ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၇ ၂/၈ စာ. ၁၃-၂၀
  • အသုံးဝင်သည့် စိတ်ကူးယဉ်မျဉ်းများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသုံးဝင်သည့် စိတ်ကူးယဉ်မျဉ်းများ
  • နိုးလော့!—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်တည်နေရာကို အတိအကျထောက်ပြခြင်း
  • သမိုင်းကြောင်းရှိသော မျဉ်းများ
  • ခရီးသွားလာခြင်းနှင့်အချိန်ဇုန်များ
  • မရှိမဖြစ်လိုအပ်နေဆဲ
  • ကမ္ဘာ့ရက်သတ်မျဉ်းကို ဖြတ်ကျော်ခြင်း
    နိုးလော့!—၂၀၀၂
  • အဘယ်အချိန်တွင် သူတို့ဖတ်ရှုကြ၍ ခံစားရသောအကျိုးကျေးဇူး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ပြီးခဲ့တဲ့နှစ်ရဲ့ ပေါ်လွင်ချက်များ
    ၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
နိုးလော့!—၁၉၉၇
န၉၇ ၂/၈ စာ. ၁၃-၂၀

အသုံးဝင်သည့် စိတ်ကူးယဉ်မျဉ်းများ

ဗြိတိန်မှ နိုးလော့! သတင်းထောက်ပေးပို့သည်

ကမ္ဘာ့မြေပုံ သို့မဟုတ် ကမ္ဘာလုံးပုံကို ကြည့်လိုက်ပါလေ။ ယင်းတစ်ခုလုံးတွင် ထောင်လိုက်မျဉ်းများနှင့် ရေပြင်ညီမျဉ်းများယှက်ဖြာနေသည်ကို သင်သတိပြုမိသလော။ မြေပုံ၏အလယ်ကို ရေပြင်ညီအတိုင်း ဖြတ်ဆွဲထားသည့်မျဉ်းမှာ အီကွေတာဖြစ်ကြောင်း သင်သတိပြုမိမည်မလွဲပေ။ သို့သော် အခြားမျဉ်းများကကော အသို့နည်း။ ယင်းတို့သည် မည်သည့်အရာများနည်း။

အဆိုပါမျဉ်းများကို လတ္တီတွဒ်နှင့် လောင်ဂျီတွဒ်မျဉ်းများဟု ခေါ်သည်။ လတ္တီတွဒ်မျဉ်းများခေါ် သင့်မြေပုံပေါ်တွင် ရေပြင်ညီအတိုင်းဆွဲထားသော မျဉ်းပြိုင်များသည် အီကွေတာမှ တူညီသောအကွာအဝေးတွင်ရှိကြသည့် ကမ္ဘာ့မျက်နှာပြင်ပေါ်ရှိ အမှတ်များကို ဆက်သွယ်ပေးထားသည်။ တစ်ဖက်တွင်မူ လောင်ဂျီတွဒ်မျဉ်းများခေါ် မရီဒီယန်မျဉ်းများကို ဝင်ရိုးစွန်းတစ်ခုမှ တစ်ခုသို့ တောင်မြောက်ဖြတ်ဆွဲထားသည်။ ကျောင်းတွင် သင်ခဲ့ရသောပထဝီဝင်သင်ခန်းစာများမှ အဆိုပါအကြောင်းများလောက်ကိုမူ သင်သတိရပေမည်။ သို့သော် အဆိုပါမျဉ်းများ၏ရည်ရွယ်ချက်ကား အဘယ်နည်း။ ယင်းတို့ မည်သို့အသုံးဝင်သနည်း။ ယင်းတို့ မည်သို့စတင်ဖြစ်လာခဲ့သနည်း။

