မိမိဘာသာ ဆေးကုသခြင်း အကျိုးကျေးဇူးနှင့် အန္တရာယ်
ဘရာဇီးမှ နိုးလော့! သတင်းထောက်ပေးပို့သည်
“မိမိဘာသာ ဆေးကုသခြင်းမှာ ကမ္ဘာနှင့်အဝန်း တိုး၍ကျယ်ပြန့်လာသည်” ဟုဆေးဝါးထုတ်လုပ်သောကုမ္ပဏီကြီးတစ်ခု၏ ဥက္ကဋ္ဌကဆိုသည်။ “လူတို့သည် မိမိတို့၏ကျန်းမာရေးကို မိမိတို့ဘာသာစောင့်ရှောက်လိုကြသည်။” သို့ဖြစ်သော်ငြားလည်း သင်သတိပြုသင့်သော အန္တရာယ်တစ်စုံတစ်ရာ ရှိပါသလော။
အမှန်မှာ မှန်မှန်ကန်ကန်သုံးစွဲလျှင် ဆေးဝါးသည်သက်သာရာရစေနိုင်၏။ ဥပမာ၊ အင်ဆူလင်နှင့် ပဋိဇီဝဆေးဝါးများအပြင် ဈေးနှုန်းချိုသာသည့် ရိုးရိုးဆေးညွှန်းမျှသာဖြစ်သော ဓာတ်ဆားရည်တိုက်ကျွေးခြင်းကုသနည်းပင်လျှင် မရေမတွက်နိုင်သည့် အသက်ပေါင်းများစွာကို ကယ်ဆယ်၏။ မိမိဘာသာ ဆေးကုသခြင်း၏စိန်ခေါ်ချက်မှာ ဆိုးကျိုးများထက် ကောင်းကျိုးမည်မျှထိရှိသည်ကို သိထားခြင်းဖြစ်၏။
ဝန်ခံရမည်မှာ အချို့နိုင်ငံများ၌ လုံလောက်သော ဆေးဘက်ဆိုင်ရာထောက်ပံ့မှုရရှိရန် အလှမ်းကွာဝေးလွန်းခြင်း သို့မဟုတ် စရိတ်စကကြီးလွန်းခြင်းဖြစ်သည်။ သို့ဖြစ်၍ များစွာတို့သည် မိတ်ဆွေများနှင့် ဆွေမျိုးများ၏အကြံဉာဏ်များ သို့မဟုတ် ဆေးကုသမှုအကြောင်းအချက်နှင့်ပတ်သက်၍ မိမိတို့အား အကူအညီဖြစ်စေသောစာအုပ်များကို အားထားကြသည်။ ထို့အပြင် “ကြော်ငြာများက ဆေးတစ်လုံး ဝယ်ယူသုံးစွဲလိုက်ရုံဖြင့် ကျန်းမာချမ်းသာတော့မည်ဟူသောအတွေးကို ဝင်စေသည်” ဟူ၍ ဘရာဇီးနိုင်ငံ၊ ဆော်ပိုလိုတက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ ဖာနန်ဒူ လိဖ်ဗားကဆို၏။a ရလဒ်အနေဖြင့် အလုပ်ဝန်ပိခြင်း၊ အာဟာရချို့တဲ့ခြင်းနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာအသေးအဖွဲပြဿနာများကိုပင် နိုင်နင်းရန် များစွာတို့က ဆေးဝါးမှီဝဲကြတော့သည်။ လိဖ်ဗားက ဤသို့ထပ်ဆင့်ပြောသည်– “လူတို့သည် မိမိတို့ဘဝအသက်တာ၏အရည်အသွေးကို တိုးတက်စေကြမည့်အစား ဈေးကွက်တွင် အလွယ်တကူဝယ်ယူနိုင်သောပစ္စည်းများဖြင့် ပြဿနာများကိုဖြေရှင်းရန် ကြိုးစားကြ၏။” လူနာ၌ဖြစ်နေသော တကယ့်ရောဂါမှာ အဘယ်အရာဖြစ်သည်ကို သိချင်မှသိမည်။
ခေါင်းကိုက်ခြင်း၊ သွေးတိုးခြင်းနှင့် ဝမ်းပျက်ခြင်းကဲ့သို့သော ဖျားနာမှုများပျောက်ကင်းရန် ဆေးဝါးမှီဝဲခြင်းအပြင် များစွာတို့သည် စိတ်ပူပန်မှု၊ ကြောက်ရွံ့မှုနှင့် အထီးကျန်ခြင်းကိုဖြေရှင်းဖို့ ဆေးဝါးကိုအသုံးပြုမှီဝဲကြ၏။ “လူတို့သည် ဆရာဝန်တို့၏အကူအညီကို ရှာယူကြခြင်းမှာ ဆေးလုံးသည် ဝေဒနာကိုဖြေရှင်းပေးလိမ့်မည်ဟု ယူမှတ်ခြင်းကြောင့်ဖြစ်၏” ဟူ၍ဒေါက်တာ အန်ဒြာဖင်ဂိုးလ်ကပြောသည်။ “ကျန်းမာရေးပညာရှင်များပင်လျှင် ဆေးညွှန်းများညွှန်ကြားခြင်းနှင့် မရေမတွက်နိုင်သောစမ်းသပ်မှုပြုရန် ထောက်ခံလိုစိတ်ရှိကြသည်။ အများအားဖြင့် ဝရုန်းသုန်းကား၊ ဖိစီးမှုနှင့် မနှစ်သက်ဖွယ်ဘဝပုံစံမျိုးဖြင့်နေထိုင်ခဲ့ရသော အဆိုပါလူနာ၏ ဆေးဘက်ဆိုင်ရာနောက်ကြောင်းမှတ်တမ်းကိုသိဖို့ ကြိုးစားအားထုတ်ခြင်းမရှိကြချေ။” စိတ်ငြိမ်ဆေးများ (သဘောထား သို့မဟုတ် အမူအကျင့်ကို ပြောင်းလဲစေသောဆေးဝါးများ) အား တလွဲအသုံးပြုခြင်းကို ကာကွယ်ခြင်းအတွက် ကမ္ဘာ့ကောင်စီမှ ရိုမိုင်လ်ဒို ဗဝန်နိုက ဤသို့ဝန်ခံထားသည်– “ဆရာဝန်များသည် လူနာများကြည့်ချိန်ကို ကန့်သတ်ထားပြီး အနည်းငယ်စစ်ဆေးပြီးနောက် ပြန်လွှတ်လိုက်ရာ ရောဂါလက္ခဏာများကိုသာ ကုသကြလေသည်။” ဆေးဝါးများကို သုံးစွဲခြင်းသည် “လူမှုရေးပြဿနာများကို [ဖြေရှင်းခြင်း] ဖြစ်သော ဆေးဘက်ဆိုင်ရာနည်းလမ်းတစ်ခုဖြစ်သည်။” သို့သော် အခြားဆရာဝန်က လူနာများစွာသည် စိတ်ငြိမ်ဆေးကို ဂရုတစိုက်ဆေးညွှန်းပေးရန်လိုကြောင်း သတိပေးထား၏။
“ပရိုဇက် ဖက်ဒ်” (Prozac Fad) အကြောင်းဆွေးနွေးပြီးနောက် ဘရာဇီးနေ့စဉ်သတင်း အို အက်စ်တဒို ဒီ အက်စ် ပေါလျူက ဤသို့ဆိုသည်– “အခိုက်အတန့်ခေတ်စားလာသော ဆေးတစ်မျိုးသည် ဆံပင်ပုံစံသစ်တစ်ခုကဲ့သို့ပင် တစ်မူထူးခြားသည်ဟု ဆို၏။” ယင်းကို စိတ်ရောဂါကုဆရာဝန် အာသာ ကယူဖ်မန်းက ဤသို့ကိုးကားသည်– “ဘဝတွင် ရှုမြင်သုံးသပ်မှုနှင့် ရည်ရွယ်ချက်ကင်းမဲ့ခြင်းက ဖျားနာမှုအားလုံးမှ လွတ်မြောက်စေနိုင်သည့် ထိရောက်သောဖြေဆေးကိုဖြစ်စေသည့် ဖြစ်ရပ်ဆန်းကိုဖန်တီးပေးသည်။” ကယူဖ်မန်းက ဤသို့ထပ်ဆင့်သည်– “လူသားတို့သည် ချက်ချင်းပျောက်ကင်းစေသည့် ဆေးဝါးများကို ပို၍ပို၍သာ အလေးထားကြရာ သူ၏ပြဿနာများနှင့်ပတ်သက်၍ အကြောင်းရင်းကိုရှာဖွေရေးတွင်စိတ်ဝင်စားခြင်းထက် ယင်းတို့ကိုဖြေရှင်းဖို့ ဆေးလုံးကိုသုံးစွဲခြင်းအား သာ၍နှစ်သက်ကြလေသည်။” သို့သော် မိမိဘာသာ ဆေးကုသခြင်းမှာ ဘေးအန္တရာယ်ကင်းပါသလော။
