သမ္မာကျမ်းစာရှုထောင့်
ပရောပရည်လုပ်ခြင်းသည် ဘာမှားသနည်း
“ပရောပရည်လုပ်ခြင်းကို လီဆယ်ဉာဏ်ဆင်မှု သို့မဟုတ် လိမ်လည်လှည့်ဖြားမှု သို့မဟုတ် ဆိုးသွမ်းမှုအဖြစ်အဘယ်ကြောင့်ယူမှတ်ရသနည်း။ ထိုသို့မဟုတ်ပါ! ယင်းသည် ခေတ်ပုံစံတစ်ခုဖြစ်သည်! သင်သည် အခြားသူတစ်ဦးကို ပျော်ရွှင်စေသောကြောင့် ယင်းသည် နှစ်ဦးနှစ်ဖက်ကိုအကျိုးပြုသည်။”—ဆူဇန် ရာဘင်၊ ပရောပရည်ဆိုင်ရာကျောင်းညွှန်ကြားရေးမှူး၊ နယူးယောက်မြို့။
လူအများက ပရောပရည်လုပ်ခြင်းကို သာမန်၊ အန္တရာယ်မရှိသောအရာအဖြစ်လည်းကောင်း၊ လူမှုဆက်ဆံရေးကိုဖြစ်ပေါ်စေရာတွင်နှင့် ထိန်းသိမ်းရာတွင် အရေးပါသည့်အရာအဖြစ်ပင် ရှုမြင်ကြသည်။ အနောက်တိုင်းနိုင်ငံများတွင် “ပရောပရည်လုပ်တတ်သည့်နည်းပညာ” တွင်ပါဝင်သည့်အပိုင်းများဖြစ်သော အမူအရာများ၊ ကိုယ်ဟန်အနေအထားများ၊ ဖျပ်ကနဲကြည့်ခြင်းနှင့် စူးစိုက်ကြည့်ခြင်းတို့ကို မကြာသေးမီကထုတ်ဝေသော စာအုပ်များ၊ မဂ္ဂဇင်းဆောင်းပါးများနှင့် အထူးသင်တန်းများ၌ သင်ကြားပေးသည်။
ပရောပရည်လုပ်ခြင်းဟူသည် အဘယ်နည်း။ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အနက်ပြန်ဆိုချက်အမျိုးမျိုးရှိပါသည်။ အဘိဓာန်တစ်အုပ်က ယင်းကို “အလေးအနက်မထားဘဲ ချစ်တမ်းကစားခြင်း သို့မဟုတ် လိင်ဆိုင်ရာမြှူဆွယ်သည့်” အမူအကျင့်ဟုဖွင့်ဆိုထားသည်။ အခြားအဘိဓာန်တစ်အုပ်က ပရောပရည်လုပ်ခြင်းကို “အပျော်သဘောဖြင့် ချစ်ကြိုက်သည့်” ပြုမူကျင့်ကြံခြင်းဟု အဓိပ္ပာယ်ဖွင့်ထားသည်။ ထို့ကြောင့် ပရောပရည်လုပ်သူကို လက်ထပ်ဖို့ရည်ရွယ်ချက်မရှိဘဲနှင့် ချစ်ကြိုက်သည့်အမူအရာပြသူဟု ယေဘုယျအားဖြင့် ယူဆကြပုံပေါက်သည်။ ပရောပရည်လုပ်ခြင်းကို အန္တရာယ်မရှိဟုရှုမြင်သင့်သလော။ ပရောပရည်လုပ်ခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာ၏ရှုထောင့်ကား အဘယ်နည်း။a