သင့်တည်နေရာကို အတိအကျထောက်ပြခြင်း

လတ္တီတွဒ်နှင့် လောင်ဂျီတွဒ်မျဉ်းများကို ဆက်ယူလိုက်သောအကွက်တစ်ခုမှ ကိုသြဒိနိတ်များဟုခေါ်သည့် အတိုင်းအထွာနှစ်ခု၏အကူအညီဖြင့် ကမ္ဘာမြေပြင်ပေါ်ရှိ အမှတ်တိုင်းကို အတိအကျထောက်ပြနိုင်သည်။ ဥပမာ၊ နယူးယောက်မြို့ကို မြေပုံပေါ်တွင် မြောက်လတ္တီတွဒ် ၄၀˚၄၂’ နှင့် အနောက်လောင်ဂျီတွဒ် ၇၄˚၀’ အညွှန်းဖြင့် ရှာတွေ့နိုင်သည်၊ ဆိုလိုသည်မှာ ထိုမြို့သည် ​အီ​ကွေ​တာ၏မြောက်ဘက် ၄၀ ဒီဂရီ ၄၂ မိနစ်နှင့် အင်္ဂလန်နိုင်ငံ ​လန်ဒန်မြို့၏မြို့နယ်တစ်ခုဖြစ်သည့် ဂရင်းနစ်အရပ်ကို ဖြတ်ဆွဲထားသော​လောင်ဂျီတွဒ်မျဉ်းခေါ် အပြည်ပြည်ဆိုင်ရာက လက်ခံထားသည့် ပင်မမရီဒီယန်မျဉ်း၏အနောက်ဘက် ၇၄ ဒီဂရီတွင် တည်ရှိသည်။a ဤကိုသြဒိနိတ်များတွင် စက္ကန့်များကို ထည့်လိုက်ပါက မြို့တစ်မြို့အတွင်းရှိ အဆောက်အအုံများ၏တည်နေရာကိုပင် ဖော်ပြနိုင်ပါသည်။ ဥပမာ၊ နယူးယောက်မြို့ရှိ မြို့တော်ခန်းမသည် တောင်လတ္တီတွဒ် ၄၀˚၄၂’၄၅” နှင့် အနောက်လောင်ဂျီတွဒ် ၇၄˚၀’၂၃” တွင် ရှိသည်။

အကွာအဝေးများကိုလည်း ဤမျဉ်းများအပေါ်မူတည်၍ တွက်ချက်ယူသည်။ ဥပမာ၊ ရေမိုင်၏အရှည်သည် မရီဒီယန်မျဉ်းတစ်လျှောက်တိုင်းတာသည့် လတ္တီတွဒ်မျဉ်း၏ တစ်မိနစ်ဖြစ်သည်။ ဝင်ရိုးစွန်းတစ်ခုသည် အီကွေတာမှ လတ္တီတွဒ် ၉၀ ဒီဂရီ သို့မဟုတ် ၅,၄၀၀ မိနစ် (၉၀ × ၆၀= ၅,၄၀၀) တွင်ရှိသောကြောင့် ရေမိုင်တစ်မိုင်သည် ဝင်ရိုးစွန်းမှ အီကွေတာသို့အကွာအဝေး၏ ၁/၅,၄၀၀ ဖြစ်သည်။ ထို့ကြောင့် ပျမ်းမျှရေမိုင်မှာ ၆,၀၈၀ ပေဖြစ်သည်။

မည်သည့်နေရာကိုမဆို မှန်ကန်တိကျစွာထောက်ပြနိုင်သည့် အစွမ်းမှာ အထူးသဖြင့်ရေကြောင်းထိန်းများအတွက် အလွန့်အလွန်အကျိုးရှိသည်မှာ သေချာပါသည်။ သို့သော် ယင်းသို့သောလုပ်ဆောင်မှုစနစ်အလုပ်ဖြစ်ရန် ယင်းတွင် အခြေပြုမှတ်အချို့ရှိရမည်။ အီကွေတာကို လတ္တီတွဒ်အတိုင်းအတာများတိုင်းတာသည့် မူတည်မျဉ်းအဖြစ် ရွေးချယ်လိုက်ခြင်းသည် ကျိုးကြောင်းညီညွတ်သော ရွေးချယ်မှုဖြစ်သည်။ သို့သော် ဂရင်းနစ်အရပ်ကို ပင်မမရီဒီယန်မျဉ်း၏တည်နေရာဖြစ်သည့် အရှေ့အနောက် လောင်ဂျီတွဒ်အတိုင်းအတာများအတွက် အခြေပြုအမှတ်အဖြစ် အဘယ်ကြောင့်ရွေးခဲ့ရသနည်း။ အမှန်အားဖြင့် မြေပုံပေါ်တွင် လူကပြဋ္ဌာန်းလိုက်သည့် အဆိုပါ စိတ်ကူးယဉ်မျဉ်းများဆိုင်ရာ အယူအဆတစ်ခုလုံးသည် မည်သို့ပေါ်လာသနည်း။

