ပေတရု ပထမစောင်
၁ ယေရှုခရစ်ရဲ့ တမန်တော်+ ပေတရုက ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊+ အာရှနယ်၊ ဗိသုနိပြည်တွေမှာ ကွဲလွင့်နေတဲ့ ယာယီ နေထိုင်သူတွေ၊ ရွေးချယ်ခံရသူတွေဆီ စာရေးလိုက်ပါတယ်။ ၂ အဖဘုရားသခင်က ကြိုတင် သိမြင်ထားတဲ့အတိုင်း+ ခင်ဗျားတို့ကို ရွေးချယ်ပြီး စွမ်းအားတော်နဲ့ သန့်စင်ပေးတယ်။+ ရည်ရွယ်ချက်က ခင်ဗျားတို့ကို နာခံမှု ရှိစေဖို့၊ ယေရှုခရစ်ရဲ့ သွေးကြောင့်+ သန့်ရှင်းလာစေဖို့ပါ။
ခင်ဗျားတို့ဆီမှာ မဟာကရုဏာနဲ့ ငြိမ်သက်ခြင်း တိုးပွားပါစေ။
၃ သခင်ယေရှုခရစ်ရဲ့ အဖဘုရားသခင်ကို ချီးမွမ်းကြပါ။ ဘုရားသခင်က ကရုဏာ ကြီးမားလှတဲ့အတွက် ကျွန်တော်တို့ကို တစ်ဖန် မွေးဖွားစေတယ်၊+ ယေရှုခရစ်ကို သေရာကနေ ရှင်ပြန်ထမြောက်စေခြင်းအားဖြင့်+ ကျွန်တော်တို့ကို တည်မြဲတဲ့ မျှော်လင့်ချက် ပေးခဲ့တယ်။+ ၄ မပုပ်ပျက်နိုင်တဲ့၊ မညစ်ညူးတဲ့၊ မညှိုးနွမ်းတဲ့ အမွေကိုလည်း ပေးခဲ့တယ်။+ အဲဒီအမွေကို ခင်ဗျားတို့အတွက် ကောင်းကင်မှာ သိမ်းထားပေးတယ်။+ ၅ ခင်ဗျားတို့မှာ ယုံကြည်ခြင်း ရှိတဲ့အတွက် ဘုရားသခင်က ခင်ဗျားတို့ကို ကယ်တင်ခြင်း ရစေဖို့ တန်ခိုးတော်နဲ့ စောင့်ရှောက်တယ်။ အဲဒီကယ်တင်ခြင်းဟာ အဆုံးပိုင်းကာလမှာ ပေါ်လွင်ထင်ရှားလာလိမ့်မယ်။ ၆ ဒါကြောင့် ခင်ဗျားတို့ဟာ စမ်းသပ်မှု အမျိုးမျိုး+ ကြုံရလို့ ခဏတာ ဝမ်းနည်းရတာ မှန်ပေမဲ့ သိပ်ဝမ်းမြောက်နေကြတယ်။ ၇ မီးနဲ့ စမ်းသပ်ထားပေမဲ့ ပျက်စီးသွားတတ်တဲ့ ရွှေထက် ခင်ဗျားတို့ရဲ့ အစမ်းသပ်ခံ ယုံကြည်ခြင်းဟာ+ အများကြီး တန်ဖိုးရှိတယ်။ အဲဒီလို ယုံကြည်ခြင်း ရှိတဲ့အတွက် ယေရှုခရစ် ပေါ်ထွန်းချိန်မှာ ချီးမွမ်းခြင်း၊ ဘုန်းအသရေ၊ ဂုဏ်အသရေတွေကို ခင်ဗျားတို့ ခံစားရလိမ့်မယ်။+ ၈ ခရစ်တော်ကို ခင်ဗျားတို့ မမြင်ဖူးပေမဲ့ ချစ်ကြတယ်။ အခု၊ သူ့ကို မမြင်ရပေမဲ့ ယုံကြည်သက်ဝင်ပြီး မပြောပြတတ်လောက်အောင် အလွန် ဝမ်းမြောက်ရွှင်လန်းနေကြတယ်။ ၉ ယုံကြည်ခြင်းကြောင့် ကယ်တင်ခြင်း ရမယ်ဆိုတာကို ခင်ဗျားတို့ စိတ်ချနေလို့ပဲ။+
၁၀ ပရောဖက်တွေက ခင်ဗျားတို့အတွက် ရည်စူးထားတဲ့ မဟာကရုဏာတော်အကြောင်း ကြိုဟောခဲ့တယ်၊ အဲဒီကယ်တင်ခြင်းအကြောင်း အပတ်တကုတ် မေးမြန်းရှာဖွေခဲ့ကြတယ်။+ ၁၁ ခရစ်တော် ဘာတွေ ကြုံရမယ်၊ ဘယ်အချိန်မှာ ကြုံရမယ်ဆိုတာနဲ့ပတ်သက်ပြီး စွမ်းအားတော် ဖော်ပြတဲ့အရာကို သူတို့ မပြတ် ဆန်းစစ်လေ့လာကြတယ်။+ ခရစ်တော်ဟာ ဆင်းရဲဒုက္ခ ခံရပြီးနောက် ချီးမြှောက်ခံရမယ်ဆိုတဲ့အကြောင်း စွမ်းအားတော် ကြိုတင် အသိပေးထားလို့ပဲ။+ ၁၂ ကိုယ့်အတွက် မဟုတ်ဘဲ ခင်ဗျားတို့အတွက် ပရောဖက်ပြုရမယ် ဆိုပြီး သူတို့ကို ဘုရားသခင် အသိပေးခဲ့တယ်။ သူတို့က ကောင်းကင်ကနေ စေလွှတ်လိုက်တဲ့ သန့်ရှင်းသော စွမ်းအားတော် အကူအညီနဲ့ သတင်းကောင်း ဟောခဲ့လို့+ အခု ခင်ဗျားတို့ အဲဒီအကြောင်း ကြားသိနေရတယ်။ ကောင်းကင်တမန်တွေဆိုရင် အဲဒီအကြောင်းတွေကို သိပ်သိချင်နေကြတာ။
