မရဏ မဟာမိတ်ဖွဲ့ မှုတစ်ရပ်
၁၉၉၅ ခုနှစ်က အမေရိကန်ပြည်ထောင်စုရှိ ကျန်းမာရေးလုပ်သားများက တီဘီရောဂါသည် မကြာမီ အမြစ်ပြတ်ပပျောက်လိမ့်မည်ဖြစ်ကြောင်း တင်ကြိုဟောကိန်းထုတ်ခဲ့ကြသည်။ အမှန်ပင် နောက်ပိုင်းနှစ်များတွင် ရောဂါဖြစ်မှုသည် အလျင်အမြန်ကျဆင်းသွားရာ များစွာသောသူများက ၎င်းကိုထိန်းချုပ်နိုင်ခဲ့ပြီဟု ယူဆခဲ့ကြသည်။ သို့သော် တီဘီရောဂါသည် ပြန်လည်ခေါင်းထောင်လာပြီး ရောဂါပြီးစနစ်ကိုအားနည်းစေကာ အေအိုင်ဒီအက်စ်ဖြစ်စေတတ်သည့် အိပ်ချ်အိုင်ဗွီဗိုင်းရပ်စ်နှင့် မရဏမဟာမိတ်ဖွဲ့မိသွားကြသည်။
လူသန်းပေါင်းနှစ်ထောင်ကျော်—ကမ္ဘာ့လူဦးရေ၏သုံးပုံတစ်ပုံနီးပါး—တို့တွင် တီဘီဗိုင်းရပ်စ်ပိုးဝင်နေသော်လည်း စဖြစ်ချိန်တွင် တစ်သက်တာ ထိုရောဂါ အမှန်တကယ်စွဲကပ်နိုင်ခြေရှိသူမှာ ၁၀ ရာခိုင်နှုန်းသာရှိသည်။ စိတ်ဝင်စားစရာကား အိပ်ချ်အိုင်ဗွီပိုးရှိသူတို့တွင် တစ်နှစ်တာ တီဘီရောဂါစွဲကပ်နိုင်သည့်အလားအလာ ၈ ရာခိုင်နှုန်းရှိခြင်းဖြစ်သည်။ ထို့ကြောင့် အိပ်ချ်အိုင်ဗွီပိုးစွဲကပ်သူပို၍များလေ တီဘီရောဂါစွဲကပ်နိုင်သည့်အန္တရာယ်ပိုများလေဖြစ်သည်။
ဒဗ္ဗလျူအိပ်ချ်အို (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) မှ ဆရာဝန် ရစ်ချက် ဂျေ. အိုဘရိန်းက အမေရိကန်ပြည်ထောင်စုတွင် မကြာသေးမီနှစ်များအတွင်း တီဘီဖြစ်ပွားမှု ၁၅ ရာခိုင်နှုန်းခန့်တိုးလာကြောင်း မှတ်သားဖော်ပြသည်။ ယင်းသည် “အဓိကအားဖြင့် အိပ်ချ်အိုင်ဗွီနှင့် တီဘီတို့စပ်ကြားရှိ အပြန်အလှန်အကျိုးသက်ရောက်မှုကြောင့်ဖြစ်သည်” ဟုသူကဆို၏။ သို့ရာတွင် အန္တရာယ်သည် ဖွံ့ဖြိုးဆဲကမ္ဘာ၌ အကြီးမားဆုံးဖြစ်သည်။ နှစ်စဉ် တီဘီရောဂါအသစ်ဖြစ်ပွားမှုရှစ်သန်းမျှ၏ ၉၀ ရာခိုင်နှုန်းသည် အဆင်းရဲဆုံးနိုင်ငံများတွင်တွေ့ရပြီး ၎င်းလူနာများမှ သုံးသန်းခန့်သည် သေဆုံးကြရသည်။
ကမ္ဘာတစ်ဝန်း ၄.၄ သန်းခန့်ရှိသောလူများသည် မရဏစုံတွဲနှင့်အတူ နပန်းလုံးနေကြရသည်။ တီဘီသည် နီးကပ်သောအနာဂတ်တွင် အိပ်ချ်အိုင်ဗွီရှိသူတစ်သန်း၏အသက်ကို နှစ်စဉ်ခြွေယူလိမ့်မည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဟောကိန်းထုတ်ထားသည်။ “ထိုပူးတွဲကူးစက်ရောဂါသည် ဆယ်စုနှစ်၏ လူထုကျန်းမာရေးကို အကြီးကျယ်ဆုံးခြိမ်းခြောက်သူဖြစ်လာသည်” ဟုအိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ဆိုင်ရာ ပူးတွဲကုလသမဂ္ဂအစီအစဉ် အလုပ်အမှုဆောင် ဒါရိုက်တာ ပီတာ ပိုင်အို့ကဆို၏။
[Picture Credit Line on page 19]
New Jersey Medical School—National Tuberculosis Center