တိမောသေ ပထမစောင်
၁ ကယ်တင်ရှင် ဘုရားသခင်ရဲ့ မိန့်မှာချက်အရ၊ ငါတို့ရဲ့ မျှော်လင့်ချက်ဖြစ်တဲ့+ ခရစ်တော်ယေရှုရဲ့ မိန့်မှာချက်အရ ခရစ်တော်ယေရှုရဲ့ တမန်တော်ဖြစ်လာတဲ့ ပေါလုက၊ ၂ ယုံကြည်ခြင်းလမ်းစဉ်မှာ သားအရင်းလိုဖြစ်နေတဲ့+ တိမောသေဆီ*+ စာရေးလိုက်တယ်။
အဖဘုရားသခင်နဲ့ သခင် ခရစ်တော်ယေရှုဆီက မဟာကရုဏာ၊ သနားကြင်နာခြင်း၊ ငြိမ်သက်ခြင်းကို မင်းခံစားရပါစေ။
၃ မက်ဆီဒိုးနီးယားပြည်ကို ငါသွားခါနီးမှာ မင်းကို ဧဖက်မြို့မှာနေခဲ့ဖို့ တိုက်တွန်းခဲ့တယ်။ အခုလည်း အဲဒီလိုပဲ တိုက်တွန်းချင်တယ်။ ဒါမှ လူတချို့ကို မှားယွင်းတဲ့အယူဝါဒ မသွန်သင်ကြဖို့၊ ၄ မဟုတ်တမ်းစကားတွေ၊+ ဆွေစဉ်မျိုးဆက်စာရင်းတွေကို အာရုံမစိုက်ကြဖို့ မင်း သတိပေးနိုင်မှာ။ အဲဒါတွေဟာ ဘာမှ အကျိုးမပြုဘူး။+ ထင်ကြေးပေးတာ၊ မှန်းဆတာတွေကိုပဲ ဖြစ်စေတတ်တယ်။ ယုံကြည်ခြင်း ခိုင်ခံ့စေဖို့ ဘုရားသခင် ပြင်ဆင်ပေးရာတွေနဲ့ မအပ်စပ်ဘူး။ ၅ ဒီလိုညွှန်ကြားရတဲ့ ရည်ရွယ်ချက်ဟာ ဖြူစင်တဲ့နှလုံးသား၊ ကြည်လင်တဲ့ အမှားအမှန်သိစိတ်၊ ဟန်ဆောင်မှုကင်းတဲ့ ယုံကြည်ခြင်းကနေ+ ပေါက်ဖွားလာတဲ့ မေတ္တာ ရှိစေချင်လို့ပါ။+ ၆ တချို့ကတော့ အဲဒါတွေကနေ လမ်းကြောင်းလွဲပြီး အကျိုးမရှိတဲ့စကားတွေကိုပဲ ပြောနေကြတယ်။+ ၇ သူတို့ဟာ ပညတ် သွန်သင်သူတွေတော့+ ဖြစ်ချင်ကြတယ်။ ဒါပေမဲ့ ကိုယ်ပြောနေတဲ့အကြောင်းတွေ၊ ကိုယ်အခိုင်အမာပြောနေတဲ့ အကြောင်းတွေကို ကိုယ်တိုင် နားမလည်ကြဘူး။
၈ နည်းမှန်လမ်းကျသာ ကျင့်သုံးမယ်ဆိုရင် ပညတ်တရားဟာ ကောင်းမှန်း ငါတို့သိပါတယ်။ ၉ ပညတ်ဥပဒေဟာ ဖြောင့်မတ်သူအတွက် ထုတ်ပြန်ထားတာ မဟုတ်ဘူး။ တရားမဲ့သူ၊+ အာခံတတ်သူ၊ ဘုရားတရားမဲ့သူ၊ အပြစ်ကျူးလွန်သူ၊ ခိုင်မြဲတဲ့မေတ္တာ မရှိသူ၊ ဘုရားတရားကို မထီမဲ့မြင်ပြုသူ၊ မိဘကို သတ်တဲ့သူ၊ လူ့အသက်ကို သတ်တဲ့သူ၊ ၁၀ လိင်အကျင့်ယိုယွင်းသူ၊* လိင်တူဆက်ဆံသူ၊ ပြန်ပေးဆွဲသူ၊ လိမ်လည်သူ၊ မဟုတ်မမှန် ကျိန်ဆိုသူ၊ အကျိုးဖြစ်ထွန်းတဲ့ သွန်သင်ချက်နဲ့+ ဆန့်ကျင်တာမှန်သမျှကို ပြုကျင့်သူတွေအတွက် ထုတ်ပြန်ထားတယ်ဆိုတာ ငါတို့သိပါတယ်။ ၁၁ ဒီသွန်သင်ချက်ဟာ ပျော်ရွှင်တဲ့ဘုရားသခင်ဆီက လာတဲ့ ဘုန်းအသရေပြည့်ဝတဲ့ သတင်းကောင်းကို အခြေခံထားတယ်။ ဒါကို ဘုရားသခင်က ငါ့ကို အပ်နှင်းထားတယ်။+
၁၂ ငါ့ကိုအစွမ်းတန်ခိုးပေးတဲ့ သခင်ခရစ်တော်ယေရှုကို ကျေးဇူးတင်တယ်။ ခရစ်တော်က ငါ့ကို သစ္စာရှိသူလို့ ယူမှတ်ပြီး ဘုရားအမှုဆောင်ဖို့ ခန့်အပ်ထားလို့ပဲ။+ ၁၃ ငါဟာ အရင်က ဘုရားကို စော်ကားပြောဆိုသူ၊ ညှဉ်းပန်းနှိပ်စက်သူ၊ ရိုင်းစိုင်းသူဖြစ်ခဲ့တာတောင်+ အဲဒီလို ခန့်အပ်ခံရတယ်။ ယုံကြည်ခြင်းမရှိလို့၊ မသိနားမလည်ဘဲ လုပ်ခဲ့တာဖြစ်လို့ ငါ့ကို ကရုဏာပြခဲ့တယ်။ ၁၄ ဘုရားသခင်က ငါ့ကို အတိုင်းထက်အလွန် မဟာကရုဏာပြခဲ့တယ်။ ငါဟာ ခရစ်တော်ယေရှုရဲ့ နောက်လိုက်ဖြစ်လာတဲ့အတွက် ယုံကြည်ခြင်းနဲ့ မေတ္တာလည်း ရှိလာတယ်။ ၁၅ အပြစ်ရှိသူတွေကို ကယ်တင်ဖို့ ဒီလောကကို ခရစ်တော်ယေရှု ဆင်းလာတယ်ဆိုတဲ့+ စကားဟာ မှန်ကန်တယ်၊ အပြည့်အဝ ယုံကြည်စိတ်ချထိုက်တယ်။ အပြစ်ရှိသူတွေထဲမှာ ငါဟာ အပြစ်အများဆုံးပဲ။+ ၁၆ ဒါပေမဲ့ ငါ ကရုဏာခံစားခဲ့ရတယ်။ ခရစ်တော်ကို ယုံကြည်ပြီး ထာဝရအသက်ရမယ့်သူတွေအတွက်+ နမူနာပြဖို့ ခရစ်တော်ယေရှုက အပြစ်အများဆုံးဖြစ်တဲ့ ငါ့ကိုသုံးပြီး အစွမ်းကုန် စိတ်ရှည်မှုပြခဲ့တယ်။
၁၇ ဖောက်ပြန်ပျက်စီးခြင်းမရှိတဲ့၊+ မမြင်နိုင်တဲ့+ ထာဝရဘုရင်၊+ တစ်ဆူတည်းသော ဘုရားသခင်ဟာ+ အစဉ်ထာဝရ ဘုန်းတော်၊ ဂုဏ်တော် ထင်ရှားပါစေ။ အာမင်။*
၁၈ ငါ့သားတိမောသေ၊ မင်းကိုရည်စူးပြီး ဟောထားတဲ့ ပရောဖက်ပြုချက်တွေအတိုင်း ဒီညွှန်ကြားချက်ကို ငါပေးတာပါ။ အဲဒီပရောဖက်ပြုချက်တွေအတိုင်း မွန်မြတ်တဲ့စစ်ပွဲကို ဆက်ပြီးတိုက်ခိုက်သွားပါ။+ ၁၉ ယုံကြည်ခြင်းနဲ့ ကြည်လင်တဲ့ အမှားအမှန်သိစိတ်ကိုလည်း ထိန်းသိမ်းထားပါ။+ လူတချို့ဟာ အမှားအမှန်သိစိတ်ကို ဘေးဖယ်ထားတဲ့အတွက် ယုံကြည်ခြင်းသင်္ဘော ပျက်ခဲ့ရတယ်။ ၂၀ သူတို့ထဲမှာ ဟုမေနဲနဲ့+ အလက်ဇန္ဒား ပါတယ်။ ဘုရားကို စော်ကားပြောဆိုတာမျိုး မလုပ်နိုင်ဖို့ သူတို့ကို ဆုံးမပြီး စာတန်ရဲ့လက်ထဲ အပ်လိုက်ပြီ။+
၂ ဦးဆုံးအနေနဲ့ ငါတိုက်တွန်းချင်တာက တိုးလျှိုးအသနားခံပါ။ ဆုတောင်းပါ။ သူတစ်ပါးအတွက် တောင်းလျှောက်ပေးပါ။ လူအမျိုးမျိုးအတွက် ကျေးဇူးတော်ချီးမွမ်းပါ။ ၂ ရှင်ဘုရင်တွေ၊ အထက်အာဏာပိုင်တွေအတွက်လည်း ဆုတောင်းပေးပါ။+ ဒါမှ ငါတို့က ငြိမ်သက်အေးချမ်းတဲ့ ဘဝမျိုးနဲ့နေနိုင်ပြီး ဘုရားတရားကိုင်းရှိုင်းမှု၊ လေးနက်တည်ကြည်မှုအပြည့် ရှိနိုင်ကြမှာပါ။+ ၃ ကယ်တင်ရှင်ဘုရားသခင်က+ အဲဒီလိုဆုတောင်းပေးတာကို မွန်မြတ်တဲ့အရာလို့ ယူဆပြီး နှစ်သက်လက်ခံတယ်။ ၄ ဘုရားသခင်ရဲ့ အလိုတော်ကတော့ လူအမျိုးမျိုးကို ကယ်တင်ခြင်း ရစေဖို့၊+ အမှန်တရားအကြောင်း တိကျမှန်ကန်စွာ သိရှိစေဖို့ပဲ။ ၅ ဘုရားသခင် တစ်ဆူတည်း ရှိတယ်။+ ဘုရားသခင်နဲ့ လူတွေကြားမှာ+ ဖျန်ဖြေသူအဖြစ်+ လူသား ခရစ်တော်ယေရှုတစ်ယောက်ပဲ ရှိတယ်။+ ၆ သူဟာ လူအားလုံးအတွက် ညီမျှတဲ့ ရွေးဖိုးအဖြစ်+ ကိုယ့်ကိုယ်ကိုယ် ပေးဆက်ခဲ့တယ်။ အချိန်တန်ရင် အဲဒီအကြောင်းကို လူတွေ သက်သေခံကြလိမ့်မယ်။ ၇ ဒါကိုသက်သေခံဖို့+ ဘုရားသခင်က ငါ့ကို ဟောပြောသူနဲ့ တမန်တော်အဖြစ်၊+ လူမျိုးခြားတွေကို ယုံကြည်ခြင်းနဲ့ အမှန်တရားအကြောင်း သွန်သင်ပေးတဲ့ဆရာအဖြစ်+ ခန့်အပ်ထားတယ်။ ငါလိမ်ပြောနေတာ မဟုတ်ဘူး။ အမှန်အတိုင်း ပြောနေတာပါ။
၈ ဒါကြောင့် ငါ့ဆန္ဒကတော့ အမျိုးသားတွေဟာ စုဝေးတဲ့နေရာတိုင်းမှာ စိတ်ဆိုးတာ၊+ အငြင်းပွားတာမျိုး မလုပ်ဘဲ+ ဘုရားသခင်ကို သစ္စာစောင့်သိတဲ့စိတ်နဲ့ လက်ကိုဖြန့်ပြီး+ ဆုတောင်းကြပါ။ ၉ အမျိုးသမီးတွေကလည်း ဣန္ဒြေရှိရှိ၊ ချင့်ချိန်မှုရှိရှိနဲ့ တော်ရုံသင့်ရုံပဲ ဝတ်စားဆင်ယင်ကြပါ။ ဆံပင်ကို အမျိုးမျိုးထုံးဖွဲ့နေတာ၊ ရွှေတွေ၊ ပုလဲတွေ၊ တန်ဖိုးကြီးအဝတ်တွေ ဆင်ယင်နေတာမျိုး မလုပ်ဘဲ၊+ ၁၀ ဘုရားသခင်ကို ကြည်ညိုတယ်ဆိုတဲ့ အမျိုးသမီးတွေ+ ဆင်ယင်သင့်တဲ့ ပုံစံအတိုင်း ဆင်ယင်ကြပါ။ မွန်မြတ်တဲ့ အကျင့်တွေနဲ့ မိမိကိုယ်ကို အလှဆင်ကြပါ။
