ယာကုပ်
၁ ဘုရားသခင်နဲ့ သခင်ယေရှုခရစ်ရဲ့ ကျွန် ကျွန်တော်ယာကုပ်က+ အရပ်ရပ် ကွဲလွင့်နေတဲ့ ၁၂ နွယ်ကို နှုတ်ခွန်းဆက်သလိုက်ပါတယ်။
၂ ညီအစ်ကိုတို့၊ စမ်းသပ်မှု အမျိုးမျိုး ကြုံရတဲ့အခါ ဝမ်းမြောက်စရာပဲလို့ ယူမှတ်ကြပါ။+ ၃ ဒီနည်းနဲ့ စမ်းသပ်ခံရတဲ့ ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်းဟာ ခံနိုင်ရည်ကို ဖြစ်စေမှန်း ခင်ဗျားတို့ သိပါတယ်။+ ၄ ခံနိုင်ရည်ကို အလုပ်ပြီးမြောက်အောင် လုပ်ဆောင်ခွင့် ပေးလိုက်ပါ။ ဒါဆိုရင် ခင်ဗျားတို့ဟာ လေ့ကျင့်မှု အပြည့်အဝ ရပြီး အရာရာမှာ လိုလေသေးမရှိ၊ အပြစ်ပြောစရာမရှိ ဖြစ်လာလိမ့်မယ်။+
၅ တစ်ယောက်ယောက် ဉာဏ်ပညာ လိုနေရင် ဘုရားသခင်ဆီ တောင်းမြဲတောင်းပါစေ။+ ကဲ့ရဲ့တာမျိုး မလုပ်ဘဲ လူအားလုံးကို ရက်ရက်ရောရော ပေးတတ်တဲ့ ဘုရားသခင်က+ တောင်းတဲ့သူကို ဉာဏ်ပညာ ပေးလိမ့်မယ်။+ ၆ ဒါပေမဲ့ သံသယ မရှိဘဲ+ ယုံကြည်ခြင်းနဲ့ တောင်းမြဲတောင်းရမယ်။+ သံသယစိတ် ရှိသူဟာ လေအရှိန်ကြောင့် လှုပ်ရှားနေတဲ့ ပင်လယ်လှိုင်းနဲ့ တူတယ်။ ၇ သူလိုလူဟာ ယေဟောဝါ* ဆီကနေ တစ်ခုခု ရမယ်လို့ မမျှော်လင့်သင့်ဘူး။ ၈ သူဟာ မပြတ်သားတဲ့သူ၊+ ဘာပဲလုပ်လုပ် စိတ်မခိုင်တဲ့သူပဲ။
၉ နိမ့်ကျတဲ့ ညီအစ်ကိုတစ်ယောက်ဟာ ချီးမြှောက်ခံရတဲ့အတွက်+ ဝမ်းမြောက်ပါစေ။ ၁၀ ချမ်းသာတဲ့ ညီအစ်ကိုကလည်း နှိမ့်ချတတ်လာတဲ့အတွက်+ ဝမ်းမြောက်ပါစေ။ ဘာလို့လဲဆိုတော့ သူဟာ လယ်ပြင်မှာ ပေါက်တဲ့ ပန်းလို ညှိုးနွမ်းသွားမှာ ဖြစ်လို့ပဲ။ ၁၁ နေထွက်လာတဲ့အခါ မြက်ပင်ဟာ နေပူရှိန်ကြောင့် ညှိုးနွမ်းပြီး မြက်ပွင့်လည်း ကြွေသွားတယ်။ အပွင့်ရဲ့ အလှလည်း ပျောက်ပျက်သွားတယ်။ အဲဒီလိုပဲ ချမ်းသာတဲ့သူဟာ စည်းစိမ်နောက်ကို တကောက်ကောက် လိုက်ရင်းနဲ့ ပျောက်ကွယ်သွားလိမ့်မယ်။+
၁၂ စမ်းသပ်မှုကို ကြံ့ကြံ့ခံရပ်သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။+ သူဟာ ဘုရားသခင်ရဲ့ နှစ်သက်မှုကို ရရှိတဲ့အတွက် အသက်သရဖူ ရလိမ့်မယ်။+ ယေဟောဝါက* မိမိကို ချစ်မြဲချစ်နေသူတွေကို အဲဒီသရဖူ ပေးမယ်လို့ ကတိပြုထားတယ်။+ ၁၃ စမ်းသပ်မှု ကြုံရတဲ့အခါ “ငါ့ကို ဘုရားသခင် စမ်းသပ်နေတာပဲ” လို့ မပြောကြနဲ့။ မကောင်းတဲ့အရာတွေနဲ့ ဘုရားသခင်ကို ဘယ်သူမှ စမ်းသပ်လို့ မရသလို ဘုရားသခင်ကလည်း ဘယ်သူ့ကိုမှ မကောင်းတဲ့အရာနဲ့ မစမ်းသပ်ဘူး။ ၁၄ ကိုယ့်အလိုဆန္ဒရဲ့ ဆွဲငင်ဖြားယောင်းမှုကို ခံရတာကသာ လူတိုင်းအတွက် စမ်းသပ်မှုပါ။+ ၁၅ အဲဒီအလိုဆန္ဒက ကြီးထွားလာရင် အပြစ်ကို လုပ်မိစေတယ်။* အပြစ်လုပ်ပြီးတဲ့နောက်မှာတော့ သေခြင်းကို ဖြစ်ပေါ်စေတယ်။+