မိမိဘာသာ ဆေးကုသခြင်း—အန္တရာယ်လော
“၂၀ ရာစုနှစ်တွင် ဆေးပညာနယ်ပယ်၌ ထိုးဖောက်ဝင်ရောက်လာနေသည့် ထူးခြားပေါ်လွင်ချက်များအနက်တစ်ခုမှာ ဆေးဝါးအသစ်များပေါ်ထွက်လာခြင်းပင်ဖြစ်သည်” ဟု ဗြိတဲန်နီကာစွယ်စုံကျမ်းသစ်က ဆိုသည်။ သို့သော် ယင်းက ဤသို့လည်းဆို၏– “အခြားမည်သည့်အကြောင်းရင်းထက်မဆို ဆေးဝါးများကြောင့် သာ၍အဆိပ်အတောက်ဖြစ်စေနိုင်ခြေရှိသည်။” အမှန်မှာ ဆေးဝါးသည် ရောဂါပျောက်ကင်းစေနိုင်သကဲ့သို့ ဘေးလည်းဖြစ်စေနိုင်၏။ ခံတွင်းပျက်စေသည့်ဆေးလုံးများသည် “နဗ်ကြောအဖွဲ့အပေါ် အကျိုးသက်ရောက်မှုရှိသောကြောင့် အိပ်မပျော်ခြင်း၊ အမူအကျင့်ပြောင်းလဲသွားခြင်းနှင့် အချို့ကိစ္စများ၌ ယောင်မှားခြင်းများကဲ့သို့သော ကောင်းကျိုးမပြုသည့် ရောဂါလက္ခဏာများဖြစ်ဖို့ အစပြုစေနိုင်၏” ဟူ၍ စာရေးဆရာ စီလီနီ ဒီ ကက်စ်ထရူးကရှင်းပြသည်။ သူက ဆက်လက်ပြီး “သို့သော် ခံတွင်းပျက်စေသည့်ဆေးလုံးများသည် အစာစားချင်စိတ်အာရုံအပေါ်ကိုသာ အာနိသင်သက်ရောက်သည်ဟူ၍ ယူမှတ်သူမည်သူမဆိုမှာ မိမိကိုယ်ကိုအရူးလုပ်နေခြင်းဖြစ်၏။ ဆေးတောင့်တစ်တောင့်မှာ ကုစားချက်များ၏ဆိုးကျိုးသံသရာအစပြုစေနိုင်ပြီး ဆေးတစ်မျိုးစီက အခြားတစ်မျိုး၏သက်ရောက်မှုကို ပျက်ပြယ်စေသည်” ဟုဆိုသည်။
အများအားဖြင့် အသုံးပြုနေကြသောဆေးဝါးများသည် ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ ပျို့ခြင်း၊ အော့အန်ခြင်းနှင့် သွေးယိုခြင်းကိုပင်ဖြစ်စေနိုင်သည်။ အချို့ဆေးဝါးများသည် ဆေးစွဲသွားခြင်း သို့မဟုတ် ကျောက်ကပ်များနှင့်အသည်းကို ပျက်စီးစေနိုင်၏။
လူသုံးများသော ကျန်းမာရေးဆိုင်ရာထုတ်ကုန်ပစ္စည်းများပင်လျှင် စိတ်ချ၍မရချေ။ “ဤခေတ်စားနေသော ဗီတာမင်အားဖြည့်ဆေးများသည် လွန်စွာပင်အန္တရာယ်ရှိသည်” ဟူ၍ ဘရာဇီးရှိဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတစ်ခုမှ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ အီဖရေး အိုလ်ရှာဗားကသတိပေးသည်။ “မိမိဘာသာ ဆေးကုသကြသူတို့၌သာမက အချက်အလက်များကိုအတိအကျမသိသော ဆရာဝန်အချို့သည် မသေချာမရေရာသည့် ဆေးညွှန်းများကိုပေးကြရာ အမှုမဲ့အမှတ်မဲ့ထားတတ်ကြသော ဘေးအန္တရာယ်များ ကျရောက်လေသည်။” သို့သော် အခြားဆရာဝန်က ဗီတာမင်အားဖြည့်ဆေးများကို လျော်ကန်သောဆေးညွှန်းများအတိုင်း သုံးစွဲခြင်းမှာလိုအပ်သည် သို့မဟုတ် ဖျားနာမှုအချို့နှင့် ချို့တဲ့မှုများကိုကုသရာတွင် အကျိုးဖြစ်ထွန်းစေ၏ဟုဆိုသည်။