၁၁ အမျိုးသမီးတွေဟာ အပြည့်အဝ လက်အောက်ခံတဲ့စိတ်နဲ့ တိတ်ဆိတ်စွာနေပြီး သင်ယူတတ်ပါစေ။+ ၁၂ အမျိုးသမီးတွေ သွန်သင်ဆုံးမတာ၊ အမျိုးသားအပေါ် အာဏာပြတာတွေကို ငါခွင့်မပြုဘူး။ အမျိုးသမီးတွေဟာ တိတ်ဆိတ်စွာ နေရမယ်။+ ၁၃ ဘာလို့လဲဆိုတော့ ဘုရားသခင်က အာဒံကို အရင်ဖန်ဆင်းပြီးမှ ဧဝကို ဖန်ဆင်းခဲ့တာ။+ ၁၄ ဒါ့အပြင် အာဒံဟာ လှည့်စားခံခဲ့ရတာ မဟုတ်ဘူး။ ဧဝကသာ လုံးဝလှည့်စားခံရပြီး+ အပြစ်ကျူးလွန်ခဲ့တာ။ ၁၅ ဒါပေမဲ့ အမျိုးသမီးတွေအနေနဲ့ သားသမီး မွေးမြူပြုစုပြီး+ ချင့်ချိန်တတ်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်းမှာ ဆက်တိုးပွားနေမယ်၊ ဘုရားရှေ့မှာ သန့်ရှင်းစင်ကြယ်နေမယ်ဆိုရင်တော့ အကာအကွယ်ရလိမ့်မယ်။+
၃ ကြီးကြပ်မှူးဖြစ်ဖို့+ ကြိုးစားတက်လှမ်းနေသူဟာ မွန်မြတ်တဲ့အလုပ်ကို လိုလားတဲ့သူပဲ။ ဒီအချက်ဟာ မှန်ကန်တယ်။ ၂ ဒါကြောင့် ကြီးကြပ်မှူးတွေဟာ အပြစ်ပြောစရာမရှိသူ၊ ဇနီးတစ်ဦးတည်းရှိသူ၊ ပြုမူကျင့်ကြံပုံ အစွန်းမရောက်သူ၊ ချင့်ချိန်တတ်သူ၊+ စည်းစနစ်ရှိသူ၊ ဧည့်ဝတ်ကျေပွန်သူ၊+ သွန်သင်ဖို့ အရည်အချင်းပြည့်မီသူ+ ဖြစ်ရမယ်။ ၃ သောက်ကြူးသူ၊+ ရိုက်နှက်တတ်သူ မဖြစ်ရဘူး။ အကျိုးသင့်အကြောင်းသင့်ရှိသူ၊+ ရန်မလိုတတ်သူ၊+ ငွေမတပ်မက်သူ၊+ ၄ အိမ်ထောင်ကို ကောင်းစွာဦးစီးတတ်သူ ဖြစ်ရမယ်။ သူ့သားသမီးတွေကလည်း အမူအကျင့်ကောင်းပြီး နာခံတတ်သူတွေ ဖြစ်ရမယ်။+ ၅ (သူ့အိမ်ထောင်ကိုတောင် မဦးစီးတတ်ရင် ဘုရားသခင်ရဲ့ အသင်းတော်ကို ဘယ်လိုလုပ် ဂရုစိုက်စောင့်ရှောက်နိုင်မလဲ။) ၆ ကြီးကြပ်မှူးဟာ ယုံကြည်သူ လူသစ်တော့ မဖြစ်ရဘူး။+ အဲဒီလိုဖြစ်နေရင် ထောင်လွှားလာပြီး မာရ်နတ်ခံရမယ့် ပြစ်ဒဏ်စီရင်မှုမျိုး ခံရနိုင်စရာ အကြောင်းရှိတယ်။ ၇ ဒါ့အပြင် အသင်းတော်ပြင်ပက လူတွေရှေ့မှာ နာမည်ကောင်းရှိတဲ့သူလည်း ဖြစ်ရမယ်။+ ဒါမှ ကဲ့ရဲ့ပြစ်တင်ခံရတာမျိုး၊ မာရ်နတ်ရဲ့ကျော့ကွင်းထဲ ကျသွားတာမျိုး မဖြစ်မှာပါ။
၈ အလားတူပဲ၊ အသင်းတော်အမှုထမ်းတွေဟာ လေးနက်တည်ကြည်သူ ဖြစ်ရမယ်။ လျှာနှစ်ခွနဲ့ပြောတတ်သူ၊* ဝိုင်သောက်ကြူးသူ၊ မသမာနည်းနဲ့ လောဘတကြီး အမြတ်ထုတ်သူ မဖြစ်ရဘူး။+ ၉ ကြည်လင်တဲ့ အမှားအမှန်သိစိတ်ရှိပြီး ယုံကြည်ခြင်းနဲ့ဆိုင်တဲ့ မြင့်မြတ်တဲ့လျှို့ဝှက်ချက်ကို စွဲကိုင်ထားသူ ဖြစ်ရမယ်။+
၁၀ အရည်အချင်းပြည့်မီမမီ သိနိုင်ဖို့ သူတို့ကို ဦးဆုံး စမ်းသပ်ပါ။ ပြစ်တင်စွပ်စွဲစရာ ဘာမှမရှိဘူးဆိုရင်တော့+ အသင်းတော်အမှုထမ်းတွေအဖြစ် အမှုဆောင်နိုင်တယ်။
