင် ကျတဲ့နေရာမှာ ရှိနေလိမ့်မယ်။
၄ လေကိုပဲ စောင့်ကြည့်နေသူက မျိုးစေ့ကြဲမှာ မဟုတ်ဘူး။ မိုးတိမ်ကိုပဲ ကြည့်နေသူကလည်း ရိတ်သိမ်းမှာမဟုတ်ဘူး။+
၅ မိခင်ဝမ်းထဲက သန္ဓေသားရဲ့ အရိုးတွေထဲမှာအသက်စွမ်းအား ဘယ်လို လုပ်ဆောင်တယ်ဆိုတာ မသိနိုင်သလို+ အရာရာကို ဖန်ဆင်းတဲ့ စစ်မှန်တဲ့ဘုရားသခင်ရဲ့ လုပ်ဆောင်မှုကို မသိနိုင်ဘူး။+
၆ နံနက်ခင်းမှာ မျိုးစေ့ကြဲပါ။ ညနေစောင်းအထိ လက်ကို အနားမပေးပါနဲ့။+ နံနက်ခင်းမှာကြဲတဲ့ မျိုးစေ့ဟာ အပင်ပေါက်မလား၊ ညနေစောင်းမှာကြဲတဲ့ မျိုးစေ့ဟာ အပင်ပေါက်မလား ဒါမှမဟုတ် နှစ်ခုစလုံး ပေါက်လာမလား မသိနိုင်ဘူး။
၇ အလင်းဟာ နှစ်သက်စရာပဲ။ နေရောင်ခြည်ကို မြင်ရတာ ကောင်းလိုက်တာ။ ၈ လူတစ်ယောက်က နှစ်ပေါင်းများစွာ အသက်ရှင်တယ်ဆိုရင် နေ့ရက်တိုင်းမှာ ပျော်ရွှင်ပါစေ။+ ဒါပေမဲ့ မှောင်မိုက်တဲ့နေ့တွေ ကြာရှည်နိုင်တယ်ဆိုတာ သူသတိရသင့်တယ်။ ရောက်လာမယ့် အဲဒီနေ့ရက်တိုင်းဟာ အချည်းနှီးပဲ။+
၉ လူငယ်တို့၊ ငယ်ရွယ်တုန်းမှာ ပျော်ပျော်နေပါ။ လူငယ်ဘဝမှာ စိတ်ရွှင်လန်းပါ။ စိတ်ရဲ့စေညွှန်ရာကို လိုက်ပါ။ မျက်စိခေါ်ဆောင်ရာနောက်ကို လိုက်ပါ။ ဒါပေမဲ့ အဲဒါတွေအားလုံးကို ဘုရားသခင် စစ်ကြောစီရင်မယ်ဆိုတာ သိထားပါ။+ ၁၀ လူငယ်ဘဝနဲ့ အရွယ်ကောင်းချိန်ဟာ အချည်းနှီးပဲ။ ဒါကြောင့် စိတ်ဆင်းရဲစရာတွေကို စိတ်ထဲကနေ ထုတ်ပစ်လိုက်ပါ။ ထိခိုက်နစ်နာစေတဲ့ အရာတွေ မကြုံရအောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ။+
၁၂ ဒါကြောင့် ဒုက္ခနေ့ရက်တွေမရောက်ခင်၊+ “ငါအသက်ရှင်ရတာ မပျော်တော့ဘူး” လို့ ပြောရမယ့်နှစ်တွေ မရောက်ခင် လူငယ်ဘဝမှာ ကြီးမြတ်တဲ့ ဖန်ဆင်းရှင်ကို သတိရပါ။+ ၂ နေရောင်၊ အလင်းရောင်၊ လရောင်၊ ကြယ်ရောင်တွေ မပျောက်ကွယ်ခင်၊+ မိုးရွာချပြီးနောက်* တိမ်တွေအုံ့မှိုင်း မလာခင် သတိရပါ။ ၃ အဲဒီအချိန်ရောက်ရင် အိမ်စောင့်တွေ ကတုန်ကယင်ဖြစ်လာတယ်။ သန်စွမ်းတဲ့ယောက်ျားတွေ ကိုင်းညွှတ်လာတယ်။ မိန်းမတွေ အရေအတွက် နည်းလာတဲ့အတွက် ကြိတ်ဆုံမကြိတ်တော့ဘူး။ မိန်းကလေးတွေက ပြတင်းပေါက်ကနေ ကြည့်တဲ့အခါ မှုန်ဝါးဝါးပဲ မြင်ရတယ်။+ ၄ လမ်းဘက်ကို မျက်နှာမူထားတဲ့ တံခါးတွေ ပိတ်သွားတယ်။ ကြိတ်ဆုံကြိတ်သံ တိုးသွားတယ်။ ငှက်သံကြားတာနဲ့ နိုးလာတယ်။ သီချင်းသည်မိန်းကလေးတွေရဲ့ တေးသံ တိုးသွားတယ်။+ ၅ အမြင့်ကိုလည်း ကြောက်လာတယ်။ လမ်းမှာ အန္တရာယ်တွေ့မှာကို စိုးရိမ်လာတယ်။ ဗာဒံပင် ပွင့်လာတယ်။+ နှံကောင်က တရွတ်တိုက်သွားတယ်။ ခံတွင်းမြိန်စေတဲ့ သစ်သီးတွေ ကွဲကုန်တယ်။ လူဟာ နှစ်ပေါင်းများစွာ နားနေရမယ့်အိမ်ကို သွားနေတယ်။+ ငိုချင်းသည်တွေလည်း လမ်းပေါ်မှာ သွားလာနေတယ်။+ ၆ ငွေကြိုးပြတ်ပြီး ရွှေဖလားကွဲသွားတယ်။ စမ်းချောင်းမှာရှိတဲ့ ရေအိုး ကွဲသွားတယ်။ ရေငင်တဲ့ စက်သီးလည်း ပျက်စီးသွားတယ်။ ၇ အဲဒီနောက် မြေမှုန့်ဟာ နဂိုနေရာဖြစ်တဲ့ မြေကြီးကို ပြန်သွားတယ်။+ အသက်စွမ်းအား* ဟာ လူသားတွေကို အသက်စွမ်းအားပေးတဲ့ ဘုရားသခင်ဆီ ပြန်သွားတယ်။+