သမိုင်းကြောင်းရှိသော မျဉ်းများ

ဘီ.စီ.အီး. ဒုတိယရာစု အစောပိုင်းတွင် ဂရိနက္ခတ္တဗေဒပညာရှင် ဟစ်ပါခပ်စ်သည် ကမ္ဘာ့မျက်နှာပြင်ပေါ်ရှိ ဒေသများကို ဖော်ပြရန် စိတ်ကူးယဉ်မျဉ်းများဆိုင်ရာအယူအဆကို အသုံးပြုခဲ့သည်။ သူသည် အရှေ့အနောက်တည်နေရာများကို တွက်ချက်ရန်အခြေပြုအမှတ်အဖြစ် ဂရိနိုင်ငံ ရိုဒီးဇ်ကျွန်းကိုဖြတ်ဆွဲသည့် မျဉ်းတစ်ကြောင်းကို ရွေးချယ်ခဲ့သည်။ စီ.အီး. ဒုတိယရာစုမှ ဂရိနက္ခတ္တပညာရှင် ကလောဒီးယပ်စ် တာလမီးသည် ယနေ့ခေတ်တွင်အသုံးပြုနေသည့်စနစ်နှင့် ဆင်တူသည့်စနစ်တစ်ခုကို ဦးဆုံးတီထွင်သူအဖြစ် လူအများ၏ဂုဏ်ပြုခြင်းခံခဲ့ရသည်။ သူ၏လတ္တီတွဒ်မျဉ်းများကို အီကွေတာနှင့်အပြိုင်ဆွဲထားသည်။ လောင်ဂျီတွဒ်အတွက် သူ၏စမှတ်မှာ သူခေတ်တွင် ကမ္ဘာ့အနောက်ဘက်စွန်းဖြစ်သော ထိုအချိန်က ကနေရီကျွန်းများဟုခေါ်သည့် ဖော်ကျူနိတ်ကျွန်းများကို ဖြတ်ဆွဲသည့်မျဉ်းဖြစ်သည်။

အရှေ့အနောက်တည်နေရာများကို တိုင်းတာဖို့ ပင်မလောင်ဂျီတွဒ်မျဉ်းရွေးချယ်မှုနှင့်ပတ်သက်သည့် ကမ္ဘာတစ်ဝန်းသဘောတူညီချက်ကို ၁၈၈၄ တွင် ရရှိလိုက်သည်။ ထိုနှစ်တွင် ဝါရှင်တန်ဒီစီ အပြည်ပြည်ဆိုင်ရာ မရီဒီယန်ညီလာခံသို့ ၂၅ နိုင်ငံမှ ကိုယ်စားလှယ် ၄၁ ဦးစုဝေးခဲ့ကြသည်။ ပင်မမရီဒီယန်မှနေ၍ လိုအပ်သော နက္ခတ္တဗေဒဆိုင်ရာ လေ့လာသုံးသပ်ချက်များလုပ်ဖို့အတွက် ကိုယ်စားလှယ်များက ကိရိယာအပြည့်အစုံတပ်ဆင်ထားသော နက္ခတ်တာရာများ လေ့လာသည့်ဌာနတစ်ခုကို မျဉ်းတစ်ကြောင်းဖြတ်ဆွဲဖို့ လိုလားနှစ်ခြိုက်ကြသည်။ အများစုဆန္ဒအရ သူတို့သည် အင်္ဂလန်နိုင်ငံ ဂရင်းနစ်အရပ်ကို ဖြတ်သွားသည့်မျဉ်းကို ရွေးချယ်ခဲ့ကြသည်။