၁၁ အမျိုးသမီးတွေလည်း လေးနက်တည်ကြည်သူ၊ သွားပုပ်လေလွင့် မပြောတတ်သူ၊+ ပြုမူပြောဆိုရာမှာ ထိန်းချုပ်နိုင်သူ၊ အရာရာမှာ သစ္စာရှိသူ ဖြစ်ရမယ်။+
၁၂ အသင်းတော်အမှုထမ်းဟာ ဇနီးတစ်ဦးတည်းရှိသူ၊ သားသမီးတွေနဲ့ အိမ်ထောင်ကို ကောင်းစွာ ဦးစီးနိုင်သူ ဖြစ်ရမယ်။ ၁၃ ကောင်းမွန်စွာ အမှုဆောင်တဲ့ အမျိုးသားတွေဟာ နာမည်ကောင်းရတဲ့အပြင် ခရစ်ယာန်ယုံကြည်ချက်အကြောင်း ရဲရဲဝံ့ဝံ့ပြောဆိုခွင့်လည်း* ရှိရမယ်။
၁၄ မင်းဆီ အရောက်လာဖို့ မျှော်လင့်ပေမဲ့ ငါကြန့်ကြာနေမှာစိုးလို့၊ ၁၅ ဒီအကြောင်းတွေကို ကြိုရေးလိုက်တာပါ။ အသက်ရှင်တဲ့ ဘုရားသခင်ရဲ့ အိမ်ထောင်စုဖြစ်တဲ့+ အသင်းတော်မှာ ဘယ်လို ပြုမူကျင့်ကြံရမယ်ဆိုတာကို သိစေချင်တယ်။ အသင်းတော်ဆိုတာ အမှန်တရားရဲ့ မဏ္ဍိုင်နဲ့ အုတ်မြစ်ပဲ။ ၁၆ ဘုရားတရား ကိုင်းရှိုင်းမှုနဲ့ဆိုင်တဲ့ လျှို့ဝှက်ချက်ဟာ ကြီးမြတ်လှတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရဘူး။ ဒီလျှို့ဝှက်ချက်ကတော့ ‘ယေရှုဟာ လူသားတစ်ယောက် ဖြစ်ခဲ့တယ်၊+ ဝိညာဉ်ပုဂ္ဂိုလ် ပြန်ဖြစ်သွားတဲ့အခါ ဖြောင့်မတ်သူအဖြစ် ကြေညာခံရပြီး+ ကောင်းကင်တမန်တွေဆီ သွားခဲ့တယ်၊+ သူ့အကြောင်းကို လူမျိုးခြားတွေ ကြားနာခွင့်ရပြီး+ လောကမှာရှိတဲ့သူတွေ သူ့ကို ယုံကြည်လာတယ်၊+ ကောင်းကင်ဆီ ဘုန်းအသရေရှိစွာ သူခေါ်ဆောင်ခံခဲ့ရတယ်’ ဆိုတဲ့အချက်ပဲ။
၄ နောင်တစ်ချိန်မှာ လူတချို့က ဘုရားဆီကလာတယ်လို့ ထင်ရတဲ့ မှားယွင်းတဲ့စကားတွေ၊+ နတ်ဆိုးတွေရဲ့ သွန်သင်ချက်တွေကို နားယောင်ပြီး ယုံကြည်ခြင်းကို စွန့်သွားလိမ့်မယ်လို့ ဘုရားသခင့် စွမ်းအားတော်က ရှင်းရှင်းလင်းလင်း ဆိုထားတယ်။ ၂ သူတော်ကောင်း ယောင်ဆောင်ပြီး လိမ်ညာပြောဆိုသူတွေရဲ့ စကားကို+ သူတို့ နားထောင်လိမ့်မယ်။ သူတော်ကောင်း ယောင်ဆောင်သူတွေရဲ့ အမှားအမှန်သိစိတ်ကတော့ သံပူခတ်ခံရသလို ထုံထိုင်းနေတယ်။ ၃ သူတို့က အိမ်ထောင်ပြုတာကို တားမြစ်တဲ့အပြင်+ အစားအစာတချို့ကို ရှောင်ရမယ်ဆိုပြီးတော့လည်း ပညတ်ထုတ်တယ်။+ တကယ်တော့ ယုံကြည်ခြင်းရှိပြီး အမှန်တရားကို ကောင်းကောင်း သိထားသူတွေ ကျေးဇူးတော်ချီးမွမ်းပြီး စားသုံးကြဖို့+ အဲဒီအစားအစာတွေကို ဘုရားသခင် ဖန်ဆင်းပေးထားတာပါ။+ ၄ ဘုရားသခင် ဖန်ဆင်းထားတဲ့အရာအားလုံး ကောင်းပါတယ်။+ ကျေးဇူးတော်ချီးမွမ်းပြီးတော့ စားသုံးမယ်ဆိုရင် ဘယ်အစားအစာကိုမှ ရှောင်နေစရာ မလိုဘူး။+ ၅ ဘာလို့လဲဆိုတော့ အစားအစာတွေဟာ ဘုရားသခင်ရဲ့ တရားစကားကြောင့်ရော ဆုတောင်းခြင်းကြောင့်ပါ သန့်ရှင်းစင်ကြယ်သွားပြီ။