ကျမ်းစာစောင်များတွင် ပရောပရည်လုပ်ခြင်းနှင့်ပတ်သက်၍ သတ်သတ်မှတ်မှတ်ဖော်ပြထားခြင်းမရှိသော်လည်း ဘုရားသခင့်ရှုမြင်ပုံကို ကျွန်ုပ်တို့ပိုင်းဖြတ်နိုင်သည်။ မည်သို့နည်း။ ထိုကိစ္စနှင့်စပ်လျဉ်းသည့် ကျမ်းစာမူများကိုစစ်ဆေးကြည့်ခြင်းအားဖြင့်ဖြစ်သည်။ ထိုနည်းဖြင့် ကျွန်ုပ်တို့၏ ‘ကောင်းမကောင်းပိုင်းခြားသိရှိနိုင်စွမ်း’ ကိုတိုးတက်စေသည်။ (ဟေဗြဲ ၅:၁၄) ဦးဆုံး၊ ပရောပရည်လုပ်ခြင်းသည် အိမ်ထောင်သည်များအတွက် သင့်လျော်သည့်အမူအကျင့်ဟုတ်မဟုတ် သုံးသပ်ကြည့်ကြစို့။
အိမ်ထောင်သည်ဖြစ်လျှင်
အိမ်ထောင်သည်မောင်နှံစုံများသည် လူကွယ်ရာတွင် တစ်ဦးကိုတစ်ဦး ချစ်ကြိုက်စိတ်နှိုးကြွအောင် ကျင့်ကြံပြုမူခြင်းသည် သဘာဝဖြစ်သည်။ (ကမ္ဘာဦး ၂၆:၈ နှိုင်းယှဉ်။) သို့သော် ကိုယ့်အိမ်ထောင်ဖက်မဟုတ်သူများနှင့် ထိုသို့ပြုမူခြင်းသည် ဘုရားသခင်၏မူများနှင့်ဆန့်ကျင်သည်။ အိမ်ထောင်သည်မောင်နှံစုံတို့သည် ရင်းနှီး၍ ယုံကြည်စိတ်ချရသောဆက်ဆံရေးရှိဖို့ ယေဟောဝါရည်ရွယ်တော်မူ၏။ (ကမ္ဘာဦး ၂:၂၄; ဧဖက် ၅:၂၁-၃၃) အိမ်ထောင်မင်္ဂလာကို မြင့်မြတ်သောအစီအစဉ်၊ တည်တံ့သောပေါင်းစည်းမှုအဖြစ် ကိုယ်တော်ရှုမြင်သည်။ မာလခိ ၂:၁၆ က ဘုရားသခင်သည် “မယားကိုစွန့်ခြင်းအမှု . . . ကိုမုန်းသည်” ဟုဆိုသည်။b
အိမ်ထောင်သည်တစ်ဦး ပရောပရည်လုပ်ခြင်းသည် အိမ်ထောင်မင်္ဂလာနှင့်ပတ်သက်သော ဘုရားသခင့်ရှုမြင်ပုံနှင့် ဆီလျော်ပါသလော။ ယုတ်စွအဆုံး ပရောပရည်လုပ်တတ်သည့် အိမ်ထောင်သည်သည် အိမ်ထောင်မင်္ဂလာဆိုင်ရာ ဘုရားသခင့်အစီအစဉ်၏မြင့်မြတ်မှုကို မလေးစားရာကျသည်။ ထို့ပြင် ဧဖက် ၅:၃၃ ကလည်း ခရစ်ယာန်လင်ယောက်ျားသည် “ကိုယ်ကိုကိုယ်ချစ်သကဲ့သို့ ကိုယ်ခင်ပွန်းကိုချစ်” ရန်နှင့် ဇနီးသည်များသည် “ကိုယ်ခင်ပွန်းကို အလွန့်အလွန်ရိုသေခြင်း” ရှိရန်မိန့်မှာထားသည်။ မနာလိုမှုကိုဖြစ်ပေါ်စေသည့် ပရောပရည်လုပ်ခြင်းသည် အိမ်ထောင်ဖက်တစ်ဦးကို မေတ္တာ သို့မဟုတ် လေးစားမှုပြရာကျသလော။