ခရီးသွားလာခြင်းနှင့်အချိန်ဇုန်များ

ပင်မမရီဒီယန်၏တည်နေရာအဖြစ် ဂရင်းနစ်အရပ်ကို ရွေးချယ်ခြင်းသည် မတော်တဆရွေးမိလိုက်ခြင်းမဟုတ်ပါ။ ၁၈ ရာစုကတည်းက ပျားပန်းခပ်တမျှဖြစ်နေသည့် လန်ဒန်ဆိပ်ကမ်းမှစတင်ထွက်ခွာလာသော ရေကြောင်းကပ္ပတိန်များသည် အတ္တလန္တိတ်ကို ဖြတ်ကာ အနောက်ဘက်သို့ခရီးဆန့်သောအခါ နေသည် ယင်း၏မွန်းတည့်ချိန်ကို နေ့စဉ်နောက်ကျမှရောက်ကြောင်း သတိပြုမိလာခဲ့ကြသည်။ ကမ္ဘာသည် ၂၄ နာရီတိုင်း ၃၆၀ ဒီဂရီကို လှည့်ပတ်ရသောကြောင့် ကွာခြားချိန်တစ်နာရီမှာ ဂရင်းနစ်မှတိုင်းတာရသည့် လောင်ဂျီတွဒ် ၁၅ ဒီဂရီကို ကိုယ်စားပြုကြောင်း သူတို့သိကြသည်။ ထို့ကြောင့် ဂရင်းနစ်အရပ်ရှိ နက္ခတ်တာရာလေ့လာရေးဌာနမှ စံတော်ချိန်နာရီက သတ်မှတ်ပေးသော အချိန်တိုင်းများကိုသုံးကာ ဂရင်းနစ်စံတော်ချိန်နှင့် မိမိတို့ဒေသချိန် ကွာခြားချက်ကို မှတ်သားခြင်းအားဖြင့် အဏ္ဏဝါရေပြင်တွင်ပင် မိမိတို့၏တည်နေရာကို တွက်ချက်ယူနိုင်သည်။ ဥပမာ၊ နေသည် ယင်း၏မွန်းတည့်ချိန် (ဒေသချိန် မွန်းတည့် ၁၂:၀၀ နာရီ) ကို ဂရင်းနစ်စံတော်ချိန် မွန်းလွဲ ၃:၃၀ မှ ရောက်သည့် နေရာအမှတ်တွင် သူတို့ရောက်နေကြသည်ဆိုပါစို့။ ရိုးရိုးလေးတွက်ချက်ခြင်းအားဖြင့် မိမိတို့သည် ဂရင်းနစ်၏အနောက်ဘက် ၅၂.၅ ဒီဂရီ (၁၅ × ၃.၅) တွင် ရောက်ရှိနေကြောင်း တွက်ချက်ယူနိုင်သည်၊ သူတို့သည် လတ္တီတွဒ်တစ်ကြောင်းတည်းတွင် ရှိနေကြမည်ဆိုလျှင် နယူးဖောင်လန်ကျွန်း၏ အရှေ့ဘက်ကမ်းရိုးတန်းအနီးတွင်ရောက်နေသည်ဟု ဆိုလိုသည်။