၆ ညီအစ်ကိုတွေကို အဲဒီလိုအကြံပေးမယ်ဆိုရင် မင်းဟာ ခရစ်တော်ယေရှုရဲ့ အမှုဆောင်ကောင်းတစ်ယောက် ဖြစ်လိမ့်မယ်။ ယုံကြည်ခြင်းနဲ့ဆိုင်တဲ့ တရားစကားတွေ၊ မွန်မြတ်တဲ့ သွန်သင်ချက်နဲ့ဆိုင်တဲ့ တရားစကားတွေနဲ့ မိမိကိုယ်ကို အားဖြည့်ထားသူ ဖြစ်လိမ့်မယ်။ အဲဒီသွန်သင်ချက်တွေကို မင်းကိုယ်တိုင် အနီးကပ် လိုက်လျှောက်ခဲ့တာပဲ။+ ၇ အဘွားအိုတွေ ပြောတတ်တဲ့၊ ဘုရားကို မခန့်လေးစားလုပ်ရာရောက်တဲ့ မဟုတ်တမ်းစကားတွေကို နားမထောင်ပါနဲ့။+ အဲဒီအစား ဘုရားတရားကိုင်းရှိုင်းတတ်ဖို့ ပန်းတိုင်ထားပြီး ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ပါ။ ၈ ကာယလေ့ကျင့်ခန်းလုပ်တာက အနည်းငယ်ပဲ အကျိုးရှိတယ်။ ဘုရားတရား ကိုင်းရှိုင်းတာကတော့ အရာရာမှာ အကျိုးရှိတယ်။ အခုအသက်တာမှာရော အနာဂတ်အသက်တာမှာပါ ကောင်းချီးခံစားရလိမ့်မယ်ဆိုတဲ့ ကတိကိုရလိမ့်မယ်။+ ၉ ဒီအချက်ဟာ မှန်ကန်ပြီး အပြည့်အဝ လက်ခံထိုက်တယ်။ ၁၀ ဒါကြောင့် ငါတို့က လူအမျိုးမျိုးကို+ ကယ်တင်တဲ့အရှင်၊+ အထူးသဖြင့် သစ္စာရှိသူတွေကို ကယ်တင်တဲ့အရှင် အသက်ရှင်နေတဲ့ ဘုရားသခင်ကို မျှော်လင့်တဲ့အတွက် အားသွန်ခွန်စိုက် လုပ်ဆောင်နေကြတာပေါ့။+
၁၁ ဒီညွှန်ကြားချက်တွေပေးပြီး သူတို့ကို အမြဲသင်ကြားပေးပါ။ ၁၂ ငယ်ရွယ်သူဖြစ်နေလို့ဆိုပြီး မင်းကို ဘယ်သူမှ အထင်မသေးပါစေနဲ့။ အဲဒီအစား အပြောအဆို၊ အပြုအမူ၊ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စင်ကြယ်ခြင်းတွေမှာ သစ္စာရှိသူတွေအတွက် စံနမူနာကောင်း ဖြစ်ရမယ်။ ၁၃ ငါမရောက်လာမချင်း လူတွေရှေ့ ကျမ်းစာဖတ်တာ၊+ အားပေးနှိုးဆော်တာ၊ သွန်သင်တာတွေကို အမြဲကြိုးစားလုပ်ဆောင်ပါ။ ၁၄ ပရောဖက်ပြုချက်အရ အကြီးအကဲအဖွဲ့က မင်းအပေါ် လက်တင်ပြီး ပေးအပ်ထားတဲ့ ဆုကျေးဇူးကို လျစ်လျူမရှုပါနဲ့။+ ၁၅ အဲဒီအရာတွေကို ဆင်ခြင်သုံးသပ်ပါ။ လူအားလုံးရှေ့ မင်းရဲ့တိုးတက်မှုကို ထင်ရှားမြင်သာစေဖို့ အဲဒီအရာတွေမှာ အာရုံနှစ်ထားပါ။ ၁၆ ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်ရဲ့သွန်သင်ချက်ကိုပါ အမြဲဂရုစိုက်ပါ။+ အဲဒီအရာတွေကို မဆုတ်မနစ် လုပ်ဆောင်ပါ။ အဲဒီလိုလုပ်မယ်ဆိုရင် ကိုယ်တိုင်သာမက ကိုယ့်ရဲ့သွန်သင်ချက်ကို နားထောင်သူတွေပါ ကယ်တင်ခြင်း ရလိမ့်မယ်။+
၅ အသက်ကြီးတဲ့ အမျိုးသားကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်တာမျိုး မလုပ်ပါနဲ့။+ အဲဒီအစား ဖခင်တစ်ယောက်လို တောင်းတောင်းပန်ပန် ပြောဆိုပါ။ ငယ်ရွယ်တဲ့အမျိုးသားတွေကို ညီလို သဘောထားပြီး ပြောဆိုပါ။ ၂ အသက်ကြီးတဲ့ အမျိုးသမီးတွေကို မိခင်လို၊ ငယ်ရွယ်တဲ့ အမျိုးသမီးတွေကို နှမလို သဘောထားပြီး ရိုးသားဖြူစင်စွာ ဆက်ဆံပါ။
၃ အမှန်တကယ် ခိုကိုးရာမဲ့နေတဲ့ မုဆိုးမတွေကို တလေးတစားနဲ့ ဂရုစိုက်စောင့်ရှောက်ပါ။+ ၄ သူတို့မှာ သားမြေးတွေရှိရင်တော့ သားမြေးတွေက မိသားစုဝင်တွေကို ကြည့်ရှုစောင့်ရှောက်ခြင်းအားဖြင့် ဘုရားတရားကိုင်းရှိုင်းတတ်ဖို့ ဦးဆုံး သင်ယူရမယ်၊+ မိဘဘိုးဘွားတွေကို ကျေးဇူးဆပ်ရမယ်။+ ဒီလိုလုပ်တာကို ဘုရားသခင် နှစ်သက်တယ်။+ ၅ အမှန်တကယ် ခိုကိုးရာမဲ့ပြီး စောင့်ရှောက်သူမရှိ ဖြစ်နေတဲ့ မုဆိုးမဟာ ဘုရားသခင်ကို မျှော်ကိုးတတ်တယ်။+ နေ့ရောညပါ တိုးလျှိုးအသနားခံတတ်တယ်၊ အမြဲဆုတောင်းတတ်တယ်။+ ၆ အပျော်အပါးလိုက်စားတဲ့ မုဆိုးမတွေကတော့ ရှင်လျက်နဲ့ သေနေတာပဲ။ ၇ သူတို့ ကဲ့ရဲ့ပြောဆိုမခံရအောင် ဒီညွှန်ကြားချက်တွေ အမြဲပေးနေပါ။ ၈ ကိုယ်ကြည့်ရှုစောင့်ရှောက်ရမယ့်သူတွေကို၊ အထူးသဖြင့် ကိုယ့်မိသားစုဝင်တွေကို မထောက်ပံ့ဘူးဆိုရင် အဲဒီလူဟာ ယုံကြည်ခြင်းတရားကို ငြင်းပယ်တဲ့သူပဲ၊ မယုံကြည်သူထက်တောင် ဆိုးရွားတယ်။+
