ယောလ
၁ ပေသွေလရဲ့သား ယောလ* ဆင့်ဆိုတဲ့ ယေဟောဝါရဲ့စကား–
၂ “အကြီးအကဲတို့၊ နားထောင်ကြ။
ပြည်သူပြည်သားအပေါင်းတို့၊ အာရုံစိုက်ကြ။
ခင်ဗျားတို့လက်ထက် ဒါမှမဟုတ် ဘိုးဘေးတွေလက်ထက်မှာ ဒီလိုဖြစ်ပျက်ဖူးသလား။+
၃ ဒီအကြောင်းကို ခင်ဗျားတို့ရဲ့သားတွေကို ပြောပြပါ။
သူတို့က ကိုယ့်သားတွေကို၊
အဲဒီသားတွေကလည်း နောက်မျိုးဆက်ကို ပြောပြပါစေ။
၄ ဝါးမျိုကျိုင်းကောင်စားပြီး ကျန်တာကို အုံဖွဲ့ကျိုင်းတွေ စားပစ်တယ်။+
အုံဖွဲ့ကျိုင်းတွေစားပြီး ကျန်တာကို ကျိုင်းကောင်ပေါက်တွေ စားပစ်တယ်။
ကျိုင်းကောင်ပေါက်တွေစားပြီး ကျန်တာကို အဖျက်ကျိုင်းတွေ စားပစ်တယ်။+
၅ ယစ်ထုတ်ကြီးတို့၊+ နိုးထပြီး ငိုကြွေးကြ။
စပျစ်ဝိုင်သောက်သူအပေါင်းတို့၊
ချိုမြတဲ့စပျစ်ဝိုင် ပြတ်လပ်သွားပြီဖြစ်လို့ မြည်တမ်းကြ။+
၆ ခွန်အားကြီးပြီး မရေတွက်နိုင်အောင်များတဲ့ လူမျိုးတစ်မျိုးဟာ ငါ့ပြည်ကို တက်လာပြီ။+
သူ့မှာ ခြင်္သေ့သွား၊+ ခြင်္သေ့မေးရိုး ရှိတယ်။
၇ ငါ့စပျစ်ပင်ကို သူ ဖျက်ဆီးပစ်တယ်။ ငါ့သဖန်းပင်ကို သစ်ငုတ်တို ဖြစ်စေတယ်။
သစ်ခေါက်တွေကို ခွာပြီး လွှင့်ပစ်တဲ့အတွက်
အကိုင်းအခက်တွေမှာ သစ်ခေါက်တွေ မရှိတော့ဘူး။
၈ ပျိုရွယ်ချိန်မှာ စေ့စပ်ထားတဲ့ ခင်ပွန်းလောင်း ဆုံးရှုံးသွားလို့
အထည်ကြမ်း* ဝတ်ထားတဲ့ အပျိုစင်လို ငိုကြွေးမြည်တမ်းပါ။
၉ ယေဟောဝါရဲ့ အိမ်တော်မှာ ကောက်နှံအလှူ၊+ သွန်းလောင်းရာအလှူတွေ+ ပြတ်လပ်သွားလို့
ယေဟောဝါအတွက် အမှုဆောင်တဲ့ ပုရောဟိတ်တွေ ညည်းတွားငိုကြွေးနေတယ်။
၁၀ လယ်မြေတွေ ဖျက်ဆီးခံရလို့ မြေကြီးဟာ ညည်းတွားငိုကြွေးနေတယ်။+
ကောက်နှံတွေ ပျက်စီးသွားပြီ။ စပျစ်ဝိုင်သစ်တွေ၊ ဆီတွေလည်း ပြတ်လပ်ကုန်ပြီ။+
၁၁ ဂျုံနဲ့ မုယောစပါးတွေ၊ ရိတ်သိမ်းမယ့်သီးနှံတွေ ပျက်စီးသွားလို့
လယ်သမားတွေ စိတ်ပျက်လက်ပျက် ဖြစ်ကုန်ပြီ။