၁၆ ချစ်ရတဲ့ ညီအစ်ကိုတို့၊ လှည့်စားမခံကြနဲ့။ ၁၇ ကောင်းမြတ်တဲ့ ဆုကျေးဇူး၊ ပြည့်ဝစုံလင်တဲ့ လက်ဆောင်မှန်သမျှဟာ အထက်အရပ်က လာတယ်။+ ကောင်းကင်အလင်းရဲ့ ဖခင်ဆီက လာတယ်။+ ဘုရားသခင်ဟာ ရွေ့သွားတတ်တဲ့ အရိပ်လို ပြောင်းလဲခြင်း မရှိဘူး။+ ၁၈ ဘုရားသခင်က အလိုတော်ရှိလို့ ကျွန်တော်တို့ကို အမှန်တရားအားဖြင့် ဖြစ်ပေါ်စေတယ်။+ ဒီနည်းနဲ့ ကျွန်တော်တို့ဟာ ဖန်ဆင်းရာ သတ္တဝါတွေထဲမှာ သီးဦးသီးဖျားတွေ ဖြစ်လာတယ်။+
၁၉ ချစ်ရတဲ့ ညီအစ်ကိုတို့၊ ခင်ဗျားတို့ သိထားရမှာက– လူတိုင်းဟာ နားထောင်ဖို့ အမြဲ အသင့်ဖြစ်နေရမယ်။ စကားပြောတဲ့အခါမှာ မစဉ်းစားမဆင်ခြင်ဘဲ မပြောရဘူး။+ လွယ်လွယ်နဲ့ ဒေါသမထွက်ရဘူး။+ ၂၀ လူတစ်ယောက်ရဲ့ ဒေါသက ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို မဖြစ်ပေါ်စေဘူး။+ ၂၁ ဒါကြောင့် ညစ်ညူးတဲ့အရာ၊ ဆိုးသွမ်းတဲ့အရာ မှန်သမျှကို* အစအနပါမကျန် ဖယ်ရှားကြပါ။+ ခင်ဗျားတို့ကို ကယ်တင်နိုင်တဲ့ တရားစကားတော် စိုက်ပျိုးတာကို နူးညံ့သိမ်မွေ့တဲ့ စိတ်နဲ့ လက်ခံကြပါ။
၂၂ တရားစကားတော်ကို လက်တွေ့ကျင့်သုံးသူတွေ ဖြစ်ကြပါ။+ ကြားရုံကြားပြီး မှားယွင်းတဲ့ အတွေးအခေါ်နဲ့ ကိုယ့်ကိုယ်ကိုယ် လှည့်စားသူတွေ မဖြစ်ကြနဲ့။ ၂၃ တရားစကားတော်ကို ကြားနာပြီး လက်တွေ့မကျင့်သူဟာ+ မှန်ထဲမှာ ကိုယ့်မျက်နှာကို ကြည့်တဲ့သူနဲ့ တူတယ်။ ၂၄ မှန်ကြည့်ပြီးတဲ့နောက် ထွက်သွားတဲ့အခါ ကိုယ့်ရုပ်သွင် ဘယ်လိုရှိသလဲဆိုတာ ချက်ချင်း မေ့သွားတတ်တယ်။ ၂၅ ဒါပေမဲ့ လွတ်လပ်ခြင်းနဲ့ဆိုင်တဲ့ ပြည့်ဝစုံလင်တဲ့ ပညတ်ကို+ အသေအချာ ကြည့်ရှုတဲ့သူ၊ အဲဒီလို ဆက်ကြည့်ရှုနေတဲ့သူဟာ ကြားနာပြီးနောက် မေ့သွားတဲ့သူ မဟုတ်ဘူး၊ လက်တွေ့ကျင့်သုံးတဲ့သူပဲ။ အဲဒီလိုလုပ်တဲ့အတွက် ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်။+
၂၆ ဘုရားသခင်ကို ဝတ်ပြုနေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေပေမဲ့ နှုတ်ကို မစောင့်စည်းရင်+ ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာပဲ။ သူ့ရဲ့ ဝတ်ပြုမှုဟာ အချည်းနှီးပဲ။ ၂၇ အဖဘုရားသခင်ရဲ့ အမြင်မှာ စင်ကြယ်ပြီး အညစ်အကြေး ကင်းစင်တဲ့ ဝတ်ပြုမှုကတော့ မိဘမဲ့တွေ၊+ မုဆိုးမတွေ+ ဒုက္ခရောက်တဲ့အခါ+ ကြည့်ရှုစောင့်ရှောက်တာ၊ ကိုယ်တိုင်လည်း လောကရဲ့ မသန့်ရှင်းတဲ့ လမ်းစဉ်နဲ့ ကင်းကင်းရှင်းရှင်း နေတာ ဖြစ်တယ်။+
