ကာလကတ္တား—ကွဲပြားခြားနားရာပျားပန်းခတ်မြို့တော်
အိန္ဒိယမှ နိုးလော့! သတင်းထောက်ပေးပို့သည်
ယင်းသည် ဗြိတိသျှစာရေးဆရာ ရုဒ်ယာ့ဒ်ကစ်ပလင်အတွက် “တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ညမြို့တော်၊” “ကျပ်ညှပ်နေသော ရောဂန္တရမြို့” ဖြစ်သည်။ သို့ရာတွင် အူရ်ဒူကဗျာဆရာ မီရ်ဇာ ဂါးလီဘ်အတွက်မှု ယင်းသည် “အလွန်တစ်ရာအားသစ်လန်းစေသည့်မြို့၊” “နတ်ဘုံနတ်နန်းမြို့” ဖြစ်သည်။ ထိုမြို့ကို ပီတာ တီ.ဝိုက်က အခြားသူများသည် ထိုမြို့ကို “ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းသော ကမ္ဘာ့အဆင်းရဲအညစ်ပတ်ဆုံးရပ်ကွက်” ဟုခေါ်ကြကြောင်း နေရှင်နယ်လ် ဂျီအိုဂရပ်ဖစ် စာစောင်တွင် ရေးသားဖော်ပြသော်လည်း စာရေးဆရာ ဒေါမီနီခ်လာပီးယဲရ်မူ ထိုမြို့ကို အလည်သွားတိုင်း “ဖမ်းစားညှို့ယူထားသည့် အတွေ့အကြုံသစ်တစ်ခု” ကိုရကြောင်း တွေ့ရသည်။ ကာလကတ္တား (ဘင်္ဂါလီ၊ ကားလီကတား) မြို့သည် ခြားနားမှုများသောမြို့တော်တစ်မြို့ဖြစ်သည်မှာ ယုံမှားဖွယ်မရှိချေ။
ထိုမြို့ကို တည်ခြင်း
အနောက်ဘင်္ဂလားပြည်နယ်ရှိ အိန္ဒိယအရှေ့မြောက်ဘက် ကမ်းရိုးတန်းပေါ်တွင်တည်ရှိသော ကာလကတ္တားမြို့သည် အိန္ဒိယနိုင်ငံ၏ ရှေးဟောင်းမြို့များစာရင်းမဝင်ချေ။ ဒေလီမြို့နှင့် တန်ဂျာဗူးရ်မြို့များနှင့်နှိုင်းယှဉ်လျှင် ရှေးကျသောမြို့တစ်မြို့မဟုတ်ပါ။ အခြားမြို့များဖြစ်ပေါ်လာလေ့ရှိသည့်အတိုင်း ကာလကတ္တားသည်လည်း ဂင်္ဂါမြစ်ကြီးကြောင့် ဖြစ်ပေါ်လာခဲ့သည်။ ဂင်္ဂါမြစ်သည် ဘင်္ဂလားပင်လယ်အော်အနီး၌ မြစ်လက်တက်နှစ်ခုဖြာထွက်သွားပြီးနောက် ထိုမှတစ်ဆင့် မြစ်လက်တက်များစွာဖြာထွက်သွားကာ ကမ္ဘာပေါ်တွင် အကြီးဆုံးသောမြစ်ဝကျွန်းပေါ်ဖြစ်ပေါ်လာသည်။ ထိုမြစ်ဝကျွန်းပေါ်၏ အနောက်ဘက်စွန်းတွင် ပင်လယ်ထဲသို့ တောင်ဘက်မှစီးဆင်းနေသည့် ယခင်က ဘာဂျရာသီ-ဂင်္ဂါဟု လူသိများပြီး နောက်ပိုင်းတွင် ဟူဂလီဟုသိရှိလာသည့် မြစ်ရှိသည်။
၁၅ ရာစုနှင့် ၁၆ ရာစုတို့တွင် ပေါ်တူဂီ၊ ဒတ်ချ်နှင့် ဗြိတိသျှကုန်သည်တို့သည် ဟူဂလီသို့ ရွက်လွှင့်လာခဲ့ကြကာ ဒေသခံအုပ်ချုပ်သူများ၏ ခွင့်ပြုချက်ဖြင့် ကူးသန်းရောင်းဝယ်ရေးဌာနများကို တည်ထောင်ခဲ့ကြသည်။ အရှေ့အိန္ဒိယကုမ္ပဏီမှ ဗြိတိသျှအရာရှိ ဂျော့ချာရ်နက်သည် သုတာနုတီရွာကို ကူးသန်းရောင်းဝယ်ရေးဗဟိုဌာနအဖြစ် ရွေးချယ်ခဲ့သည်။ အခက်အခဲအချို့ကို ကျော်လွန်ပြီးနောက် သူသည် သုတာနုတီသို့ ရွက်လွှင့်ခဲ့ပြီး ဂေါဗဲန်ပွတ်ရ်နှင့်ကားလီကတားရွာတို့ကို ပါဝင်လာရန် သွေးဆောင်ကာ ကူးသန်းရောင်းဝယ်ရေးဌာနများတည်ဆောက်ရေးမျှသာမကဘဲ ဗြိတိသျှအခြေချနေထိုင်သူများ၏အိမ်ရာများအတွက် အုတ်မြစ်ချခဲ့သည်။ ယင်းကား ၁၆၉၀၊ ဩဂုတ် ၂၄ ရက်ကဖြစ်သည်။ ကာလကတ္တားမြို့မွေးဖွားခဲ့ခြင်းပင်!