၁၃ ဒါကြောင့် အားသွန်ခွန်စိုက် လုပ်ဆောင်ဖို့ စိတ်ကို အသင့်ပြင်ထားကြပါ။+ အပြည့်အဝ သတိရှိကြပါ။+ ယေရှုခရစ် ပေါ်ထွန်းချိန်မှာ ခံစားရမယ့် မဟာကရုဏာကိုပဲ မျှော်လင့်နေကြပါ။ ၁၄ နာခံတတ်တဲ့ သားသမီးတွေ ဖြစ်ကြပါ။ ဘုရားသခင်ကို မသိခင်က ခင်ဗျားတို့မှာ ရှိခဲ့တဲ့ အလိုဆန္ဒတွေရဲ့ ပုံသွင်းမှုကို မခံပါနဲ့တော့။ ၁၅ ခင်ဗျားတို့ကို ခေါ်ယူတဲ့ အရှင်ဟာ သန့်ရှင်းတဲ့အတွက် ခင်ဗျားတို့လည်း ပြုမူကျင့်ကြံလေသမျှမှာ သန့်ရှင်းကြပါ။+ ၁၆ “ငါဟာ သန့်ရှင်းတဲ့အတွက် မင်းတို့လည်း သန့်ရှင်းရမယ်”+ ဆိုပြီး ကျမ်းစာမှာ ရေးထားတယ်။
၁၇ မျက်နှာမလိုက်ဘဲ တစ်ယောက်စီရဲ့ အကျင့်နဲ့အညီ တရားစီရင်တဲ့ အဖဘုရားကို+ ခင်ဗျားတို့ ဆုတောင်းတယ်ဆိုရင် ဒီလောကမှာ ယာယီ နေထိုင်ချိန်အတွင်း ဘုရားကို ကြောက်ရွံ့ရိုသေတဲ့စိတ်နဲ့ ကျင့်ကြံပြုမူကြပါ။+ ၁၈ ဘိုးဘေးတွေဆီက ဆက်ခံရရှိတဲ့ အချည်းနှီး ဘဝကနေ ခင်ဗျားတို့ကို လွတ်မြောက်စေခဲ့တာဟာ ရွှေငွေစတဲ့ ပျက်စီးတတ်တဲ့အရာတွေ မဟုတ်မှန်း+ ခင်ဗျားတို့ သိပါတယ်။ ၁၉ အနာအဆာ၊ အစွန်းအထင်း ကင်းတဲ့ သိုးသငယ်ရဲ့+ သွေးနဲ့ တူတဲ့ ခရစ်တော်ရဲ့+ တန်ဖိုးကြီးတဲ့ သွေးနဲ့+ လွတ်မြောက်စေခဲ့တာပါ။ ၂၀ ဘုရားသခင်က ခရစ်တော်ကို လူ့လောက အစပြုချိန်* မတိုင်ခင်ကတည်းက+ ရွေးချယ်ခဲ့ပေမဲ့ ခင်ဗျားတို့ရဲ့ အကျိုးအတွက် အဆုံးပိုင်းကာလကျမှ ဖော်ပြတယ်။+ ၂၁ ခရစ်တော်ကို သေရာကနေ အသက်ပြန်ရှင်စေပြီး+ ဘုန်းတန်ခိုး ပေးခဲ့တဲ့+ ဘုရားသခင်ကို ခရစ်တော်အားဖြင့် ခင်ဗျားတို့ ယုံကြည်လာတယ်။+ ဒီနည်းနဲ့ ခင်ဗျားတို့ဟာ ဘုရားသခင်ကို ယုံကြည်လာပြီး မျှော်လင့်ချက် ရှိလာကြတယ်။
၂၂ အမှန်တရားကို နာခံတဲ့အတွက် ခင်ဗျားတို့ သန့်စင်လာကြပြီ။ ဒါကြောင့် ခင်ဗျားတို့မှာ ဟန်ဆောင်မှု ကင်းတဲ့ ညီရင်းအစ်ကိုမေတ္တာမျိုး+ ရှိလာပြီ ဖြစ်လို့ အချင်းချင်း နှစ်နှစ်ကာကာ ချစ်ကြပါ။+ ၂၃ ခင်ဗျားတို့ဟာ ပုပ်ပျက်တတ်တဲ့ မျိုးစေ့အားဖြင့် မဟုတ်ဘဲ မပုပ်ပျက်တတ်တဲ့ မျိုးစေ့*+ အားဖြင့် တစ်ဖန် မွေးဖွားခံရပြီ။+ မပုပ်ပျက်တတ်တဲ့ မျိုးစေ့ဆိုတာ အသက်ရှင်ပြီး ထာဝစဉ် တည်မြဲတဲ့ ဘုရားသခင်ရဲ့ တရားစကားပဲ။+ ၂၄ “လူသားအားလုံးဟာ မြက်ပင်တွေလိုပဲ။ သူတို့ရဲ့ ဂုဏ်သရေဟာ လယ်ပြင်မှာ ပေါက်တဲ့ ပန်းတွေလိုပဲ။ မြက်ပင်ဆိုတာ ညှိုးနွမ်းတတ်တယ်၊ ပန်းတွေလည်း ကြွေတတ်တယ်။ ၂၅ ယေဟောဝါရဲ့* တရားစကားကတော့ ထာဝစဉ် တည်မြဲတယ်။”+ အဲဒီ “တရားစကား” ဟာ ကျွန်တော်တို့ ဟောတဲ့ သတင်းကောင်းပဲ။+
၂ ဆိုးသွမ်းတာ၊+ လှည့်စားတာ၊ သူတော်ကောင်း ယောင်ဆောင်တာ၊ မနာလို မရှုဆိတ် ဖြစ်တာ၊ အပုပ်ချတာတွေကို ရှောင်ကြပါ။ ၂ မိခင်နို့ကို အငမ်းမရ လိုချင်တဲ့ မွေးကင်းစ ကလေးလို+ ခင်ဗျားတို့လည်း နို့စစ်နဲ့တူတဲ့ တရားစကားကို အငမ်းမရ လိုချင်တဲ့စိတ် ရှိကြပါ။ ဒါဆိုရင် အဲဒီနို့စစ်ကြောင့် ကြီးထွားလာပြီး ကယ်တင်ခြင်း ရလိမ့်မယ်။+ ၃ သခင်ဟာ သနားကြင်နာတတ်မှန်း ခင်ဗျားတို့ ကိုယ်တိုင် မြည်းစမ်းခဲ့ကြပြီပဲ။