ယင်းထက်ပို၍ အလေးအနက်သဘောထားအပ်သောအချက်မှာ ပရောပရည်လုပ်ခြင်းသည် ယေဟောဝါတဲ့တိုးရှုတ်ချ၍ သစ္စာဖျက်မှုအဖြစ်ဖော်ပြထားသည့် သူ့သားအိမ်ရာပြစ်မှားခြင်းအပြစ်သို့ ဦးတည်စေနိုင်ခြင်းဖြစ်သည်။ (ထွက်မြောက်ရာ ၂၀:၁၄; ဝတ်ပြုရာ ၂၀:၁၀; မာလခိ ၂:၁၄၊ ၁၅; မာကု ၁၀:၁၇-၁၉) အမှန်ဆိုလျှင် ယေဟောဝါသည် သူ့သားအိမ်ရာပြစ်မှားခြင်းကို အလွန်အရေးကြီးသောကိစ္စအဖြစ် ယူမှတ်သောကြောင့် အိမ်ထောင်ရေးသစ္စာဖောက်ခြင်းခံရသူကို ကွာရှင်းခွင့်ပေးထားသည်။ (မဿဲ ၅:၃၂) သို့ဖြစ်လျှင် ပရောပရည်လုပ်ခြင်းကဲ့သို့သော အန္တရာယ်ကြီးသော စိတ်ပြေလက်ပျောက်ပျော်စရာကို ဘုရားသခင်နှစ်သက်မည်ဟု ကျွန်ုပ်တို့ထင်မှတ်နိုင်ပါသလော။ မေတ္တာရှိသောမိဘတစ်ဦးသည် မီးဖိုချောင်သုံးဓားထက်ထက်နှင့် မိမိ၏ကလေးငယ်ကစားနေခြင်းကို နှစ်သက်မည်မဟုတ်ရကား ဘုရားသခင်သည် ယင်းကို သာ၍နှစ်သက်မည်မဟုတ်ပါ။
သူ့သားအိမ်ရာပြစ်မှားခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာက ဤသို့သတိပေးထားသည်– “လူသည် အဝတ်မလောင်ရဘဲ မီးကိုပိုက်ဖက်နိုင်သလော။ ခြေမလောင်ဘဲ မီးခဲပေါ်မှာနင်းနိုင်သလော။ သူ့မယားထံသို့ဝင်သောသူသည် ထိုနည်းတူဖြစ်၏။ သူ့မယားကိုပြစ်မှားသောသူမည်သည်ကား အပြစ်နှင့်မကင်းမလွတ်နိုင်ရာ။” (သု. ၆:၂၇-၂၉) သို့သော် ပရောပရည်လုပ်တတ်သည့် အိမ်ထောင်သည်တစ်ဦးသည် သူ့သားအိမ်ရာပြစ်မှားခြင်းကို ဘယ်တော့မျှမကျူးလွန်စေကာမူ နောက်ထပ်အန္တရာယ်တစ်ခုဖြစ်သည့် “စိတ်ပိုင်းဆိုင်ရာငြိစွန်းမှု” ဟုခေါ်သောအရာနှင့် ပတ်သက်လာနိုင်သည်။
စိတ်ပိုင်းဆိုင်ရာငြိစွန်းမှု
လူအချို့မှာ အိမ်ထောင်ပြင်ပတွင် လိင်ဆက်ဆံမှုမပြုသော်လည်း ချစ်ကြိုက်သည့်ခံစားချက်များ ပေါ်ပေါက်စေသည့်ဆက်ဆံရေးမျိုး ဖြစ်ပေါ်စေကြသည်။ သို့သော် ယေရှုက “ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်သောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့်ပြစ်မှားပြီ” ဟုသတိပေးခဲ့သည်။ (မဿဲ ၅:၂၈) ယေရှုသည် နှလုံးတွင်သာရှိသော တပ်မက်ခြင်းကို အဘယ်ကြောင့် တားမြစ်ရသနည်း။
