အလိုလိုထိတ်လန့်ခြင်းကို ကိုင်တွယ်ဖြေရှင်းခြင်း
ရောဘတ်သည် သက်သောင့်သက်သာဖြင့် သူ၏ရုံးခန်းတွင် ထိုင်နေသည်။ရုတ်တရက် သူ၏နှလုံးသည် စတင်၍တဒိတ်ဒိတ်ခုန်လာသည်။ သူ၏နဖူးမှချွေးသီးချွေးပေါက်များကျလာရာ သူသည် မတ်မတ်ထိုင်လိုက်သည်။ ရောဘတ်ကသူနှလုံးရောဂါထနေသည်ဟု သေချာပေါက်ယုံကြည်လိုက်သည်! ဖုန်းကို ဆတ်ခနဲကောက်ကိုင်လိုက်သည်။ “ကျွန်တော် တစ်မျိုးကြီးပဲခံစားနေရတယ်၊ မူးမေ့တော့မယ့်အတိုင်းပဲ!” ဟုပင့်သက်ရှိုက်ကာပြောချလိုက်သည်။
ယင်းကား အလိုလိုထိတ်လန့်ခြင်းကို ရောဘတ်ဦးဆုံးအကြိမ်ခံစားရခြင်းဖြစ်သည်။ ဝမ်းနည်းစရာမှာ ယင်းသည် သူ့အတွက် နောက်ဆုံးအကြိမ်မဟုတ်ပါ။ နောက်ပိုင်းတွင် အလားတူအဖြစ်မျိုး စားသောက်ဆိုင်တစ်ဆိုင်နှင့် ဈေးဝယ်ခြမ်းရေးဗဟိုတစ်ခု၌ဖြစ်ပြန်သည်။ ထိုထိတ်လန့်ခြင်းက မိတ်ဆွေများထံသို့လည်ပတ်စဉ်ပင် ထပ်ဖြစ်ပြန်သည်။ မကြာခင်မှာ ရောဘတ်အတွက် “စိတ်ချရသော” နေရာသည် သူ၏အိမ်ပင်ဖြစ်သည်။ သူတဖြည်းဖြည်း စိတ်ဓာတ်ကျလာသည်။ “ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့အထိပါပဲ” ဟုဝန်ခံသည်။
ရောဘတ်သည် ခြောက်လအကြာတွင် အလိုလိုထိတ်လန့်ခြင်းနှင့် လဟာကြောက်လွန်ခြင်းနှင့်စပ်လျဉ်း၍ သတင်းစာမှဆောင်းပါးတစ်ခုကို အမှတ်မထင်တွေ့ရှိခဲ့သည်။ သူသိရှိလိုက်သောအကြောင်းက သူ၏အသက်ကို ကယ်တင်လိုက်သည်။
ထိတ်လန့်ခြင်း အဘယ်ကြောင့်ဖြစ်ရသနည်း
အန္တရာယ်ရှိသည့်အခြေအနေကို ထိတ်လန့်ခြင်းဖြင့်တုံ့ ပြန်ခြင်းသည် ခန္ဓာကိုယ်၏လုပ်ရိုးလုပ်စဉ်ဖြစ်သည်။ ကားလမ်းမတစ်ခုကို သင်ဖြတ်ကူးနေသည်ဟု စဉ်းစားကြည့်လိုက်ပါ။ ရုတ်တရက်ကားတစ်စီး အရှိန်ပြင်းစွာဖြင့်သင်ဆီသို့ တိုက်ရိုက်မောင်းနှင်လာသည်ကို သင်သတိပြုမိသည်။ သင်၏ခန္ဓာကိုယ်ထဲ၌ ချက်ချင်းဖြစ်ပေါ်လာသော ရုပ်ပြောင်းလဲခြင်းနှင့် ဓာတ်ပြောင်းလဲခြင်းတို့က ဘေးကင်းလုံခြုံရာသို့ ဒုန်းစိုင်း၍ပြေးစေသည်။
သို့သော် ယခု ဤကဲ့သို့ခံစားမှုမျိုးပင် အကြောင်းရင်းဘာမျှမရှိဘဲ ထိတ်လန့်ခြင်းဖြစ်သည်ကို စဉ်းစားကြည့်လိုက်ပါ။ ဒေါက်တာ အာရ်. ရိဒ် ဝီလ်ဆင်က “ထိတ်လန့်ခြင်းက ဦးနှောက်ကိုအန္တရာယ်ရှိသည်ဟု ထင်မြင်စေရန် လှည့်စားသည့်အခါ အလိုလိုထိတ်လန့်ခြင်းဖြစ်ပေါ်လာသည်။ သင်သည် ကုန်စုံဆိုင်မင်းလမ်းတွင် မည်သူ့ကိုမျှအနှောင့်အယှက်မပေးဘဲ ရပ်နေသည်။ ရုတ်တရက် အရေးပေါ်ခလုတ်ပွင့်သွားသည်။ ‘မီးနီပေါ်လာပြီ! စနစ်အားလုံး တိုက်ခိုက်ရန်အသင့် ပြင်ဆင်ကြသည်!’”