စပျစ်ခြံလုပ်သားတွေ ငိုကြွေးမြည်တမ်းကုန်ပြီ။
၁၂ စပျစ်ပင် ခြောက်သွေ့သွားပြီ။
သဖန်းပင် ညှိုးနွမ်းသွားပြီ။
သလဲပင်၊ စွန်ပလွံပင်၊ ပန်းသီးပင်နဲ့
တောသစ်ပင်အားလုံး ခြောက်သွေ့ကုန်ပြီ။+
လူတွေရဲ့ ရွှင်လန်းခြင်းဟာ အရှက်ကွဲခြင်း ဖြစ်သွားပြီ။
၁၃ ပုရောဟိတ်တို့၊ အထည်ကြမ်းဝတ်ပြီး ညည်းတွားငိုကြွေးကြ။
ပူဇော်ရာပလ္လင်မှာ အမှုဆောင်သူတို့၊+ မြည်တမ်းကြ။
ဘုရားသခင်အတွက် အမှုဆောင်သူတို့၊ ဝင်လာကြ။ တစ်ညလုံး အထည်ကြမ်း ဝတ်ထားကြ။
ဘုရားသခင့်အိမ်တော်မှာ ကောက်နှံအလှူတွေ၊+ သွန်းလောင်းရာအလှူတွေ+ ပြတ်လပ်သွားပြီ။
၁၄ အစာရှောင်ချိန်ကို ကြေညာလိုက်ပါ။ အထူးစည်းဝေးပွဲတက်ဖို့ ခေါ်လိုက်ပါ။+
အကြီးအကဲတွေ၊ ပြည်သူပြည်သားတွေကို ယေဟောဝါဘုရားရဲ့ အိမ်တော်မှာ စုဝေးခိုင်းပါ။+
ယေဟောဝါဆီမှာ အော်ဟစ်အကူအညီ တောင်းကြပါ။
၁၅ အဲဒီနေ့ကြောင့် အဖြစ်ဆိုးကြုံရလိမ့်မယ်။
ယေဟောဝါရဲ့နေ့ နီးနေပြီ။+
အဲဒီနေ့ဟာ အနန္တတန်ခိုးရှင်ရဲ့ ဖျက်ဆီးခြင်းဘေးလို ရောက်လာလိမ့်မယ်။
၁၆ ငါတို့မျက်စိရှေ့မှာတင် အစာရေစာ ပြတ်လပ်သွားပြီ မဟုတ်လား။
ဘုရားသခင့် အိမ်တော်မှာ ဝမ်းမြောက်ခြင်းနဲ့ ရွှင်လန်းခြင်း မရှိတော့ဘူး မဟုတ်လား။
၁၇ မျိုးစေ့တွေက* ဂေါ်ပြားအောက်မှာ ရှုံ့တွကုန်ပြီ။
သိုလှောင်ရုံတွေ ပျက်စီးကုန်ပြီ။
ကောက်နှံတွေ မအောင်တဲ့အတွက် စပါးကျီတွေ ပြိုပျက်ကုန်ပြီ။
၁၈ ခြံမွေးတိရစ္ဆာန်တွေတောင် ညည်းတွားနေရပြီ။
စားကျက်မရှိတော့လို့ နွားအုပ်တွေ လျှောက်သွားနေရတယ်။
သိုးအုပ်တွေလည်း ပြစ်ဒဏ်ခံနေရတယ်။
၁၉ အို ယေဟောဝါ၊ ကိုယ်တော့်ကို ကျွန်တော် အော်ခေါ်ပါ့မယ်။+
တောကန္တာရထဲက စားကျက်တွေ မီးလောင်သွားလို့ပါ။
တောသစ်ပင်တွေကိုလည်း မီးလျှံတွေ ဝါးမျိုလိုက်လို့ပါ။
၂၀ စမ်းချောင်းတွေ ခန်းခြောက်ပြီး
