ကမ္ဘာ့ဖြစ်ရပ် အကဲခတ်
ဗြိတိသျှ ဘုရားရှိခိုးကျောင်းသူခိုးများ
“ဝတ်ပြုကိုးကွယ်သည့်နေရာများကို သန့်ရှင်းမြင့်မြတ်သောနေရာအဖြစ် လူတို့မယူမှတ်ကြတော့ချေ” ဟုလန်ဒန်ထုတ် သည်ဆန်းဒေးတိုင်းမ်စ် သတင်းစာကရေးသားဖော်ပြသည်။ အင်္ဂလန်ဘုရားရှိခိုးကျောင်းများမှ ဖယောင်းတိုင်ခုံ၊ ဂိုဏ်းအုပ်ထိုင်ခုံ၊ ကြေးဝါစာတင်ခုံ၊ အလယ်ခေတ်စပျစ်ရည်ကရားနှင့် ရှေးဟောင်းရေဖျန်းမင်္ဂလာရေဇလုံများသည် ခိုးယူခံရပြီး ပန်းခြံအမွှမ်းတန်ဆာများအဖြစ် ရောင်းချကြသည်။ ဤတရားမဝင်သည့်ကုန်သွယ်မှုသည် နိုင်ငံတကာနှင့်ချီသည့်အပြင် အဝယ်လိုက်သော ရှေးဟောင်းလက်ရာပစ္စည်းများပါဝင်သည်။ ပျောက်ဆုံးသွားသည့် ဆေးစွန်းမှန်ကွက်ဖော်ပြတင်းရွက်တစ်ရွက်ကို တိုကျိုစားသောက်ဆိုင်တစ်ဆိုင်တွင် ပြန်လည်တွေ့ရှိရသည်။ ဘုရားရှိခိုးကျောင်းများ၏ နှစ်စဉ်ဆုံးရှုံးမှုမှာ ဒေါ်လာ ၇ သန်းနီးပါးမျှရှိသည်။ ယခုအခါ ဘုရားရှိခိုးကျောင်းဝင်းများကိုစောင့်ကြပ်ကာကွယ်ရန် ခေတ်မီဆန်းပြားသော ထောက်လှမ်းရေးကိရိယာများတပ်ဆင်၍ လုံခြုံရေးအစောင့်များကို ငှားရမ်းစောင့်ကြပ်စေရသည်။
ကနေဒါနိုင်ငံ၌ ကိုယ်ဝန်ဖျက်ချမှု တိုးများလာ
စံချိန်တင်လောက်အောင်များပြားသည့် ကိုယ်ဝန်ဖျက်ချမှုပေါင်း ၁၀၄,၄၀၃ မှုကို ကနေဒါနိုင်ငံ၌ ၁၉၉၃ ခုနှစ်အတွင်းပြုလုပ်ခဲ့သည်။ ယမန်နှစ်ကထက် ၂.၃ ရာခိုင်နှုန်းတိုးများလာသည်။ သည်တိုရွန်တိုစတား သတင်းစာဖော်ပြချက်အရ “အရှင် ၁၀၀ မွေးတိုင်း ဖျက်ချမှု ၂၆.၉ ရာခိုင်နှုန်းနှင့်ညီမျှသည်။ အဘယ်ကြောင့် တိုးများလာရသနည်း။ တိုင်းပြည်တွင်း၌ ကိုယ်ဝန်ဖျက်ချပေးသည့် ကိုယ်ပိုင်ဆေးခန်းအရေအတွက် တိုးများလာခြင်းကြောင့်ဟု အချို့ကယူဆကြသော်လည်း ကနေဒါနိုင်ငံ၊ မိသားစုစီမံကိန်းအဖွဲ့မှအရာရှိများကမူ စီးပွားရေးကျပ်တည်းမှုကို “ကိုယ်ဝန်ဖျက်ချရခြင်း၏ အဓိကအကြောင်းရင်း” အဖြစ်ထောက်ပြကြသည်။ “လွယ်လင့်တကူ ကိုယ်ဝန်ဖျက်ချနိုင်ခြင်းကြောင့် လူတို့သည် အခွန်ထမ်းပြည်သူတို့၏စရိတ်ဖြင့် သန္ဓေဖျက်ချခြင်းကို သန္ဓေတားနည်းအဖြစ်အသုံးပြုလာစေသည်” ဟုကိုယ်ဝန်ဖျက်ချမှုကို ဆန့်ကျင်သောအုပ်စု၊ အသက်ရှင်ခြင်းဆိုင်ရာမဟာမိတ်အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ အန္နာကယူဆသည်။