၄ လူတွေ ပယ်ထားပေမယ့်+ ဘုရားသခင်အတွက် တန်ဖိုးကြီးလို့ ရွေးချယ်ခံခဲ့ရတဲ့ အသက်ကျောက် ဖြစ်တဲ့+ သခင်ဆီ ခင်ဗျားတို့ရောက်လာကြပြီ။ ၅ အသက်ကျောက်တွေ ဖြစ်တဲ့ ခင်ဗျားတို့ဟာ ဘုရားသခင့် စွမ်းအားတော်နဲ့ တည်ဆောက်တဲ့ အိမ်တော်ပဲ။+ ဒါကြောင့် သန့်ရှင်းတဲ့ ပုရောဟိတ်အဖွဲ့ ဖြစ်လာပြီး ဘုရားသခင် နှစ်သက်တဲ့ ပူဇော်သက္ကာတွေကို စွမ်းအားတော် လမ်းညွှန်မှုနဲ့အညီ ယေရှုခရစ်ကတစ်ဆင့် ဆက်သရလိမ့်မယ်။+ ၆ “ရွေးချယ်ခံရတဲ့ ကျောက်၊ အဖိုးတန် ထောင့်ချုပ်အုတ်မြစ်ကျောက်ကို ဇိအုန်မှာ ငါချထားတယ်။ အဲဒီကျောက်ကို ယုံကြည်သက်ဝင်သူဟာ စိတ်ပျက်ရမှာ မဟုတ်ဘူး”+ လို့ ကျမ်းစာမှာ ရေးထားတယ်။
၇ ယုံကြည်သူ ခင်ဗျားတို့အတွက် သူဟာ တန်ဖိုးကြီးလှပေမဲ့ မယုံကြည်သူတွေအတွက်တော့ “တိုက်ကို တည်ဆောက်သူတွေ ပယ်ထားတဲ့ ကျောက်ပဲ။+ ဒီကျောက်ဟာ ထိပ်ဆုံးက ထောင့်ချုပ်ကျောက် ဖြစ်လာပြီ။”+ ၈ “တိုက်မိလဲစေတဲ့ ကျောက်၊ အတားအဆီး ဖြစ်စေတဲ့ ကျောက်ဆောင်”+ လည်း ဖြစ်လာပြီ။ သူတို့က တရားစကားကို မနာခံတဲ့အတွက် တိုက်မိလဲကြတယ်။ သူတို့လိုလူတွေဟာ အဲဒီလိုပဲ ကြုံရလိမ့်မယ်။ ၉ ခင်ဗျားတို့ကတော့ အမှောင်ထဲကနေ အံ့ဖွယ်အလင်းထဲ ခေါ်ထုတ်တဲ့ အရှင်ရဲ့+ “မွန်မြတ်တဲ့ ဂုဏ်ရည်တော်တွေကို နေရာအနှံ့ ဟောပြောဖို့+ ရွေးချယ်ခံရတဲ့ လူမျိုး၊ ပုရောဟိတ်အဖြစ် အမှုထမ်းမယ့် ဘုရင်တွေ၊ သန့်ရှင်းတဲ့ လူမျိုး၊+ ဘုရား ပိုင်ဆိုင်တဲ့ လူမျိုး+ ဖြစ်တယ်။” ၁၀ ခင်ဗျားတို့ဟာ တစ်ချိန်တုန်းက အဲဒီလူမျိုးအဝင် မဟုတ်ဘူး။ အခုတော့ ဘုရားသခင်ရဲ့ လူမျိုး ဖြစ်ကြပြီ။+ တစ်ချိန်တုန်းက ကရုဏာ မခံစားရပေမဲ့ အခုတော့ ကရုဏာကို ခံစားရပြီ။+
၁၁ ချစ်ရသူတို့၊ ခင်ဗျားတို့ဟာ ဒီလောကမှာ တိုင်းတစ်ပါးသားတွေ၊ ယာယီ နေထိုင်သူတွေပါ။+ ဒါကြောင့် ခင်ဗျားတို့ကို ချုပ်ကိုင်ဖို့ တိုက်ခိုက်နေတဲ့+ အပြစ်ရှိတဲ့ အလိုဆန္ဒတွေကို ရှောင်ကြဖို့+ ကျွန်တော် တိုက်တွန်းချင်တယ်။ ၁၂ လောကမှာရှိတဲ့ လူတွေရှေ့မှာ အမူအကျင့်ကောင်းတွေ ဆက်ပြီး ပြကြပါ။+ ဒါမှ လူတွေက ခင်ဗျားတို့ကို လူဆိုးတွေလို့ စွပ်စွဲပြောဆိုတဲ့အခါ ခင်ဗျားတို့ရဲ့ ကောင်းမွန်တဲ့ အကျင့်ကို မြင်ထားတဲ့အတွက်+ ဘုရားသခင် စစ်ဆေးမယ့်နေ့မှာ ဘုရားကို ဂုဏ်တင်ချီးမွမ်းကြလိမ့်မယ်။
၁၃ သခင်ကို ထောက်ပြီး လူ့အာဏာပိုင်တွေကို လက်အောက်ခံကြပါ။+ ကြီးမြတ်တဲ့ ဘုရင်ကို ဖြစ်စေ၊+ ၁၄ ဘုရင် စေလွှတ်လိုက်တဲ့ ဘုရင်ခံတွေကို ဖြစ်စေ လက်အောက်ခံကြပါ။ လူဆိုးတွေကို ပြစ်ဒဏ်ပေးပြီး လူကောင်းတွေကို ချီးမွမ်းဖို့ အဲဒီဘုရင်ခံကို စေလွှတ်ထားတာ။+ ၁၅ ခင်ဗျားတို့ရဲ့ ကောင်းမွန်တဲ့ အကျင့်ကြောင့် ဆင်ခြင်ဉာဏ်မဲ့သူတွေရဲ့ မသိနားမလည်ဘဲ ပြောတဲ့ စကားတွေ တိတ်ဆိတ်သွားစေဖို့ ဘုရားသခင် အလိုရှိတယ်။+ ၁၆ လွတ်လပ်သူတွေလို ပြုမူနေထိုင်ပါ။+ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ လွတ်လပ်မှုကို မကောင်းမှု ဖုံးကွယ်တဲ့အရာအဖြစ်* မသုံးကြပါနဲ့။+ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သူတွေအဖြစ် ပြုမူနေထိုင်ကြပါ။+ ၁၇ လူအမျိုးမျိုးကို လေးစားကြပါ။+ ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံးကို ချစ်ကြပါ။+ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး+ ဘုရင်တွေကို လေးစားကြပါ။+