၁၆၉၈ ခုနှစ်တွင် မြေယာပိုင်ဆိုင်ခွင့် တရားဥပဒေဖြင့်ရယူခဲ့ပြီး ၁၇၅၇ ခုနှစ်အထိ ဗြိတိသျှတို့သည် မိုဂူလ်အုပ်ချုပ်ရှင်များထံ ငှားရမ်းခပေးခဲ့သည်။ ဖွံ့ဖြိုးဆဲမြို့တော်ကို စစ်ရေးအရကာကွယ်ရန် ဗြိတိသျှတို့သည် ဝီလျံခံတပ်ကို တည်ဆောက်ခဲ့၏။ ဝီလျံခံတပ်၏ကာကွယ်မှုကိုအားကိုးပြီး ကုန်သည်များသည် ဝင်းခြံကျယ်အိမ်ကြီးများကို စတင်ဆောက်လုပ်ခဲ့သည်။ ထိုအချိန်ထိ မြို့နှင့်ရွာပတ်ဝန်းကျင်ရှိလူဦးရေသည် ၄၀၀,၀၀၀ ရှိကာ ကူးသန်းရောင်းဝယ်ရန်အတွက် ဟူဂလီသို့ တစ်နှစ်လျှင် သင်္ဘောအစီး ၅၀ နီးပါးဆိုက်ကပ်ခဲ့သည်။
ကာလကတ္တား၏တွင်းမဲ
၁၇၅၆ ခုနှစ်တွင် ဘင်္ဂလားမှ မိုက်ရူးရဲငယ်ရွယ်သောဒေသခံအုပ်ချုပ်သူ ဆာရာဂ်ျအွဒ်ဒွတ်လသည် ကာလကတ္တားမြို့ကို တိုက်ခိုက်ခဲ့သည်။ မြို့သားအများစုက ထွက်ပြေးခဲ့ကြသည်၊ သို့သော် ဝီလျံခံတပ်တွင် ခိုလှုံနေကြသောဥရောပသားအချို့သည် အညံ့ခံခဲ့ကာ ဇွန်လ၌ အလွန်ပူပြင်း၍မွန်းကျပ်သော ထောင်ငယ်တစ်ခုတွင် အကျဉ်းချခံခဲ့ရသည်။ နောက်တစ်နေ့၌ ယင်းနေရာတွင် မွန်းကျပ်ပြီးသေဆုံးခဲ့သူများစွာကို တွေ့ရှိခဲ့ရသည်။ ၎င်းထောင်သည် ကာလကတ္တား၏တွင်းမဲအဖြစ် ကျော်ကြားလာခဲ့၏။
ဤအဖြစ်အပျက်သည် အရှေ့အိန္ဒိယကုမ္ပဏီ၏ဒေါသကို ဆွပေးရာရောက်ပြီး ၁၇၅၇ ခုနှစ်၌ ရောဘတ်ကလိဗ်သည် မြို့ကိုပြန်လည်သိမ်းပိုက်ရန် ဗြိတိသျှစစ်တပ်တစ်တပ်ကို ဦးဆောင်ခဲ့သည်။ နောက်ဆက်တွဲပလာစီစစ်ပွဲက အိန္ဒိယတွင် ဗြိတိသျှအုပ်ချုပ်မှုကို စတင်စေခဲ့သည်ဟုအဆိုရှိ၏။ ကာလကတ္တားနှင့်ပတ်သက်၍ကော အသို့နည်း။ ၁၇၇၃ ခုနှစ်တွင် ယင်းသည် ဗြိတိသျှအိန္ဒိယမြို့တော်ဖြစ်လာခဲ့ပြီး ၁၉၁၁ ခုနှစ်တိုင်အောင် မြို့တော်အဖြစ်ဆက်တည်ရှိခဲ့သည်။
ကာလကတ္တားမြို့ကို ပြန်လည်မွမ်းမံ
မြို့တော်သည် အလွန်ကြွယ်ဝချမ်းသာလာသည်နှင့်အမျှ ကြီးကျယ်ခန့်ညားသော အဆောက်အဦများတည်ဆောက်ခဲ့ရာ နန်းတော်များ၏မြို့ဟူသောအမည် ကာလကတ္တားကို ရရှိစေခဲ့သည်။ လမ်းမကြီးများကို ဖောက်လုပ်ခဲ့သည့်အပြင် ပြတိုက်များနှင့် စာကြည့်တိုက်များကိုလည်း တည်ဆောက်ခဲ့သည်။ ယနေ့ထိတိုင်တည်ရှိနေသော စွဲမှတ်စရာအဆောက်အဦများစွာသည် ယင်း၏အမှတ်အသားများဖြစ်ကြသည်။