တောကန္တာရထဲက စားကျက်တွေ မီးလောင်သွားလို့
သားရဲတွေတောင် ကိုယ်တော့်ကို တမ်းတနေရပြီ။”
သန့်ရှင်းတဲ့တောင်ပေါ်မှာ စစ်ငြာသံပေးကြ။
ပြည်သူပြည်သားအားလုံး ကြောက်ရွံ့တုန်လှုပ်ကြပါစေ။
ယေဟောဝါရဲ့နေ့ ရောက်တော့မယ်။+ အဲဒီနေ့ နီးနေပြီ။
၂ အဲဒီနေ့ဟာ မှောင်မိုက်ပြီး အုံ့ဆိုင်းတဲ့နေ့၊+
မိုးတိမ်ထူပြီး မည်းမှောင်တဲ့နေ့ပဲ။+
အရုဏ်တက်ချိန်မှာ တောင်တန်းတွေပေါ် ဖြာဆင်းတဲ့ ရောင်နီနဲ့ တူတယ်။
များပြားပြီး ခွန်အားကြီးတဲ့ လူမျိုးတစ်မျိုးရှိတယ်။+
သူတို့လိုလူမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး။
နောင်လူမျိုးအဆက်ဆက်
ဘယ်တော့မှ ရှိမှာမဟုတ်ဘူး။
သူတို့ရှေ့ကပြည်ဟာ ဧဒင်ဥယျာဉ်နဲ့ တူပေမဲ့+
သူတို့ရောက်ပြီးနောက်မှာတော့ လူသူဆိတ်ညံတဲ့ တောကန္တာရပဲ ဖြစ်ကျန်ခဲ့တယ်။
လွတ်မြောက်တာ ဘာတစ်ခုမှမရှိဘူး။
၄ သူတို့ရဲ့ ပုံသဏ္ဌာန်ဟာ မြင်းတွေလိုပဲ။
စစ်မြင်းတွေလို ဒုန်းစိုင်းပြေးတတ်တယ်။+
၅ သူတို့ရဲ့အသံက တောင်ထိပ်မှာ ကဆုန်ပေါက်နေတဲ့ မြင်းရထားတွေရဲ့အသံနဲ့ တူတယ်။+
ရိုးပြတ်တွေကို မီးလျှံတွေ တဖြောက်ဖြောက် ဝါးမျိုသံနဲ့ တူတယ်။
သူတို့ဟာ စစ်ခင်းနေတဲ့ ခွန်အားကြီး စစ်သူရဲတွေလိုပဲ။+
၆ သူတို့ကြောင့် လူတွေ ဝေဒနာခံစားရမယ်။
ကြောက်စိတ်မွှန်ပြီး မျက်နှာတွေ နီရဲနေမယ်။
၇ သူတို့က စစ်သူရဲတွေလို တစ်ဟုန်ထိုး ပြေးလာတယ်။
စစ်သားတွေလို မြို့ရိုးပေါ် တွယ်တက်တယ်။
လမ်းကြောင်း မပြောင်းဘဲ
တန်းတန်းမတ်မတ် ချီတက်ကြတယ်။
၈ အချင်းချင်း မတွန်းမတိုက်ကြဘူး။
ကိုယ့်လမ်းကြောင်းအတိုင်း ဆက်ချီတက်တယ်။
လက်နက်ထိမှန်ပြီး လဲကျသူတွေ ရှိရင်တောင်
ကျန်တဲ့သူတွေက ဖရိုဖရဲမဖြစ်ဘဲ ဆက်ချီတက်ကြတယ်။
၉ မြို့ထဲကို တစ်ဟုန်ထိုး ပြေးဝင်ကြတယ်။ မြို့ရိုးပေါ် ပြေးလွှားကြတယ်။
အိမ်တွေပေါ် တက်ကြတယ်။ သူခိုးလို ပြတင်းပေါက်ကို ကျော်ပြီး အထဲဝင်ကြတယ်။