၉ ခင်ပွန်းတစ်ဦးတည်းရှိခဲ့ဖူးတဲ့ မုဆိုးမဟာ အသက် ၆၀ ကျော်နေရင် သူ့ကို မုဆိုးမစာရင်း သွင်းလိုက်ပါ။ ၁၀ သူဟာ သားသမီးတွေကို ပြုစုပျိုးထောင်တာ၊+ ဧည့်ဝတ်ကျေပွန်တာ၊+ သန့်ရှင်းသူတွေရဲ့ ခြေကို ဆေးပေးတာ၊+ ဒုက္ခရောက်နေသူကို ကူညီမစတာ၊+ ကောင်းမှုပြုဖို့ ကြိုးစားအားထုတ်တာစတဲ့ မွန်မြတ်တဲ့အလုပ်တွေ လုပ်ဆောင်ခဲ့လို့ နာမည်ကောင်းရတဲ့သူ+ ဖြစ်ရမယ်။
၁၁ ငယ်ရွယ်တဲ့ မုဆိုးမတွေကိုတော့ မုဆိုးမစာရင်း မသွင်းပါနဲ့။ သူတို့ရဲ့သွေးသားဆန္ဒကြောင့် ခရစ်တော်အတွက် အမှုဆောင်ဖို့ အတားအဆီးဖြစ်လာတဲ့အခါ သူတို့ အိမ်ထောင်ပြုချင်ကြတယ်။ ၁၂ အဲဒီလိုဆိုရင် အရင်ကပေးခဲ့တဲ့ ကတိကို သူတို့ ဖျက်မိတဲ့အတွက် ပြစ်ဒဏ်စီရင်ခံရလိမ့်မယ်။ ၁၃ အဲဒီအပြင် သူတို့ဟာ အလုပ်မလုပ်ဘဲ အိမ်တကာလည်တဲ့သူတွေ ဖြစ်သွားနိုင်တယ်။ အလုပ်မလုပ်ရုံသာမက အတင်းအဖျင်းပြောတဲ့သူတွေ၊ သူတစ်ပါးကိစ္စမှာ ဝင်စွက်ပြီး+ မပြောသင့်တာကို ပြောတဲ့သူတွေ ဖြစ်သွားနိုင်တယ်။ ၁၄ ဒါကြောင့် ငယ်ရွယ်တဲ့ မုဆိုးမတွေအနေနဲ့ အိမ်ထောင်ပြုတာ၊+ သားသမီးမွေးဖွားတာ၊+ အိမ်ထောင်စီမံခန့်ခွဲတာတွေ လုပ်ဆောင်ဖို့ ငါလိုလားတယ်။ ဒါမှ ဆန့်ကျင်သူဘက်ကနေ ကဲ့ရဲ့ပြစ်တင်ခွင့် မရနိုင်မှာပါ။ ၁၅ အခုတောင် မုဆိုးမတချို့ လမ်းလွဲပြီး စာတန်နောက်ကို ပါသွားကြပြီ။ ၁၆ ယုံကြည်သူ အမျိုးသမီးတစ်ယောက်မှာ ဆွေမျိုးတော်တဲ့ မုဆိုးမတွေရှိရင် အဲဒီမုဆိုးမတွေကို သူ ကူညီပေးရမယ်။ အသင်းတော်ကို ဝန်ထုပ်ဝန်ပိုး မဖြစ်ပါစေနဲ့။ ဒါမှ အသင်းတော်က အမှန်တကယ် ခိုကိုးရာမဲ့နေတဲ့ မုဆိုးမတွေကို ကူညီပေးနိုင်မယ်။+
၁၇ ကောင်းကောင်းမွန်မွန် ဦးစီးနေတဲ့ အကြီးအကဲတွေ၊+ အထူးသဖြင့် တရားစကားအကြောင်း ပြောဆိုခြင်း၊ သွန်သင်ခြင်းတွေမှာ ကြိုးစားလုပ်ဆောင်နေသူတွေကို+ ရိုသေလေးစားမှု နှစ်ဆခံထိုက်သူတွေလို့+ ယူမှတ်ပါ။ ၁၈ ဘာလို့လဲဆိုတော့ “စပါးနယ်နေတဲ့ နွားကို ပါးချုပ်မတပ်ရဘူး၊”+ “အလုပ်လုပ်သူဟာ လုပ်ခကို ရထိုက်တယ်”+ ဆိုပြီး ကျမ်းစာမှာ ရေးထားလို့ပဲ။ ၁၉ အကြီးအကဲတစ်ယောက် စွပ်စွဲခံရတယ်ဆိုရင် သက်သေနှစ်ယောက် ဒါမှမဟုတ် သုံးယောက်ရဲ့ ထွက်ဆိုချက်မရှိဘဲ လက်မခံပါနဲ့။+ ၂၀ အပြစ်လုပ်ရတာ အကျင့်ပါနေတဲ့သူတွေကို+ လူအများရှေ့မှာ ဆုံးမပါ။+ ဒါမှ တခြားသူတွေအတွက် သတိပေးချက် ဖြစ်လိမ့်မယ်။ ၂၁ တစ်ဖက်သတ်အစွဲတွေ၊ ဘက်လိုက်တာတွေ မရှိဘဲ+ ဒီညွှန်ကြားချက်တွေအတိုင်း လိုက်နာဖို့ ဘုရားသခင်နဲ့ ခရစ်တော်ယေရှုရဲ့ ရှေ့မှာ၊ ရွေးချယ်ထားတဲ့ ကောင်းကင်တမန်တွေရှေ့မှာ မင်းကို အလေးအနက် မှာချင်တယ်။