ယင်းသို့သော ရောဂါမျိုးထတတ်သူများသာလျှင် ၎င်းတို့၏အသည်းအသန်ဖြစ်မှုကို အပြည့်အဝနားလည်နိုင်ပါမည်။ ယင်းကို “အဒရီနယ်လင်းတစ်ရှိန်ထိုးစီးထွက်လာကာ သင့်ကိုယ်ခန္ဓာတွင် ငါးမိနစ် သို့မဟုတ် နာရီဝက် သို့မဟုတ် တစ်နေ့လုံး ထိတ်လန့်တုန်လှုပ်မှုဖြစ်နေစေလျက် နားမလည်နိုင်သည့်နည်းဖြင့် လျင်မြန်စွာဖြစ်ပေါ်လာသကဲ့သို့ ပြန်ပျောက်သွားရာ သင့်အားခြေကုန်လက်ပန်းကျကာကျန်ရစ်စေပြီး နောက်တစ်ခါဖြစ်မည့်အရေးကို စိုးရွံ့ထိတ်လန့်နေစေသည်” ဟုအမေရိကန်ကျန်းမာရေး မဂ္ဂဇင်းကဖော်ပြထားသည်။
ထိတ်လန့်ခြင်း၏ အရင်းအမြစ်
အများအားဖြင့် အလိုလိုထိတ်လန့်ခြင်းသည် ကြီးကောင်ဝင်ချိန်၌စတင်ဖြစ်တတ်ကာ အမျိုးသားများထက် အမျိုးသမီးများတွင် ပို၍ဖြစ်လေ့ရှိသည်။ ယင်းတို့ အဘယ်ကြောင့်ဖြစ်ရသနည်း။ တိတိကျကျ မသိနိုင်သေးပါ။ ထိုသို့ခံစားရသူများသည် ဇီဝဆိုင်ရာဖွဲ့စည်းပုံအရ ဦးနှောက်မှကိုယ်အင်္ဂါအစိတ်အပိုင်းသို့ခွဲထွက်သွားသော နာဗ်ကြောမကြီးသည် ပုံမှန်အခြေအနေမဟုတ်သောကြောင့်ဖြစ်သည်ဟု အချို့ကပြောသည်။ တော်တော်များများက ဤအခြေအနေမှာ မျိုးရိုးလိုက်နိုင်သည်ဟုယူမှတ်ပြီး အခြားသူများကမူ ဖိစီးမှုကြောင့် ဦးနှောက်၏ဓာတုသဘောပြောင်းလဲခြင်းဖြစ်သည်ဟု ဆိုကြသည်။
အချို့ကိစ္စများတွင် စစ်၊ ဗလက္ကာရပြုကျင့်ခံရခြင်း သို့မဟုတ် ကလေးဘဝတွင် မတော်မတရားပြုကျင့်ခံရခြင်းကဲ့သို့သော စိတ်ထိခိုက်ခဲ့ရသည့် ကိုယ်တွေ့အဖြစ်အပျက်များကို ပြန်ပြောင်းသတိရခြင်းအားဖြင့် အဆိုပါဖိစီးထိုးနှက်မှုများ စတင်ဖြစ်ပွားသည်။ ထိတ်လန့်မှုရောဂါရှိ သွေးရင်းစပ်ယှက်မှုခံခဲ့ရသူတို့၏အရေအတွက်သည် သာမန်လူများထက် ရာခိုင်နှုန်းအားဖြင့် ၁၃ ဆမြင့်မားကြောင်း အစီရင်ခံချက်တစ်ခုကဖော်ပြသည်။ အလိုလိုထိတ်လန့်ခြင်းနှင့် အခြားသောရောဂါလက္ခဏာစုများကိုယ်နှိုက်က ပြဿနာကြီးများဖြစ်သည်မှန်သော်လည်း ယင်းတို့သည် စာရေးဆရာမ အီး. စူး ဘလွမ် ခေါ်စမှတ်ပြုသည့် “သွေးရင်းစပ်ယှက်မှုဝင်ရိုးပေါ်ရှိ စပုတ်တံများ” လည်းဖြစ်နိုင်သည်။
မှန်ပါသည်၊ အလိုလိုထိတ်လန့်ခြင်းအားလုံးသည် စိတ်ထိခိုက်ရာဒဏ်ချက်အားဖြင့် စတင်လာကြခြင်းတော့မဟုတ်ပါ။ သို့သော် ဒေါက်တာ ဝေးန် ကရစ်ဘာဂ်က အဆိုပါကိစ္စကြောင့်ဖြစ်မည်ဆိုလျှင် “မူလအရင်းခံထိခိုက်မှုဒဏ်ရာကို ကုသမည့်အစား ထိုမတော်မတရားပြုမူခြင်း၏ အဓိကမကျသောအကျိုးဆက်များကို ကုသခြင်းက ထိုပြဿနာကို နာတာရှည်ရောဂါဖြစ်သွားစေပါမည်။ ယင်းက အဆုတ်ရောင်ရမ်းနာကိုကုသရန် ချောင်းဆိုးပျောက်ဆေးသောက်ခြင်းနှင့် တူပေလိမ့်မည်” ဟုသတိပေးခဲ့သည်။
ယင်းကို ကုသနိုင်ပါသလော