ဗြိတိသျှအုပ်ချုပ်မှု အနှစ် ၁၉၀ ကြာပြီးနောက် ၁၉၄၇ ခုနှစ်၌ မိုဟန်ဒါးစ် ဂန္ဒီနှင့် ဂျာဝါဟာလာရ် နေရူးတို့၏ခေါင်းဆောင်မှုအောက်တွင် လွတ်လပ်ရေးရရှိခဲ့၍ အိန္ဒိယနိုင်ငံကို ခွဲဝေပိုင်းကန့်ခဲ့၏။ မိုဟာမက် အာလီ ဂျင်းနလက်ထက်တွင် အရှေ့ပါကစ္စတန်နှင့် အနောက်ပါကစ္စတန်ကို မွတ်စလင်ပြည်နယ်အဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ထို့နောက် ၁၉၇၁ ခုနှစ်တွင် အရှေ့ပါကစ္စတန်သည် ဘင်္ဂလားဒေ့ရှ်ဖြစ်လာခဲ့သည်။ အဆိုပါအခြေအနေများက ဒုက္ခသည်များအလုံးအရင်းကို ကာလကတ္တားသို့ ရောက်ရှိလာစေခဲ့သည်; ယနေ့ မြို့တော်ဧရိယာတွင် ခန့်မှန်းခြေလူဦးရေ ၁၂,၀၀၀,၀၀၀ ကျော်ရှိသည်။
သက်မွေးလုပ်ငန်းမရှိဘဲနှင့် ရုတ်တရက်စုပြုံရောက်ရှိလာခြင်းကြောင့် ပြဿနာအကြီးအကျယ်တက်ခဲ့သည်။ အိုးမဲ့အိမ်မဲ့ခြင်းက သန်းပေါင်းများစွာအား အဆင်းရဲဆုံးရပ်ကွက်များတွင် ကျန်းမာသန့်ရှင်းမှုမရှိ၊ လျှပ်စစ်မရှိ၊ ရေမရှိသည့်အပြင် ကတ်ထူနှင့်ဂုန်လျော်တို့ဖြင့် ပြုလုပ်ထားသော နေစရာလေးများဖြင့် နေထိုင်စေရန်ဖြစ်စေသည်။ အခြားထောင်နှင့်ချီသောသူတို့သည် လမ်းများပေါ်တွင် နေထိုင်ခဲ့ကြသည်။ ၁၉၆၇ ခုနှစ်တွင် ကာလကတ္တား၏အခြေအနေနှင့်ပတ်သက်၍ အစီရင်ခံရသည့် အပြည်ပြည်ဆိုင်ရာ မြို့ပြပုံစံရေးဆွဲသူကိုးဦးက “၎င်း၏စီးပွားရေး၊ နေထိုင်ရေး၊ ကျန်းမာသန့်ရှင်းရေး၊ သယ်ယူပို့ဆောင်ရေးနှင့် အသက်တာတွင် မရှိမဖြစ်လိုအပ်ရာများသည် ပြိုပျက်တော့မည့်အဆင့်သို့ တစ်မုဟုတ်ချင်းရောက်ရှိနေသည်” ဟူ၍ဆိုခဲ့သည်။ အနာဂတ်ရေးကား ရတက်မအေးစရာပင်။
အထူးသဖြင့် ဝင်ငွေနည်းသောလူစုများအတွက် အိမ်ရာရရှိရေးအတွက် တိုး၍အားထုတ်ရာတွင် ကျယ်ဝန်းသောဆားညွန်မြေရိုင်းကို ထွင်ယူခဲ့သည်။ မြေဖို့ရန်အတွက် မြစ်မှသောင်များကို ဖြိုယူခြင်းဖြင့် ရေကြောင်းသွားလာရေး တိုးတက်သွားခဲ့၏။
၁၉၉၀ ပြည့်လွန်နှစ်အစောပိုင်း၌ အိန္ဒိယတွင် အပြည်ပြည်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုအများအပြားလုပ်ရန် မျက်စိကျလာရာ ကာလကတ္တားသည် ပ,ထားမခံလိုခဲ့ချေ။ ထို့ကြောင့် အကြီးအကျယ်ရှင်းလင်းရေး စတင်ခဲ့၏။ ဆင်းရဲညစ်ပတ်သောရပ်ကွက်တွင် နေသူများကို မြို့ပြင်တွင်နေရာပေးခဲ့ကာ လျှပ်စစ်နှင့်မြေသြဇာတို့အတွက် အမှိုက်ကိုအသုံးပြုခဲ့ပြီး မီးခိုးထွက်စေသည့် ဟာလာဟင်းလင်းမီးဖိုများကဲ့သို့ ညစ်ညမ်းမှုဖြစ်စေသည့်ယာဉ်များအသုံးပြုခြင်းကိုလည်း တားမြစ်ခဲ့သည်။ လမ်းမများကို တိုးချဲ့ခဲ့ကာ ဈေးဝယ်ခြမ်းရေးဗဟိုဌာနများကိုလည်း တည်ဆောက်ခဲ့သည်။ မြို့သူမြို့သားအုပ်စုများက ရှင်းလင်းတိုက်ချွတ်ကာ ဆေးသုတ်ခဲ့ကြသည်။ ကာလကတ္တားသည် ဘေးဒုက္ခနှုတ်ခမ်းဝမှ ဆွဲတင်ခံရကာ ပြန်လည်အသက်ဝင်လာပြီး တစ်ချိန်က ‘ကွယ်ပျောက်လုဖြစ်နေသော၊’ ‘ဘေးဆိုး’ မြို့သည် ပျားပန်းခတ်တမျှ အကြီးအကျယ်ပြန်လည်စည်ကားလာလေသည်။ အကျိုးဖြစ်ထွန်းမှုများ၊ မြို့တော်သာယာရေးနှင့်ပတ်သက်၍ ၁၉၉၇ ခုနှစ်အစီရင်ခံစာတစ်စောင်၌ ယင်းကို အိန္ဒိယနိုင်ငံ၏အခြားမြို့တော်ကြီးများထက် များစွာသာကြောင်းကို ဖော်ပြခဲ့သည်။
ကုန်သွယ်ရေးမြို့တော်
အိမ်နီးချင်းနိုင်ငံများမှဒုက္ခသည်များ၊ အိန္ဒိယနိုင်ငံ၏အခြားပြည်နယ်မှ လာရောက်နေထိုင်သူများ၊ ဒေသခံဘင်္ဂါလီများနှင့် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ကြသော တရုတ်နှင့်အာမီးနီးယားတို့ကြောင့် ထိုမြို့တော်သည် ဘာသာစကား၊ ယဉ်ကျေးမှု၊ ဘာသာတရားနှင့် အစားအစာလက်ရာအမျိုးမျိုးပေါင်းဆုံရာမြို့ကြီးဖြစ်လာခဲ့သည်။ ဤသန်းပေါင်းများစွာကို ကာလကတ္တားသို့ ဆွဲဆောင်ရာကား မည်သည့်အရာနည်း။ ကုန်သွယ်ရေးပင်! ကမ္ဘာအနှံ့မှ သင်္ဘောများသည် အရှေ့နှင့်အနောက်တွေ့ဆုံရာ ဤဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။ ပို့ကုန်များတွင် ယမ်းစိမ်း၊ ဂုန်လျှော်၊ လက်ဖက်၊ သကြား၊ မဲနယ်၊ ချည်ခင်နှင့် ပိုးထည်ပစ္စည်းတို့ပါဝင်ခဲ့သည်။ ကားလမ်း၊ ရထားလမ်းနှင့် ရေလမ်းတို့အားဖြင့် များပြားသောကုန်ပစ္စည်းအမျိုးမျိုးတို့သည် ကာလကတ္တားသို့ ဝင်ထွက်နေသည်။ လွတ်လပ်ရေးရရှိပြီးနောက် သံနှင့်သံမဏိအရည်ကြို ဧရာမစက်ရုံများကို ဖွင့်လှစ်ခဲ့ကာ အိမ်သုံးရန်နှင့်တင်ပို့ရန်အတွက် အဖိုးတန်သတ္တုများကို တူးဖော်ခဲ့သည်။