၂၂ အလျင်စလို လက်တင်ပြီး ဘယ်သူ့ကိုမှ မခန့်အပ်ပါနဲ့။+ သူတစ်ပါးရဲ့အပြစ်မှာ ဝင်မပါနဲ့။ ကိုယ်ကျင့်တရား စင်ကြယ်နေပါ။
၂၃ မင်းရဲ့ အစာအိမ်အတွက်၊ မကြာခဏ ခံစားနေရတဲ့ အဖျားအနာအတွက် ရေချည်းပဲ သောက်နေမယ့်အစား စပျစ်ဝိုင်နည်းနည်း သောက်ပေးပါ။
၂၄ လူတချို့ရဲ့ အပြစ်ဟာ လူသိရှင်ကြားဖြစ်ပြီး ချက်ချင်း တရားစီရင်ခံရတတ်တယ်။ လူတချို့ရဲ့ အပြစ်ကတော့ နောက်မှပဲ ပေါ်လာတတ်တယ်။+ ၂၅ အလားတူ၊ ကောင်းတဲ့လုပ်ရပ်တွေကလည်း လူသိရှင်ကြား ဖြစ်တတ်တယ်။+ မဖြစ်သေးရင်တောင် ဖုံးထားလို့တော့ မရပါဘူး။+
၆ ကျွန်ထမ်းပိုး ထမ်းနေရသူတွေဟာ ကိုယ့်သခင်ကို အလွန်ရိုသေထိုက်သူလို့ အမြဲယူမှတ်ပါ။+ အဲဒီလိုဆိုရင် ဘုရားသခင်ရဲ့နာမည်နဲ့ ဘုရားရဲ့သွန်သင်ချက်တွေ ကဲ့ရဲ့စရာ ဖြစ်မှာမဟုတ်ဘူး။+ ၂ ဒါ့အပြင် ကိုယ့်ရဲ့သခင်က ယုံကြည်သူဖြစ်နေရင် ညီအစ်ကိုပဲဆိုပြီး မထီလေးစား မလုပ်ပါနဲ့။ ယုံကြည်သူတွေ၊ ချစ်ရတဲ့ညီအစ်ကိုတွေ ဖြစ်နေတဲ့အတွက် ပိုလို့တောင် စေတနာထားပြီး သူတို့ကို အလုပ်အကျွေးပြုသင့်တယ်။
ငါပြောတာတွေကို အခြေခံပြီး မပြတ်သွန်သင်ပေးပါ။ အားပေးတိုက်တွန်းနေပါ။ ၃ တစ်ယောက်ယောက်က မှားယွင်းတဲ့ အယူဝါဒကို သင်ပေးပြီး သခင်ယေရှုခရစ်ဆီက အကျိုးဖြစ်ထွန်းတဲ့ သွန်သင်ချက်ကိုရော+ ဘုရားတရား ကိုင်းရှိုင်းတတ်ဖို့ သွန်သင်ပေးတာကိုပါ+ လက်မခံရင်၊ ၄ သူဟာ မာနထောင်လွှားပြီး ဘာကိုမှ နားမလည်တဲ့သူပဲ။+ အချေအတင် ပြောဆိုရတာ၊ စကားလုံးတွေနဲ့ပတ်သက်ပြီး အငြင်းပွားရတာကို ဝါသနာကြီးတဲ့သူပဲ။+ အဲဒါတွေဟာ မနာလိုမရှုဆိတ်ဖြစ်တာ၊ ခိုက်ရန်ဖြစ်တာ၊ သွားပုပ်လေလွင့်ပြောတာ၊ သံသယဝင်တာ၊ ၅ အရေးမပါတဲ့ ကိစ္စအတွက် အမြဲငြင်းခုံတာတွေ ဖြစ်ပေါ်စေတတ်တယ်။ စိတ်ယိုယွင်းနေတဲ့သူတွေ၊+ အမှန်တရားကင်းမဲ့သူတွေက အဲဒီလိုဖြစ်အောင် ဆွပေးတတ်တယ်။ ဘုရားတရား ကိုင်းရှိုင်းတာဟာ အကျိုးစီးပွား ဖြစ်စေတယ်လို့ သူတို့ထင်နေတယ်။+ ၆ ရှိတာလေးနဲ့ ရောင့်ရဲတတ်ရင် ဘုရားတရား ကိုင်းရှိုင်းတာ သိပ်အကျိုးရှိတယ်ဆိုတဲ့+ စကားဟာ အမှန်ပဲ။ ၇ ငါတို့ ဒီလောကကို ရောက်လာတုန်းက ဘာမှ ပါမလာဘူး။ ထွက်သွားရင်လည်း ဘာမှ ယူသွားနိုင်မှာ မဟုတ်ဘူး။+ ၈ ဒါကြောင့် စားစရာ၊ ဝတ်စရာ* ရှိနေတယ်ဆိုရင် ရှိတာလေးနဲ့ ရောင့်ရဲနေရမယ်။+
၉ ချမ်းသာဖို့ စိတ်ပိုင်းဖြတ်ထားသူတွေကတော့ သွေးဆောင်ခံရပြီး ထောင်ချောက်မိသွားတတ်တယ်။+ မိုက်မဲပြီး အန္တရာယ်ရှိတဲ့ အလိုဆန္ဒတွေထဲနစ်မွန်းသွားတဲ့အတွက် ပျက်စီးဆုံးရှုံးတတ်တယ်။+ ၁၀ ဘာလို့လဲဆိုတော့ ငွေကိုတပ်မက်တဲ့စိတ်ဟာ အကျိုးပျက်စေတဲ့အရာ အမျိုးမျိုးရဲ့ ဇာစ်မြစ်ဖြစ်လို့ပဲ။ လူတချို့က ငွေကိုတပ်မက်လာတဲ့အတွက် ယုံကြည်ခြင်းကနေ လမ်းလွဲသွားပြီး ဝေဒနာများစွာနဲ့ ကိုယ့်ကိုယ်ကိုယ် ထိုးနှက်ကြတယ်။+