အလိုလိုထိတ်လန့်ခြင်းကို ထိန်းချုပ်နိုင်ပါသည်။ ထိတ်လန့်ခြင်းကို ကြောက်ရွံ့၍ အိမ်တွင်းအောင်းနေသူများသည် အကာအကွယ်မဲ့ထားခြင်းကုထုံးဖြင့် အကူအညီရရှိခဲ့ကြပေပြီ။ ဤကုသမှုတွင် လူနာကိုထိတ်လန့်ခြင်းလျော့ပါးသွားသည့်အထိ သူကြောက်ရွံ့သည့်အခြေအနေ၌ ရှိနေစေပြီး ကူညီပေးခြင်းပါဝင်သည်။ နှလုံးရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ ပက်ပတစ်အာလာဆာရောဂါ၊ အူမရောင်ရမ်းခြင်းရောဂါ သို့မဟုတ် အလားတူဖျားနာခြင်းရှိသူများသည် ဤကုသနည်းကိုမခံယူမီ ဆရာဝန်တစ်ဦးနှင့်တိုင်ပင်သင့်သည်။
စိုးရိမ်သောကကြီးထွားမှုကို လျော့ပါးစေရန် စိတ်ပြေလက်ပျောက်အနားယူခြင်း နည်းနိဿယကို အသုံးချနိုင်ပါသည်။a ယင်းတို့ထဲမှအချို့ကို ပူးတွဲပါ “အေးဆေးတည်ငြိမ်ခြင်း အတတ်ပညာ” အကွက်တွင်ဆွေးနွေးထားသည်။ သို့သော် ထိတ်လန့်ခြင်းစတင်ဖြစ်လာသည့်အထိ မစောင့်ပါနှင့်။ ဤအတတ်ပညာကို စိုးရိမ်မှုနည်းပါးစဉ် လက်တွေ့ကျင့်သုံးခြင်းသည် အကောင်းဆုံးဖြစ်သည်။ ယင်းတို့ကို ထိန်းချုပ်နိုင်လျှင် ၎င်းတို့ ဖြစ်ပေါ်ချိန်လျော့နည်းသွားနိုင်သည်၊ သို့မဟုတ် ထပ်မဖြစ်စေရန်ပင် တားဆီးပေးနိုင်ပါသည်။
ပြီးပြည့်ဝမှုရှေးရှုဝါဒနှင့် သိမ်ငယ်ခြင်းတို့က ထိတ်လန့်မှုကိုတိုး၍ဖြစ်ပေါ်စေသည်။ ခံစားရသူတစ်ဦးက “စိုးရိမ်မှု၏တိုက်ခိုက်ခြင်းကို ကျွန်တော်ခံနေရစဉ်မှာ အဆိုးမြင်ဝါဒက ဘဝကိုလွှမ်းမိုးချုပ်ကိုင်ခဲ့တယ်” ဟုပြောသည်။ “ကျွန်တော့်မှာ စိုးရိမ်မှုများရှိတဲ့အတွက် ကျွန်တော်ဟာ သူများထက်ညံ့ဖျင်းပြီး ချစ်စရာမကောင်းဘူးလို့ ယူမှတ်လိုက်တယ်။” ထိုသို့သော သဘောထားများကို ပြောင်းလဲပစ်ခြင်းက ထိတ်လန့်မှုကိုဖြစ်စေသည့် စိုးရိမ်မှုများကို လျော့ပါးစေနိုင်ပါသည်။b
ယုံကြည်စိတ်ချရသောမိတ်ဆွေတစ်ဦးအား စိုးရိမ်မှုများကို ရင်ဖွင့်ခြင်းသည် အလွန်တန်ဖိုးရှိပါသည်။ ယင်းတို့ကို ဖွင့်ပြောလိုက်ခြင်းက ခံစားနေရသူအား ဖြေရှင်းနိုင်သည့်ပြဿနာများနှင့် ခံရပ်နိုင်ဖို့လိုသည့်ပြဿနာများကို ခွဲခြားသိမြင်စေရန် ကူညီပေးနိုင်သည်။ ဆုတောင်းခြင်းကိုလည်း လျစ်လျူရှု၍မရပါ။ ဆာလံ ၅၅:၂၂ က “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၌ချထားလော့။ သင့်ကိုမစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ” ဟုဆိုထားသည်။
