“အဆိုးရွားဆုံး သိပ္ပံဆိုင်ရာလုပ်ကြံဖန်တီးမှုကြီး”
ဗြိတိန်နိုင်ငံမှ နိုးလော့! သတင်းထောက်ပေးပို့သည်
၁၉၁၂ ခုနှစ်တွင်ရှာဖွေတွေ့ရှိခဲ့သည့် ပစ်လဒေါင်းလူသည် “ဤရာစုအတွင်း အဆိုးရွားဆုံး သိပ္ပံဆိုင်ရာ လုပ်ကြံဖန်တီးမှုကြီးဖြစ်သည်” ဟုလန်ဒန်ထုတ် သည်တိုင်းမ်စ်ကဆိုသည်။ ယင်းသည် လူသားအဆင့်သို့တက်လှမ်းသည့်ဆင့်ကဲဖြစ်စဉ်တွင် လွတ်နေသည့်ကွင်းဆက်အဖြစ် အချို့ယူမှတ်သကဲ့သို့မဟုတ်ဘဲ ဦးခေါင်းခွံမှာမျက်မှောက်ခေတ်လူ၏ဦးခေါင်းဖြစ်ပြီး အောက်မေးရိုးမှာ အော်ရန်အူတန်လူဝံ၏မေးရိုးဖြစ်ကြောင်း သိပ္ပံနည်းကျစမ်းသပ်မှုများက သက်သေထူလိုက်သည့်နောက် ၁၉၅၃ ခုနှစ်တွင်အဆိုပါအတိုင်း ဖော်ထုတ်လိုက်သည်။ ယင်းသို့သော ပညာသားပါသည့်လှည့်ကွက်မျိုး မည်သူကျူးလွန်ခဲ့သနည်း။
သံသယလက်ချောင်းက ရုပ်ကြွင်းများတွေ့သူဖြစ်သော ရှေ့နေလည်းဖြစ်၊ အပျော်တမ်းဘူမိဗေဒပညာရှင်လည်းဖြစ်သူ ချားလ်ဒေါ်စန်ကို နှစ်နှင့်ချီပြီးထိုးပြခဲ့သည်။ အခြားသံသယဝင်ခံရသူများထဲတွင် စိတ်အားထက်သန်သောဆင့်ကဲဝါဒီနှင့် ဘုရင့်ကောလိပ်ခွဲစိတ်ကုဆရာဝန်များ၏ဥက္ကဌဟောင်း အာသာခတ်သ်၊ ဗြိတိသျှစာရေးဆရာ ဆာအာသာ ကွန်နန်ဒေါ်လီနှင့် ပြင်သစ်ဘုန်းတော်ကြီး ပီရဲ တေရာဒရှာဒါတို့ပါဝင်သည်။ အပြီးအပြတ်သက်သေပြချက်မရှိသော်လည်း နောက်ဆုံးတွင် တာဝန်ရှိသူမှာ ဒေါ်စန်ဖြစ်ကြောင်း ယူမှတ်ခံရသည်။
ယခုတွင် တရားခံအစစ်ကို အမည်နှင့်တကွဖော်ထုတ်လိုက်ပြီးဖြစ်သည်။ သူသည် ၁၉၆၁ ခုနှစ်တွင်သေဆုံးခဲ့သော ယခင် လန်ဒန်သဘာဝသမိုင်းပြတိုက် သတ္တဗေဒပြတိုက်မှူး မာတင် အေစီ ဟင်တန်ဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် ဟင်တန်ပိုင်ဆိုင်ခဲ့သော ရွက်ဖျင်သေတ္တာကြီးကို ပြတိုက်အတွင်းရှာဖွေတွေ့ ရှိခဲ့သည်။ အထဲတွင် သေချာစွာစမ်းသပ်စစ်ဆေးထားသော ဆင်သွားများ၊ ရေမြင်းကျောက်ဖြစ်ရုပ်ကြွင်းတစ်ခု၏အစိတ်အပိုင်းများနှင့် အခြားအရိုးများပါရှိသည်။ အားလုံးတွင် ပစ်လဒေါင်းအရိုးများ၏အချိုးအစားအတိုင်း သံချေးနှင့် မဂ္ဂနိချေးများတက်နေသည်ကို တွေ့ရှိရသည်။ သို့သော် အပြီးသတ်ဆုံးဖြတ်ပေးသည့်အချက်မှာ ထိုသွားများ၌ ဆေးဆိုးသည့်အခါတွင်လည်းအသုံးပြုသည့် ခရိုမီယံကို တွေ့ရခြင်းဖြစ်သည်။