ကုန်သွယ်မှုတိုးတက်စေဖို့အခြေခံမှာ ဆိပ်ကမ်းဖြစ်သည်။ ယခင်က ဗြိတိသျှတို့သည် ဟူဂလီမြစ်နက်ပိုင်းတွင် သင်္ဘောများကို ကျောက်ချထားခဲ့ပြီး ကုန်ပစ္စည်းများသယ်ပို့ရန် မြစ်ညာသို့ မော်တော်လေးများစေလွှတ်ခဲ့သည်။ တဖြည်းဖြည်းနှင့် အိန္ဒိယ၏အဓိကဆိပ်ကမ်းဖြစ်လာမည့် ဗဟိုဆိပ်ကမ်းကို ၁၇၅၈ ခုနှစ်၌ ကာလကတ္တားတွင် တည်ဆောက်ခဲ့၏။ ဆက်၍ခေတ်မီတိုးတက်အောင်လုပ်နေခြင်းနှင့် ဂင်္ဂါမြစ်ပေါ်ရှိ ရေကာတာတစ်ခုမှ တိုး၍စီးဆင်းနေသောရေများကြောင့် ကာလကတ္တား၏အပြည်ပြည်ဆိုင်ရာ၊ ကမ်းရိုးတန်းဆိုင်ရာနှင့် ပြည်တွင်းဆိုင်ရာ ရေလမ်းခရီးများကို တိုးချဲ့နိုင်ခဲ့သည်။
သယ်ယူပို့ဆောင်ရေး—ရှေးခေတ်နှင့်ယခုခေတ်
လူဦးရေ ၁၂ သန်းထက်မကရှိသည့် မြို့တစ်မြို့တွင် သယ်ယူပို့ဆောင်ရေးသည် အဓိကပြဿနာတစ်ရပ်ဖြစ်သည်။ ခေတ်သစ်မြို့တော်တွင် တွေ့ရလေ့ရှိသော သယ်ယူပို့ဆောင်ရေးပုံစံအားလုံး ကာလကတ္တားတွင်ရှိသည့်အပြင် ပို၍ပင်များသည်! ပြည့်ကျပ်နေသောဘတ်စကား သို့မဟုတ် အငှားယာဉ်ထက် ခရီးသည်များ၏လိုရာခရီးကို ပို၍မြန်မြန်ပို့ပေးလေ့ရှိသည့် လက်ဆွဲလန်ချားကို သန်မာဖျတ်လတ်သူများက ပိတ်ဆို့နေသောယာဉ်သွားယာဉ်လာကြားမှ ဆွဲသွားသည်ကိုမြင်ရသော လည်ပတ်သူများအဖို့ အံ့သြမှုတစ်ခုဖြစ်ရသည်။ လန်ချားများကို ၁၉၀၀ ပြည့်နှစ်မှစ၍ ကုန်ပစ္စည်းများရွှေ့ပြောင်းရန်၊ မကြာမီတွင် လူတို့ကိုသယ်ဆောင်ရန် အသုံးပြုခဲ့ကြသည်; မြို့တော်လမ်းများပေါ်တွင် လန်ချား ၂၅,၀၀၀ ခန့်ရှိနေသည်ဟု ယုံကြည်ရ၏! ယင်းတို့သည် ယာဉ်အသွားအလာကို နှေးကွေးစေသော်လည်း အမျိုးသား ၅၀,၀၀၀ ခန့်ကိုအလုပ်ရရှိစေသည့်အပြင် ပို၍ပင်များသောသူများကို သယ်ယူပို့ဆောင်ပေးသည်။
ကာလကတ္တား၏ဘူတာရုံကြီးနှင့် စီးပွားရေးဗဟိုအချက်အချာဒေသအကြား နေ့စဉ်အလုပ်ဆင်းသူ ထောင်ပေါင်းများစွာကို ကူးတို့လှေငယ်များက ပို့ဆောင်ပေးသည်။ ကမ္ဘာ့အသုံးအပြုဆုံး ဟောက်ရာတံတားပေါ်တွင် နေ့စဉ်နှင့်အမျှ ၅၀,၀၀၀ ကျော်သောကားများနှင့် ထောင်ချီကုန်တင်ကားများ အလုအယက်မောင်းနေသောကြောင့် ကုန်းလမ်းပြဿနာ လျော့ပါးစေရန် မြစ်ကြောင်းပို့ဆောင်ရေးကို တိုးမြှင့်ရသည်။