လျှပ်စစ်ပစ္စည်းများစွာကို လျှပ်စီးပတ်လမ်းတစ်ခုတည်းမှ အသုံးပြုကြရာ ဖျူးကြိုးပြတ်ထွက်သွားသကဲ့သို့ မကြာခဏကြီးမားသောပြဿနာတစ်ခုတည်းအစား မထင်မရှားစိတ်ဖိစီးသော ပြဿနာအသေးအဖွဲများစုစည်းရာမှ ထိတ်လန့်ခြင်းစတင်လေသည်။ ဖြေရှင်းနည်းတစ်နည်းမှာ ပြဿနာတစ်ခုစီကို အညွှန်းကတ်တစ်ခုစီတွင်ရေးသား၍ ပြဿနာသေးသေးဖွဲဖွဲမှ ကြီးကြီးမားမားအထိ စီစဉ်လိုက်ပါ။ ယင်းတို့ကို တစ်ခုပြီးမှတစ်ခု ကိုင်တွယ်ဖြေရှင်းပါ။ သင်၏စိတ်ဒုက္ခများကို ရေးချလိုက်ခြင်းက ၎င်းတို့၏အရေးပါမှုကို သင်ကြောက်ရွံ့ ၍ရှောင်နေရာမှ မြင်နိုင်၍ဖြေရှင်းနိုင်သည့်အဖြစ်သို့ ပြောင်းလဲသွားစေသည်။
အချို့က ညွှန်းထားသောစိတ်ငြိမ်ဆေးများ သို့မဟုတ် စိတ်အားတိုးဆေးများကိုသုံးစွဲခြင်းဖြင့် အကူအညီရရှိကြသည်။ သို့သော်လည်း သတိထားဖို့လိုသည်။ အကြံဉာဏ်ပေးသူ မဲလ်ဗင် ဂရင်းက “ဆေးဝါးကုသခြင်းတစ်ခုတည်းကသာ ဖြေရှင်းချက်ဖြစ်သည်ဟု ကျွန်ုပ်မယူမှတ်ပါ။ ယင်းကို ဖြေရှင်းချက်ရှာဖွေနေ စဉ် ဖြည့်စွက်သည့်အရာတစ်ခုအဖြစ် အသုံးပြုသင့်သည်။ . . . ဆေးဝါးများက သင့်ကို ပုံမှန်အတိုင်းလုပ်ဆောင်စေနိုင်ပြီး ထိုမှတစ်ဆင့် လဟာကြောက်လွန်ခြင်းကိုဖြစ်စေသည့် အကြောင်းရင်းများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် သင့်ကိုပြန်ကျန်းမာလာစေဖို့ အခြားအကူအညီများရှာဖွေရန် အခွင့်အလမ်းရရှိစေနိုင်သည်” ဟုပြောသည်။
ဝိညာဉ်ရေးရာပြဿနာလော
“ယေရှုက ‘ဘယ်တော့မှ မစိုးရိမ်ကြနဲ့’ လို့မိန့်တော်မူခဲ့တဲ့အတွက် စိုးရိမ်လို့ထိုးနှက်ခံရတာတွေကို ခရစ်ယာန်တွေ ကြုံတွေ့ ကြမှာမဟုတ်ဘူးလို့ ကျွန်မထင်မိတယ်။ အဲ့ဒါကြောင့် ဘုရားသခင်ကိုမှီခိုအားထားတာနည်းလို့ပဲလို့ ကျွန်မယူဆမိတယ်” ဟူ၍ဘရန်ဒါကပြောသည်။ သို့တိုင် မဿဲ ၆:၃၄ ပါ ယေရှု၏ရှေ့နောက်စကားအရ ကိုယ်တော်သည် ထိတ်လန့်ခြင်းရောဂါများကို ဆွေးနွေးနေခြင်းမဟုတ်ကြောင်း ဖော်ပြသည်။ ယင်းအစား ကိုယ်တော်က ဝိညာဉ်ရေးရာလိုအပ်ချက်များထက် ကာယလိုအပ်ချက်များအတွက် သာ၍စိုးရိမ်ခြင်း၏အန္တရာယ်ကို အလေးအနက်ဖော်ပြနေတော်မူခြင်းဖြစ်သည်။
မှန်ပါသည်၊ ဝိညာဉ်ရေးရာများကို ဦးစားထားသူများပင်လျှင် ဤရောဂါဝေဒနာမျိုးခံစားရနိုင်ကြောင်း ဖင်လန်နိုင်ငံမှ အမျိုးသမီးတစ်ဦး၏ အောက်ပါအဖြစ်အပျက်က ဖော်ပြသည်။
“ယေဟောဝါသက်သေများဖြစ်သည့် ကျွန်မနှင့် ကျွန်မ၏တွဲဖက်သည် တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းတွင်ပါဝင်နေကြသည်။ ကျွန်မရုတ်တရက်မူးဝေသွားသည်။ အဘယ်အရာကိုမျှ စဉ်းစား၍မရ။ ဝိုးတိုးဝါးတားဖြစ်နေပြီး လဲကျသွားမည်ကို စိုးရိမ်နေမိသည်။ နောက်တစ်အိမ်သို့အရောက်တွင် ကျွန်မလုံးဝစကားဆက်မပြောနိုင်တော့ချေ။