၁၀ သူတို့ရှေ့မှာ တိုင်းပြည်ဟာ ဖိမ့်ဖိမ့်တုန်နေတယ်။
ကောင်းကင် လှုပ်ခါနေတယ်။
နေနဲ့လ မှောင်မိုက်ပြီး ကြယ်တွေလည်း မထွန်းလင်းတော့ဘူး။+
၁၁ ယေဟောဝါက မိမိရဲ့တပ်ရှေ့မှာ ကြွေးကြော်မယ်။+
တပ်စခန်းမှာ စစ်သည်တွေ အတိုင်းမသိ များတယ်။+
ပြောတဲ့အတိုင်း အကောင်အထည်ဖော်တဲ့အရှင်ဟာ ခွန်အားကြီးတယ်။
ယေဟောဝါရဲ့နေ့ဟာ ကြောက်ရွံ့ထိတ်လန့်ဖွယ် နေ့ကြီးပဲ။+ ဘယ်သူခံရပ်နိုင်မလဲ။”+
၁၂ ဒါကြောင့် ယေဟောဝါပြောတာက “အခုပဲ ငါ့ဆီကို စိတ်ရောကိုယ်ပါ ပြန်လာကြ။+
အစာရှောင်ပြီး+ ငိုကြွေးမြည်တမ်းကြ။
၁၃ အဝတ်ကိုမဟုတ်ဘဲ+ စိတ်နှလုံးကို ဆွဲဆုတ်ပြီး+ မင်းတို့ရဲ့ဘုရား ယေဟောဝါဆီ ပြန်လာကြ။
ငါ့လူတွေအပေါ် ကျရောက်စေမယ့် ဘေးဆိုးနဲ့ပတ်သက်ပြီး ပြန်စဉ်းစားသုံးသပ်မယ်။
၁၄ မင်းတို့ရဲ့ဘုရား ယေဟောဝါက စိတ်ပြောင်းပြီး ပြန်စဉ်းစားသုံးသပ်လေမလား၊+
ကောက်နှံအလှူနဲ့ သွန်းလောင်းရာအလှူတွေကို မင်းတို့ပူဇော်နိုင်ဖို့
ကောင်းချီးတွေ ချန်ထားလေမလား ဘယ်သူပြောနိုင်မလဲ။
၁၅ ဇိအုန်မှာ တံပိုးမှုတ်ကြ။
အစာရှောင်ချိန်ကို ကြေညာကြ။ အထူးစည်းဝေးပွဲ တက်ဖို့ လူတွေကို ခေါ်လိုက်ပါ။+
၁၆ လူတွေကို စုဝေးပါ။ လူအုပ်ကို သန့်စင်အောင် လုပ်ခိုင်းပါ။+
အကြီးအကဲတွေကို စုရုံးပါ။ ကလေးတွေ၊ နို့စို့ကလေးတွေပါမကျန် စုဝေးလိုက်ပါ။+
သတို့သားကို အတွင်းခန်းထဲ ကနေ၊ သတို့သမီးကိုလည်း မင်္ဂလာအခန်းထဲကနေ ထွက်လာခိုင်းလိုက်ပါ။
၁၇ ယေဟောဝါအတွက် အမှုဆောင်တဲ့ ပုရောဟိတ်တွေက မုခ်ဦးနဲ့ ပူဇော်ရာပလ္လင်ကြားမှာ+ ငိုကြွေးကြပါစေ။
‘အို ယေဟောဝါ၊ လူမျိုးတော်ကို သနားလှည့်ပါ။
အမွေတော်ကို နှာခေါင်းရှုံ့ စရာ မဖြစ်စေပါနဲ့။
သူတို့ကို လူမျိုးခြားတွေ မအုပ်ချုပ်စေပါနဲ့။
“သူတို့ရဲ့ဘုရား ဘယ်မှာလဲ”+ လို့
လူတွေ ဘာလို့ပြောရမှာလဲ’ ဆိုပြီး ဆုတောင်းကြပါစေ။
