ရှေးရောမဇာတ်ရုံဝိုင်းနှင့် ကျမ်းစာပရောဖက်ပြုချက်
အီတလီနိုင်ငံမှ နိုးလော့! သတင်းထောက်ပေးပို့သည်
အီတလီနိုင်ငံ ရောမမြို့ရှိ ရှေးရောမဇာတ်ရုံဝိုင်း (Colosseum) ၌တွေ့ရှိသည့်ကျောက်စာတစ်ခုသည် ယေရုရှလင်မြို့ပျက်စီးခြင်းဆိုင်ရာ ကျမ်းစာပရောဖက်ပြုချက်ကို သွယ်ဝိုက်သောနည်းဖြင့် ထောက်ခံနေဖွယ်ရှိသည်။ ၎င်းကျောက်စာမှာ စီ.အီး. ၈၀ ပြည့်နှစ်တွင်၎င်းရှေးရောမဇာတ်ရုံဝိုင်းကိုတည်ဆောက်ခြင်းနှင့် ဖွင့်ပွဲအခမ်းအနားနှင့်ဆက်စပ်မှုရှိသည်မှာ ထင်ရှားသည်။ ဂျာမနီနိုင်ငံ၊ ဟိတ်ဒဲလ်ဘာ့ဂ်တက္ကသိုလ်မှ ပါမောက္ခ ဂဲဇာ အာလ်ဖိုးလ်ဒီ၏ ပြန်လည်ဆက်စပ်ကြည့်မှုအရ ၎င်းကျောက်စာ၌ “ဧကရာဇ် တိုင်းတပ်စ် ဗက်စပါးရှန်း ဆီဇာ ဩဂတ်စ်တပ်စ်သည် လက်ရဥစ္စာများဖြင့် ဤဇာတ်ရုံဝိုင်းအသစ်ကို တည်ဆောက်သည်” ဟုရေးထိုးထားသည်။ အဘယ်လက်ရဥစ္စာနည်း။
“ဂျူးတို့နှင့်တိုက်ခိုက်သည့်စစ်ပွဲတွင် တိုင်းတပ်စ်ယူဆောင်ခဲ့သည့် များပြားလှသောလက်ရဥစ္စာ၊ အထူးသဖြင့် [ယေရုရှလင်မြို့ရှိဗိမာန်တော်မှ] ရွှေနှင့်ပြုလုပ်သည့် ပရိဘောဂအသုံးအဆောင်များကို ကျွန်ုပ်တို့ပြောနေခြင်းဖြစ်သည်” ဟုအာလ်ဖိုးလ်ဒီကဆိုသည်။ ၎င်းဗိမာန်တော်သည် ယေရှု၏ပရောဖက်ပြုချက်ပြည့်စုံသည့်အနေနှင့် ဖျက်ဆီးခြင်းခံခဲ့ရသည်။ (မဿဲ ၂၄:၁၊ ၂; လုကာ ၂၁:၅၊ ၆) အာလ်ဖိုးလ်ဒီက ၎င်းရှေးရောမဇာတ်ရုံဝိုင်းနှင့်အတူ ဂျူးစစ်ပွဲတွင် သိမ်းပိုက်ရရှိသည့်လက်ရဥစ္စာများကိုထမ်းနေသော ရောမအောင်ပွဲခံများ၏ပုံရေးဆွဲထားသည့် ကျော်ကြားသော တိုင်းတပ်စ်မုခ်ဦးတို့သည် ရောမတို့၏ ဤသမိုင်းဝင်အောင်ပွဲ၏ အထိမ်းအမှတ်ပင်ဖြစ်ကြောင်း အာလ်ဖိုးလ်ဒီက နိဂုံးချုပ်ဖော်ပြသည်။