“ဤအလန့်တကြားဖြစ်ပျက်မှုသည် ၁၉၇၀ ပြည့်နှစ်တွင် စတင်ဖြစ်ပျက်ခဲ့သည်။ ယင်းသည် နောက်အနှစ်နှစ်ဆယ်အတွင်း ကျွန်မကိုဒုက္ခပေးသည့် တစ်ခါတစ်ခါဖြစ်ပေါ်လာသော ထူးဆန်းသည့်ရောဂါ၏ အစအဦးဖြစ်ခဲ့သည်။ ထပ်ခါတလဲလဲပင် ကျွန်မသည် စိတ်ရှုပ်ထွေးနေပြီး ကြည်လင်ပြတ်သားစွာ မတွေးခေါ်နိုင်တော့ချေ။ မူးဝေခြင်းဝေဒနာကို ခံစားရကာ ကျွန်မ၏နှလုံးသည် တဒိတ်ဒိတ်ခုန်မြည်နေသည်။ စကားလုံးများမှားကုန်ခြင်း သို့မဟုတ် လုံးဝပြောမထွက်ခြင်းဖြစ်လေတော့သည်။
“ကျွန်မသည် ငယ်ရွယ်၍ ဖျတ်လတ်သွက်လက်ကာ ပျော်ရွှင်သည့် ယေဟောဝါသက်သေ၊ အချိန်ပြည့်ဓမ္မအမှုဆောင်တစ်ဦးဖြစ်သည်။ သမ္မာကျမ်းစာကိုနားလည်စေရန် အခြားသူများအား ကူညီပေးခြင်းကို ကျွန်မတကယ်နှစ်သက်ပါသည်! သို့သော် ဤဖိစီးထိုးနှက်မှုများသည် ကျွန်မကို အမြဲပင်နှိပ်စက်လျက်ရှိသည်။ ‘ကျွန်မဘာဖြစ်နေတာလဲ’ ဟုသိလိုလှသည်။ နာဗ်ကြောပညာရှင်တစ်ဦးက ကျွန်မ၏အခြေအနေကို ဦးနှောက်ဖောက်ပြန်ခြင်းဖြစ်သည်ဟု ဖော်ပြသည်။ နောက်ဆယ်နှစ်လုံးလုံး သူညွှန်ကြားသော ဆေးဝါးကုသမှုကို ကျွန်မခံယူခဲ့သည်။ သို့တိုင် အဘယ်ကြောင့် ထိရောက်မှုအနည်းငယ်သာရှိရကြောင်း ကျွန်မသိလိုပါသည်။ ကျွန်မ၏အခြေအနေကို သည်းခံကာနေရမှာပဲဟု စတင်၍လက်ခံလိုက်သည်။
“မကြာမီအချိန်တွင် ကျွန်မ၏ဖျားနာမှုမှာ ဦးနှောက်ဖောက်ပြန်ခြင်းမဟုတ်ကြောင်းနှင့် ကျွန်မအား ပေးသည့်ဆေးမှာ ထိရောက်မှုမရှိကြောင်းကို သဘောပေါက်လာသည်။ ပုံမှန်လမ်းလျှောက်မှုပင် အလွန်ခက်ခဲသောလုပ်ဆောင်မှုဖြစ်လာသည်။ ကျွန်မလျှောက်သွားသည့်လမ်း၌ တစ်ဦးတစ်ယောက်နှင့်တွေ့ဆုံရမည်ကို ကြောက်ရွံ့လာသည်။ ခရစ်ယာန် အစည်းအဝေးများကို တက်ရောက်ရန် ကျွန်မခွန်အားစိုက်ထုတ်ခဲ့ရသည်။ မကြာခဏ ကျွန်မသည်ထိုင်နေစဉ် ချွေးသီးချွေးပေါက်ကျ၍ မူးဝေလာရာ နဖူးပေါ်လက်တင်၊ နှလုံးတဒိတ်ဒိတ်ခုန်မြည်လျက်၊ ဦးနှောက်သည်လည်းဗလာဖြစ်သွားတတ်သည်။ တစ်ခါတစ်ရံ ကျွန်မ၏ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာ တောင့်တင်းနေပြီး ကျဉ်တက်သွားသည်။ တစ်ကြိမ်တွင် ကျွန်မသေတော့မည်ဟု မှတ်ယူလိုက်သည်။
“ကျွန်မဓမ္မအမှုဆက်ဆောင်ရွက်နိုင်သည်မှာ အံ့ဩစရာဖြစ်သော်လည်း ကျွန်မ၏ဓမ္မအမှုက ကျွန်မကို တကယ်ခွန်အားပေးပါသည်။ တစ်ခါတစ်ရံ ကျမ်းစာသင်အံမှုပြုလုပ်ခြင်းသည် ခဲယဉ်းလွန်းသဖြင့် ကျွန်မ၏အဖော်က ဆက်၍သင်တန်းကိုင်ပေးခဲ့ရသည်။ ကျွန်မတို့၏ဟောပြောခြင်းလုပ်ငန်းသည် အမှန်တကယ်ပင် တွဲဖက်အားထုတ်မှုဖြစ်ပြီး အဆုံး၌ ယင်းကို ဘုရားသခင်ကကြီးပွားစေသည်။ (၁ ကောရိန္သု ၃:၆၊ ၇) သိုးကဲ့သို့သောသူများသည် သွန်သင်ပေးသူ၌ကန့်သတ်ချက်များရှိသည့်ကြားမှပင် နားထောင်၍တုံ့ ပြန်ကြပါသည်။