လတ္တီတွဒ်တစ်ကြောင်းတည်းတွင် ရှိနေခြင်း သို့မဟုတ် ယင်းနှင့်အပြိုင်ခရီးနှင်ခြင်းသည် လွယ်ကူသော ကိစ္စဖြစ်သည်။ ဝင်ရိုးစွန်းကြယ်ခေါ် ဓူဝံကြယ်သည် အခြားကြယ်အများစု၏ ညစဉ်ရွေ့လျားမှုနှင့်စာလျှင် နေရာမပြောင်းသလောက်နီးပါးဖြစ်ကြောင်း ကမ္ဘာ့မြောက်ခြမ်းရှိ သင်္ဘောသားများသည် ရာစုနှစ်နှင့်ချီ၍ သတိပြုလာမိခဲ့ကြသည်။ ထိုကြယ်သည် မိုးကုပ်စက်ဝိုင်းအထက် မည်မျှအမြင့်တွင်ရှိသည်ကို တိုင်းတာကာ မိမိတို့သည် တောင်မြောက်မည်မျှ အကွာအဝေးတွင်ရှိနေကြကြောင်း စတင်ခန့်မှန်းခဲ့ကြသည်။ အဏ္ဏဝါရေပြင်ထဲတွင် ထိုကြယ်ကို တူညီသောအမြင့်တွင် ဆက်တွေ့နေရသ၍ မိမိတို့သည် အရှေ့စူးစူး သို့မဟုတ် အနောက်စူးစူးသို့ သွားနေခြင်းဖြစ်ကြောင်း သူတို့သိကြသည်။

ဂရင်းနစ်ကို အခြေပြုအမှတ်အဖြစ် ရွေးချယ်ခြင်းသည် အင်္ဂလန်နိုင်ငံအတွက် အခြားအကျိုးများဖြစ်ထွန်းခဲ့သည်။ ဤအရပ်တွင် ရထားခရီးစဉ်ပေါ်ပေါက်နေပြီဖြစ်သောကြောင့် နိုင်ငံတွင်း၌ စံတော်ချိန်စနစ်တစ်ခု လိုအပ်သည်။ အခ်စက်တာဘူတာရုံသို့ ၁၁:၃၃ နာရီ ရထားကိုအမီလိုက်သော ခရီးသည်တစ်ယောက်သည် ရထားမှာ ၁၄ မိနစ်ခန့်စောပြီးထွက်သွားသည်ကို တွေ့ရှိလိုက်ရာ အလွန်စိတ်ပျက်စရာပင်! ပြဿနာကားအဘယ်နည်း။ သူက အခ်စက်တာအချိန်ကိုသုံးသည်; ရထားဌာနက လန်ဒန်စံတော်ချိန်ကို အသုံးပြုသည်။ ဂရင်းနစ်စံတော်ချိန်ကို နိုင်ငံအဝန်းလက်ခံလိုက်သောကြောင့် အဆိုပါအခက်အခဲများ ပြေလည်သွားတော့သည်။

အမေရိကန်တွင် သာ၍ပင်ကြီးမားသည့် ပြဿနာများရှိခဲ့သည်။သီးခြားရထားလမ်းများတွင် သီးခြားစံတော်ချိန်များထားကြသည်။ ဤအခြေအနေက ၁၈၈၃ ခုနှစ်တွင် ရထားလမ်းများဆိုင်ရာ အထွေထွေစံတော်ချိန်ညီလာခံကို ကျင်းပရသည့်အခြေအနေရောက်သွားစေသည်။ တစ်ခုလျှင် လောင်ဂျီတွဒ် ၁၅ ဒီဂရီခန့် သို့မဟုတ် အချိန်အားဖြင့် တစ်နာရီပမာဏစီရှိပြီး အမေရိကန်ပြည်ထောင်စုတစ်ခုလုံးကို ငုံမိသွားသည့် စံတော်ချိန်ဇုန်လေးဇုန်ကို သတ်မှတ်လိုက်ကြသည်။ ဇုန်တစ်ခုအတွင်းရှိ မြို့အားလုံးသည် စံတော်ချိန်တစ်ခုတည်းထားဖို့ဖြစ်သည်။

နောက်ဆုံးတွင် အဆိုပါဇုန်သတ်မှတ်ခြင်းအစီအစဉ်သည် ကမ္ဘာတစ်ဝန်းလုံး၏လက်ခံမှုကို ရရှိသွားတော့သည်။ ကမ္ဘာကို အချိန်ဇုန် ၂၄ ဇုန်ဖြင့် ပိုင်းခြားထားသည်။ ဤစနစ်၏ဗဟိုသည် သုညဇုန်ဖြစ်ပြီး ဂရင်းနစ်မရီဒီယန်မျဉ်း၏ တစ်ဖက်တစ်ချက်စီသို့ ၇ ၁/၂ ဒီဂရီအထိကျယ်ပြန့်သည်။ တစ်စုံတစ်ယောက်သည် အရှေ့ဘက်သို့သွားလျှင် ဇုန်တစ်ခုကို ဖြတ်ကျော်သွားတိုင်း မိမိ၏နာရီကို တစ်နာရီနောက်ကျလျက်သားဖြစ်သွားမည်။ အနောက်ဘက်သို့သွားလျှင် မိမိ၏နာရီကို တစ်နာရီစောလျက်သားဖြစ်မည်။

