လာလတ္တံ့သော ရာသီဥတု
ကျွန်ုပ်တို့၏လေထု ညစ်ညမ်းမှုမှာ လူတို့ဖန်တီးထားသည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာတစ်ရပ်သာဖြစ်သည်။ အကြီးအကျယ်သစ်တောပြုန်းတီးမှု၊ တိရစ္ဆာန်မျိုးစိတ်များ မျိုးသုဉ်းမှုနှင့် မြစ်များ၊ ကန်များနှင့် သမုဒ္ဒရာများညစ်ညမ်းမှုတို့လည်း ရှိသေးသည်။ အဆိုပါပြဿနာတစ်ရပ်စီကို အသေအချာစိစစ်လေ့လာခဲ့ပြီး ယင်းတို့ကို ပြုပြင်ရန် အစီအစဉ်များဆွဲခဲ့သည်။ ကမ္ဘာချီပြဿနာဖြစ်သောကြောင့် တစ်ကမ္ဘာလုံးစုပေါင်းဖြေရှင်းဖို့လိုအပ်သည်။ ထိုပြဿနာနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သဘောတူညီချက်ရရှိထားပြီး ယင်းတို့ကို ပြုပြင်ပေးရန် လုပ်ဆောင်နိုင်ခဲ့သည့်အရာများရှိသည်။ တစ်နှစ်ပြီးတစ်နှစ် အရေးယူလုပ်ဆောင်ပေးဖို့ တောင်းဆိုသံများကို ကျွန်ုပ်တို့ကြားကြရသည်။ တစ်နှစ်ပြီးတစ်နှစ် မဆိုစလောက်သာလုပ်ဆောင်ခဲ့ကြသည်။ ပေါ်လစီထုတ်သူများက ပြဿနာများကြောင့် မကြာခဏညည်းညူနေကြပြီး တစ်ခုခုလုပ်ရမည်ကို သဘောတူကြသော်လည်း အမှန်တွင် “ကျုပ်တို့လုပ်ရမှာမဟုတ်ဘူး၊ အခုလုပ်ဖို့လည်း မလိုသေးဘူး” ဟုထပ်၍ဆိုကြသည်။
၁၉၇၀ ပြည့်နှစ် မူလကမ္ဘာနေ့တွင် နယူးယောက်မြို့ရှိ ဆန္ဒပြသူများက ဆိုင်းဘုတ်ကြီးတစ်ခုကို သယ်လာကြသည်။ ဤဆိုင်းဘုတ်တွင် ကမ္ဘာဂြိုဟ်က “ကယ်ကြပါ!!” ဟုအော်ဟစ်တောင်းခံနေပုံကို ရေးဆွဲထားသည်။ ဤခယတောင်းပန်နေခြင်းကို မည်သူတုံ့ပြန်မည်နည်း။ အဖြေကို ဘုရားသခင်က ဤသို့ဖော်ပြတော်မူသည်– “မင်းများမှစ၍ မကယ်တင်နိုင်သောလူသားကို မကိုးစားကြနှင့်။ သူသည်အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ခြင်းတွင်၊ သူ၏အကြံအစီတို့သည် ပျက်စီးကြ၏။” (ဆာလံ ၁၄၆:၃၊ ၄) ဆာလံဆရာက လူသားထုရင်ဆိုင်နေရသည့်ရှုပ်ထွေးလှသောပြဿနာမှန်သမျှကို ဖြေရှင်းပေးရန် တန်ခိုး၊ ဉာဏ်ပညာနှင့် အလိုတော်ရှိသူမှာ ဖန်ဆင်းရှင်သာဖြစ်ကြောင်း ဆက်၍ဖော်ပြသည်။ ကျွန်ုပ်တို့ဖတ်ရသည်မှာဤသို့– “မိမိဘုရားသခင်ထာဝရဘုရားကိုမျှော်လင့်သောသူသည် မင်္ဂလာရှိ၏။ ထိုဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့်တကွ အရပ်ရပ်၌ရှိသမျှတို့ကို ဖန်ဆင်းတော်မူ၏။”—ဆာလံ ၁၄၆:၅၊ ၆။
ဖန်ဆင်းရှင်၏မေတ္တာပါကတိတော်