“၁၉၉၁ ခုနှစ် မတ်လအတွင်း၊ ကျွန်မ၏ခင်ပွန်းက ထိတ်လန့်မှုရောဂါနှင့်ပတ်သက်၍ စာအုပ်ငယ်တစ်အုပ်ကိုပြသည်။ ဖော်ပြထားသောလက္ခဏာများသည် ကျွန်မဖြစ်သည်နှင့်အတူတူပင်! ထိုအကြောင်းအရာကို ပိုမိုလေ့လာဖတ်ရှု၊ ဟောပြောချက်များတက်ပြီး အထူးကုတစ်ဦးထံ သွားရောက်ပြသခဲ့သည်။ အနှစ်နှစ်ဆယ်ကြာမှ ကျွန်မ၏ပြဿနာကို သိလိုက်ရသည်။ ကျွန်မသည် တဖြည်းဖြည်းနာလန်ထစပြုလာသည်။
“ထိတ်လန့်ခြင်းရောဂါဖြစ်သူအများစုကို ထိရောက်သောကုသမှုဖြင့် ကူညီပေးနိုင်ပါသည်။ မိတ်ဆွေများသည် ကိုယ်ချင်းစာနာကြပါက အလွန်အထောက်အကူဖြစ်နိုင်သည်။ နားလည်မှုရှိသောမိတ်ဆွေတစ်ဦးသည် ဝေဒနာရှင်အပေါ် အပြစ်ဖို့မည့်အစား ထိတ်လန့်ခြင်းရောဂါသည်သည် လူတို့ကိုတမင်တကာရှောင်ခြင်းမဟုတ်ကြောင်း သဘောပေါက်လိမ့်မည်။—၁ သက်သာလောနိတ် ၅:၁၄ နှိုင်းယှဉ်။
“လွန်ခဲ့သော အနှစ် ၂၀ ကိုပြန်ပြောင်းစဉ်းစားစဉ် ယင်းသို့ဖြစ်နေသည့်ကာလတစ်လျှောက်လုံး ကျွန်မသည်အချိန်ပြည့်ဓမ္မအမှုတွင် ဆက်လက်၍ပါဝင်နိုင်သည့်အတွက် ကျေးဇူးတင်စေသည်။ ကျွန်မအတွက် ရုန်းကန်ခဲ့ရကျိုးနပ်သည့် ကောင်းချီးမင်္ဂလာတစ်ခုပင်ဖြစ်သည်။ တစ်ချိန်တည်း၌ပင် ဧပဖြောဒိတ်ကဲ့သို့ ကျန်းမာရေးမကောင်းသဖြင့် အချို့သည် ဘုရားသခင်၏လုပ်ငန်းတော်အခွင့်အရေးများကို စွန့်လွှတ်လိုက်ရမည်ဖြစ်ကြောင်း ကျွန်မသဘောပေါက်လာသည်။ ယေဟောဝါသည် ဤသူတို့ကိုစိတ်မပျက်ပါ။ လူတစ်ဦး တတ်နိုင်သည်ထက် သူ့ထံမှကိုယ်တော်မမျှော်လင့်ပါ။
“ဤရောဂါက ကိုယ့်ကိုကိုယ်အလွန်အရေးကြီးသည်ဟု မယူဆရန် ကျွန်မကိုသွန်သင်ပေးခဲ့ပြီ။ ယင်းကြောင့် ကန့်သတ်ချက်များရှိသောအခြားသူတို့ကို ကိုယ်ချင်းစာနာတတ်စေခဲ့ပြီ။ သို့သော် အရေးကြီးဆုံးကား ယေဟောဝါနှင့်ရင်းနှီးရန် ကျွန်မကိုကူညီပေးခဲ့ပြီ။ ကျွန်မသည် ခံခဲ့ရသည့်ဒုက္ခတစ်လျှောက် ကိုယ်တော်သည် ခွန်အားနှင့် နှစ်သိမ့်မှု၏ဇာစ်မြစ်ဖြစ်ကြောင်း ထပ်ခါထပ်ခါ ကျွန်မမြင်တွေ့ခဲ့သည်။”
[အောက်ခြေမှတ်ချက်များ]
a ခရစ်ယာန်များသည် စိတ်ညှို့ခြင်း သို့မဟုတ် မိမိကိုယ်ကိုမိမိစိတ်ညှို့ခြင်းတို့ ပါဝင်သောနည်းများကို ရှောင်ရှားကြပါသည်။ သို့သော်လည်း စိတ်ကိုဗလာထားခြင်း သို့မဟုတ် အခြားသူတစ်ဦး၏ထိန်းချုပ်မှုကိုခံခြင်းနှင့် မသက်ဆိုင်ကြောင်းထင်ရှားသော စိတ်တွင်မြင်ယောင်ခြင်းနှင့် ပြန်ပြောင်းဆင်ခြင်သုံးသပ်ခြင်း လေ့ကျင့်မှုအချို့ရှိပါသည်။ ထိုကုသမှုများကိုလက်ခံခြင်း၊ မခံခြင်းသည် တစ်ဦးစီ၏ဆုံးဖြတ်ချက်သာဖြစ်ပါသည်။—ဂလာတိ ၆:၅။
b ၁၉၉၂၊ အောက်တိုဘာ ၈ ရက်ထုတ် နိုးလော့! [လိပ်] စာမျက်နှာ ၃-၉ နှင့် ၁၉၈၇၊ အောက်တိုဘာ ၂၂ ရက်ထုတ် နိုးလော့! [လိပ်] စာမျက်နှာ ၇-၁၆ တို့မှ အဆိုးမြင်သဘောထားများကို ပျက်ပြယ်စေခြင်း အကြောင်းရှု။