ဂရင်းနစ်မှနေ၍ ကမ္ဘာပတ်ခရီးစဉ်၏ထက်ဝက်တွင် စိတ်ဝင်စားစရာအခြေအနေတစ်ခုပေါ်ပေါက်လာသည်။ ဤ ၁၈၀ ဒီဂရီ မရီဒီယန်မျဉ်းတွင် မျဉ်း၏တစ်ဖက်မှ အခြားတစ်ဖက်သို့ အချိန်အားဖြင့် ကွာခြားချက် ၂၄ နာရီရှိသည်။ ရလဒ်အနေနှင့် နိုင်ငံများဆိုင်ရာနယ်ခြားများအတိုင်း အနည်းငယ်ကွေ့ကောက်ဆွဲထားသည့် ၁၈၀ ဒီဂရီမရီဒီယန်မျဉ်းသည် အပြည်ပြည်ဆိုင်ရာ ရက်စွဲသတ်မှတ်မျဉ်းဖြစ်လာသည်။ အနောက်ဘက်သို့ဦးတည်ကာ ဤလိုင်းကိုဖြတ်ကျော်သွားသော ခရီးသွားတစ်ဦးအတွက် ရက်တစ်ရက်လျော့သွားသည်။ ဆန့်ကျင်ဘက်အနေနှင့် ဤမျဉ်းကိုဖြတ်ကာ အရှေ့ဘက်သို့သွားသော ခရီးသွားတစ်ဦးအတွက်ရက် တစ်ရက်ထပ်တိုးလာသည်။

မရှိမဖြစ်လိုအပ်နေဆဲ

အချိန်တိုင်းကိရိယာများကို ဂရင်းနစ်တွင်တိုက်ကာ လောင်ဂျီတွဒ်ကို တွက်ချက်ဖို့အတွက် ပင်လယ်ပြင်သို့ယူသွားရသည့်ခေတ်ကုန်ခဲ့ပေပြီ။ ယင်းတို့အားလုံးနေရာတွင် ခေတ်သစ်စက်မှုနည်းပညာ အစားထိုးခံခဲ့ရပြီ။ ရေဒီယိုလမ်းပြများ၊ ရေဒါနှင့် အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးများက ပို၍တိကျသောအချက်အလက်များကို ဖော်ပြပေးသည်။ သို့တိုင်၊ မြေပုံကားချပ်တစ်ခုပေါ်တွင် သင့်တည်နေရာကို အတိအကျထောက်ပြရန်မှာ အဆိုပါ စိတ်ကူးယဉ်မျဉ်းများဖြစ်ကြသော လတ္တီတွဒ်နှင့်လောင်ဂျီတွဒ်မျဉ်းများကို အမှီသဟဲပြုနေရဆဲပင်။ အလွန်အသုံးဝင်သော ဤစိတ်ကူးယဉ်မျဉ်းများအတွက် ကျွန်ုပ်တို့ ကျေးဇူးတင်နိုင်ကြသည်။

[အောက်ခြေမှတ်ချက်များ]

a ထောင့်တိုင်းတာမှုတွင် တစ်ဒီဂရီ (˚) ကို ၆၀ မိနစ် (’) အဖြစ်ပိုင်းထားပြီး တစ်မိနစ်ကို ၆၀ စက္ကန့် (”) အဖြစ် ပိုင်းထားသည်။

[စာမျက်နှာ ၁၄ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ဂရင်းနစ်စံတော်ချိန်