၂ ညီအစ်ကိုတို့၊ ခင်ဗျားတို့က ဘုန်းကြီးတဲ့ သခင်ယေရှုခရစ်ကို ယုံကြည်သူတွေ ဖြစ်လျက်နဲ့ မျက်နှာလိုက်နေကြသလား။+ ၂ ခင်ဗျားတို့ စည်းဝေးတဲ့နေရာကို လူနှစ်ယောက် ဝင်လာတယ် ဆိုပါစို့။ တစ်ယောက်က ရွှေလက်စွပ် ဝတ်ပြီး သားသားနားနား ဝတ်ထားတယ်။ နောက်တစ်ယောက်ကတော့ ဆင်းရဲပြီး ဟောင်းနွမ်းညစ်ပေတဲ့ အဝတ် ဝတ်ထားတယ်။ ၃ သားသားနားနား ဝတ်ထားသူကို မျက်နှာသာပေးပြီး “ဒီနေရာကောင်းမှာ ထိုင်ပါ” လို့ ပြောမယ်၊ ဆင်းရဲသူကိုတော့ “ဟိုမှာ ရပ်နေလိုက်” ဒါမှမဟုတ် “ခြေတင်ခုံနားမှာ ထိုင်လိုက်”+ လို့ ပြောမယ်ဆိုရင်၊ ၄ ခင်ဗျားတို့ အဆင့်အတန်း ခွဲနေတာပဲ မဟုတ်လား။+ မတရားဆုံးဖြတ်တဲ့ တရားသူကြီးတွေနဲ့ တူနေမယ် မဟုတ်လား။+
၅ ချစ်ရတဲ့ ညီအစ်ကိုတို့၊ နားထောင်ကြပါ။ ဆင်းရဲသားလို့ ဒီလောက သတ်မှတ်တဲ့သူတွေကို ဘုရားသခင်က ယုံကြည်ခြင်းမှာ ကြွယ်ဝသူတွေ ဖြစ်စေဖို့ ရွေးချယ်ထားတယ် မဟုတ်လား။+ ဘုရားက မိမိကို ချစ်တဲ့သူတွေကို ကတိပေးထားတဲ့အတိုင်း နိုင်ငံတော်အမွေခံတွေ ဖြစ်စေဖို့ သူတို့ကို ရွေးချယ်ထားတယ်။+ ၆ ခင်ဗျားတို့က ဆင်းရဲသားတွေကို နှိမ်တတ်ကြတယ်။ တကယ်တော့ ချမ်းသာသူတွေကသာ ခင်ဗျားတို့ကို ဖိနှိပ်ပြီး+ တရားရုံးဆီ ဆွဲခေါ်သွားတာ မဟုတ်လား။ ၇ ခင်ဗျားတို့ ခံယူထားတဲ့ ကောင်းမြတ်တဲ့ နာမည်ကို စော်ကားပြောဆိုတာလည်း သူတို့ပဲ မဟုတ်လား။ ၈ “လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ”+ ဆိုပြီး ကျမ်းစာမှာ ပြောထားတဲ့အတိုင်း တော်ဝင်ပညတ်ကို ခင်ဗျားတို့ လိုက်နာနေတယ်ဆိုရင် ကောင်းတာပေါ့။ ၉ ဒါပေမဲ့ မျက်နှာလိုက်မြဲလိုက်နေရင်တော့+ အပြစ်ကျူးလွန်တာပဲ။ ခင်ဗျားတို့ဟာ အပြစ်ကျူးလွန်သူတွေ ဖြစ်မှန်း တော်ဝင်ပညတ်က ဖော်ပြနေပြီ။+
၁၀ ပညတ်အားလုံးကို လိုက်နာစောင့်ထိန်းပေမဲ့ တစ်ခုကို ချိုးဖောက်မိရင် ပညတ်အားလုံးကို မလိုက်နာတာနဲ့ အတူတူပဲ။+ ၁၁ “အိမ်ထောင်ရေး မဖောက်ပြန်နဲ့”+ လို့ မိန့်မှာတဲ့သူက “လူ့အသက် မသတ်နဲ့”+ လို့လည်း မိန့်မှာထားတယ်။ ခင်ဗျားက အိမ်ထောင်ရေးတော့ မဖောက်ပြန်ဘူး၊ ဒါပေမဲ့ လူ့အသက် သတ်မယ်ဆိုရင် ပညတ်ကို ချိုးဖောက်တာပဲ။ ၁၂ ခင်ဗျားတို့ဟာ လွတ်လပ်သူတွေ ဖြစ်လို့ ခင်ဗျားတို့အတွက် ချမှတ်ထားတဲ့ ပညတ်အတိုင်း စီရင်ခံရလိမ့်မယ်။ ဒါကြောင့် အဲဒီပညတ်နဲ့အညီ ပြုမူပြောဆိုကြပါ။+ ၁၃ ကရုဏာ မပြတဲ့သူကို ဘုရားသခင်ကလည်း ကရုဏာ မပြဘဲ တရားစီရင်လိမ့်မယ်။+ ကရုဏာဟာ တရားစီရင်ခြင်းကို အောင်ပွဲခံတတ်တယ်။
၁၄ ညီအစ်ကိုတို့၊ တစ်ယောက်ယောက်က ဘုရားသခင်ကို ယုံကြည်ပါတယ်လို့ ပြောပြီး လက်တွေ့မကျင့်ဘူးဆိုရင် ဘာအကျိုးရှိမှာလဲ။+ အဲဒီလိုယုံကြည်ခြင်းက သူ့ကို ကယ်တင်နိုင်မှာလား။+ ၁၅ ညီအစ်ကို၊ ညီအစ်မ တစ်ယောက်ယောက်မှာ ဝတ်စရာ မရှိဘူး၊ တစ်နေ့စာအတွက် စားစရာ မရှိဘူးဆိုရင်၊ ၁၆ ခင်ဗျားတို့ တစ်ယောက်ယောက်က “အေးအေးဆေးဆေး ပြန်သွားပါ။ နွေးနွေးထွေးထွေး နေပါ။ ကောင်းကောင်း စားပါ” လို့ ပြောပြီး သူတို့ အသက်ရှင်သန်ဖို့ လိုအပ်ရာကို မပေးဘူးဆိုရင် ဘာအကျိုးရှိမှာလဲ။+ ၁၇ ဒါကြောင့် လုပ်ရပ် မပါတဲ့ ယုံကြည်ခြင်းဟာ အသေပဲ။+