၁၈ အစေခံတွေလည်း သခင်ကို အပြည့်အဝ ကြောက်ရွံ့ရိုသေတဲ့စိတ်နဲ့ လက်အောက်ခံကြပါစေ။+ သဘောကောင်းပြီး အကျိုးသင့်အကြောင်းသင့်ရှိတဲ့ သခင်ကိုသာမက အလိုမကျနိုင်တဲ့ သခင်ကိုပါ လက်အောက်ခံကြပါ။ ၁၉ တစ်စုံတစ်ယောက်က ဘုရားသခင်ရှေ့မှာ အမှားအမှန်သိစိတ် ကြည်လင်ချင်လို့+ အခက်အခဲတွေ၊ မတရားမှုတွေကို ခံရပ်မယ်ဆိုရင် ဘုရားသခင်ရဲ့ နှစ်သက်မှုကို ရလိမ့်မယ်။ ၂၀ အပြစ်လုပ်လို့ ရိုက်နှက်ခံရတယ်ဆိုရင် ဘာချီးမွမ်းစရာ ရှိလို့လဲ။+ ကောင်းမှုပြုလို့ ဆင်းရဲဒုက္ခကို ခံရပ်နေရတယ်ဆိုရင်တော့ အဲဒါကို ဘုရားသခင် နှစ်သက်တယ်။+
၂၁ တကယ်တော့ အဲဒီလမ်းစဉ်အတိုင်း လိုက်ဖို့ ခင်ဗျားတို့ကို ဘုရားသခင် ရွေးချယ်ထားတာပါ။ ခရစ်တော် ကိုယ်တိုင် ခင်ဗျားတို့အတွက် ဆင်းရဲဒုက္ခခံပြီး+ သူ့ခြေရာကို ထက်ကြပ်မကွာ လိုက်လျှောက်စေဖို့ စံနမူနာ ထားခဲ့တယ်။+ ၂၂ ခရစ်တော်ဟာ အပြစ်မကျူးလွန်ခဲ့ဘူး။+ လှည့်စားတဲ့ စကားတွေ မပြောခဲ့ဘူး။+ ၂၃ စော်ကားခံရတဲ့အခါ+ ပြန်မစော်ကားဘူး။+ ဆင်းရဲဒုက္ခ ခံရတဲ့အခါ+ မခြိမ်းခြောက်ဘူး။ ဖြောင့်မတ်စွာ တရားစီရင်ပေးမယ့် အရှင်ရဲ့ လက်ထဲ ကိုယ့်ကိုယ်ကိုယ် ပုံအပ်ခဲ့တယ်။+ ၂၄ ကျွန်တော်တို့ရဲ့ အပြစ်တွေကို သူ့ခန္ဓာကိုယ်မှာ သယ်ဆောင်ပြီး+ သစ်တိုင်ပေါ်မှာ ကွပ်မျက်ခံခဲ့တယ်။+ ဒါကြောင့် ကျွန်တော်တို့ဟာ အပြစ်နဲ့ မသက်ဆိုင်တော့ဘဲ ဖြောင့်မတ်ရာကို လုပ်ဆောင်ဖို့ အသက်ရှင်နေကြပြီ။ ဒါ့အပြင် “သူ့ဒဏ်ရာတွေကြောင့် ခင်ဗျားတို့ အနာရောဂါ ပျောက်ကင်းသွားပြီ။”+ ၂၅ ခင်ဗျားတို့ဟာ လမ်းလွဲတဲ့ သိုးတွေလို ဖြစ်ခဲ့ကြပေမဲ့+ အခုတော့ ခင်ဗျားတို့ရဲ့ သိုးထိန်းဆီ၊+ ကြီးကြပ်မှူးဆီ ပြန်လာကြပြီ။
၃ အလားတူ ဇနီးတို့၊ ခင်ပွန်းကို လက်အောက်ခံကြပါ။+ ခင်ပွန်းက တရားစကားကို မနာခံသူ ဖြစ်နေရင်တောင် ဇနီးက တစ်ခွန်းမှ ဟောစရာ မလိုဘဲ ကိုယ့်ရဲ့ အမူအကျင့်ကြောင့် သူ့ကို ယုံကြည်သူ ဖြစ်လာစေနိုင်တယ်။+ ၂ ဇနီးရဲ့ စင်ကြယ်တဲ့ အမူအကျင့်တွေ၊+ အလွန် ရိုသေတတ်တာတွေကို သူကိုယ်တိုင် မြင်ရလို့ပဲ။ ၃ ခင်ဗျားတို့ အလှဆင်တဲ့အခါ အပြင်ပန်းချည်းပဲ မဖြစ်ပါစေနဲ့။ ဆံပင်ကို အမျိုးမျိုး ထုံးဖွဲ့နေတာ၊ ရွှေတွေ၊+ တန်ဖိုးကြီး အဝတ်အစားတွေနဲ့ ဆင်ယင်တာတွေပေါ့။ ၄ အဲဒီအစား စိတ်ထားအလှကိုသာ ပေါ်လွင်စေပါ။ အေးချမ်းပြီး နူးညံ့တဲ့စိတ်နဲ့ ကိုယ်ကို အလှဆင်ပါ။+ အဲဒီလိုစိတ်မျိုးဟာ ဘုရားသခင့်ရှေ့မှာ အလွန် အဖိုးတန်တဲ့အပြင် မပျက်စီးတတ်တဲ့ အလှလည်း ဖြစ်နေလို့ပဲ။ ၅ ဘုရားသခင်ကို မျှော်လင့်ခဲ့တဲ့ ရှေးခေတ်က သန့်ရှင်းတဲ့ အမျိုးသမီးတွေလည်း အဲဒီလိုပဲ အလှဆင်ခဲ့ကြတယ်၊ ခင်ပွန်းကို လက်အောက်ခံခဲ့ကြတယ်။ ၆ စာရာဆိုရင် အာဗြဟံကို သခင်လို့ ခေါ်ပြီး+ နာခံခဲ့တယ်။ ခင်ဗျားတို့လည်း ကြောက်စိတ်ကို အလျှော့မပေးဘဲ မှန်ရာကို ဆက်လုပ်မယ်ဆိုရင် စာရာရဲ့ သမီးတွေ ဖြစ်လိမ့်မယ်။+