စိတ်ချစွာ မိမိဘာသာ ရောဂါလက္ခဏာစိစစ်ခြင်း—မည်သို့နည်း
မအီမသာဖြစ်သည့်အခါတိုင်း ဆရာဝန်တစ်ဦးထံ ကျွန်ုပ်တို့သွားရောက်ရန်မဖြစ်နိုင်ခြင်းကြောင့် ကျန်းမာရေးအသိပညာနှင့် ကျိုးကြောင်းညီညွတ်သော မိမိဘာသာ ဆေးကုသခြင်းက ကျွန်ုပ်တို့၏မိသားစုများအတွက် အကျိုးဖြစ်ထွန်းစေနိုင်ပေသည်။ သို့သော် မည်သည့်ဆေးကုသခြင်းမဆိုမပြုလုပ်မီ မှန်ကန်ထိရောက်သော ရောဂါလက္ခဏာစိစစ်ခြင်းမှာ အရေးပါသည်။ အနီးဝန်းကျင်တွင် ဆရာဝန်မရှိလျှင် သို့မဟုတ် သင့်အနေနှင့် သွားရောက်ဖို့မတတ်နိုင်လျှင် အကြံဉာဏ်ပေးထားသော ပြည့်စုံသည့်ဆေးဘက်ဆိုင်ရာရည်ညွှန်းစာအုပ်က တိကျမှန်ကန်သော ရောဂါလက္ခဏာများကိုခွဲခြားဖို့ အကူအညီဖြစ်စေပေမည်။ ဥပမာ၊ ၁၈၃ မျက်နှာရှိသည့် ရောဂါပြလက္ခဏာဇယားများအပိုင်းပါဝင်သော မိသားစုဆေးဘက်ဆိုင်ရာလမ်းညွှန်ကို အမေရိကန်ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းမှ ထုတ်ဝေထားသည်။ ဟုတ်၊ မဟုတ်အဖြေပေးနိုင်သည့် မေးခွန်းစဉ်တန်းများကို လူနာကဖြေဆိုရန်ဖြစ်သည်။ ဤသို့ ရွေးချယ်စိစစ်သည့်နည်းအားဖြင့် ပြဿနာတစ်ခုကို ရံဖန်ရံခါခွဲခြားသိမြင်နိုင်သည်။
သို့သော် ဆရာဝန်များ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ကော။ အဘယ်အချိန်တွင် ကျွန်ုပ်တို့သည် ပညာရှင်၏အကူအညီကို ရယူသင့်သနည်း။ ကျွန်ုပ်တို့၏ကျန်းမာရေးကို အလွန်အမင်းစိုးရိမ်ခြင်း သို့မဟုတ် ပေါ့ပေါ့ဆဆသဘောထားခြင်းဆိုင်ရာ တစ်ဖက်စွန်းရောက်ခြင်းကို ကျွန်ုပ်တို့ မည်သို့ရှောင်ရှားနိုင်မည်နည်း။ အမှန်ပင်၊ ဖျားနာမှုအပြင် ကိုယ်ရောစိတ်ပါဖျားနာမှုနှင့်ပြည့်နှက်လျက်ရှိသောကမ္ဘာတွင် ကောင်းမွန်သောကျန်းမာရေးကို အတိုင်းအတာတစ်ခုအထိ ကျွန်ုပ်တို့ မည်သို့ရရှိနိုင်မည်နည်း။
[အောက်ခြေမှတ်ချက်]
a နိုင်ငံအများ၌ ဆရာဝန်များစွာနှင့် ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများစွာတို့က ပြစ်တင်ဝေဖန်မှုများပြုလုပ်နေသည့်ကြားမှပင် “သုံးစွဲသူသို့ တိုက်ရိုက်” ကြေညာသည့် ဆေးဝါးများမှာ မကြာသေးမီက သာ၍တိုးများလာလေသည်။