၁၈ တစ်ယောက်ယောက်က “ခင်ဗျားဟာ ယုံကြည်ခြင်း ရှိတဲ့သူ၊ ကျွန်တော်ကတော့ လက်တွေ့လုပ်တဲ့သူပဲ။ လက်တွေ့မပါတဲ့ ခင်ဗျားရဲ့ ယုံကြည်ခြင်းကို ကျွန်တော့်ကို ပြပါ။ ကျွန်တော့်ရဲ့ ယုံကြည်ခြင်းကိုလည်း လုပ်ရပ်နဲ့ ပြမယ်” လို့ ပြောလိမ့်မယ်။ ၁၉ ဘုရားသခင် တစ်ဆူတည်း ရှိတယ်ဆိုတာ ခင်ဗျား ယုံတယ် မဟုတ်လား။ ကောင်းပါတယ်။ နတ်ဆိုးတွေတောင် ယုံလို့ ဖိမ့်ဖိမ့်တုန်နေကြတာ။+ ၂၀ စဉ်းစားဉာဏ် နည်းတဲ့သူ၊ လုပ်ရပ်မပါတဲ့ ယုံကြည်ခြင်းဟာ အချည်းနှီးပဲဆိုတာ မသိဘူးလား။ ၂၁ ဘိုးဘေးအာဗြဟံက သားအိဇက်ကို ပူဇော်ရာပလ္လင်ပေါ်မှာ ပူဇော်ပြီးတဲ့နောက် အဲဒီလုပ်ရပ်ကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတယ် မဟုတ်လား။+ ၂၂ သူ့ရဲ့ ယုံကြည်ခြင်းဟာ လုပ်ရပ်နဲ့ ဒွန်တွဲနေလို့ ရှင်သန်နေတယ်၊ လုပ်ရပ်ကြောင့် ပြည့်ဝစုံလင်သွားတယ်ဆိုတာ+ ခင်ဗျားတို့ သိပါတယ်။ ၂၃ “အာဗြဟံက ယေဟောဝါကို* ယုံကြည်တယ်။ ဒါကြောင့် ဘုရားသခင်က သူ့ကို ဖြောင့်မတ်သူအဖြစ် သတ်မှတ်တယ်”+ ဆိုတဲ့ ကျမ်းစကား ပြည့်စုံလာတယ်။ ယေဟောဝါရဲ့* မိတ်ဆွေလို့ သူအခေါ်ခံရတယ်။+
၂၄ လူတစ်ယောက်က မိမိယုံကြည်ခြင်းကြောင့်သာ မဟုတ်ဘဲ လုပ်ရပ်ကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတယ်ဆိုတာ ခင်ဗျားတို့ အခု နားလည်သွားပြီ။ ၂၅ အလားတူ ပြည့်တန်ဆာ ရာခပ်က တမန်တွေကို ဖော်ဖော်ရွေရွေ ကြိုဆိုပြီး တခြားလမ်းနဲ့ ထွက်သွားနိုင်အောင် ကူညီပေးခဲ့တယ်။+ အဲဒီလုပ်ရပ်ကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတယ် မဟုတ်လား။ ၂၆ ဒါကြောင့် အသက်စွမ်းအား* မရှိတဲ့ ကိုယ်ခန္ဓာဟာ အသေ ဖြစ်သလို+ လုပ်ရပ်မပါတဲ့ ယုံကြည်ခြင်းကလည်း အသေပဲ။+
၃ ညီအစ်ကိုတို့၊ ခင်ဗျားတို့ထဲက အများစုဟာ ဆရာတွေ မဖြစ်သင့်ဘူး။ ဆရာတွေ ဖြစ်မယ်ဆိုရင် ပိုပြင်းထန်တဲ့ တရားစီရင်မှုကို ခံရလိမ့်မယ်။+ ၂ ကျွန်တော်တို့အားလုံး ခဏခဏ မှားတတ်ကြတယ်။+ စကားမမှားဖူးတဲ့သူဟာ ပြည့်ဝစုံလင်သူ၊ တစ်ကိုယ်လုံးကို ထိန်းနိုင်တဲ့သူပဲ။ ၃ မြင်းကို လိုရာခိုင်းချင်တဲ့အခါ ဇက်ကြိုး ခွံ့လိုက်ရင် မြင်းတစ်ကောင်လုံးကို ထိန်းနိုင်ပြီ။ ၄ ဧရာမသင်္ဘောတွေလည်း လေပြင်းတိုက်လို့ မျောပါသွားတဲ့အခါ သေးငယ်တဲ့ တက်မတစ်ချောင်းနဲ့ ပဲ့ကိုင်လိုက်ရင် သွားချင်တဲ့ဘက်ကို ဦးတည်စေနိုင်တယ်။ ၅ အလားတူ လျှာဟာ သေးငယ်တဲ့ အင်္ဂါအစိတ်အပိုင်း ဖြစ်ပေမဲ့ အလွန်အကျွံ ဝါကြွားတတ်တယ်။ မီးစလေးတစ်စက သစ်တောကြီးတစ်ခုလုံးကို