[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်]
အေးဆေးတည်ငြိမ်ခြင်း အတတ်ပညာ
အေးဆေးတည်ငြိမ်စွာ အသက်ရှူ ရှိုက်ခြင်း။ အလိုလိုထိတ်လန့်လာသည့်အခါ အသက်ရှူနှုန်း မြန်လာတတ်သည်။ သက်သောင့်သက်သာ အသက်ရှူနိုင်ရန် ဤလေ့ကျင့်ခန်းများကို ပြုလုပ်ပါ– မှောက်လိုက်ပါ။ အသက်ရှူစဉ် ခြောက်အထိ ရေတွက်ပါ; အသက်ရှူထုတ်စဉ်ခြောက်အထိ ရေတွက်ပါ။ ပြီးလျှင် ထိုင်လျက် အလားတူအသက်တစ်ဝရှူပါ။ ထို့နောက် မတ်တတ်ရပ်လျက် ထိုသို့ ပြန်ပြုလုပ်ပါ။ ရင်ဝမ်းခြားကြွက်သားမှ အသက်ပြင်းပြင်းရှူလာသည့်အထိ နေ့စဉ်မှန်မှန်လေ့ကျင့်ပေးပါ။ အချို့တို့သည် ဤလေ့ကျင့်ခန်းကို ပြုလုပ်နေစဉ် အလွန်လှပသောရှုခင်းများကို တွေးဆမြင်ယောင်ခြင်းဖြင့် အကျိုးရရှိကြသည်။
အေးဆေးတည်ငြိမ်စွာ တွေးခေါ်ခြင်း။ ‘ငါမူးလဲသွားရင် ဘယ်လိုလုပ်မလဲ။’ ‘ငါ့ကို ကူညီမယ့်သူ ဘယ်သူမှမရှိဘူးဆိုရင်ကော ဘယ်လိုလုပ်မှာလဲ။’ ‘ငါနှလုံးရပ်သွားရင်ကော။’ ဘေးရောက်မှာကို တွေးကြောက်ခြင်းက ထိတ်လန့်ခြင်းကိုဖြစ်စေနိုင်သည်။ ယင်းအတွေးများမှာ အများအားဖြင့် နောက်နောင်ဖြစ်မည့်ဘေးများ သို့မဟုတ် ဖြစ်ခဲ့ပြီး သောအဖြစ်အပျက်များနှင့် ပတ်သက်သည့်အတွက် လက်ရှိ အခြေအနေပေါ်အာရုံစူးစိုက်ပါ။ ဒေါက်တာ အဲလန် ဂိုလ်စတိုင်းက “မျက်မှောက်ကာလကို အာရုံစူးစိုက်ခြင်းသည် ချက်ချင်းပင်စိတ်တည်ငြိမ်စေသည်” ဟုပြောသည်။ သင့်လက်ကောက်ဝတ်တွင် သားရေကွင်းတစ်ကွင်းပတ်ထားလိုက်ပါဟု အချို့ကအကြံပေးသည်။ ဘေးရောက်မှာကို တွေးကြောက်လာပါက ယင်းကို ဆတ်ခနဲဆွဲကျပ်လိုက်ကာ “တော်တော့!” ဟုကိုယ့်ကိုကိုယ်ပြောလိုက်ပါ။ စိုးရိမ်ခြင်းမှတစ်ဆင့် ထိတ်လန့်ခြင်းအထိမတိုးပွားမီ ယင်းကို ဖြေဖျောက်ပစ်ပါ။
အေးဆေးတည်ငြိမ်စွာ တန်ပြန်ခြင်း။ ထိတ်လန့်ခြင်းဖြစ်လာလျှင် မတိုက်လှန်ပါနှင့်။ ယင်းသည် ခံစားချက်တစ်ခုသာဖြစ်ပြီး၊ ခံစားချက်က သင့်ကို အန္တရာယ်မပေးနိုင်ပါ။ သင်သည် ပင်လယ်တွင် လှိုင်းများကိုကြည့်နေသည်ဟု မြင်ယောင်လိုက်ပါ။ ယင်းတို့သည် မြင့်တက်လာသည်၊ အထွတ်အထိပ်သို့ရောက်လာပြီးနောက် ပြန်ဆင်းသွားသည်။ ထိတ်လန့်ခြင်းသည်လည်း အလားတူပုံစံမျိုးပင်ဖြစ်သည်။ လှိုင်းကို ဆန်တက်မည့်အစား ယင်းကို လိုက်စီးသွားပါ။ အလိုလို ပြယ်သွားလိမ့်မည်။ ပျောက်သွားသည့်အခါ လွန်ကဲစွာတုံ့ပြန်ခြင်း သို့မဟုတ် လွန်ကဲစွာဆန်းစစ်ခြင်း မပြုပါနှင့်။ ယင်းသည် အခိုက်အတန့်နှာချေခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်းကဲ့သို့ပင် ပျောက်သွားပါပြီ။