၇ ခင်ပွန်းတို့၊ ခင်ဗျားတို့လည်း ဇနီးသည်ကို နားလည်ပေးပြီး* အတူနေထိုင်ကြပါ။ သူတို့ဟာ ကွဲလွယ်တဲ့ အိုးလို အားနွဲ့တဲ့အပြင် မဟာကျေးဇူးတော်ကြောင့် ရရှိမယ့် အသက်တာကို ခင်ဗျားတို့နဲ့အတူ အမွေခံရမယ့်သူတွေလည်း+ ဖြစ်နေလို့ သူတို့ကို ဂုဏ်တင်ပါ။+ ဒီလို မလုပ်ရင် ခင်ဗျားတို့ရဲ့ ဆုတောင်းချက်တွေကို အတားအဆီး ဖြစ်စေလိမ့်မယ်။
၈ နောက်ဆုံး မှာကြားချင်တာကတော့ ခင်ဗျားတို့အားလုံး တစ်စိတ်တစ်သဘောတည်း ဖြစ်ပါ။+ ကိုယ်ချင်းစာပါ။ ညီရင်းအစ်ကိုမေတ္တာနဲ့ ချစ်ခင်ပါ။ ချစ်ခင်စာနာခြင်း၊+ စိတ်နှိမ့်ချခြင်း ရှိကြပါ။+ ၉ အဆိုးကို အဆိုးနဲ့ မတုံ့ပြန်ပါနဲ့။+ စော်ကားခံရတဲ့အခါ ပြန်ပြီး မစော်ကားပါနဲ့။+ အဲဒီအစား ဆုမွန်ကောင်း တောင်းပေးလိုက်ပါ။+ အဲဒီလို လုပ်ပေးဖို့ ခင်ဗျားတို့ကို ဘုရား ရွေးချယ်ထားတယ်။ ဒါမှ ဘုရားသခင် ပေးတဲ့ ကောင်းချီးကို ခင်ဗျားတို့ ရလိမ့်မယ်။
၁၀ “ဘဝကို ပျော်မွေ့ချင်သူ၊ ကောင်းမွန်တဲ့ နေ့ရက်တွေကို တွေ့မြင်ချင်သူဟာ မကောင်းတဲ့ စကား မပြောမိအောင် လျှာကို ထိန်းချုပ်ရမယ်။+ လှည့်ဖြားတဲ့ စကား မပြောမိအောင် နှုတ်ကို စောင့်စည်းရမယ်။ ၁၁ မကောင်းမှုကို ရှောင်ပြီး+ ကောင်းမှုကို လုပ်ဆောင်ပါ။+ ငြိမ်သက်ခြင်း ရှိအောင် လုပ်ဆောင်ပြီး ငြိမ်သက်ခြင်း အမြဲ ရှိနိုင်အောင် အစွမ်းကုန် ကြိုးစားပါ။+ ၁၂ ယေဟောဝါက* ဖြောင့်မတ်သူတွေကို ကြည့်ရှုနေတယ်။ သူတို့ တိုးလျှိုးအသနားခံတာကို နားထောင်နေတယ်။+ မကောင်းမှု ပြုသူတွေကိုတော့ ယေဟောဝါ* မျက်နှာလွှဲတယ်။”+
၁၃ ခင်ဗျားတို့ မှန်ရာလုပ်ဖို့ စိတ်အားထက်သန်နေရင် ဘယ်သူက အန္တရာယ်ပေးမှာလဲ။+ ၁၄ ဖြောင့်မတ်သူတွေ ဖြစ်လို့ ဆင်းရဲဒုက္ခ ခံရရင်တော့ ခင်ဗျားတို့ ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်။+ ဒါပေမဲ့ သူတို့ ကြောက်တာကို* မကြောက်ပါနဲ့၊ စိတ်အနှောင့်အယှက်လည်း မဖြစ်ပါနဲ့။+ ၁၅ ခရစ်တော်ကို သန့်ရှင်းမြင့်မြတ်တဲ့ သခင်အဖြစ် စိတ်နှလုံးထဲမှာ အသိအမှတ်ပြုပါ။ ခင်ဗျားတို့ရဲ့ မျှော်လင့်ခြင်းအကြောင်း မေးမြန်းသူတိုင်းကို ဖြေရှင်းပြောပြဖို့ အမြဲ အသင့်ရှိကြပါ။ ဒါပေမဲ့ နူးညံ့တဲ့ သဘော၊+ အလွန် လေးစားတဲ့ သဘောနဲ့ ပြောပါ။+
၁၆ ကြည်လင်တဲ့ အမှားအမှန်သိစိတ်ကို ထိန်းသိမ်းထားပါ။+ ခင်ဗျားတို့ကို လူတွေ ဘယ်လိုပဲ မကောင်းပြောပါစေ ခရစ်တော်ရဲ့ နောက်လိုက်အဖြစ် အမူအကျင့်ကောင်း ပြတဲ့အခါ+ သူတို့ အရှက်ရသွားလိမ့်မယ်။+ ၁၇ မကောင်းတာ လုပ်လို့ ဆင်းရဲဒုက္ခ ခံရတာထက်+ ဘုရားသခင် ခွင့်ပြုတဲ့အတိုင်း မှန်ရာလုပ်လို့ ဆင်းရဲဒုက္ခ ခံရတာက ပိုကောင်းတယ်။+ ၁၈ ခရစ်တော်က အပြစ်ကို ဖယ်ရှားပြီး ခင်ဗျားတို့ကို ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်စေဖို့+ တစ်ကြိမ်တည်းအပြီး