ကမ္ဘာမြေသည် ဘုရားသခင်ထံမှရသည့် လက်ဆောင်ဖြစ်သည်။ နှစ်သက်ဖွယ်ရာသီဥတုကို ဖြစ်ပေါ်စေသည့် ရှုပ်ထွေးပြီးအံ့ဖွယ်ကောင်းသောလှုပ်ရှားလည်ပတ်မှုများပါဝင်သည့် ကမ္ဘာကို ကိုယ်တော် ပုံစံပြုပြီး ဖန်ဆင်းတော်မူခဲ့သည်။ (ဆာလံ ၁၁၅:၁၅၊ ၁၆) ကျမ်းစာက ဤသို့ဆိုသည်– “ထာဝရဘုရားသည် တန်ခိုးတော်အားဖြင့်မြေကြီးကိုဖန်ဆင်းတော်မူပြီ။ ပညာတော်အားဖြင့် လောကဓာတ်ကိုတည်တော်မူပြီ။ ဉာဏ်တော်အားဖြင့်မိုးကောင်းကင်ကိုကြက်တော်မူပြီ။ အသံတော်ကိုလွှတ်တော်မူသောအခါ၊ မိုးရေအသံဗလံဖြစ်တတ်၏။ မြေကြီးစွန်းမှမိုးတိမ်ကိုတက်စေတော်မူ၏။ မိုးရွာသည်နှင့်လျှပ်စစ်ပြက်စေတော်မူ၏။ လေကိုလည်းဘဏ္ဍာတော်တိုက်ထဲက ထုတ်တော်မူ၏။”—ယေရမိ ၁၀:၁၂၊ ၁၃။
လူသားတို့အပေါ်ထားသည့် ဖန်ဆင်းရှင်၏မေတ္တာတော်ကို တမန်တော်ပေါလုက ရှေးလုတ္တရမြို့သားများအား ဖော်ပြခဲ့သည်။ သူကဤသို့ဆိုသည်– “[ဘုရားသခင်သည်] သင်တို့အားကျေးဇူးပြုလျက်၊ အစာအာဟာရနှင့်ဝပြော၍ ဝမ်းမြောက်စေခြင်းငှာ၊ မိုးကောင်းကင်မှမိုးရွာစေတော်မူ၍၊ အသီးအနှံတို့ကိုသီးစေတတ်သော ဥတုကိုပေးတော်မူသောအားဖြင့်၊ ကိုယ်တော်ရှိတော်မူသည်ကို သက်သေမခံဘဲနေတော်မမူ။”—တမန်တော် ၁၄:၁၇။
ကမ္ဘာဂြိုဟ်၏အနာဂတ်သည် လူသားတို့၏ကြိုးစားအားထုတ်မှုများနှင့် စာချုပ်များအပေါ် အမှီမပြုပါ။ ရာသီဥတုနှင့်ပတ်သက်၍ ယင်းကိုထိန်းချုပ်နိုင်စွမ်းရှိသည့်အရှင်က မိမိ၏ရှေးလူမျိုးတော်ကို ဤသို့ကတိပြုခဲ့သည်– “အချိန်တန်မှငါသည် သင်တို့အဖို့ မိုးရွာစေသဖြင့်၊ မြေသည်မိမိဘဏ္ဍာကိုပေး၍၊ ဥယျာဉ်အပင်တို့သည် အသီးသီးကြလိမ့်မည်။” (ဝတ်ပြုရာ ၂၆:၄) မကြာမီ ဤသို့သောအခြေအနေများကို ကမ္ဘာတစ်ခွင်လုံးတွင် လူသားတို့ခံစားကြရမည်။ နာခံမှုရှိသောလူသားတို့သည် ဖျက်ဆီးတတ်သော မုန်တိုင်းများ၊ ပင်လယ်ဒီလှိုင်းကြီးများ၊ ရေလွှမ်းမိုးမှုများ၊ မိုးခေါင်မှုများ သို့မဟုတ် အခြားအခြားသော သဘာဝကပ်ဘေးများကြောင့် ကြောက်လန့်ရခြင်းမည်သည့်အခါမျှရှိတော့မည်မဟုတ်။
ရေလှိုင်းများ၊ လေနှင့် မိုးလေဝသတို့သည် နှစ်ခြိုက်စရာဖြစ်လာမည်။ လူများသည် မိုးလေဝသအကြောင်း ပြောနေဆဲဖြစ်နိုင်သော်လည်း ယင်းအတွက် ဘာမျှလုပ်ပေးကြမည်မဟုတ်ပေ။ ဘုရားသခင်ဖန်တီးမည့်အနာဂတ်တွင် ထိုသို့လုပ်ပေးရန်မလိုသည့်အထိ ဘဝသည် အတိုင်းမသိကောင်းမွန်လှပနေမည်တည်း။