၈ “တကယ် အချည်းနှီးပဲ။ အရာရာဟာ အချည်းနှီးပါပဲ”+ လို့ နည်းပြဆရာ+ ပြောတယ်။
၉ နည်းပြဆရာက ဉာဏ်ပညာရှိလာရုံသာမက သိလာသမျှ အမြဲသင်ကြားပေးတယ်။+ စကားပုံတွေအများကြီး ပြုစုနိုင်ဖို့ တွေးတောဆင်ခြင်ပြီး အသေအချာ စူးစမ်းရှာဖွေတယ်။+ ၁၀ နှစ်သက်ဖွယ်စကားတွေကို ရှာတွေ့နိုင်ဖို့၊+ အမှန်တရားစကားတွေကို တိကျမှန်ကန်စွာ မှတ်တမ်းတင်နိုင်ဖို့ သူကြိုးစားတယ်။
၁၁ ဉာဏ်ပညာရှိသူရဲ့စကားဟာ နှင်တံနဲ့ တူတယ်။+ သူတို့စုဆောင်းထားတဲ့ စကားတွေဟာ မြဲမြဲစိုက်ဝင်နေတဲ့ အိမ်ရိုက်သံတွေနဲ့ တူတယ်။ အဲဒီစကားတွေကို သိုးထိန်းတစ်ပါးဆီက ရတယ်။ ၁၂ ငါ့သား၊ ဒါတွေအားလုံးအပြင် သတိပြုစရာတစ်ခု ရှိသေးတယ်– စာပေတွေ ရေးသားပြုစုတဲ့အလုပ်ဟာ အဆုံးမရှိဘူး။ ဒါကြောင့် အလွန်အကျွံ လေ့လာလိုက်စားနေရင် ပင်ပန်းငြီးငွေ့ရလိမ့်မယ်။+
၁၃ အကြောင်းစုံ ပြောပြီးပြီ။ အနှစ်ချုပ်ပြောရရင်တော့ စစ်မှန်တဲ့ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး+ ပညတ်ချက်တွေကို လိုက်နာပါ။+ ဒါဟာ လူတွေ မပျက်မကွက် လိုက်နာရမယ့်တာဝန်ပဲ။+ ၁၄ ဖုံးကွယ်ထားရာတွေ အပါအဝင် လူတွေရဲ့ လုပ်ရပ်အားလုံး ကောင်းတယ်၊ မကောင်းဘူးဆိုတာကို ဘုရားသခင် စီရင်ဆုံးဖြတ်လိမ့်မယ်။+
ဒါမှမဟုတ်၊ “လူတွေကို စုရုံးသူ။”
“ဖြစ်ပြီးသွားတဲ့အရာတွေကို” လည်းဖြစ်နိုင်။
“ဉာဏ်တိမ်သူတွေရဲ့ အမှတ်လက္ခဏာပဲ” လည်းဖြစ်နိုင်။
အသက်ရှင်နေသူတွေကို ဆိုလို။
အခန်းငယ် ၁၆ မှာပါတဲ့အချက်။
အခန်းငယ် ၁၇ မှာပါတဲ့အချက်။
“ဆိုးညစ်မှုက ဆိုးညစ်သူတွေကို မကယ်နိုင်ဘူး” လည်းဖြစ်နိုင်။
“ကမ္ဘာပေါ်မှာ လူတွေ နေ့မအိပ်ညမအိပ် လုပ်ကိုင်နေတဲ့အရာတွေအကြောင်း သိနိုင်ဖို့ ငါကြိုးစားတယ်” လည်းဖြစ်နိုင်။
မြည်တမ်းချိန်မှာ မဟုတ်ဘဲ ပျော်မြူးချိန်မှာဝတ်တဲ့ တောက်ပတဲ့အဝတ်တွေကို ဆိုလို။
ဒါမှမဟုတ်၊ “အချည်းနှီးဖြစ်တဲ့။”
ဒါမှမဟုတ်၊ “ဝေစု။”
ခက်ဆစ်ကိုကြည့်။
မူရင်း၊ “သူ့ရဲ့ညာလက်မှာ ရှိတယ်။”
မူရင်း၊ “သူ့ရဲ့ဘယ်လက်မှာ ရှိတယ်။”
မူရင်း၊ “စိတ်နှလုံး။”
ဒါမှမဟုတ်၊ “လုပ်ရည်ကိုင်ရည်ရှိသူတွေ။”
“ထင်းတုံးတွေကို သတိထားသင့်တယ်” လည်းဖြစ်နိုင်။
“အိပ်ရာပေါ်မှာတောင်” လည်းဖြစ်နိုင်။
“မိုးရေနဲ့အတူ” လည်းဖြစ်နိုင်။
ခက်ဆစ် “စွမ်းအား” ကိုကြည့်။