လောင်ကျွမ်းစေသလိုပါပဲ။ ၆ လျှာဟာ မီးပဲ။+ ခန္ဓာကိုယ် အစိတ်အပိုင်းတွေထဲမှာ လျှာဟာ ဆိုးညစ်မှုနဲ့ ပြည့်နှက်နေတယ်။ တစ်ကိုယ်လုံးကို ညစ်ညူးစေတယ်။+ တစ်ဘဝလုံးကို လောင်ကျွမ်းစေနိုင်တယ်။ ဂေဟင်နာ* အရပ်လို ဖျက်ဆီးတတ်တယ်။ ၇ သားရဲတွေ၊ ငှက်တွေ၊ တွားသွားသတ္တဝါတွေ၊ ပင်လယ်သတ္တဝါတွေကို ယဉ်ပါးအောင် ထိန်းလို့ ရတယ်၊ ထိန်းလည်း ထိန်းခဲ့ကြတယ်။ ၈ လျှာကိုတော့ ဘယ်လူသားမှ မထိန်းနိုင်ဘူး။ လျှာဟာ ထိန်းလို့ မရတဲ့အရာ၊ ထိခိုက်နစ်နာစေတဲ့အရာပဲ။ သေစေနိုင်တဲ့ အဆိပ်နဲ့ ပြည့်နေတယ်။+ ၉ ကျွန်တော်တို့က အဖဘုရားသခင် ယေဟောဝါကို* လျှာနဲ့ ချီးမွမ်းတတ်တယ်။ “ဘုရားသခင်နဲ့ တူအောင်”+ ဖန်ဆင်းထားတဲ့ လူကိုလည်း အဲဒီလျှာနဲ့ပဲ ကျိန်ဆဲတတ်တယ်။ ၁၀ နှုတ်တစ်ခုတည်းကနေ ချီးမွမ်းခြင်းရော ကျိန်ဆဲခြင်းပါ ထွက်လာတယ်။
ညီအစ်ကိုတို့၊ အဲဒီလိုဖြစ်နေတာ မကောင်းဘူး။+ ၁၁ စမ်းရေတစ်ပေါက်တည်းကနေ ရေချိုရော ရေခါးပါ ထွက်တတ်သလား။ ၁၂ ညီအစ်ကိုတို့၊ သဖန်းပင်မှာ သံလွင်သီး သီးတတ်သလား။ စပျစ်ပင်မှာ သဖန်းသီး သီးတတ်သလား။+ ရေငန်အိုင်မှာ ရေချိုထွက်တတ်သလား။
၁၃ ဉာဏ်ပညာနဲ့ သိနားလည်နိုင်စွမ်း ရှိတဲ့သူ ခင်ဗျားတို့ထဲမှာ ရှိသလား။ ရှိတယ်ဆိုရင် အမူအကျင့်ကောင်းနဲ့ သက်သေပြရမယ်။ ဉာဏ်ပညာကြောင့် ဖြစ်ပေါ်လာတဲ့ နူးညံ့သိမ်မွေ့ခြင်းနဲ့ အရာရာကို လုပ်ဆောင်တတ်သူ ဖြစ်ရမယ်။ ၁၄ ဒါပေမဲ့ ခင်ဗျားတို့ရင်ထဲမှာ မနာလိုစိတ် များနေရင်၊+ ငြင်းခုံရန်တွေ့ချင်စိတ် ရှိနေရင်*+ မိမိဉာဏ်ပညာအတွက် မဝါကြွားပါနဲ့။+ အဲဒီလိုဝါကြွားနေရင် လိမ်ညာပြောနေတာပဲ။ ၁၅ အဲဒါဟာ အထက်က လာတဲ့ ဉာဏ်ပညာ မဟုတ်ဘူး။ ဒီလောကနဲ့ဆိုင်တဲ့၊+ အပြစ်ရှိတဲ့ အလိုဆန္ဒနောက် လိုက်သူတွေနဲ့ဆိုင်တဲ့၊ နတ်ဆိုးနဲ့ဆိုင်တဲ့ ပညာပဲ။ ၁၆ မနာလိုစိတ်၊ ငြင်းခုံရန်တွေ့ချင်စိတ်* ရှိတဲ့နေရာမှာ စည်းစနစ် မရှိတာတွေ၊ ယုတ်ညံ့တာတွေ ရှိတတ်တယ်။+
၁၇ အထက်က လာတဲ့ ဉာဏ်ပညာကို ပိုင်ဆိုင်တဲ့သူဟာ ဦးဆုံးအနေနဲ့ စင်ကြယ်တယ်။+ ပြီးတော့ သင့်သင့်မြတ်မြတ် နေတတ်တယ်။+ အကျိုးသင့်အကြောင်းသင့် ရှိတယ်။+ နာခံဖို့ အသင့်ရှိတယ်။ ကရုဏာတွေ၊ အကျင့်ကောင်းတွေနဲ့* ပြည့်စုံတယ်။+ မျက်နှာမလိုက်တတ်ဘူး။+ သူတော်ကောင်းအဖြစ် ဟန်မဆောင်ဘူး။+ ၁၈ ဒါ့အပြင် ဖြောင့်မတ်ခြင်းမျိုးစေ့ဟာ သင့်မြတ်စေသူအတွက်*+ ငြိမ်သက်တဲ့ အခြေအနေမှာ+ ကြဲထားတယ်။