ထိတ်လန့်ခြင်းသည် အနိုင်ကျင့်သူတစ်ဦးနှင့်တူသည်။ သူ့ကိုစိတ်ဆိုးအောင်ဆွပေးလျှင်၊ သူနှောင့်ယှက်လိမ့်မည်; သူ့ကိုသွားမဆွပေးလျှင် သူ့ဘာသာသူထွက်သွားပါလိမ့်မည်။ အေးဆေးတည်ငြိမ်ခြင်း အတတ်ပညာသည် “ထိတ်လန့်မှုဖြစ်ပေါ်ချိန်တွင် ယင်းကို ‘တား’ တတ်ဖို့ သို့မဟုတ် ‘ပြယ်’ သွားအောင်ပြုလုပ်ပေးဖို့ မဟုတ်ပါ။ ယင်းအစား သင်၌ ထိတ်လန့်ခြင်းဖြစ်နေစဉ် သင်ပြုလုပ်နေရမည့်အမှုများကဲ့သို့သာ ယူမှတ်ပါ” ဟုဒေါက်တာ အာရ်. ရိဒ် ဝီလ်ဆင်ကရှင်းပြသည်။
[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်]
လဟာကြောက်လွန်ခြင်း၊ ကြောက်ရွံ့ ခြင်းကိုကြောက်ခြင်း
အလိုလိုထိတ်လန့်ခြင်းကို ခံစားရသူများစွာတို့သည် လဟာကြောက်လွန်ခြင်းဖြစ်သွားတတ်သည်။ လဟာကြောက်လွန်ခြင်းကို လူအများစုဝေးရာနေရာများကိုကြောက်ရွံ့ ခြင်းဟု သတ်မှတ်ဖော်ပြထားသော်လည်း ယင်းကို ကြောက်ရွံ့ ခြင်းကိုကြောက်ခြင်းဟု သာ၍တိကျစွာခေါ်ဆိုနိုင်ပါသည်။ လဟာကြောက်လွန်ခြင်းဖြစ်သူများသည် ထိတ်လန့်ခြင်းကိုအလွန်ကြောက်ရွံ့သောကြောင့် ယခင်က အလိုလိုထိတ်လန့်ခြင်းဖြစ်ခဲ့သော နေရာအားလုံးကိုရှောင်လေ့ရှိကြသည်။ မကြာမီ “စိတ်ချရသော” နေရာတစ်ခုတည်းသာကျန်တော့သည်—အများအားဖြင့် မိမိ၏နေအိမ်သာဖြစ်သည်။
စာရေးသူမဲလ်ဗင် ဂရင်က “သင်သည် အိမ်ထဲမှထွက်စပြုနေသည်ဆိုပါစို့။ ရုတ်တရက်၊ သင်တစ်ခါမျှမတွေ့ဖူးသော အားကောင်းမောင်းသန်လူကြီးတစ်ယောက် ဗြုန်းစားကြီးပေါ်လာသည်။ သူသည် ဘေ့စ်ဘောဘက်တံကိုကိုင်ထားကာ အကြောင်းမဲ့ သင့်ခေါင်းကိုရိုက်ချလိုက်သည်။ သင်သည် ဒယီးဒယိုင်ဖြင့် အိမ်ထဲသို့ပြန်ဝင်ကာ အခုလေးတင်ဖြစ်ခဲ့ရာကို မယုံနိုင်အောင်ရှိနေမည်။ သက်သာသွားသောအခါ၊ တံခါးဝမှအပြင်သို့ချောင်းကြည့်လိုက်ရာ အရာအားလုံးပုံမှန်အခြေအနေအတိုင်း ဖြစ်ဟန်ရှိသည်။ ထိုအခါ လမ်းထွက်ရန် သင်ပြင်ဆင်သည်။ ရုတ်တရက် သူ့ကိုတွေ့လိုက်ရာ ထပ်မံ၍ သင်အရိုက်ခံရပြန်သည်။ လုံခြုံစိတ်ချရသောအိမ်ထဲသို့ သင်ပြန်ဝင်သွားသည်။ အိမ်နောက်ဖေးတံခါးဝမှ သင်ကြည့်လိုက်ရာ . . . ထိုနေရာတွင် သူရှိနေသည်။ ပြတင်းပေါက်မှကြည့်လိုက်ပြန်ရာ . . . ထိုတွင်လည်း သူရှိနေပြန်သည်။ လုံခြုံစိတ်ချရသော သင်၏အိမ်မှထွက်လျှင် နောက်တစ်ခါအရိုက်ခံရမည်ကို သင်သိထားသည်။ မေးစရာမှာ သင်အပြင်သို့ထွက်မည်လော” ဟူ၍ပြောပြသည်။
လဟာကြောက်လွန်ခြင်းဖြစ်သူများစွာတို့သည် အထက်ပါသရုပ်ဖော်ပြချက်အတိုင်း ခံစားကြရကာ မိမိတို့၏အခြေအနေမှာ မျှော်လင့်ချက်ကင်းမဲ့လျက်ရှိသည်ဟု ယူမှတ်ကြသည်။ သို့သော် ဒေါက်တာ အဲလန် ဂိုလ်စတိုင်းက ဤသို့နှစ်သိမ့်ပေးပါသည်– “သင်တစ်ဦးတည်းသာ ဤသို့ဖြစ်သည်မဟုတ်ပါ။ . . . သင့်ကိုယ်သင် ကူညီပေးနိုင် ပါသည်။”