လုံးဝကောင်းမွန်သောကျန်းမာရေး အိပ်မက်မျှလော
သင်သည် အပြင်းအထန်ဖျားနာခြင်း သို့မဟုတ် ကြီးမားသည့်ခွဲစိတ်ကုသမှုကို ကြုံခဲ့ဖူးပါလော။ ကြုံခဲ့ဖူးလျှင် ယခု သင်သည် အသက်ကို ယခင်ကထက် သာ၍တန်ဖိုးထားပေမည်။ သို့သော် သင်၏ကာယကျန်းမာရေးအခြေအနေ မည်သို့ပင်ရှိစေကာမူ စုံလင်သောကျန်းမာရေးရရှိဖို့ ဖြစ်နိုင်မည်ဟု သင်ယုံကြည်ပါသလော။ ကင်ဆာ သို့မဟုတ် နှလုံးရောဂါကဲ့သို့သော အင်အားဆုတ်ယုတ်စေသည့်ဖျားနာမှုများ နှံ့ပြားနေခြင်းက ယင်းသည် အမှန်ပင်ဖြစ်နိုင်ခြေရှိဟန်မတူချေ။ အမှန်မှာ ကျွန်ုပ်တို့အားလုံး တစ်ချိန်မဟုတ်တစ်ချိန် ဖျားနာကြသည်ချည်းပင်။ သို့တိုင် အပြည့်အဝကျန်းမာခြင်းသည် အိပ်မက်တစ်ခုမျှသာမဟုတ်ချေ။
လူသားတို့အား ဖျားနာခြင်းနှင့် သေခြင်းကိုကြုံတွေ့ရန်မဟုတ်ဘဲ အထူးကောင်းမွန်သောကျန်းမာရေးဖြင့်နေထိုင်ရန် ဖန်ဆင်းထားခြင်းဖြစ်သည်။ သို့ဖြစ်၍ ဖျားနာခြင်းနှင့် သေခြင်းကိုတိုက်ဖျက်ဖို့ ယေဟောဝါသည် လုံးဝကောင်းမွန်သောကျန်းမာရေးနှင့် ထာဝရအသက်အတွက်အခြေခံကို ခရစ်တော်ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာအားဖြင့် စီမံပေးထားသည်။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။” (ယောဟန် ၃:၁၆) ဘုရားသခင့်ကတိထားရာ ကမ္ဘာသစ်တွင် ထာဝစဉ်နေထိုင်သူတို့သည် ချို့တဲ့သောကျန်းမာရေး သို့မဟုတ် အသက်ကြီးရင့်မှုတို့ဖြင့် လုံးပန်းကြတော့မည်မဟုတ်ချေ။ သို့ဆိုလျှင် မမာမကျန်းဖြစ်မှုများ ဘာဖြစ်သွားမည်နည်း။
ဖျားနာခြင်းမှ လွတ်ကင်းခြင်း
မကျန်းမာသူကို ယေရှုခရစ်ကုသပေးခဲ့သည့်နည်းလမ်းက နမူနာဖြစ်သည်။ ထိုသို့သော အနာရောဂါပျောက်ကင်းစေမှုနှင့်ပတ်သက်၍ ဤသို့ဆိုထားသည်– “မျက်စိကန်းသောသူတို့သည် မျက်စိမြင်ရကြ၏။ ခြေမစွမ်းသောသူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသောသူတို့သည် သန့်ရှင်းခြင်းသို့ရောက်ရကြ၏။ နားပင်းသောသူတို့သည် နားကြားရကြ၏။ သေသောသူတို့သည် ထမြောက်ခြင်းသို့ရောက်ရကြ၏။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာသတင်းကို ကြားရကြ၏။” (မဿဲ ၁၁:၃-၅) မှန်ပါသည်၊ ယေရှုထံသို့ချဉ်းကပ်ကြသည့် မသန်စွမ်းသူအားလုံး “ကျန်းမာကြ၏။” (မဿဲ ၁၄:၃၆၊ သမ) ရလဒ်အနေဖြင့် “အသောသူသည် စကားပြောသည်ကိုလည်းကောင်း၊ ချို့တဲ့သောသူသည် ပကတိဖြစ်သည်ကိုလည်းကောင်း၊ ခြေမစွမ်းသောသူသည် လှမ်းသွားသည်ကိုလည်းကောင်း၊ မျက်စိကန်းသောသူသည် မြင်ရသည်ကိုလည်းကောင်း၊ လူအစုအဝေးတို့သည်မြင်လျှင် အံ့သြခြင်းသို့ရောက်၍ ဣသရေလအမျိုး၏ဘုရားသခင်ဂုဏ်တော်ကို ချီးမွမ်းကြ၏။”—မဿဲ ၁၅:၃၁။
