ပြောင်းရွှေ့စရိတ်ကို ချင့်တွက်ပါလေ!
တောင်အာဖရိကမှ နိုးလော့!သတင်းထောက်ပေးပို့သည်
နိုင်ငံနောက်တစ်ခုသို့ပြောင်းရွှေ့ရန် သင်စဉ်းစားနေပါသလော။ ကုန်ကျစရိတ်ကိုတွက်ပြီးပြီလော။ ငွေရေးကြေးရေးစရိတ်မျှကို ဆိုလိုနေခြင်းမဟုတ်ပေ။ တကယ်ဆိုလျှင် လူအများသည် စီးပွားရေးဖူလုံမှုအတွက် ပြောင်းရွှေ့ရန်စဉ်းစားကြ၏။ တကယ်ပြောင်းရွှေ့ပြီးနောက်မှသာ ထင်ရှားလာသည့် ဖုံးကွယ်နေသောကုန်ကျစရိတ်များကို ဆိုလိုနေခြင်းဖြစ်သည်။ ထိုအခါတွင် နောက်ကြောင်းပြန်ရန် အလွန်နောက်ကျလေ့ရှိသည်။ အောက်ပါအချက်အလက်များသည် သင့်ကိုထိတ်လန့်စေရန် မရည်ရွယ်သော်လည်း စဉ်းစားထိုက်သောအချက်များဖြစ်သည်–
“ဘာသာစကားအသစ်တစ်ခုကို သင်ယူရန် နှိမ့်ချမှုနှင့် အားထုတ်မှုလိုသည်။ မိမိ၏စကားကို နားမလည်နိုင်ကြသောကြောင့် ကလေးများကပင် မိမိအား လူထူးလူဆန်းဟု ထင်မှတ်ကြခြင်းကို လူကြီးတစ်ဦးအတွက် ခံရခက်စေသည်။ အယောင်ယောင်အမှားမှားဖြစ်မိ၍ အမှားများအတွက် အမြဲရယ်မောခံရခြင်းသည် လူများစွာအတွက် မာနကိုထိပါးသော စမ်းသပ်မှုကြီးတစ်ခုဖြစ်၏။ ဒေသခံစကားကိုမပြောတတ်သော နိုင်ငံခြားသားများအတွက် ဘဝသည် မခံမရပ်နိုင်လောက်အောင် အထီးကျန်ဆန်လှပေသည်။”—ရိုးစ်မေရီ၊ ဂျပန်နိုင်ငံတွင် သာသနာပြုသူတစ်ဦး။
ဘာသာစကားကို အတော်အတန် သင်တတ်ထားသည်ဟု ယူမှတ်ကောင်းယူမှတ်ပေမည်။ သို့ရာတွင် ပြောင်းရွှေ့သည့်အတွက် ပျော်ရွှင်နိုင်ရန် သင့်မိသားစုတစ်စုလုံးသည် ဘာသာစကားကို အတော်အတန်တတ်ထားကြောင်း သေချာပါသလော။
မိသားစုမှ အချို့သူများသည် ပြောင်းရွှေ့ရန်ဆန္ဒမရှိဘဲ အတင်းတိုက်တွန်းခံရ၍ ပြောင်းရွှေ့ခဲ့ရသည်ဆိုလျှင် မိသားစုကို မည်သို့ထိခိုက်မည်နည်း။ “[မက္ကဆီကိုမှ] အမျိုးသမီးအချို့သည် တိုင်းတစ်ပါးသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ချက်တွင် ပြောပိုင်ခွင့်မရှိ၊ နဂိုကတည်းကလည်း ပြောင်းလိုသည့်ဆန္ဒမရှိကြ၊ ပြောင်းသွားပြီးနောက်တွင်လည်း အမေရိကန်နိုင်ငံတွင် ဆက်၍မနေလိုကြချေ” ဟုလေးလတစ်ကြိမ်ထုတ် အမျိုးသမီးရေးရာစိတ်ပညာ ဂျာနယ်ကဆိုသည်။ အဆိုပါအခြေအနေများကြား အတင်းအကျပ်ပြောင်းရွှေ့ခြင်းသည် မိသားစုစည်းလုံးမှုကို ထိခိုက်စေနိုင်၏။ သို့သော် ဝင်ငွေရှာသူက မိမိတစ်ဦးတည်းပြောင်းရွှေ့လျှင်ကော။