၁၈ အဲဒီအခါ ငါယေဟောဝါကလည်း ငါ့တိုင်းပြည်ကို စိတ်ထက်သန်စွာ ကူညီမယ်။
ငါ့လူမျိုးကို သနားစာနာမယ်။+
၁၉ ငါယေဟောဝါက
‘ကောက်နှံတွေ၊ စပျစ်ဝိုင်အသစ်တွေ၊ ဆီတွေကို မင်းတို့အတွက် ပေးမယ်။
မင်းတို့ ဝဝလင်လင် စားသောက်ရမယ်။+
မင်းတို့ကို လူမျိုးတွေအလယ်မှာ ကဲ့ရဲ့ရှုတ်ချစရာ ဖြစ်စေတော့မှာ မဟုတ်ဘူး။+
၂၀ မြောက်ပိုင်းသားကို မင်းတို့နဲ့ဝေးရာဆီ မောင်းထုတ်မယ်။
ခြောက်သွေ့တဲ့ လွင်တီးခေါင်ဆီ ကွဲလွင့်စေမယ်။
သူ့ရဲ့တပ်ဦးကို အရှေ့ပင်လယ်ဘက်၊*
နောက်ရံတပ်ကို အနောက်ပင်လယ်ဘက်* ကွဲလွင့်စေမယ်။
သူ့ဆီက အပုပ်နံ့ တထောင်းထောင်း ထွက်နေမယ်။+
ကြီးမြတ်တဲ့အမှုတွေကို
ငါလုပ်ဆောင်မယ်’ ဆိုပြီး ငါ့လူတွေကို အဖြေပေးမယ်။
၂၁ အို တိုင်းပြည်၊ မကြောက်နဲ့။
ရွှင်လန်းဝမ်းမြောက်ပါ။ ယေဟောဝါက ကြီးမြတ်တဲ့အမှုတွေကို လုပ်ဆောင်မယ်။
၂၂ သားရဲတို့၊ မကြောက်နဲ့။
တောကန္တာရထဲက စားကျက်မြေတွေ စိမ်းလန်းလာမယ်။+
အပင်တွေ အသီးသီးလိမ့်မယ်။+
သဖန်းပင်နဲ့ စပျစ်ပင်တွေ ပြွတ်ခဲအောင် သီးလိမ့်မယ်။+
၂၃ ဇိအုန်မြို့သားတို့၊ မင်းတို့ရဲ့ဘုရား ယေဟောဝါကြောင့် ရွှင်လန်းဝမ်းမြောက်ကြပါ။+
ငါက ဆောင်းဦးမိုးကို လိုသလောက် ပေးမယ်။
မင်းတို့အပေါ် မိုးရွာသွန်းစေမယ်။
အရင်တုန်းကလိုပဲ ဆောင်းဦးမိုးနဲ့ နွေဦးမိုးကို ရွာချစေမယ်။+
၂၄ ကောက်နယ်တလင်းတွေမှာ သန့်စင်ထားတဲ့ ကောက်နှံတွေ ပြည့်နေမယ်။
အသီးနယ်တဲ့ကျင်းတွေမှာ စပျစ်ဝိုင်အသစ်တွေ၊ ဆီတွေ လျှံကျနေမယ်။+
၂၅ နှစ်တွေတစ်လျှောက် အုံဖွဲ့ကျိုင်းကောင်၊ ကျိုင်းကောင်ပေါက်၊
အဖျက်ကျိုင်းကောင်၊ ဝါးမျိုကျိုင်းကောင်တွေ စားပစ်လိုက်တဲ့ မင်းတို့ရဲ့ သီးနှံတွေအတွက် ငါပြန်လျော်ပေးမယ်။
သူတို့ဟာ ငါစေလွှတ်လိုက်တဲ့ တပ်မဟာကြီးပဲ။+
၂၆ မင်းတို့က တကယ် ဝဝလင်လင် စားသောက်ရမယ်။+