အေအိုင်ဒီအက်စ်စွဲကပ်သည့်ကလေးများ
ဗင်နီဇွဲလားနိုင်ငံတွင် အေအိုင်ဒီအက်စ်ရောဂါစွဲကပ်သည့် ကလေးဦးရေသည် ထိတ်လန့်ဖွယ်တိုးပွားလျက်ရှိကြောင်း ကရက်ကာစ်မြို့ထုတ် အဲလ်ယူနီဗာဆယ်လ် သတင်းစာကဖော်ပြသည်။ “ယခင်ကဆိုလျှင် တစ်နှစ်လျှင် အေအိုင်ဒီအက်စ်ရောဂါစွဲကပ်သည့်ကလေး နှစ်ယောက်မှခြောက်ယောက်အကြားသာရှိခဲ့သော်လည်း ယခုသော် တစ်ပတ်လျှင် နှစ်ယောက်မှခြောက်ယောက်ရှိလာသည်။ ကလေးများထံ တစ်ဆင့်ကူးစက်ပေးသည့် ရောဂါစွဲကပ်သောအမျိုးသမီးများ၏ ရာခိုင်နှုန်းမှာလည်း နေ့စဉ်နှင့်အမျှ တိုးတက်လျက်ရှိသည်။ “ကျန်းမာရေးဝန်ကြီးဌာနမှဖော်ပြသော ကိန်းဂဏန်းများမှာ မျောနေသောရေခဲတောင်ကြီး၏ ရေမျက်နှာပြင်အထက် ပေါ်နေသောအပိုင်းကလေးမျှသာဖြစ်သည်ကို သတိရရန်အရေးကြီးသည်” ဟု၎င်းသတင်းစာက နိဂုံးချုပ်ရေးသားထားသည်။
အကြမ်းဖက်အမျိုးသမီး တိုးများလာ
“အမျိုးသမီးများသည် ယခင်ကထက် အကြမ်းဖက်မှုတွင် ပို၍ပါဝင်လာကြသည်” ဟုအော့တာဝါတက္ကသိုလ်မှ ပြစ်မှုဗေဒပညာရှင် တွမ်ကာဘာကဆိုသည်။ “အမျိုးသမီးများ ဒုတိယနေရာမှမဟုတ်ဘဲ ဦးဆောင်ကျူးလွန်သည့်အကြမ်းဖက်မှုသည် တိုးပွားလျက်ရှိသည်။ ၎င်းအမျိုးသမီးများသည် ယောက်ျားသားများ၏ ဩဇာခံများမဟုတ်ကြချေ” ဟုသည်ဂလုပ်အင်မေးလ် သတင်းစာကဖော်ပြသည်။ အရွယ်ရောက်အမျိုးသမီးများအား စွဲချက်တင်သည့် အကြမ်းဖက်ရာဇဝတ်ပြစ်မှုအရေအတွက်သည် ၁၉၈၃ ခုနှစ်တွင် ၆,၃၇၀ ရှိရာမှ ၁၉၉၃ ခုနှစ်တွင် ၁၄,၇၀၆ သို့မြင့်တက်လာသည်။ သို့သော်လည်း အကြမ်းဖက်ရာဇဝတ်ပြစ်မှုအများစုကို အမျိုးသားများကပင် ကျူးလွန်လျက်ရှိသည်။ ဂလုပ် သတင်းစာဖော်ပြချက်အရ “၁၉၉၃ ခုနှစ်အတွင်း အကြမ်းဖက်ပြစ်မှုဖြင့် စွဲချက်တင်ခံရသူများအနက် လူကြီး ၈၈.၆ ရာခိုင်နှုန်းနှင့် လူငယ် ၇၆.၃ ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်ကြသည်။”