[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]
“အများအားဖြင့် ဝရုန်းသုန်းကား၊ဖိစီးမှုနှင့် မနှစ်သက်ဖွယ်ဘဝပုံစံမျိုးဖြင့် နေထိုင်ခဲ့ရသော အဆိုပါလူနာ၏ ဆေးဘက်ဆိုင်ရာနောက်ကြောင်းမှတ်တမ်းကိုသိဖို့ ကြိုးစားအားထုတ်ခြင်းမရှိကြချေ။”—ဒေါက်တာ အန်ဒြာဖင်ဂိုးလ်
[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်]
အိမ်သုံးဗိန္ဒောဆေးများ
နှစ်ပေါင်းထောင်နှင့်ချီ၍ ယဉ်ကျေးမှုများစွာတွင် လူတို့သည် လယ်ကွင်းများနှင့် သစ်တောများအတွင်း၌ တွေ့ရှိကြသောအပင်များကိုအသုံးပြု၍ မိမိတို့၏ဖျားနာမှုကို ဗိန္ဒောဆေးများဖြင့် ကုသခဲ့ကြပြီ။ နှလုံးဆိုင်ရာပြဿနာများကုသရာတွင် အသုံးပြုသည့် ဒစ်ဂျီတယ်လစ်ဆေးကဲ့သို့သော ခေတ်မီဆေးဝါးများစွာပင်လျှင် အပင်များမှပြုလုပ်ထားခြင်းဖြစ်၏။ သို့ဖြစ်၍ အင်္ဂလန်နိုင်ငံရှိ ဆေးဖက်ဝင်အပင်များအကြောင်း လေ့လာဆည်းပူးသူများ၏ အမျိုးသားတက္ကသိုလ်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ပီနီလ်အိုပီ အိုဒီက “ရိုးရိုးချောင်းဆိုးခြင်း၊ အအေးမိခြင်းနှင့် ခေါင်းကိုက်ခြင်းမှသည် အရေပြားအခြေအနေများအတွက် အထူးကုသခြင်း၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာပြဿနာများနှင့် ကလေးများဖျားနာမှုအထိ ယေဘုယျရောဂါကို သက်သာစေသည့် စိတ်ချရသောကုသမှု ၂၅၀ ကျော်ရှိသည်” ဟု သူ၏စာအုပ်တွင် ဖော်ပြသည်။
သူက ဤသို့ရေးသားသည်– “ဗိန္ဒောဆေးပညာသည် အစဉ်သဖြင့် ‘သာမန်လူသားတို့အတွက်ဆေး’ ဖြစ်သည်။ အသေးအဖွဲဖျားနာမှုများအတွက် လွယ်ကူသောကုထုံးအဖြစ် သို့မဟုတ် နာတာရှည်နှင့် အရေးပေါ်အခြေအနေများအတွက် ပညာရှင်များကညွှန်းသောဆေးများကို သာ၍အာနိသင်သက်ရောက်စေဖို့ ဖြည့်စွက်ပေးသည့်ဆေးအဖြစ် အသုံးပြုနိုင်သည်။” သူက ဤသို့ဆက်ပြောသည်– “ဆေးဖက်ဝင်သောအပင်အများစုမှာ ပင်ကိုအားဖြင့် အတော်အတန်စိတ်ချရသော်လည်း ယင်းတို့ဖြင့်ကုသရာတွင် အထူးဂရုစိုက်သင့်သည်။ ညွှန်းထားသည်ထက်ကျော်လွန်၍ သို့မဟုတ် အခြေအနေများမှာမထူးခြား၊ သာ၍ဆိုးရွားလာခြင်း သို့မဟုတ် အမှန်တကယ်ရောဂါပြလက္ခဏာများမှာ သံသယဝင်စရာဖြစ်လာလျှင် ဗိန္ဒောဆေးများကို ဆက်၍အသုံးမပြုပါနှင့်။”—ဆေးဖက်ဝင်သောအပင် အပြည့်အစုံ။