အသေခံခဲ့တယ်။+ ဖြောင့်မတ်သူဟာ မဖြောင့်မတ်သူတွေအတွက် အသေခံခဲ့တယ်။+ လူသားတစ်ယောက်အဖြစ် ကွပ်မျက်ခံရပေမဲ့+ ဘုရားသခင်က သူ့ကို ဝိညာဉ်ပုဂ္ဂိုလ်အဖြစ် ရှင်ပြန်ထမြောက်စေခဲ့တယ်။+ ၁၉ ထမြောက်လာပြီးနောက် သူက အကျဉ်းကျနေတဲ့ ကောင်းကင်တမန်တွေဆီ သွားပြီး တရားစီရင်ခြင်း သတင်းကို ကြေညာတယ်။+ ၂၀ အဲဒီကောင်းကင်တမန်တွေဟာ နောဧခေတ်မှာ ဘုရားသခင် စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းချိန်တုန်းက နာခံမှု မရှိခဲ့သူတွေပဲ။+ အဲဒီအချိန်အတောအတွင်းမှာ သင်္ဘော ဆောက်လုပ်ခဲ့တယ်။+ သင်္ဘောမှာပါတဲ့ လူနည်းစု ဖြစ်တဲ့ လူရှစ်ယောက်ဟာ* ရေဘေးကနေ ကယ်တင်ခံခဲ့ရတယ်။+
၂၁ အဲဒါနဲ့ဆင်တူတဲ့အရာ၊ အခုအချိန်မှာ ခင်ဗျားတို့ကို ကယ်တင်တဲ့အရာဟာ နှစ်ခြင်းပဲ။ ရှင်ပြန်ထမြောက်လာတဲ့ ယေရှုခရစ်ကို ယုံကြည်တဲ့အတွက် ခင်ဗျားတို့ နှစ်ခြင်းခံခဲ့ကြတယ်။ (နှစ်ခြင်းဆိုတာ ခန္ဓာကိုယ်ရဲ့ အညစ်အကြေးကို ဖယ်ရှားတာ မဟုတ်ဘူး၊ ကြည်လင်တဲ့ အမှားအမှန်သိစိတ်ကို ရဖို့ ဘုရားသခင်ဆီ တောင်းခံတာ ဖြစ်တယ်။)+ ၂၂ ခရစ်တော်က ကောင်းကင်ကို တက်သွားပြီး ဘုရားသခင်ရဲ့ ညာဘက်မှာ ရှိနေတယ်။+ ဘုရားသခင်က ကောင်းကင်တမန်တွေ၊ အာဏာပိုင်တွေ၊ တန်ခိုးရှင်တွေကို ခရစ်တော်ရဲ့ လက်အောက် ကျရောက်စေခဲ့ပြီ။+
၄ ခရစ်တော်ဟာ လူသားတစ်ယောက် ဖြစ်တုန်းက ဆင်းရဲဒုက္ခကို ခံရပ်ခဲ့တယ်။+ ခင်ဗျားတို့လည်း ခရစ်တော်လို စိတ်သဘောထားနဲ့ ကိုယ့်ကိုယ်ကိုယ် အားဖြည့်ထားပါ။ ဆင်းရဲဒုက္ခကို ခံရပ်သူဟာ အပြစ်တွေ ဆက်မလုပ်တော့ဘူး။+ ၂ ဒါကြောင့် သူက အသက်ရှင်နေတုန်းမှာ လူ့အလိုအတိုင်း မဟုတ်ဘဲ+ ဘုရားသခင့် အလိုတော်အတိုင်း အသက်ရှင်တတ်တယ်။+ ၃ တစ်ချိန်တုန်းက လောကမှာရှိတဲ့ လူတွေရဲ့ အလိုအတိုင်း ခင်ဗျားတို့ ကျင့်ကြံခဲ့တာတွေ+ တော်လောက်ပါပြီ။ အဲဒီတုန်းက ခင်ဗျားတို့ဟာ မျက်နှာပြောင်တိုက်တာ၊* ရမ္မက်အလိုကို မထိန်းနိုင်တာ၊ သောက်ကြူးတာ၊ အထိန်းအကွပ်မဲ့ ပွဲလုပ်တာ၊ အပြိုင်အဆိုင် သောက်စားတာ၊ ရွံမုန်းဖွယ်ကောင်းတဲ့ ရုပ်တုကိုးကွယ်တာတွေ လုပ်ခဲ့ကြတယ်။+ ၄ အဲဒီလူတွေက ယုတ်ညံ့တဲ့ အသက်တာကို ခင်ဗျားတို့ ဘာကြောင့် ဆက်ပြီး မလိုက်စားတော့မှန်း နားမလည်တဲ့အတွက် ခင်ဗျားတို့အကြောင်း မကောင်းပြောတတ်တယ်။+ ၅ ဒါပေမဲ့ သူတို့က အသက်ရှင်တဲ့သူတွေကိုရော သေလွန်သူတွေကိုပါ တရားစီရင်ဖို့ အသင့်ဖြစ်နေတဲ့သူဆီမှာ ဖြေရှင်းချက် ပေးရလိမ့်မယ်။+ ၆ အဲဒါကြောင့် သေလွန်သူတွေကိုလည်း သတင်းကောင်း ဟောရတာပဲ။+ ဒါမှ သေလွန်သူတွေဟာ လူ့အမြင်အရ အပေါ်ယံကို ကြည့်ပြီး တရားစီရင်ခံရပေမဲ့ ဘုရားသခင့်အမြင်အရ စွမ်းအားတော် လမ်းညွှန်မှုအားဖြင့် အသက်ရှင်နိုင်ကြလိမ့်မယ်။