၁၁ ဘုရားသခင်ရဲ့လူ၊ မင်းကတော့ အဲဒါတွေကို ဝေးဝေးရှောင်ပါ။ ဖြောင့်မတ်ခြင်း၊ ဘုရားတရား ကိုင်းရှိုင်းခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ ခံနိုင်ရည်ရှိခြင်း၊ နူးညံ့သိမ်မွေ့ခြင်းရှိနိုင်ဖို့ အမြဲကြိုးစားပါ။+ ၁၂ ခရစ်ယာန်ယုံကြည်ခြင်းအတွက် မွန်မြတ်တဲ့တိုက်ပွဲကို တိုက်နေပါ။ မင်းဟာ ထာဝရအသက်ရဖို့ ရွေးချယ်ခံရပြီး အဲဒီအသက်အတွက် လူအများရှေ့မှာ ကောင်းကောင်း သက်သေခံခဲ့တယ်။ ဒါကြောင့် ထာဝရအသက် မျှော်လင့်ချက်ကို ရှင်သန်နေစေပါ။
၁၃ အရာခပ်သိမ်းကို ရှင်သန်နေစေတဲ့ ဘုရားသခင့်ရှေ့မှာ၊ ပုန္တိပိလတ်မင်းကို+ ကောင်းကောင်း သက်သေခံခဲ့တဲ့ ခရစ်တော်ယေရှုရှေ့မှာ မင်းကို ငါညွှန်ကြားတာက၊ ၁၄ သခင်ယေရှုခရစ် ပေါ်ထွန်းမယ့်နေ့ ရောက်တဲ့အထိ+ အစွန်းအထင်း မရှိအောင်၊ အပြစ်ဆိုစရာ မရှိအောင် ပညတ်တွေကို လိုက်နာပါ။ ၁၅ ပျော်ရွှင်တဲ့ဘုရင်၊ တစ်ပါးတည်းသော သခင်ဖြစ်တဲ့ ယေရှုခရစ်က သတ်မှတ်ထားတဲ့အချိန်မှာ ပေါ်ထွန်းလိမ့်မယ်။ သူဟာ ဘုရင်တကာတို့ရဲ့ ဘုရင်၊ သခင်တကာတို့ရဲ့ သခင်ပဲ။+ ၁၆ အဲဒီဘုရင်တစ်ပါးကပဲ မသေနိုင်တဲ့အဖြစ်ကို ရထားပြီး+ ဘယ်သူမှ မချဉ်းကပ်နိုင်တဲ့ အလင်းထဲမှာ စံမြန်းနေတယ်။+ သူ့ကို ဘယ်သူမှ မမြင်ဖူးဘူး။ ဘယ်သူမှ မမြင်နိုင်ဘူး။+ သူ ဘုန်းတော် ထင်ရှားပါစေ၊ ထာဝရ အစွမ်းခွန်အား ပြည့်စုံပါစေ။ အာမင်။*
၁၇ လက်ရှိ လောကစနစ်မှာ* ချမ်းသာကြွယ်ဝသူတွေကို စိတ်နေမမြင့်ဖို့၊ မတည်မြဲတဲ့ စည်းစိမ်ကို အားမကိုးဖို့၊+ ငါတို့ခံစားနိုင်အောင် အရာခပ်သိမ်းကို အလျှံပယ်ပေးသနားတဲ့ ဘုရားသခင်ကိုသာ အားကိုးဖို့+ ညွှန်ကြားလိုက်ပါ။ ၁၈ ကောင်းမှုပြုဖို့၊ မွန်မြတ်တဲ့လုပ်ရပ်တွေ အများကြီး လုပ်ဆောင်ဖို့၊ ရက်ရောဖို့၊ သူတစ်ပါးကို ဝေမျှပေးရာမှာ အသင့်ရှိဖို့၊+ ၁၉ အနာဂတ်အတွက် အုတ်မြစ်ကောင်းဖြစ်တဲ့ ဘဏ္ဍာကို စုဆောင်းဖို့ ပြောလိုက်ပါ။+ အဲဒီလိုလုပ်မယ်ဆိုရင် စစ်မှန်တဲ့အသက်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ဟာ အမြဲရှင်သန်နေလိမ့်မယ်။+
၂၀ ချစ်ရတဲ့ တိမောသေ၊ မင်းဆီ ယုံယုံကြည်ကြည် အပ်နှင်းထားတဲ့အရာကို စောင့်ရှောက်ပါ။+ သန့်ရှင်းမြင့်မြတ်ရာကို စော်ကားတဲ့ အချည်းနှီးစကားတွေ၊ အမှန်တရားနဲ့မကိုက်ညီတဲ့ အယူအဆတွေကို နားမထောင်ပါနဲ့။ အဲဒီအယူအဆတွေဟာ မှားယွင်းတဲ့ “အသိပညာ” ကနေ ပေါ်ပေါက်လာတဲ့ အရာတွေပဲ။+ ၂၁ အဲဒီအသိပညာရှိတဲ့ပုံစံမျိုးနဲ့ ဟိတ်ဟန်ထုတ်ကြတဲ့ လူတချို့ကတော့ ယုံကြည်ခြင်းကနေ လမ်းလွဲသွားကြပြီ။
မဟာကရုဏာ ခံစားရပါစေ။
အဓိပ္ပာယ်၊ “ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းသူ။”
ခက်ဆစ်ကိုကြည့်။
ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”
ဒါမှမဟုတ်၊ “လှည့်စားပြောဆိုတတ်သူ။”
ခက်ဆစ်ကိုကြည့်။
ဒါမှမဟုတ်၊ “နေစရာ” ဖြစ်နိုင်။
ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”
ခက်ဆစ်ကိုကြည့်။