ထိုမြို့တော်တွင် လူကြိုက်အများဆုံးအရာမှာ ဓာတ်ရထားများဖြစ်နိုင်ဖွယ်ရှိသည်။ ညစ်ညမ်းမှုမရှိ၊ သာလွန်သောစနစ်၊ မြင့်မားသောစွမ်းရည်၊ စွမ်းအင်တို့နှင့်မောင်းသော ရထားများဖြင့် အစဉ်အမြဲသက်သောင့်သက်သာမရှိသော်လည်း မြို့တော်တွင်းရှိ ထောင်သောင်းများစွာသောသူများကို နေ့စဉ် သယ်ယူပို့ဆောင်ပေးသည်။ ဓာတ်ရထား၏ဘေးတွင် တွဲခိုစီးခြင်းသည် အထူးကျွမ်းကျင်မှုလိုအပ်သည်! မြို့လယ်ခေါင်တစ်လျှောက် တစ်နာရီလျှင် ခရီးသည် ၆၀,၀၀၀ ထက်မက ချောင်ချောင်ချိချိစီးနိုင်သည့် မကြာမီကပြီးမြောက်ခဲ့သော မြေအောက်ရထားပို့ဆောင်ရေးစနစ်ကြောင့် အကြီးအကျယ်တိုးတက်လာခဲ့၏။
ကာလကတ္တား၏ယဉ်ကျေးမှုအမျိုးမျိုး
ကာလကတ္တား၌ ပညာသင်ခွင့်များကြောင့် များစွာသောသူတို့ကို သိပ္ပံပညာနှင့်ဥပဒေပညာရပ်များလိုက်စားခွင့် ရရှိစေခဲ့သည့်အတွက် အနုပညာများထွန်းကားလာပြီး ထိုတိုက်ခွဲငယ်၏ ယဉ်ကျေးမှုအခရာတစ်ခုဖြစ်လာခဲ့လေပြီ။ ကျောင်းသားတစ်သန်းအနက် လေးပုံတစ်ပုံကျော်ကျောင်းသားများသည် ကမ္ဘာပေါ်တွင်အကြီးဆုံးတစ်ခုဖြစ်ကာ အနှစ် ၁၄၀ သက်တမ်းရှိ ကာလကတ္တားတက္ကသိုလ်ကို တက်ရောက်ကြသည်။
မွန်ဘိုင်သည် အိန္ဒိယ၏စီးပွားဖြစ်ရုပ်ရှင်လုပ်ငန်းဗဟိုဌာနဖြစ်လျှင် ကာလကတ္တားသည် အဆင့်မြင့်အနုသုခုမစံအိမ်ဖြစ်မည်မှာအမှန်ပင်။ အနုသုခုမပညာရပ်ကို တိုးတက်အောင်လုပ်ခဲ့ကြသော ဆတ္တရာဂျစ်ရေးနှင့် မရေနာလ်ဆဲန်ကဲ့သို့သော အမည်များသည် ကမ္ဘာကျော်ဖြစ်သည်။ ကာလကတ္တားသည် ရောမနှင့်ပါရီပေါင်းထက်ပင် ကဗျာဆရာပိုများခြင်း၊ နယူးယောက်နှင့်လန်ဒန်တို့ထက် စာပေမဂ္ဂဇင်းများ ပိုမိုရှိခြင်းအပြင် ကောလိပ်လမ်းပေါ်ရှိ ကမ္ဘာ့အကြီးဆုံး စာအုပ်ဟောင်းဈေးရှိနေခြင်းတို့ကြောင့် မော်ကြွားလျက်ရှိသည်။
အထူးအဆန်းကြည့်စရာများ
ထူးခြားသောမြေပြင်အမှတ်အသားများထဲတွင် အီတလီပြန်လည်ဆန်းသစ်လာသောခေတ်ပုံစံဖြင့် စကျင်ကျောက်များနှင့်ဆောက်လုပ်ထားသော ဝိတိုရိယအောက်မေ့ရာအဆောက်အဦ ပါဝင်သည်။ အိန္ဒိယတွင် ဗြိတိသျှအုပ်ချုပ်ရေး၏ အထိမ်းအမှတ်ပစ္စည်းများ ပြတိုက်ကြီးတစ်ခုကို ၁၉၂၁ ခုနှစ်၌ ဖွင့်လှစ်ခဲ့သည်။ ကာလကတ္တား၏ပြတိုက်များတွင် ဧရာမအိန္ဒိယပြတိုက်နှင့် အခြားပြတိုက် ၃၀ ထက်မကပါဝင်သည်။ လုံးပတ် ၁,၄၀၀ ပေနှင့် အနှစ် ၂၄၀ သက်တမ်းရှိသည့် ညောင်ပင်နှင့်အတူ အိန္ဒိယရုက္ခဗေဒဥယျာဉ်သည် တိရစ္ဆာန်ဥယျာဉ်များကဲ့သို့ လည်ပတ်ဖို့ကောင်း၏။ မဲဒါန်—ဧက ၁,၂၈၀ ကျယ်ဝန်းသည့် ကွင်းပြင်ကျယ်ကြီး—သည်ကာလကတ္တား၏ အဆုတ်များအဖြစ်လည်းကောင်း၊ အိန္ဒိယတစ်နိုင်ငံလုံး၌ အကျယ်ဆုံးကျေးလက်လွင်ပြင်ကြီးအဖြစ်လည်းကောင်း ကျော်ကြားခဲ့သည်။ ထို့ပြင် ကာလကတ္တားတွင် ကမ္ဘာပေါ်၌ အကြီးဆုံးကြယ်တာရာပြရုံများထဲမှတစ်ခုဖြစ်သည့် ဘီရ်လာကြယ်တာရာပြရုံဖြင့် မော်ကြွားနေသည်။ ခရစ်ကက်အားကစားကို စိတ်ဝင်စားကြသူများအတွက် နိုင်ငံတကာပြိုင်ပွဲများတွင် ဧဒင်ဂါဒဲန်ခရစ်ကက်ကွင်းသည် ဆူညံနေသောဝါသနာအိုးပွဲကြည့်ပရိသတ် ၁၀၀,၀၀၀ ကျော်ဖြင့်ပြည့်နှက်ခဲ့သည်။
တကယ့်ကိုလှပသောအဆောက်အဦတစ်ခုမှာ လည်ပတ်ကြည့်ရှုသူများအား ငလျင်လှုပ်ခြင်းကိုခံစားစေသော၊ ကျွန်းတစ်ကျွန်းငုပ်လျှိုးသွားပုံနှင့် တိုနေဒိုမုန်တိုင်းစတင်ဖြစ်ပေါ်လာပုံကို မြင်ရစေသော၊ ပတ်ဝန်းကျင်နှင့်သတ္တဝါများစွာတို့၏ အလေ့အထများနှင့်ပတ်သက်သည့် စိတ်လှုပ်ရှားဖွယ်အချက်များကို လေ့လာနိုင်သော၊ အာရှတစ်ခွင်အကြီးဆုံးသိပ္ပံပညာဖြန့်ချိရာဌာနဖြစ်သည့် သိပ္ပံမြို့တော်ဖြစ်သည်။ သို့သော် ဟိန္ဒူဘာသာဝင်များအတွက် ကာလကတ္တားရှိ အကြီးကျယ်ဆုံးဆွဲဆောင်မှုမှာ မြို့တော်တစ်ခုလုံး ငါးရက်ကြာကျင်းပ၍ သာမန်လုပ်ဆောင်မှုအများစုကို ရပ်ဆိုင်းထားသည့် တက်ကြွလှုပ်ရှားသောဘာသာရေးပျော်ပွဲရွှင်ပွဲဖြစ်သော ဒူးရ်ဂါး ပူးဂျားပွဲတော်ဖြစ်သည်။
သင်သည် ကာလကတ္တား၌ ဈေးဝယ်ထွက်လျှင် မည်သည့်အရာတွေ့နိုင်သနည်း။ မည်သည့်အရာမဆို တွေ့နိုင်ပါသည်တကား! သို့ရာတွင် ဆူညံနေသောလူအုပ်ကြီးကို တိုးဝှေ့ဖို့ အဆင်သင့်ဖြစ်ရန်နှင့် လှပသောရောင်စုံဆာရီများဝတ်ထားသော အမျိုးသမီးများကို သတိပြုမိရန် သေချာပါသည်။ သင်သည် တရုတ်ဆိုင်များတွင် အရည်အသွေးကောင်းသော သားရေရူးဖိနပ်များအပါအဝင် ဈေးတော်သော သားရေထည်ပစ္စည်းများကို ဝယ်ယူနိုင်သည်။ အရောင်မပြောင်းတတ်သောစတီးပစ္စည်းများ၊ အထည်အလိပ်များ၊ လက်ရာမြောက်သော ပန်းကန်ခွက်ယောက်များနှင့် လှပစွာပြုလုပ်ထားသော လက်ဝတ်ရတနာများသည် စိတ်ရှည်ရှည်ဖြင့် ဈေးဝယ်သူအတွက် “ဈေးဝယ်သူများ၏ပရဒိသု” ဖြစ်သည့် ဈေးရုံကြီးများတွင် တွေ့နိုင်သောပစ္စည်းများမှ အနည်းငယ်သာဖြစ်သည်။
အကောင်းကြိုက်သူအတွက်အစားအစာ