အံ့ဖွယ်ရာတွေ လုပ်ဆောင်ပေးခဲ့တဲ့
မင်းတို့ရဲ့ဘုရား ယေဟောဝါရဲ့နာမည်ကို ချီးမွမ်းကြလိမ့်မယ်။+
ငါ့လူတွေဟာ အရှက်ကွဲရတော့မှာ မဟုတ်ဘူး။+
၂၇ အစ္စရေးတွေအလယ်မှာ စံမြန်းနေတဲ့+ ငါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါဖြစ်မှန်း၊+
ငါကလွဲပြီး တခြားဘုရား မရှိမှန်း မင်းတို့သိရလိမ့်မယ်။
ငါ့လူတွေဟာ အရှက်ကွဲရတော့မှာ မဟုတ်ဘူး။
၂၈ အဲဒီနောက် စွမ်းအားတော်ကို လူအမျိုးမျိုးအပေါ် ငါသွန်းလောင်းမယ်။+
မင်းတို့ရဲ့ သားသမီးတွေ ပရောဖက်ပြုကြလိမ့်မယ်။
အသက်ကြီးသူတွေ အိပ်မက် မြင်မက်ကြလိမ့်မယ်။
လူငယ်တွေလည်း စိတ်အာရုံ မြင်ကြလိမ့်မယ်။+
၂၉ အဲဒီအချိန်မှာ ငါ့ကျွန်တွေ၊ ကျွန်မတွေကိုပါ
စွမ်းအားတော်ငါသွန်းလောင်းမယ်။
၃၀ ကောင်းကင်နဲ့ ကမ္ဘာမြေပေါ်မှာ ထူးဆန်းတဲ့အရာတွေ ငါပြမယ်။
သွေးတွေ၊ မီးတွေ၊ မီးခိုးလုံးတွေ ဖြစ်ပေါ်လိမ့်မယ်။+
၃၁ ယေဟောဝါရဲ့ ကြောက်မက်ဖွယ်နေ့ကြီး မရောက်ခင်+
နေဟာ မှောင်မိုက်သွားမယ်။ လဟာ သွေးဖြစ်သွားမယ်။+
၃၂ ယေဟောဝါရဲ့နာမည်ကို ခေါ်ပြီး ဆုတောင်းသူတိုင်း ကယ်တင်ခံရမယ်။+
ယေဟောဝါ ပြောထားတဲ့အတိုင်း ဇိအုန်တောင်နဲ့ ဂျေရုဆလင်မြို့မှာ လွတ်မြောက်သူတွေ ရှိမယ်။+
သူတို့ဟာ ယေဟောဝါ ခေါ်ယူလို့ အသက်ရှင်ကျန်ရစ်သူတွေပဲ။”
၃ “အဲဒီနေ့၊ အဲဒီအချိန်ရောက်ရင်
ယုဒနဲ့ ဂျေရုဆလင်ရဲ့ သုံ့ပန်းတွေကို ငါပြန်ခေါ်လာမယ်။+
၂ လူမျိုးအားလုံးကို စုဝေးပြီး
ယောရှဖတ်* ချိုင့်ဝှမ်းလွင်ပြင်ဆီ ငါခေါ်လာမယ်။
အဲဒီလွင်ပြင်မှာ ငါ့လူတွေအတွက်၊ ငါ့အမွေဖြစ်တဲ့ အစ္စရေးအတွက်
သူတို့ကို ငါတရားစီရင်မယ်။+
သူတို့က ငါ့လူတွေကို လူမျိုးခြားတွေအလယ်မှာ ကွဲလွင့်စေပြီး
ငါ့ပြည်ကို ခွဲဝေယူခဲ့ကြလို့ပဲ။+
၃ သူတို့က ငါ့လူတွေကို မဲချပြီး ခွဲဝေယူကြတယ်။+
ပြည့်တန်ဆာငှားခအဖြစ် လူငယ်လေးကို ပေးကြတယ်။