တောင်အာဖရိကရှိ ကျေးလက်နိုင်ငံငယ်တစ်ခုတွင် “မည်သည့်အချိန်တွင်မဆို အမျိုးသားကြီးများ” ၅၀ ရာခိုင်နှုန်းကျော်သည် “မရှိကြ” ကြောင်းအာဖရိက လူဦးရေ၊ ပြောင်းရွှေ့ခြင်းနှင့်မြို့ပြ စာအုပ်တွင် ခန့်မှန်းထားသည်။ ဤသို့မရှိကြခြင်းသည် မိသားစု၏ရောင့်ရဲမှုနှင့် တည်ငြိမ်မှုကို ပျက်စီးစေနိုင်သည်။ ယင်းက အိမ်ထောင်ဖက်များသည် ဖောက်ပြန်ရန်ဖြစ်နိုင်ခြေကို လမ်းဖွင့်ပေးရာလည်း ရောက်နိုင်သည်။ မိသားစုသည် ပြောင်းရန်မပြောင်းရန် မည်သို့ပင်ဆုံးဖြတ်စေကာမူ တစ်စုတစ်ရုံးရှိနိုင်ခြင်းသည် မည်မျှကောင်းမည်နည်း! မိသားစုစည်းလုံးမှုကို ငွေဖြင့်ဝယ်ယူ၍မရနိုင်ပါ။
ထို့အပြင် စိတ်စွန်းကွက်ခံရခြင်းသည် အလွန်ခံရခက်သည့် ဝန်တစ်မျိုးဖြစ်သည်။ “အင်္ဂလန်ကို ရောက်လာမှပဲ ‘အသားအရောင်ခွဲခြားမှုကိုသိရတော့တယ်’ ဟုအိန္ဒိယမှ ပြောင်းရွှေ့သူတစ်ဦးက ပြန်ပြောပြခဲ့သည်။ “အဲ့ဒါကို [သိရှိလာရခြင်း] ဟာတကယ့်ကို အခံရခက်တယ်။ ခါးသီးတဲ့ထိတ်လန့်စရာပါပဲ။ ဒါတွေအားလုံးကနေဝေးဖို့ အိမ်ပြန်ချင်စိတ်ပေါက်ခဲ့တယ်။”—သည် အန်-မဲလ်တင်းန် ပေါ့ထ်။
ထို့ကြောင့် မပြောင်းရွှေ့မီ သင့်ကိုသင်မေးပါ– ‘ရွေးချယ်ရမည့်အရာများကား အဘယ်နည်း။ မိမိနေရင်းပြည်တွင်ပင် အလိုက်သင့်မပြောင်းလဲနိုင်ပေလော။ အခြားတစ်နိုင်ငံသို့ ပြောင်းရွှေ့ခြင်းသည် အကျိုးနပ်ပါမည်လော။’ အကျိုးရှိကောင်းရှိပေမည်။ သို့သော် သင်မဆုံးဖြတ်မီ ယေရှု၏ ဤအကြံဉာဏ်ကောင်းကို သုံးသပ်ကြည့်ပါ– “သင်တို့တွင် တစ်ယောက်သောသူသည် တိုက်ကိုတည်မည်ဟုအကြံရှိလျှင်၊ ထိုတိုက်ပြီးအောင် ငွေလောက်မည် မလောက်မည်ကိုသိခြင်းငှာ၊ ရှေးဦးစွာထိုင်၍ ကုန်ကျစရိတ်ကို မချင့်တွက်ဘဲ နေမည်လော။”—လုကာ ၁၄:၂၈။