ကာလကတ္တားမှ အရသာရှိသောအစာအချို့ကို မမြည်းဘဲနှင့် ကျွန်ုပ်တို့မထွက်သွားနိုင်သောကြောင့် အကောင်းကြိုက်သူ၏ပရဒိသုတစ်ခုအဖြစ် ယင်းကို ဖော်ညွှန်းသည်။ ဘင်္ဂါလီများသည် အစားအသောက်ကို အလေးထားကာ သူတို့၏အချက်အပြုတ်အရည်အသွေးကောင်းမကောင်းပေါ်မူတည်ပြီး လူ့အဆင့်အတန်းသတ်မှတ်သည်ဟု အဆိုရှိသည်! ငါးသည် ကာလကတ္တားအစားအစာတွင် အဓိကအစာဖြစ်ပြီး ဈေးရုံကြီးထဲမှ ငါးအမျိုးမျိုး၊ အသားအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်အမျိုးမျိုးတို့ကို ရရှိသည်။ အချိုးကျကျစပ်ထားသော လတ်ဆတ်သည့်ဟင်းခတ်အမွှေးအကြိုင်ကို ရိုးရိုးဟင်းသီးဟင်းရွက်တွင် ခတ်ထည့်ပါက အရသာထူးသွားစေသည်။ တရုတ်အစားအစာ အလျှံပယ်ရှိသည်။ ကာလကတ္တား၏ အရသာအရှိဆုံးမှာ ၎င်း၏နာမည်ကြီးအချိုပွဲများဖြစ်သည်။ အနံ့အရသာရှိပြီး သကြားပျစ်ရည်ထဲတွင် နှစ်ထားသည့်နို့မလိုင်လုံး ရာ့စ်ဂူးလာစ်သည် ဘင်္ဂလား၏အမှတ်အသားတစ်ခုဖြစ်သည်။ ထမင်းပွဲအပြီး အချိုပွဲဖြစ်သော အရသာရှိသည့် အချိုရည်ဒိန်ချဉ် မစ်ရှ်တိ ဒိုအီကို လက်မလွှတ်လိုက်ပါနှင့်။ သင်သည် သွားရည်ကျနေသလော။ အဆိုပါစားသောက်ဆိုင်များမှ နှစ်လိုဖွယ်ကောင်းသောရနံ့အချို့ကို ရရှိနိုင်သလော။ မှန်၏၊ ကာလကတ္တားသည် အမှန်တကယ်ပင် ခြားနားမှုများနှင့် ပျားပန်းခတ်ရှုမောမဆုံးဖွယ် မြို့တော်ဖြစ်သတည်း!
[စာမျက်နှာ ၁၃ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
သီရိလင်္ကာ
အိန္ဒိယ
ကာလကတ္တား
ဘင်္ဂလားဒေ့ရှ်
[မြေပုံ]
ကာလကတ္တား
အိန္ဒိယရုက္ခဗေဒဥယျာဉ်
မဒါန်
တိရစ္ဆာန်ဥယျာဉ်
ဘီရ်လာကြယ်တာရာပြရုံ
ဝိတိုရိယအောက်မေ့အဆောက်အအုံ
အိန္ဒိယပြတိုက်
ဟူဂလီမြစ်
ဆားငန်ရေကန်
ဒမ်ဒမ်အပြည်ပြည်ဆိုင်ရာလေဆိပ်
[Credit Line]
Mountain High Maps® Copyright © 1997 Digital Wisdom, Inc.
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
သိပ္ပံမြို့တော်
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
ဝိတိုရိယအောက်မေ့ရာ
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ပျားပန်းခတ်တမျှဖြစ်နေသော ဈေးမြင်ကွင်း
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
လမ်းဘေးဆံသဆိုင်