“သည်းခံခြင်းရှိသော လူသတ်သမားများ”
ကမ္ဘာ့ကုလသမဂ္ဂသည် နိုင်ငံပေါင်း ၆၄ နိုင်ငံမှမြေမြှုပ်မိုင်း ခန့်မှန်းခြေသန်းပေါင်း ၁၁၀ ဖယ်ရှားရေးအတွက် ဒေါ်လာ ၇၅ သန်းကောက်ခံရန်ကြိုးပမ်းနေကြောင်း အင်တာနေရှင်နယ် ဟယ်ရယ်ထရီဘျွန်း သတင်းစာကဖော်ပြသည်။ စီးကရက်ဘူးအရွယ်ခန့်ရှိသည့် လူတို့အားထိခိုက်သေကျေအောင်စီမံထားသော (AP) မိုင်းဗုံးတစ်လုံးထုတ်လုပ်ရန် ၃ ဒေါ်လာမျှသာကုန်ကျသည်။ သို့သော် မြှုပ်ထားသည့်ထိုသို့သောမိုင်းဗုံးတစ်လုံးကို ရှာဖွေ၍ဖယ်ရှားရန်အတွက် ဒေါ်လာ ၃၀၀ နှင့် ၁၀၀၀ အကြားကုန်ကျသည်။ မိုင်းဗုံးဖယ်ရှားရေးလုပ်ငန်းကို အခြားပြဿနာတစ်ရပ်က ဟန့်တားနှောင့်ယှက်လျက်ရှိသည်။ “လက်ရှိထောင်ထားသည့် လူတို့အားထိခိုက်သေကျေအောင်စီမံထားသော မိုင်းဗုံး သန်းပေါင်း ၁၀၀ ကျော်အပြင် နှစ်စဉ် ၂ သန်းထပ်၍ထောင်နေကြသည်” ဟုကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ “ပျက်ကွက်ခြင်းမရှိသည့် သည်းခံခြင်းရှိသောလူသတ်သမားများ” ဟူ၍ ကမ္ဘောဒီးယားဗိုလ်ချုပ်တစ်ဦး ကင်ပွန်းတပ်ပေးသည့် ဤမြေမြှုပ်မိုင်းတို့ကို ကမ္ဘာမြေပြင်မှ ရှင်းလင်းဖယ်ရှားနိုင်ရန် ဆယ်စုနှစ်ပေါင်းများစွာကြာညောင်းနိုင်သည်ဟု ကျွမ်းကျင်သူတို့ကသဘောတူကြသည်။
တံတားပေါ်မှခုန်ချသေခြင်း
ဆန်ဖရန်စစ္စကိုမြို့မှ နာမည်ကျော် ဂိုးလ်ဒင်းဂိတ်တံတားကြီးကိုဖွင့်လှစ်ခဲ့သည့် ၁၉၃၇ ခုနှစ်မှစ၍ ၎င်းပေါ်မှခုန်ချသတ်သေသူပေါင်း တစ်ထောင်ကျော်ရှိသွားလေပြီ။ “ဂိုးလ်ဒင်းဂိတ်တံတားပေါ်မှ ခုန်ချသတ်သေသူတို့က တံတားကြီး၌ ကြည်နူးဆွတ်ပျံ့ဖွယ်ညှို့ဓာတ်ရှိသည်ဟု ယူဆကြသည်။ ၎င်းသည်အလွန်လှပသာယာသည်။ ထူးဆန်းသောစိတ်ကူးယဉ်အိပ်မက်တစ်မျိုးလည်းရှိသည်” ဟု မိမိကိုယ်ကိုသတ်သေမှုဆိုင်ရာကျွမ်းကျင်သူ ရစ်ချာ့ဒ် ဆီဒင်ကဆိုသည်။ ခုန်ချသူတို့ထဲမှ ဖြစ်ကြောင်းကုန်စင်ပြန်ပြောပြရန် အသက်မသေသူရှားပါးလှသည်။ တစ်နာရီ ၇၅ မိုင်နှုန်းအရှိန်ဖြင့် ရေပြင်နှင့်ထိခိုက်သဖြင့် များသောအားဖြင့် ကိုယ်တွင်းအင်္ဂါများ နေရာရွေ့ကုန်ကြသောကြောင့် ၎င်းသည် မဆန်းပါလေ။ ခုန်မချရန် နားချနိုင်ခဲ့သူ ၅၀၀ အားလေ့လာမှုပြုလုပ်ရာ နောက်ပိုင်းတွင် မိမိကိုယ်ကိုသတ်သေသူ ၅ ရာခိုင်နှုန်းပင်မရှိကြောင်း တွေ့ရှိရသည်။