၇ အရာခပ်သိမ်းရဲ့ အဆုံး ရောက်ခါနီးပြီ။ ဒါကြောင့် ချင့်ချိန်တတ်သူတွေ ဖြစ်ကြပါ။+ ဆုတောင်းဖို့ အမြဲ အသင့်ရှိနေကြပါ။+ ၈ အရေးကြီးဆုံးကတော့ အချင်းချင်း နှစ်နှစ်ကာကာ ချစ်ကြပါ။+ ချစ်ခြင်းမေတ္တာရှိသူဟာ ခွင့်လွှတ်ဖို့ အမြဲ အသင့်ရှိတယ်။+ ၉ မညည်းမညူဘဲ ဧည့်ဝတ်ပြုကြပါ။+ ၁၀ ခင်ဗျားတို့ဟာ နည်းအမျိုးမျိုးနဲ့ ဖော်ပြတဲ့ မဟာကရုဏာတော်ကို ခံစားရတဲ့ ဘဏ္ဍာစိုးကောင်းတွေ ဖြစ်တယ်။ ဒါကြောင့် ကိုယ်စီ ရရှိထားတဲ့ ဆုကျေးဇူး အတိုင်းအတာနဲ့အညီ အဲဒီဆုကျေးဇူးကို အချင်းချင်းအတွက် အကျိုးဆောင်ဖို့ အသုံးပြုကြပါ။+ ၁၁ တစ်ယောက်ယောက်မှာ ဟောပြောစွမ်းရည် ရှိတယ်ဆိုရင် ဘုရားသခင်ရဲ့ ဗျာဒိတ်တော်တွေ ဟောပြောပါစေ၊ သူတစ်ပါးအတွက် အကျိုးဆောင်တဲ့သူကလည်း ဘုရား ပေးတဲ့ ခွန်အားနဲ့ လုပ်ဆောင်ပါစေ။+ ဒီနည်းနဲ့ ယေရှုခရစ်အားဖြင့် အရာရာမှာ ဘုရားသခင်ရဲ့ ဘုန်းတော် ထင်ရှားပါစေ။+ ဘုရားသခင်ဆီမှာ ဘုန်းတော်၊ တန်ခိုးတော် အစဉ် ထာဝရ ရှိပါစေ။ အာမင်။*
၁၂ ချစ်ရသူတို့၊ မီးလို ပူလောင်တဲ့ စမ်းသပ်မှုတွေ ကြုံရတဲ့အခါ+ အထူးအဆန်းလုပ်ပြီး မအံ့သြပါနဲ့။ ၁၃ အဲဒီအစား ခင်ဗျားတို့ ဆင်းရဲဒုက္ခ ကြုံရတဲ့ အကြောင်းရင်းက ခရစ်တော်နဲ့ တူနေလို့+ ဝမ်းမြောက်ကြပါ။+ ခရစ်တော် ဘုန်းထင်ရှားချိန်မှာ ခင်ဗျားတို့လည်း အတိုင်းထက်အလွန် ဝမ်းမြောက်ရလိမ့်မယ်။+ ၁၄ ခရစ်တော်ရဲ့ နာမည်ကြောင့် ကဲ့ရဲ့ခံရတယ်ဆိုရင် ပျော်ရွှင်ချမ်းမြေ့တယ်။+ ဘာလို့လဲဆိုတော့ ဒါဟာ ခင်ဗျားတို့အပေါ် ဘုရားသခင့် စွမ်းအားတော်ရဲ့ ဘုန်းအသရေ သက်ရောက်နေလို့ပဲ။
၁၅ လူသတ်လို့၊ ခိုးလို့၊ အမှားလုပ်လို့၊ သူတစ်ပါးကိစ္စမှာ ဝင်ပါလို့ ဒုက္ခကြုံရတာမျိုးတော့ မဖြစ်ပါစေနဲ့။+ ၁၆ ခရစ်ယာန် ဖြစ်လို့ ဆင်းရဲဒုက္ခ ကြုံရတယ်ဆိုရင် မရှက်ပါနဲ့။+ ခရစ်ယာန်အဖြစ် အသက်ဆက်ရှင်ရင်းနဲ့ ဘုရားသခင်ရဲ့ ဘုန်းတော်ကို အမြဲ ချီးမွမ်းနေလိုက်ပါ။ ၁၇ အခု တရားစီရင်မယ့်အချိန် တန်ပြီ။ ဘုရားသခင်ရဲ့ အိမ်တော်ကို အရင်ဆုံး တရားစီရင်လိမ့်မယ်။+ ကျွန်တော်တို့ကို အရင်ဆုံး တရားစီရင်တယ်ဆိုမှတော့+ ဘုရားသခင်ရဲ့ သတင်းကောင်းကို နားမထောင်သူတွေဆိုရင် ဘယ်လိုများ ဖြစ်သွားမလဲ။+ ၁၈ “ဖြောင့်မတ်သူ ကယ်တင်ခြင်း ရဖို့တောင် ခဲယဉ်းတယ်ဆိုမှတော့ ဘုရားတရားမဲ့သူတွေ၊ အပြစ်လုပ်သူတွေဆိုရင် ဘယ်လိုများ ဖြစ်သွားမလဲ။”+ ၁၉ ဒါကြောင့် ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်လို့ ဆင်းရဲဒုက္ခခံရသူတွေဟာ ကောင်းမှုပြုရင်းနဲ့ သစ္စာရှိတဲ့ ဖန်ဆင်းရှင်ဆီ မိမိကိုယ်ကို အပ်နှံထားကြပါ။+
၅ ခရစ်တော်ရဲ့ ဆင်းရဲဒုက္ခကို တွေ့မြင်ဖူးတဲ့သူ၊ ရွေးချယ်ခံရသူတွေနဲ့အတူ ဘုန်းအသရေ ခံစားရမယ့်+ အကြီးအကဲတစ်ယောက်အနေနဲ့ ခင်ဗျားတို့မှာ ရှိတဲ့ အကြီးအကဲတွေကို ကျွန်တော် မေတ္တာရပ်ခံချင်တာက၊ ၂ ခင်ဗျားတို့ဆီ ပေးအပ်ထားတဲ့ ဘုရားသခင့် သိုးတော်စုကို ထိန်းကျောင်းကြပါ။+ ကြီးကြပ်သူတွေအဖြစ် အမှုဆောင်ကြပါ။* တာဝန်အရ လုပ်တာမျိုး မဟုတ်ဘဲ ဘုရားသခင်ရှေ့မှာ စိတ်ပါလက်ပါ လုပ်ဆောင်ကြပါ၊+ မသမာတဲ့နည်းနဲ့ အမြတ်ထုတ်ချင်လို့ မဟုတ်ဘဲ+ စေတနာစိတ်နဲ့ လုပ်ဆောင်ကြပါ။ ၃ ဘုရားသခင် ပိုင်ဆိုင်တဲ့ လူတွေကို ပိုင်စိုးပိုင်နင်း မလုပ်ဘဲ+ သိုးတော်စုရှေ့မှာ စံနမူနာ ပြကြပါ။+ ၄ ဒါဆိုရင် သိုးထိန်းချုပ်+ ပေါ်ထွန်းတဲ့အခါ မညှိုးနွမ်းတတ်တဲ့ ဘုန်းသရဖူကို ရကြလိမ့်မယ်။+