သောက်စရာ စပျစ်ဝိုင်ရဖို့ မိန်းကလေးကို ရောင်းစားကြတယ်။
၄ အို တိုင်ရာမြို့၊ ဆိုင်ဒုန်မြို့၊ ဖိလိတိတစ်ပြည်လုံး၊
မင်းတို့က ငါ့ကို ဘာမကျေနပ်တာ ရှိလို့လဲ။
တစ်ခုခုကြောင့် ငါ့ကို လက်တုံ့ပြန်နေတာလား။
လက်တုံ့ပြန်နေတာဆိုရင်တော့
ငါကလည်း မင်းတို့ကို အဲဒီအတိုင်း ချက်ချင်း လက်တုံ့ပြန်မယ်။+
၅ မင်းတို့က ငါ့ရွှေငွေတွေကို သိမ်းယူပြီး+
အဖိုးတန်ဘဏ္ဍာတွေကို မင်းတို့ရဲ့ဘုရားကျောင်းထဲ ယူသွားတယ်။
၆ ယုဒလူတွေနဲ့ ဂျေရုဆလင်မြို့သူမြို့သားတွေကို ဂရိလူတွေဆီ ရောင်းစားပြီး+
သူတို့နယ်မြေနဲ့ ဝေးရာဆီ ဖယ်ရှားပစ်ခဲ့တယ်။
၇ ဒါကြောင့် မင်းတို့ ရောင်းစားလိုက်တဲ့နေရာကနေ သူတို့ကို ငါပြန်လာစေမယ်။+
မင်းတို့ လက်တုံ့ပြန်တဲ့အတိုင်း ငါလည်း လက်တုံ့ပြန်မယ်။
၈ မင်းတို့ရဲ့ သားသမီးတွေကို ယုဒလူတွေလက်ထဲ ငါရောင်းပစ်မယ်။+
ယုဒလူတွေက ရပ်ဝေးမှာနေတဲ့ ရှေဘလူမျိုးတွေဆီ ပြန်ရောင်းစားမယ်။
ဒါဟာ ယေဟောဝါကိုယ်တိုင် ပြောတဲ့စကားပဲ။
၉ လူမျိုးတကာကို ကြေညာလိုက်ပါ–+
‘စစ်တိုက်ဖို့ အသင့်ပြင်ကြ။ ခွန်အားကြီးသူတွေကို နှိုးဆော်ကြ။
စစ်သည်အားလုံး ချီတက်တိုက်ခိုက်ကြ။+
၁၀ ထယ်သွားကို ဓားဖြစ်အောင်၊ တံစဉ်ကို လှံဖြစ်အောင် ထုလုပ်ကြ။
အားနည်းသူကလည်း “ငါဟာ ခွန်အားကြီးသူပဲ” လို့ပြောပါစေ။
၁၁ ပတ်ဝန်းကျင်က လူမျိုးအပေါင်းတို့၊ အတူစုဝေးပြီး လာကူညီကြ။’”+
ယေဟောဝါဘုရား၊ ကိုယ်တော်ရဲ့ ခွန်အားကြီးသူတွေကို အဲဒီလွင်ပြင်ဆီ ဆင်းလာခိုင်းပါ။
၁၂ “လူမျိုးခြားတွေ ထပြီး ယောရှဖတ်ချိုင့်ဝှမ်းလွင်ပြင်ဆီ လာကြပါစေ။
ငါက အဲဒီလွင်ပြင်မှာ ထိုင်ပြီး ပတ်ဝန်းကျင်လူမျိုးအားလုံးကို တရားစီရင်မယ်။+
၁၃ သီးနှံတွေ ရင့်မှည့်ပြီဖြစ်လို့ တံစဉ်နဲ့ ရိတ်သိမ်းကြ။
စပျစ်သီးနယ်ရာကျင်း ပြည့်လျှံ နေပြီဖြစ်လို့ ဆင်းလာပြီး နင်းနယ်ကြ။+