ယာဉ်သွားယာဉ်လာနှင့်ဆက်နွှယ်သည့် သေဆုံးမှုများ
အာဂျင်တီးနားသတင်းစာ ကလာရင် ၏ရေးသားဖော်ပြချက်အရ ပြည်သူ ၁၀၀,၀၀၀ လျှင် ၂၆ ဦးနှုန်းဖြင့် ယာဉ်သွားယာဉ်လာနှင့်ဆက်နွှယ်သည့် သေဆုံးမှုတွင် အာဂျင်တီးနားနိုင်ငံသည် ကမ္ဘာတွင်ထိပ်ဆုံးမှဦးဆောင်လျက်ရှိသည်။ ၁၉၉၃ ခုနှစ်အတွင်း ၎င်းနိုင်ငံ၌ ဤနည်းဖြင့်သေဆုံးသူ ၈,၁၁၆ ဦးရှိသည်။ ၁၉၉၄ ခုနှစ်တွင် ၉,၁၂၀ သို့မြင့်တက်လာသည်။ သို့သော် ၁၉၉၅ ခုနှစ်၊ ပထမခြောက်လအတွင်း ယာဉ်သွားယာဉ်လာနှင့်ဆက်နွှယ်သည့်သေဆုံးမှု ၅,၀၀၀ ကျော်သွားသည်။ ၁၉၉၄ ခုနှစ်တွင် သေဆုံးသူ ၂၅ ရာခိုင်နှုန်းမှာ ခြေကျင်လျှောက်သူများဖြစ်သည်။ ဗျူနိုအေရီစ်ခရိုင်တစ်ခုတည်း၌ ယာဉ်သွားယာဉ်လာနှင့်ဆက်နွှယ်သည့် သေဆုံးသူ ၇၉ ရာခိုင်နှုန်းတိုးများလာသည်။ သေဆုံးသူရာခိုင်နှုန်းအများစုမှာ ယာဉ်မောင်းများက အခြားယာဉ်များကိုကျော်တက်သည့်အခါ၌ အချိန်အဆမှားယွင်းမှုကြောင့်ဖြစ်ရသည်။
ဆေးလိပ်သောက်သောကလေးသူငယ်များ
၁၉၉၃/၉၄ ခုနှစ်မှတ်တမ်းအရ ဗြိတိန်နိုင်ငံတွင် ဆေးလိပ်သောက်သည့်ကလေးသူငယ် ပိုမိုများပြားလာသည်ကိုတွေ့ရသည်။ အသက် ၁၁ မှ ၁၅ နှစ်အကြား ဆေးလိပ်သောက်သူအရေအတွက်သည် ၁၀ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းသို့မြင့်တက်သွားသည်။ ဤမြင့်တက်မှုသည် ၁၉၉၄ ခုနှစ်အတွက် အစိုးရကျန်းမာရေးအရာရှိများ မျှော်လင့်ထားသည့်အရေအတွက်၏နှစ်ဆဖြစ်ကြောင်း အင်ဒီပဲန်ဒင့် သတင်းစာကဖော်ပြသည်။ ဆေးလိပ်သောက်သည့်လူကြီးဦးရေ ကျဆင်းသွားသော်လည်း အင်္ဂလိပ်အမျိုးသား ၂၉ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၂၇ ရာခိုင်နှုန်း ဆေးလိပ်သောက်နေကြဆဲဖြစ်သည်။ “ဆယ်ကျော်သက်ရွယ်များ၏ စိတ်သဘောထားအပေါ် သိသိသာသာ အကျိုးသက်ရောက်မှုရှိရန် ဆေးလိပ်သောက်သူလူကြီးဦးရေ ယခုထက်မက ထူးထူးခြားခြားကျဆင်းဖို့ လိုအပ်ဖွယ်ရှိသည်” ဟုထိုသတင်း၌နိဂုံးချုပ်ထားသည်။