၄ ခင်ဗျားတို့ဆီမှာ ဖြစ်နေတဲ့ ရန်လိုတာတွေ၊ တိုက်ခိုက်တာတွေဟာ ဘယ်ကနေ အရင်းခံသလဲ။ ခင်ဗျားတို့ကို ချုပ်ကိုင်ဖို့ တိုက်ခိုက်နေတဲ့ အပြစ်ရှိတဲ့ အလိုဆန္ဒတွေကနေ အရင်းခံတာပဲ မဟုတ်လား။+ ၂ ခင်ဗျားတို့က ဆန္ဒရှိပေမဲ့ ဘာကိုမှ မရကြဘူး။ လူ့အသက် သတ်ပြီး လိုချင်တပ်မက်စိတ် ကြီးပေမဲ့ မရနိုင်ကြဘူး။ အချင်းချင်း ရန်လိုပြီး တိုက်ခိုက်နေကြတယ်။+ ဘုရားသခင်ကို မတောင်းလျှောက်တဲ့အတွက် မရနိုင်ကြဘူး။ ၃ တောင်းပြန်တော့လည်း မရဘူး။ အပြစ်ရှိတဲ့ အလိုဆန္ဒတွေ ပြည့်ဖို့ပဲ တလွဲ တောင်းနေတာကိုး။
၄ ဖောက်ပြန်သူတို့၊ လောကနဲ့ မိတ်ဖွဲ့သူဟာ ဘုရားသခင်ရဲ့ ရန်သူ ဖြစ်မှန်း မသိကြဘူးလား။ လောကရဲ့ မိတ်ဆွေ ဖြစ်ချင်သူဟာ ဘုရားသခင်ရဲ့ ရန်သူ ဖြစ်လိမ့်မယ်။+ ၅ “ရင်ထဲမှာ ရှိတဲ့ မနာလိုစိတ်က အရာရာကို မပြတ် လိုချင်တောင့်တနေတယ်”+ ဆိုပြီး ကျမ်းစာမှာ အကြောင်းမဲ့ ပြောထားတယ်လို့ ထင်နေကြသလား။ ၆ ဘုရားသခင် ပေးသနားတဲ့ မဟာကရုဏာကတော့ ပိုပြီး ကြီးမြတ်တယ်။ “ဘုရားသခင်က မောက်မာသူတွေကို ဆန့်ကျင်တယ်။+ စိတ်နှိမ့်ချသူတွေကိုတော့ မဟာကရုဏာ ပေးသနားတယ်”+ လို့ ကျမ်းစာမှာ ပြောထားတယ်။
၇ ဒါကြောင့် ဘုရားသခင်ကို လက်အောက်ခံကြပါ။+ မာရ်နတ်ကို ခုခံတွန်းလှန်ကြပါ။+ ဒါဆိုရင် ခင်ဗျားတို့ဆီကနေ သူ ထွက်ပြေးသွားလိမ့်မယ်။+ ၈ ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။* ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်။+ အပြစ်သားတို့၊ ခင်ဗျားတို့ရဲ့ လက်ကို သန့်စင်စေကြပါ။+ မပြတ်သားသူတို့၊ ခင်ဗျားတို့ရဲ့ စိတ်နှလုံးကို စင်ကြယ်စေကြပါ။+ ၉ ဝမ်းနည်းငိုကြွေးနေကြပါ။+ ရယ်မောနေမယ့်အစား ညည်းတွားကြပါ။ ဝမ်းသာနေမယ့်အစား ဝမ်းနည်းနေကြပါ။ ၁၀ ယေဟောဝါ* ရှေ့မှာ နှိမ့်ချကြပါ။+ ဒါဆိုရင် ခင်ဗျားတို့ကို ဘုရားသခင် ချီးမြှောက်လိမ့်မယ်။+
၁၁ ညီအစ်ကိုတို့၊ အချင်းချင်း မကောင်းမပြောကြနဲ့တော့။+ ညီအစ်ကိုအကြောင်း မကောင်းပြောတာ၊ ပြစ်တင်ဝေဖန်တာဟာ ပညတ်ကို မကောင်းပြောတာ၊ ပြစ်တင်ဝေဖန်တာပဲ။ ပညတ်ကို ပြစ်တင်ဝေဖန်မယ်ဆိုရင် ပညတ်ကို ကျင့်တဲ့သူ မဟုတ်ဘဲ တရားစီရင်တဲ့သူ ဖြစ်နေပြီ။ ၁၂ ပညတ်ပြဋ္ဌာန်းရှင်၊ တရားသူကြီးက တစ်ပါးပဲ ရှိတယ်။+ အဲဒီအရှင်က လူတွေကို ကယ်တင်နိုင်တယ်၊ ဖျက်ဆီးနိုင်တယ်။+ ခင်ဗျားတို့ကျတော့ ဘယ်သူမို့လို့ လူလူချင်းကို တရားစီရင်ရသလဲ။+
၁၃ ခင်ဗျားတို့ထဲက တချို့က “ဒီနေ့ဖြစ်ဖြစ်၊ မနက်ဖြန်ဖြစ်ဖြစ် အဲဒီမြို့မှာ တစ်နှစ်လောက် သွားနေကြစို့။ အဲဒီမှာ အမြတ်အစွန်း ရအောင် စီးပွားရှာကြစို့”+ ဆိုပြီး ပြောတတ်ကြတယ်။ ၁၄ တကယ်တော့ မနက်ဖြန် ဘာဖြစ်လာမယ်မှန်း ခင်ဗျားတို့ သိတာမှ မဟုတ်တာ။+ ခင်ဗျားတို့ဟာ မြူခိုးလိုပဲ ခဏ ပေါ်လာပြီးနောက် ပျောက်ကွယ်သွားမှာ။+ ၁၅ အဲဒီအစား “ယေဟောဝါ* ဘုရား အလိုတော်ရှိရင်+ ကျွန်တော်တို့ အသက်ဆက်ရှင်ပြီး ဒါတွေဒါတွေ လုပ်ကြမယ်” လို့ ပြောသင့်တာပေါ့။ ၁၆ အခုတော့ ခင်ဗျားတို့ မာနကြီးပြီး ကြွားလုံးထုတ်နေလိုက်ကြတာ။ အဲဒီလိုကြွားတာ မကောင်းဘူး။ ၁၇ မှန်တာကို ဘယ်လို လုပ်ရမယ်မှန်း သိလျက်နဲ့ မလုပ်တဲ့သူဟာ အပြစ်ရှိတယ်။+