သူတို့ရဲ့မကောင်းမှုတွေ များလွန်းလို့ ကျောက်စည်တွေ လျှံကျနေပြီ။
၁၄ တရားဆုံးဖြတ်မယ့် ချိုင့်ဝှမ်းလွင်ပြင်မှာ လူတွေ အုပ်လိုက်ကြီး ရှိနေတယ်။
အဲဒီလွင်ပြင်မှာ ယေဟောဝါ တရားဆုံးဖြတ်မယ့်နေ့ နီးလာပြီ။+
၁၅ နေနဲ့လ မှောင်မိုက်လိမ့်မယ်။
ကြယ်တွေလည်း ထွန်းလင်းတော့မှာ မဟုတ်ဘူး။
၁၆ ယေဟောဝါက ဇိအုန်ကနေ ခြင်္သေ့လို ဟိန်းဟောက်မယ်။
ဂျေရုဆလင်မြို့ကနေ ကြွေးကြော်မယ်။
ကောင်းကင်နဲ့ ကမ္ဘာမြေ လှုပ်ခါသွားမယ်။
ဒါပေမဲ့ ယေဟောဝါက လူမျိုးတော်အတွက် ခိုလှုံရာ၊+
အစ္စရေးအတွက် ခံတပ်ဖြစ်လိမ့်မယ်။
၁၇ ငါဟာ သန့်ရှင်းတဲ့ ဇိအုန်တောင်မှာ စံမြန်းတဲ့ မင်းတို့ရဲ့ဘုရား ယေဟောဝါဖြစ်မှန်း မင်းတို့ သိရလိမ့်မယ်။+
ဂျေရုဆလင်မြို့ဟာ သန့်ရှင်းမြင့်မြတ်တဲ့နေရာ ဖြစ်လိမ့်မယ်။+
အဲဒီမြို့ကို သူစိမ်းတစ်ယောက်မှ ဖြတ်သန်းသွားလာတော့မှာ မဟုတ်ဘူး။+
၁၈ အဲဒီနေ့ကျရင် တောင်တန်းတွေပေါ်မှာ ချိုမြတဲ့စပျစ်ဝိုင်တွေ တစက်စက်ကျလိမ့်မယ်။+
တောင်ကုန်းတွေပေါ်ကနေ နို့တွေ စီးဆင်းနေမယ်။
ယုဒရဲ့စမ်းချောင်းတွေမှာ ရေတွေ စီးဆင်းနေမယ်။
ယေဟောဝါရဲ့ အိမ်တော်ကနေ စမ်းချောင်းစီးထွက်လာပြီး+
ရှားပင်တွေပေါက်တဲ့ ချိုင့်ဝှမ်းထဲ ရေစီးဝင်လိမ့်မယ်။
ယုဒပြည်မှာ အပြစ်မဲ့သူတွေကို သတ်ဖြတ်ခဲ့တဲ့အတွက်+
အီဂျစ်ပြည်ဟာ လူသူကင်းမဲ့သွားမယ်။+
ဧဒုံပြည်ကလည်း လူသူဆိတ်ညံတဲ့ တောကန္တာရ ဖြစ်သွားမယ်။+
၂၀ ယုဒပြည်မှာတော့ လူတွေ အမြဲနေထိုင်လိမ့်မယ်။
ဂျေရုဆလင်မြို့မှာ လူမျိုးအဆက်ဆက် နေထိုင်ကြလိမ့်မယ်။+
၂၁ လူသတ်မှုကျူးလွန်ခဲ့တဲ့ သူတို့ကို အပြစ်မရှိတော့ဘူးလို့ ငါသတ်မှတ်မယ်။+
ဇိအုန်မှာ ငါယေဟောဝါ စံမြန်းမယ်။”+
အဓိပ္ပာယ်၊ “ယေဟောဝါဟာ ဘုရားသခင်။”
ခက်ဆစ်ကိုကြည့်။
“သဖန်းသီးခြောက်တွေက” လည်းဖြစ်နိုင်။
ပင်လယ်သေ။
မြေထဲပင်လယ်။
အဓိပ္ပာယ်၊ “ယေဟောဝါဟာ တရားသူကြီး။”