ယုံကြည်ချက်ကြောင့် ထောင်ချခံရ—ခရိုင်းမီးယား
ယေဟောဝါသက်သေတွေကို ရုရှားအာဏာပိုင်တွေရဲ့ အပြင်းအထန် တိုက်ခိုက်ဆန့်ကျင်မှုဟာ ခရိုင်းမီးယားအထိ ရောက်လာနေပြီ။ ရုရှားအစိုးရက သက်သေခံတွေရဲ့ တရားဝင် အသင်းအဖွဲ့ကို ပိတ်ပင်ရုံမက ငြိမ်သက်အေးချမ်းစွာ ဝတ်ပြုကိုးကွယ်မှုကိုပါ ရှင်းပစ်ချင်နေတာ ထင်ရှားတယ်။ ၂၀၁၇၊ ဧပြီလ ပိတ်ပင်လိုက်ချိန်ကစပြီး ရုရှားအာဏာပိုင်တွေဟာ ရုရှားတစ်ခွင်က သက်သေခံတွေ စုဆုံနေချိန်မှာ ဝင်ရောက်စီးနင်းမှုတွေ အကြိမ်ပေါင်းများစွာ လုပ်ဆောင်ကြတယ်။ သက်သေခံ အတော်များများကို ဖမ်းဆီး ထောင်ချတယ်။ အခုလည်း ခရိုင်းမီးယားမှာ ရှိတဲ့ ယေဟောဝါသက်သေတွေကို ဒီနည်းအတိုင်း အကြီးအကျယ် ဖိနှိပ်တိုက်ခိုက်နေပါတယ်။
၂၀၁၈၊ နိုဝင်ဘာ ၁၅ တုန်းက ရဲနဲ့ အထူးတပ်သား အယောက် ၂၀၀ လောက်ဟာ ခရိုင်းမီးယား၊ ဂျန်ကွိုင်မြို့က ယေဟောဝါသက်သေတွေရဲ့ နေအိမ် ရှစ်လုံးကို ဦးဆုံးအကြိမ် ဝင်ရောက်စီးနင်းခဲ့ကြတယ်။ အဲဒီမှာ သက်သေခံ အုပ်စုငယ်လေးတွေ စုဆုံပြီး ကျမ်းစာကို ဖတ်ရှုဆွေးနွေးနေကြတာပါ။ မျက်နှာဖုံးစွပ်ထားတဲ့ လက်နက်ကိုင် ရဲတပ်သား ၃၅ ဦးလောက် ဆာဂေး ဖီလာတို့ဗ်ရဲ့ အိမ်ကို ဝင်ရောက်စီးနင်းကြတယ်။ အဲဒီမှာ သက်သေခံ ခြောက်ဦး စုဆုံနေတာပါ။ ဒီလို ရန်လိုတဲ့ လုပ်ရပ်ကြောင့် သက်သေခံတွေ လန့်ဖျပ်သွားကြတယ်။ ရဲတွေက ၇၈ နှစ်အရွယ် ညီအစ်ကို တစ်ယောက်ကို နံရံဘက် မျက်နှာမူ ရပ်ခိုင်းတယ်။ မြေပေါ် ဖိချတယ်။ လက်ထိပ်ခတ်တယ်။ အကြီးအကျယ် ရိုက်နှက်တယ်။ ဒါကြောင့် ဆေးရုံပို့လိုက်ရတဲ့အထိ ဖြစ်သွားတယ်။ အသက်ကြီး ညီအစ်ကို နှစ်ယောက် ထိတ်လန့်ပြီး သွေးဆောင့်တိုးသွားတဲ့အတွက် အရေးပေါ် ဆေးရုံတင်လိုက်ရတယ်။ နေအိမ် ဝင်ရောက်စီးနင်းခံရတဲ့ ညီအစ်မငယ်တစ်ဦးလည်း ကိုယ်ဝန်ပျက်ကျတဲ့အထိ ဖြစ်သွားတယ်။
ဝင်ရောက်စီးနင်းပြီးနောက် ဆာဂေးကို ရုရှား ရာဇဝတ်မှု ဥပဒေ ပုဒ်မ ၂၈၂.၂ (၁) အရ “အစွန်းရောက် အဖွဲ့အစည်း” စီစဉ်ဖွဲ့စည်းမှုနဲ့ တရားစွဲကြတယ်။ ၂၀၂၀၊ မတ် ၅ ရက်နေ့မှာ ခရိုင်တရားရုံးက ဆာဂေးကို ထောင်ဒဏ် ခြောက်နှစ် ချလိုက်တယ်။ စီရင်ချက် ချပြီးပြီးချင်း အစောင့်အကြပ်တွေနဲ့ ထောင်ကို ပို့လိုက်ကြတယ်။
၂၀၁၈ ခုနှစ်၊ ဂျန်ကွိုင်မြို့မှာ အထူးတပ်သားတွေ ဝင်ရောက်စီးနင်းပြီးနောက်ပိုင်း အစွန်းရောက်အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေမှာ ပါဝင်နေတယ်ဆိုတဲ့ သံသယနဲ့ ယေဟောဝါသက်သေတွေရဲ့ အိမ်တွေကို ဆက်တိုက် အတင်းအဓမ္မ ဝင်ရောက်စီးနင်းခဲ့ကြတယ်။ နောက်ဆုံး ဝင်ရောက်စီးနင်းတာက ၂၀၂၄၊ သြဂုတ် ၇ ရက်မှာပါ။ မျက်နှာဖုံးတပ် လက်နက်ကိုင် ရဲတွေက ယေဟောဝါသက်သေတွေရဲ့ အိမ်ငါးအိမ်ကို ဝင်ရောက်စီးနင်းတယ်။ အဲဒီထဲမှာ ရပ်ဒိုနွိုက်ကျေးရွာက ၆၈ နှစ်အရွယ် ညီအစ်မ တာမာရာ ဘရတ်စီဗာရဲ့ အိမ်လည်းပါတယ်။ တာမာရာကို အစွန်းရောက်အဖွဲ့အစည်းရဲ့ လုပ်ငန်းတွေကို စီစဉ်ဖွဲ့စည်းမှုနဲ့ စွဲချက်တင်ထားလို့ အမှုရင်ဆိုင်နေရတယ်။ ၂၀၂၄၊ အောက်တိုဘာလမှာ ယေဟောဝါသက်သေနှစ်ယောက်ဖြစ်တဲ့ ယူရီ ရယ်ရာရှင်ကာနဲ့ ညီအစ်ကို ဆာဂေး ပါဖီရာနိုဗစ်ကို ထောင်ဒဏ် ခြောက်နှစ်စီ ချမှတ်လိုက်တယ်။ ရှေ့နေက ပိုပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ဖို့ တောင်းဆိုတဲ့အတွက် နဂိုချမှတ်ထားတဲ့ ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ်ကနေ ထောင်ဒဏ် ခြောက်နှစ်အဖြစ် ပြောင်းလဲချမှတ်လိုက်တယ်။ ညီအစ်ကိုတွေကို တရားခွင်မှာပဲ ဖမ်းချုပ်လိုက်တယ်။
အိမ်တွေကို ဝင်ရောက်စီးနင်းပြီး ပြစ်မှုနဲ့ တရားစွဲခဲ့တာကြောင့် လက်ရှိ ညီအစ်ကို ၁၄ ယောက်ဟာ ထောင်ဒဏ် ၆ နှစ်ခွဲအထိ ချမှတ်ခံရပြီး ထောင်ကျနေတယ်။ သူတို့အားလုံးက အစွန်းရောက်အဖွဲ့ရဲ့ လုပ်ဆောင်မှုတွေကို အားပေးအားမြှောက်ပြုမှုနဲ့ တရားစွဲခံရတယ်။
အချိန်ပြဇယား
မေ ၁၉၊ ၂၀၂၅
ခရိုင်းမီးယားမှာ အခုလောလောဆယ် ထောင်ကျနေတဲ့ ယေဟောဝါသက်သေ ၁၄ ယောက် ရှိတယ်။
အောက်တိုဘာ ၃၊ ၂၀၂၄
ယူရီ ရယ်ရာရှင်ကာနဲ့ ညီအစ်ကို ဆာဂေး ပါဖီရာနိုဗစ်ကို ထောင်ဒဏ်ခြောက်နှစ်စီ ချမှတ်လိုက်တယ်။
သြဂုတ် ၇၊ ၂၀၂၄
အလုရှတာ၊ ရပ်ဒိုနွိုက်၊ စီနိုကို့နွိုက်က ယေဟောဝါသက်သေ အိမ်ငါးအိမ်ကို အာဏာပိုင်တွေ ဝင်ရောက်စီးနင်းတယ်။ ညီအစ်မ တာမာရာ ဘရတ်စီဗာကို ပြစ်မှုဖွင့်လှစ်လိုက်တယ်။
ဩဂုတ် ၅၊ ၂၀၂၁
ယေဟောဝါသက်သေတွေရဲ့ နေအိမ်ရှစ်လုံးကို ဝင်ရောက်ရှာဖွေတယ်။ အလက်ဆန်ဒါ ဒူဘို့ဗန်ကိုနဲ့ အလက်ဆန်ဒါ လစ်ဗင်ယုကို ဖမ်းချုပ်လိုက်တယ်။
အောက်တိုဘာ ၁၊ ၂၀၂၀
ဆာဗားစတိုပိုမြို့မှာ ရှိတဲ့ အိမ်ကိုးလုံးကို ဝင်ရောက်စီးနင်းကြတယ်။ အီဂေါ် ရှတ်မိဒ်ကို ဖမ်းဆီးပြီး စုံစမ်းမေးမြန်းခြင်းမရှိဘဲ ချုပ်ထားလိုက်တယ်။
ဇွန် ၄၊ ၂၀၁၉
အထူး ရဲတပ်သားတွေက ဆာဗားစတိုပိုမြို့မှာ ရှိတဲ့ နေအိမ် ဆယ်လုံးကို ဝင်ရောက်စီးနင်းကြတယ်။ ဗစ်တာ စတာရှက်စကီ ဖမ်းဆီးခံရပြီး “အစွန်းရောက် လုပ်ဆောင်မှုတွေ စီစဉ်မှု” နဲ့ စွဲချက်တင်ကြတယ်။
မတ် ၂၀၊ ၂၀၁၉
အလုခါနဲ့ ယော့လ်တာမြို့က ယေဟောဝါသက်သေတွေရဲ့ အိမ်ရှစ်လုံးကို အထူးရဲတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းကြတယ်။ အာသမ် ဂါရာစမို့ကို ဖမ်းဆီးစစ်ဆေးပြီး အစွန်းရောက်လုပ်ငန်း စီစဉ်ဖွဲ့စည်းတယ်လို့ စွပ်စွဲကြတယ်။
နိုဝင်ဘာ ၁၅၊ ၂၀၁၈
ဆာဂေး ဖီလာတို့ဗ်ရဲ့ အိမ် အပါအဝင် ယေဟောဝါသက်သေတွေရဲ့ နေအိမ် ရှစ်လုံးကို ရဲနဲ့ အထူးတပ်သား ၂၀၀ လောက် ဝင်ရောက်စီးနင်းကြတယ်။