၅ လူငယ်တွေလည်း အသက်ကြီးသူတွေကို* လက်အောက်ခံပါ။+ ခင်ဗျားတို့အားလုံး အချင်းချင်း ဆက်ဆံတဲ့အခါ စိတ်နှိမ့်ချပါ။ ဘာလို့လဲဆိုတော့ ဘုရားသခင်က မောက်မာသူတွေကို ဆန့်ကျင်ပြီး စိတ်နှိမ့်ချသူတွေကို မဟာကရုဏာ ပေးသနားလို့ပဲ။+
၆ ဘုရားသခင်က အချိန်တန်ရင် ချီးမြှောက်မှာ ဖြစ်လို့ တန်ခိုးကြီးတဲ့ လက်ရုံးတော်အောက်မှာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချကြပါ။+ ၇ စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထားလိုက်ပါ။+ ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင် ဖြစ်လို့ပဲ။+ ၈ သတိရှိပြီး နိုးနိုးကြားကြား နေကြပါ။+ ရန်သူမာရ်နတ်က ဟိန်းဟောက်နေတဲ့ ခြင်္သေ့လို တစ်ယောက်ယောက်ကို ဝါးမျိုဖို့ လှည့်လည်ရှာဖွေနေတယ်။+ ၉ ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံးလည်း ဆင်းရဲဒုက္ခကို ထပ်တူ ခံစားနေရမှန်း သိထားပြီး+ ခိုင်မာတဲ့ ယုံကြည်ခြင်းနဲ့ မာရ်နတ်ကို ခုခံတွန်းလှန်ကြပါ။+ ၁၀ ဆင်းရဲဒုက္ခ တစ်ခဏ ခံရပြီးတဲ့အခါ မဟာကရုဏာရှင် ဘုရားသခင်ကိုယ်တိုင် ခင်ဗျားတို့ကို အပြည့်အဝ လေ့ကျင့်ပေးလိမ့်မယ်။ ခင်ဗျားတို့ကို ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ရှိသူတွေအနေနဲ့ ထာဝရ ဘုန်းအသရေ ခံစားရစေဖို့ ရွေးချယ်ထားတယ်။+ ဘုရားသခင်က ခင်ဗျားတို့ကို မြဲမြံစေပြီး+ ခွန်အားရှိစေမယ်၊+ ကြံ့ကြံ့ခံ ရပ်တည်စေမယ်။ ၁၁ ဘုရားသခင်ရဲ့ တန်ခိုးတော် ထာဝစဉ် တည်ပါစေ။ အာမင်။*
၁၂ ခင်ဗျားတို့ကို ဘုရားသခင် ပြခဲ့တဲ့ မဟာကရုဏာဟာ တကယ် စစ်မှန်ကြောင်း အလေးအနက် သက်သေခံဖို့၊ ခင်ဗျားတို့ကို အားပေးဖို့ သစ္စာရှိ ညီအစ်ကို သိလွှာနုရဲ့*+ အကူအညီနဲ့ ဒီစာတိုလေးကို ကျွန်တော် ရေးပို့လိုက်တယ်။ မဟာကရုဏာတော်ကို ခံစားရင်း အခိုင်အမာ ရပ်တည်ကြပါ။ ၁၃ ခင်ဗျားတို့လိုပဲ ရွေးချယ်ခံရသူ ဖြစ်တဲ့ ဗာဗုလုန်မြို့မှာရှိတဲ့ အမျိုးသမီးနဲ့* ကျွန်တော့်သား မာကုကလည်း+ ခင်ဗျားတို့ကို နှုတ်ဆက်လိုက်တယ်။ ၁၄ အချင်းချင်း မေတ္တာနဲ့ နမ်းပြီး နှုတ်ဆက်ကြပါ။
ခရစ်တော်ရဲ့ တပည့်တွေ ဖြစ်တဲ့ ခင်ဗျားတို့အားလုံး ငြိမ်သက်ခြင်း ခံစားရပါစေ။
အာဒံနဲ့ဧဝ သားသမီးရတဲ့အချိန်။
သီးပွင့်ဖြစ်ထွန်းနိုင်စွမ်းရှိတဲ့ မျိုးစေ့ကို ဆိုလို။
နောက်ဆက်တွဲ က၅ ကိုကြည့်။
ဒါမှမဟုတ်၊ “ဆင်ခြေပေးစရာအဖြစ်။”
ဒါမှမဟုတ်၊ “ထောက်ထားစာနာပေးပြီး။”
နောက်ဆက်တွဲ က၅ ကိုကြည့်။
နောက်ဆက်တွဲ က၅ ကိုကြည့်။
“သူတို့ခြိမ်းခြောက်တာကို” လည်းဖြစ်နိုင်။
ခက်ဆစ် “အသက်” ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”
ဒါမှမဟုတ်၊ “ဂရုတစိုက် စောင့်ရှောက်ကြပါ။”
ဒါမှမဟုတ်၊ “အကြီးအကဲတွေကို။”
ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”
သိလ။
အသင်းတော်ကို ရည်ညွှန်းတာဖြစ်နိုင်။