အဖြစ်မှန်ကိုတင်ပြရာ၌ လန်ဒန်ဘုရင့်ကောလိပ်၏ ပါမောက္ခ ဘရိန်း ဂါဒင်နယ်က ဤသို့ဆိုသည်– “ဟင်တန်ကို တကယ့်လူနောက်တစ်ယောက်အဖြစ် သိကြပြီး . . . [သူ၏] ရည်ရွယ်ချက်ကို ပေးစာအချို့ကဖော်ပြသည်။” ဂါဒင်နယ်က ဤသို့နိဂုံးချုပ်သည်– “သူပဲဆိုတာ ကျွန်တော်ရာနှုန်းပြည့်သေချာတယ်။” ဟင်တန်သည် မိမိအား အသိအမှတ်ပြုရန် သို့မဟုတ် ရထိုက်သည်ဟုသူထင်မှတ်သောငွေကိုမပေးသည့် သူ၏အထက်အရာရှိ အာသာစမစ်သ် ဝုဝါ့ဒ်အား ကလဲ့စားချေရန် ကြိုးစားခဲ့ကြောင်း အထောက်အထားက အရိပ်အမြွက်ဖော်ပြသည်။ ဝုဝါ့ဒ်သည် ပိပိရိရိအလိမ်ခံခဲ့ရပြီး လိမ်လည်မှုကိုမဖော်ထုတ်မီငါးနှစ်အလိုဖြစ်သော သူသေချိန်အထိ ပစ်လဒေါင်းလူသည် အစစ်အမှန်ဖြစ်ကြောင်း ယုံကြည်သွားခဲ့သည်။ ဖြေဆိုရန်ကျန်နေသည့် တစ်ခုတည်းသောမေးခွန်းမှာ ဝုဝါ့ဒ်က လုပ်ကြံဖန်တီးမှုကြီးကို အမှန်အဖြစ် လူသိရှင်ကြားအတည်ပြုလျှင်ပြုခြင်း ဟင်တန်သည် မိမိ၏လိမ်လည်မှုကို အဘယ့်ကြောင့်ဝန်မခံခဲ့သနည်း။ သိပ္ပံလောကတစ်ခုလုံးက ပစ်လဒေါင်းလူကို လျင်မြန်စွာလက်ခံထားပြီဖြစ်ရာ ဟင်တန်သည် မိမိ၏လိမ်လည်မှုအတိုင်း ဆက်လက်အသက်ရှင်သွားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိဟု ထင်မှတ်သောကြောင့်ဖြစ်ပုံရှိသည်။
ယင်းသို့သော ထင်ပေါ်သောသူများ၏ ပစ်လဒေါင်းဦးခေါင်းခွံအားအတည်ပြုမှုကို လူများကလည်း လက်ခံခဲ့ကြသည်။ စာအုပ်များနှင့်စာနယ်ဇင်းများက လျင်မြန်စွာသတင်းဖြန့်ကြစဉ် ကမ္ဘာတစ်လွှားပြတိုက်များက ဦးခေါင်း၏ပုံတူများနှင့် ဓာတ်ပုံများကို အထင်ကရဖြစ်အောင်ဖော်ပြကြသည်။ ဟင်တန်၏ကျီစားမှုကြောင့် ဖြစ်ပေါ်လာသောဆိုးကျိုးများကို တွက်ဆ၍ပင်မရပေ။ “ငါကျီစားရုံမျှသာပြုသည်ဟုဆိုလျက်၊ မိမိအိမ်နီးချင်းကိုလှည့်စားသောသူသည် မီးစ၊ မြား၊ သေဘေးကိုပစ်တတ်သော အရူးနှင့်တူ၏” ဟူသောကျမ်းစာမှတ်ချက်သည် မည်မျှဆီလျော်ပါသည်တကား!—သု. ၂၆:၁၈၊ ၁၉။
[စာမျက်နှာ ၂၃ ပါ ဇယား]
မည်းနေသောအပိုင်းသည် လူဦးခေါင်းတစ်ခု၏အစိတ်အပိုင်းများဖြစ်သည်
ဖျော့နေသည့်အပိုင်းတစ်ခုလုံးသည် ပလာစတာဖြင့်စေ့စပ်ထားခြင်းဖြစ်သည်
မည်းနေသည့်အပိုင်းသည် အော်ရန်အူတန်၏ မေးရိုးနှင့်သွားများ၏အစိတ်အပိုင်းများဖြစ်သည်