၅ ချမ်းသာသူတို့၊ ကျွန်တော် ပြောတာ နားထောင်ကြ။ ကြုံရတော့မယ့် ဆင်းရဲဒုက္ခတွေကြောင့် ငိုကြွေးမြည်တမ်းကြပါ။+ ၂ ခင်ဗျားတို့ရဲ့ စည်းစိမ်ဥစ္စာတွေ ပုပ်ဆွေးပြီး အဝတ်တွေ ပိုးစားကုန်ပြီ။+ ၃ ရွှေငွေတွေ သံချေးတက်ကုန်ပြီ။ ခင်ဗျားတို့ရဲ့ အသားကို စားပစ်မယ့် အဲဒီသံချေးက ခင်ဗျားတို့ရဲ့ အမှားကို ဖော်ပြလိမ့်မယ်။ ခင်ဗျားတို့ စုဆောင်းထားတာတွေဟာ နောက်ဆုံးကာလမှာ မီးနဲ့တူလိမ့်မယ်။+ ၄ လယ်ကွက်မှာ ရိတ်သိမ်းတဲ့သူတွေကို ခင်ဗျားတို့ လုပ်ခ မပေးတဲ့အတွက် အဲဒီလုပ်ခက အော်ဟစ်ငိုကြွေးနေတယ်။ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက* ရိတ်သိမ်းသူတွေရဲ့ အော်ဟစ် အကူအညီတောင်းသံကို ကြားတယ်။+ ၅ ခင်ဗျားတို့က ဒီလောကမှာ စည်းစိမ်ခံပြီး အပျော်အပါး လိုက်စားနေတယ်။ အသတ်ခံရမယ့်နေ့အထိ စားသောက်ပြီး ဆူဖြိုးနေတဲ့ တိရစ္ဆာန်တွေနဲ့ တူနေတယ်။+ ၆ ဖြောင့်မတ်သူကို ခင်ဗျားတို့ အပြစ်စီရင်ပြီး ကွပ်မျက်တယ်။ ဒါကြောင့် သူက ခင်ဗျားတို့ကို ဆန့်ကျင်နေတာ။
၇ ဒါကြောင့် ညီအစ်ကိုတို့၊ သခင် ရောက်ရှိနေချိန်အထိ+ စိတ်ရှည်ကြပါ။ လယ်သမားက အဖိုးတန်တဲ့ မြေထွက်သီးနှံတွေ သီးပွင့်လာဖို့ မိုးဦးနဲ့ မိုးနှောင်း ရွာမယ့်အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်မျှော်တတ်တယ်။+ ၈ အလားတူ၊ ခင်ဗျားတို့လည်း စိတ်ရှည်ကြပါ။+ စိတ်ဓာတ်ကြံ့ခိုင်ကြပါ။ သခင် ရောက်ရှိနေချိန် နီးပြီ။+
၉ ညီအစ်ကိုတို့၊ အချင်းချင်း မကျေမချမ်း မပြောကြနဲ့။ ပြောရင် တရားစီရင်ခံရလိမ့်မယ်။+ တရားစီရင်တဲ့အရှင် တံခါးဝမှာ ရပ်နေတယ်။ ၁၀ ညီအစ်ကိုတို့၊ ယေဟောဝါရဲ့* နာမည်ကို သုံးပြီး ဟောခဲ့တဲ့ ပရောဖက်တွေ+ ဆင်းရဲဒုက္ခ ခံခဲ့တာ၊+ စိတ်ရှည်ခဲ့တာကို+ နမူနာယူကြပါ။ ၁၁ ခံနိုင်ရည် ရှိသူတွေကို ပျော်ရွှင်ချမ်းမြေ့သူတွေလို့* ကျွန်တော်တို့ ယူမှတ်တယ်။+ ခင်ဗျားတို့က ယောဘရဲ့ ခံနိုင်ရည်အကြောင်း+ ကြားဖူးသလို သူ့ကို ယေဟောဝါ* ကောင်းချီးပေးခဲ့တာကိုလည်း+ သိထားကြတာပဲ။ ယေဟောဝါဟာ* အလွန် ချစ်ခင်စာနာပြီး ကရုဏာကြီးတယ်။+
၁၂ ညီအစ်ကိုတို့၊ အထူးသဖြင့် တိုင်တည်ကျိန်ဆိုတာတွေ မလုပ်နဲ့တော့။ ကောင်းကင်ကိုဖြစ်စေ၊ မြေကြီးကိုဖြစ်စေ၊ တခြားအရာတစ်ခုခုကိုဖြစ်စေ တိုင်တည်ပြီး မကျိန်ဆိုနဲ့တော့။ တရားစီရင်မခံရအောင် ဟုတ်ရင် “ဟုတ်တယ်၊” မဟုတ်ရင် “မဟုတ်ဘူး” လို့ပဲ ပြောပါ။+