သက်ကြီးရွယ်အိုများအတွက် ခံတွင်းကျန်းမာရေး
“အသက်ကြီးသူများအဖို့ ခံတွင်းကျန်းမာရေးသည် သေရေးရှင်ရေးတမျှအရေးကြီးသောကိစ္စဖြစ်နိုင်သည်” ဟုအစာဟီညနေသတင်း သတင်းစာကဆိုသည်။ “အသက်ကြီးသူများသည် သွားတိုက်ရုံမျှဖြင့် အဆုတ်ရောင်ရောဂါဖြစ်ပွားသည့်အန္တရာယ်ကို လျော့ပါးစေနိုင်သည်” ဟုဂျပန်သိပ္ပံပညာရှင်များက ကောက်ချက်ချသည်။ အသက်ကြီးသူ ၄၆ ယောက်ကိုလေ့လာရာ၌ ၂၁ ယောက်ရှိသည့်အုပ်စုကို နေ့စဉ် နေ့လယ်စာစားပြီးနောက် သူတို့၏သွားကို သူနာပြုများက ကောင်းစွာတိုက်ပေးကြသည်။ တစ်ပတ်လျှင် သွားကျန်းမာရေးဆေးစစ်မှု နှစ်ကြိမ်သုံးကြိမ်လည်းပြုလုပ်ပေးသည်။ သုံးလကြာပြီးနောက် ၂၁ ယောက်အုပ်စုသည် အထက်ပါလုပ်ရိုးလုပ်စဉ်အတိုင်းမလိုက်သော ၂၅ ယောက်အုပ်စုထက် ဖျားနာသည့်ရက် ဆယ်ရက်လျော့နည်းသည်ကို တွေ့ရှိရသည်။ ယခုကဲ့သို့ ပိုမိုကျန်းမာရခြင်းမှာ ခံတွင်း၌ ဘက်တီးရီးယားပိုးကင်းရှင်း၍ဖြစ်သည်ဟု ယူဆကြသည်။ ယခင်ကပြုလုပ်သည့် လေ့လာမှုတစ်ခုက “အဆုတ်အတွင်းသို့ မတော်တဆဝင်ရောက်သည့်တံထွေး သို့မဟုတ် အစားအစာအစအနများသည် အဆုတ်ရောင်ရောဂါ ဖြစ်စေတတ်လေ့ရှိသည်” ဟုကောက်ချက်ချကြောင်း ထိုသတင်းစာကဆိုသည်။
မသေနိုင်သည့်အဖြစ် ရောင်းရန်လော
“အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာဖြင့် မသေနိုင်သောအဖြစ်ကို ရနိုင်သည်” ဟု အမေရိကန်ပြည် အိုရီဂွန်ပြည်နယ် ယူဂျင်းမြို့ထုတ် ရက်ဂျစ္စတာ-ဂါဒ် သတင်းစာကဆိုသည်။ အဏုဇီဝဗေဒပညာရှင် ဂျိမ်းစ် ဘိခ်နဲလ်က သင်၏ဒီအင်အေကိုမပျက်မစီး ထိန်းသိမ်းထားရန် ကမ်းလှမ်းသည်။ ထိုသတင်းစာအဆိုအရ သို့မှသာ “အနာဂတ်ရာစုနှစ်များတွင် ချစ်လှစွာသောသင်၏သားမြေးတစ်ယောက်ယောက်က ထိုဒီအင်အေမှ ဇီဝဗေဒသတင်းအချက်အလက်များဖြင့် သင်၏ကိုယ်ပွားတစ်ယောက်ကို ဖန်တီးနိုင်မည်။” ဒေါက်တာ ဘိခ်နဲလ်သည် ပိုးကင်းသောပိတ်ကျဲနှစ်စနှင့် အရည်ပါသောဘူးလေးတစ်ခုပါဝင်သည့် ဒီအင်အေတန်ဆာပလာကိုရောင်းချနေသည်။ “ပိတ်ကျဲကိုပါးစောင်တွင်ပွတ်၍ အရည်ဘူးထဲထည့်ပြီး ကျွန်ုပ်ထံပြန်ပို့ပါ” ဟုသူကဆိုသည်။ ထို့နောက် သူသည် ပိတ်ကျဲ၌ပါလာသည့်ဆဲလ်များမှ ဒီအင်အေများကိုထုတ်ယူ၍ စစ်ထုတ်သည့်ကိရိယာပါသောစက္ကူပေါ် သိမ်းဆည်းသည်။ ၎င်းနောက် ထိုစက္ကူကိုပြွန်တစ်ခုတွင်ထည့်၍ သင်အလိုရှိသည့်အခါ အချိန်မရွေးထုတ်ပြနိုင်ရန် သင့်နာမည်ရေးထိုးထားသည့် အလူမီနီယမ်ဘူးတွင် သိမ်းဆည်းထားသည်။ “လူတို့သည် လူသေအရိုးပြာ၊ ဆံပင်နှင့်လက်သည်းစများကို သိမ်းထားတတ်ကြသည်။ ဒီအင်အေဘူးလေးတစ်ခုသည် သားစဉ်မြေးဆက်များကို ပေးသင့်ပေးထိုက်သောအမွေပစ္စည်းဖြစ်ကြောင်း သူသဘောရသည်” ဟုဂါဒ် သတင်းစာကဆိုသည်။
ဗီဇကုထုံး ဝေဖန်ခံနေရ
လွန်ခဲ့သောခြောက်နှစ်က ဗီဇကုထုံးကို လူတွင်စတင်အသုံးပြုခဲ့စဉ်က မျှော်လင့်ချက်အလွန်ကြီးမားခဲ့သည်။ နောက်ပိုင်းတွင် လူနာကိုယ်တွင်းသို့ အမှားပြင်ဆင်နိုင်စွမ်းရှိသည့်ဗီဇများကို ထိုးသွင်းပေးခြင်းဖြင့် မွေးရာပါရောဂါများကို ကုသနိုင်မည်ဟု သိပ္ပံပညာရှင်များက မျှော်လင့်ခဲ့ကြသည်။ ကင်ဆာဆဲလ်ကဲ့သို့သော ဘေးဥပဒ်ပေးသည့်ဆဲလ်များကို သူ့ဘာသာသူပျက်စီးစေနိုင်သော မျိုးရိုးဗီဇဝတ္ထုကို ထိုးသွင်းပေးနိုင်မည်ဟုလည်း မျှော်လင့်ခဲ့ကြသည်။ သို့သော်၊ စိတ်ထက်သန်စွာဖြင့် သုတေသနများစွာပြုလုပ်ပြီးနောက်တွင် ၎င်းကုထုံးသည် ဝေဖန်တိုက်ခိုက်ခံလာရသည်။ “သွေးရူးသွေတန်းဖြစ်နေသူတို့အားပြောလိုသည်မှာ ဗီဇကုထုံးအားဖြင့် ကုသပျောက်ကင်းသူလူမမာအကြောင်း ပုံနှိပ်ထုတ်ဝေသည့်သတင်း တစ်ပုဒ်တလေမျှမရှိသေးပါ” ဟုအင်တာနေရှင်နယ် ဟယ်ရယ်လ် ထရီဘျွန်း သတင်းစာကဖော်ပြသည်။ ဤသုတေသနလုပ်ငန်းသည် လူမမာများ၏အရေးထက် စီးပွားရေးနှင့် ပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတွက် တက်သုတ်ရိုက်လုပ်ဆောင်နေခြင်းဖြစ်မည်ကို ထင်ရှားကျော်ကြားသောသိပ္ပံပညာရှင်များက စိုးရိမ်ကြသည်။ ပြဿနာတစ်ခုမှာ ဗီဇကုထုံးဖြင့်ကုသခံရသည့်ဆဲလ်များကို ကိုယ်ခန္ဓာ၏ကိုယ်ခံအားအဖွဲ့က ပြင်ပပစ္စည်းအမှတ်ဖြင့် တိုက်ခိုက်ဖျက်ဆီးပစ်ဖွယ်ရှိခြင်းပင်တည်း။