အမှန်အားဖြင့် ယနေ့ မည်သူတစ်ဦးတစ်ယောက်မျှ ဤသို့သောကုသမှုမျိုးမပြုလုပ်နိုင်သော်လည်း ဘုရားသခင့်အုပ်ချုပ်မှုအောက်တွင် လူသားတို့ကိုစုံလင်ခြင်းသို့ တိုးမြှင့်ပေးလိမ့်မည်ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာနှင့် ကာယပိုင်းဆိုင်ရာရောဂါမှန်သမျှကို ပျောက်ကင်းစေလိမ့်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါသည်။ ဗျာဒိတ် ၂၁:၃၊ ၄ ၌ ဘုရားသခင့်ကတိတော်ကို ဤသို့မှတ်တမ်းတင်ထားသည်– “ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”
မည်သည့်ဆေးဝါးထုတ်လုပ်သည့်စက်ရုံ သို့မဟုတ် ဆေးရုံများ၊ ခွဲစိတ်ကုသမှု၊ သို့မဟုတ် ရောဂါကုထုံးတို့ မလိုအပ်တော့သည့်ကမ္ဘာကို မြင်ယောင်ကြည့်ပါ။ ထို့အပြင် ပြန်လည်တည်ထောင်သောပရဒိသုတွင် စိတ်ဓာတ်ကျခြင်းနှင့် စိတ်ဝေဒနာများသည် အတိတ်တွင်ကျန်ခဲ့သောအရာများ ဖြစ်ပေလိမ့်မည်။ ဘဝသည် အမှန်ပင်ကျေနပ်အားရဖွယ်ဖြစ်လိမ့်မည်; ထို့အပြင် ပျော်ရွှင်မှုနှင့် ထာဝရခံစားမှုဖြစ်မည်။ အမှန်မှာ၊ ဘုရားသခင်၏အတိုင်းအဆမဲ့တန်ခိုးတော်က ကိုယ်ခန္ဓာ၏ပြန်လည်ပြုပြင်ခြင်းဖြစ်စဉ်များကို သက်ဝင်လှုပ်ရှားစေတော်မူမည်ဖြစ်ပြီး ရွေးနုတ်ဖိုး၏အကျိုးကျေးဇူးများက အပြစ်၏အားနည်းစေသောအကျိုးသက်ရောက်မှုကို အဆုံးသတ်စေမည်ဖြစ်သည်။ “မြို့သားကလည်း၊ ‘ငါနာသည်ဟုမဆိုရ။’”—ဟေရှာယ ၃၃:၂၄။
ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် ကာယပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ စုံလင်သောကျန်းမာရေးကို စံစားရခြင်းဟူသည် မည်မျှအံ့ချီးဖွယ်ရာမျှော်လင့်ချက်ပါတကား! ယခု သင်သည် မျှတ၍ ကျန်းမာရေးနှင့်ညီညွတ်သောဘဝပုံစံကို ထိန်းသိမ်းထားစဉ် ဘုရားသခင့်ကမ္ဘာသစ်၏ ကောင်းချီးမင်္ဂလာအဖြာဖြာကို မျှော်လင့်၍နေပါ။ ယေဟောဝါသည် “သင့်ကို အသက်ကြီးစဉ်၊ ကောင်းသောအရာနှင့် ရောင့်ရဲစေတော်မူသဖြင့်၊ သင်၏အရွယ်သည် ရွှေလင်းတ၏အရွယ်ကဲ့သို့ ပြုပြင် [“သစ်လန်း၊” ကဘ]” ပါလေစေ။—ဆာလံ ၁၀၃:၅။