၁၃ ခင်ဗျားတို့ထဲမှာ အခက်အခဲ ကြုံနေရသူ ရှိသလား။ ရှိရင် မပြတ် ဆုတောင်းပါစေ။+ ပျော်ရွှင်နေတဲ့သူ ရှိသလား။ ရှိရင် ဆာလံသီချင်းတွေ သီဆိုပါစေ။+ ၁၄ ဖျားနာနေတဲ့သူ* ရှိသလား။ ရှိရင် အသင်းတော် အကြီးအကဲတွေကို ခေါ်ပါစေ။+ အကြီးအကဲတွေက ယေဟောဝါရဲ့* နာမည်ကို သုံးပြီး သူ့အတွက် ဆုတောင်းပေးကြမယ်၊ ဆီလိမ်းပေးကြလိမ့်မယ်။+ ၁၅ ယုံကြည်ခြင်းနဲ့ တောင်းတဲ့ ဆုတောင်းချက်တွေက လူနာကို* ကျန်းမာစေတယ်။ ယေဟောဝါက* သူ့ကို ထူမပေးလိမ့်မယ်၊ သူအပြစ်ကျူးလွန်ထားရင်လည်း ခွင့်လွှတ်ပေးလိမ့်မယ်။
၁၆ ဒါကြောင့် အချင်းချင်း ကိုယ့်အပြစ်ကို ဝန်ချတောင်းပန်ကြပါ။+ အချင်းချင်းအတွက် ဆုတောင်းပေးကြပါ။ ဒါမှ ခင်ဗျားတို့ ပြန်ကျန်းမာလာလိမ့်မယ်။ ဖြောင့်မတ်သူရဲ့ တိုးလျှိုးအသနားခံချက်ဟာ အစွမ်းထက်ပြီး အကျိုးသက်ရောက်မှု ရှိတယ်။+ ၁၇ ဧလိယဟာ ကျွန်တော်တို့လိုပဲ ခံစားချက်ရှိတဲ့ လူတစ်ယောက်ပါ။ ဒါပေမဲ့ မိုးမရွာပါစေနဲ့လို့ ထက်ထက်သန်သန် ဆုတောင်းတဲ့အခါ သုံးနှစ်ခွဲတိတိ မိုးမရွာခဲ့ဘူး။+ ၁၈ သူ ပြန်ဆုတောင်းလိုက်တော့ ကောင်းကင်ကနေ မိုးရွာချပြီး မြေသီးနှံတွေ ဖြစ်ထွန်းခဲ့တယ်။+
၁၉ ညီအစ်ကိုတို့၊ တစ်ယောက်ယောက် အမှန်တရားကနေ လမ်းလွဲသွားလို့ တခြားတစ်ယောက်က သူ့ကို ပြန်လှည့်လာစေတယ်ဆိုရင်၊ ၂၀ အပြစ်ကျူးလွန်သူကို မှားယွင်းတဲ့ လမ်းစဉ်ကနေ ပြန်လှည့်လာစေသူဟာ+ သူ့ကို သေခြင်းကနေ ကယ်တင်လိုက်တာ ဖြစ်ပြီး အဲဒီလူရဲ့ အပြစ်များစွာကို ဘုရားသခင် ခွင့်လွှတ်ပေးမယ်ဆိုတာ+ ခင်ဗျားတို့ သိထားကြပါ။
နောက်ဆက်တွဲ က၅ ကိုကြည့်။
နောက်ဆက်တွဲ က၅ ကိုကြည့်။
မူရင်း၊ “အလိုဆန္ဒက သန္ဓေတည်ပြီးတဲ့နောက် အပြစ်ကို မွေးဖွားတတ်တယ်။”
“ဆိုးသွမ်းမှုများစွာကို” လည်းဖြစ်နိုင်။
နောက်ဆက်တွဲ က၅ ကိုကြည့်။
နောက်ဆက်တွဲ က၅ ကိုကြည့်။
ခက်ဆစ် “စွမ်းအား” ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
နောက်ဆက်တွဲ က၅ ကိုကြည့်။
“အတ္တဆန်တဲ့ ရည်မှန်းချက်ရှိနေရင်” လည်းဖြစ်နိုင်။
“အတ္တဆန်တဲ့ ရည်မှန်းချက်” လည်းဖြစ်နိုင်။
မူရင်း၊ “အသီးအပွင့်ကောင်း။”
“သင့်မြတ်စေသူက ဖြောင့်မတ်ခြင်းမျိုးစေ့ကို” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “ဘုရားသခင်ဆီ ချဉ်းကပ်ပါ။”
နောက်ဆက်တွဲ က၅ ကိုကြည့်။
နောက်ဆက်တွဲ က၅ ကိုကြည့်။
နောက်ဆက်တွဲ က၅ ကိုကြည့်။
နောက်ဆက်တွဲ က၅ ကိုကြည့်။
ဒါမှမဟုတ်၊ “ကောင်းချီးခံစားရသူတွေ။”
နောက်ဆက်တွဲ က၅ ကိုကြည့်။
နောက်ဆက်တွဲ က၅ ကိုကြည့်။
ယုံကြည်ခြင်း အားနည်းလာသူကို ဆိုလို။
နောက်ဆက်တွဲ က၅ ကိုကြည့်။
“မောပန်းနေသူကို” လည်းဖြစ်နိုင်။
နောက်ဆက်တွဲ က၅ ကိုကြည့်။