၁၆၇၅ ခုနှစ်တွင် အင်္ဂလန်၏ ဒုတိယမြောက် ချားလ်ဘုရင်သည် ရေကြောင်းပညာနှင့် နက္ခတ္တဗေဒတို့ကို “ပိုမိုပြည့်စုံကောင်းမွန်လာစေရန်အတွက် နေရာဒေသများ၏လောင်ဂျီတွဒ်ကိုဖော်ထုတ်တွက်ချက်နိုင်ရန်” ယခုအခါ လန်ဒန်မြို့၏မြို့နယ်တစ်ခုဖြစ်သည့် ဂရင်းနစ်အရပ်၌ “နက္ခတ်တာရာများလေ့လာသည့်ဌာနငယ်တစ်ခု” ကို တည်ဆောက်ရန် တာဝန်ပေးခဲ့သည်။ ကမ္ဘာ၏ဝင်ရိုးပေါ်လည်ပတ်မှုကို အတိအကျတွက်ချက်ရန် ၁၃ ပေရှည်သော ချိန်သီးများပါသည့် အသစ်တီထွင်ထားသော အချိန်တိုင်းကိရိယာနှစ်ခုကို ထိုဌာနတွင်တပ်ဆင်ခဲ့သည်။

ကမ္ဘာ၏ဝင်ရိုးပေါ်လည်ပတ်မှုသည် တူညီသောနှုန်း သို့မဟုတ် တစ်သမတ်နှုန်းဖြင့်မဟုတ်ကြောင်း ဘုရင့်နက္ခတ်တာရာများလေ့လာသည့် ဌာနမှ သိပ္ပံပညာရှင်တို့ မကြာမီတွေ့ ရှိသွားကြသည်။ ယင်းသို့ဖြစ်ရသည့်အကြောင်းမှာ နေကိုပတ်သော ကမ္ဘာ၏ပတ်လမ်းသည် ဝိုင်းစက်မနေသည်ကတစ်ကြောင်း ကမ္ဘာ့ဝင်ရိုးသည် တိမ်းစောင်းနေသောကြောင့်တစ်ကြောင်းတို့ကြောင့်ဖြစ်သည်။ ထို့ကြောင့် နေရက်—မွန်းတည့်နှစ်ခုကြားအချိန်—၏အတိုင်းအတာမှာ တစ်နှစ်တာအတွင်း အမျိုးမျိုးဖြစ်နေသည်။ စက်ကောင်းနေသော ဂရင်းနစ်နာရီများဖြင့်နေ့၏ ပျမ်းမျှကြာချိန်ကို သတ်မှတ်ရန် တွက်ချက်နိုင်ပါသည်။

ဂရင်းနစ်မွန်းတည့်စံတော်ချိန်ဟူသည်မှာ နေသည် ယင်း၏မွန်းတည့်ချိန်တွင် ဂရင်းနစ်လောင်ဂျီတွဒ်မျဉ်းခေါ် မရီဒီယန်မျဉ်း (လက်တင်လို မယ်ရီဒီယားနပ်စ် နှင့်ဆိုင်သော မွန်းတည့်ချိန်၊) ပေါ်ရှိ အမှတ်တစ်ခုခုပေါ်၌ ကျရောက်သည့်အချိန်ဖြစ်သည်။ ဤလက်တင်စကားလုံးကို အခြေခံပြီး မွန်းတည့်မတိုင်မီအချိန်ကို ante meridiem (a.m.) သို့မဟုတ် မွန်းမတည့်မီဟု သိရှိလာကြသည်; မွန်းတိမ်းချိန်မှာ post meridiem (p.m.) ဖြစ်လာလေသည်။

[ရုပ်ပုံများ]

အပေါ်– ဂရင်းနစ်ဘုရင့် နက္ခတ်တာများလေ့လာသည့်ဌာန။ ယာဘက်– ကျောက်ခင်းထားသောဝင်းရှိ ပင်မမရီဒီယန်မျဉ်း

[စာမျက်နှာ ၁၄ ပါ မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ကမ္ဘာ့အချိန်ဇုန်များ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