အကြောင်းရင်းတစ်ခုမှာ “သူ့မယားကိုပြစ်မှားခြင်း . . . သည် နှလုံးထဲကထွက်လာ” သည့်အရာဖြစ်သည်။ သို့သော် ထိုသို့သောဆက်ဆံရေးသည် သူ့သားအိမ်ရာပြစ်မှားခြင်းဖြစ်သည့်တိုင်အောင်မသွားသော်လည်း အန္တရာယ်ရှိသည်။ မည်သို့ဖြစ်နိုင်သနည်း။ ဤကိစ္စနှင့်ပတ်သက်၍ စာအုပ်တစ်အုပ်က ဤသို့ရှင်းပြသည်– “သင့်အိမ်ထောင်ဖက်နှင့်နေရသည့်ဘဝမှ အချိန်နှင့် ခွန်အားအတော်များများကိုကုန်ခန်းစေသည့် မည်သည့်လှုပ်ရှားမှု သို့မဟုတ် ဆက်ဆံမှုမျိုးမဆို သစ္စာမဲ့မှုတစ်မျိုးဖြစ်သည်။” မှန်ပါသည်၊ စိတ်ပိုင်းဆိုင်ရာငြိတွယ်မှုသည် အိမ်ထောင်ဖက်တစ်ဦး၏ အချိန်၊ အာရုံစိုက်မှုနှင့် ချစ်ခင်ကြင်နာမှုတို့ကို ဆုံးရှုံးစေသည်။ မိမိအားပြုစေလိုသကဲ့သို့ အခြားသူများကိုပြုပါဟူသော ယေရှု၏မိန့်မှာချက်အရ ပရောပရည်လုပ်တတ်သည့် အိမ်ထောင်ဖက်တစ်ဦးသည် ‘ငါ့အိမ်ထောင်ဖက်က တခြားလူတစ်ယောက်နဲ့ ဒီလိုသာနေရင် ငါဘယ်လိုခံစားရမလဲ’ ဟုကိုယ့်ကိုယ်ကိုမေးလျှင်ကောင်းပေမည်။—သု. ၅:၁၅-၂၃; မဿဲ ၇:၁၂။
လူတစ်ဦးသည် ယင်းသို့သောမလျောက်ပတ်သည့် စိတ်ပိုင်းဆိုင်ရာအနှောင်အဖွဲ့ကို ဖွဲ့မည်ဆိုလျှင် သူဘာလုပ်သင့်သနည်း။ မသင့်တော်သော စိတ်ပိုင်းဆိုင်ရာငြိတွယ်မှုရှိသည့် အိမ်ထောင်သည်တစ်ဦးသည် ယာဉ်မောင်းရင်းအိပ်ငိုက်သွားသည့် ယာဉ်မောင်းတစ်ဦးနှင့်တူသည်။ သူ့အခြေအနေကိုအပြည့်အဝသဘောပေါက်ကာ သူ့အိမ်ထောင်ဖက်နှင့် ဘုရားသခင်နှင့်သူ၏ဆက်ဆံရေးပျက်ပြားမသွားမီ မဆိုင်းမတွ၊ ပြတ်ပြတ်သားသားလုပ်ဆောင်ဖို့လိုသည်။ ဘုရားသခင်ရှေ့ကောင်းသောရပ်တည်မှုကို ယင်းက ဖျက်ဆီးမည်ဆိုလျှင် မျက်စိကဲ့သို့တန်ဖိုးရှိသည့်အရာပင်ဖြစ်ပါစေ ထုတ်ပစ်ရန် သို့မဟုတ် လက်ကိုဖြတ်ပစ်ရန်ပြောသည့်အခါ ပြင်းပြင်းထန်ထန်အရေးယူလုပ်ဆောင်ဖို့လိုအပ်ကြောင်းကို ယေရှုရှင်းလင်းဖော်ပြခဲ့ခြင်းဖြစ်သည်။—မဿဲ ၅:၂၉၊ ၃၀။
ထို့ကြောင့် အခြားလူတစ်ဦးကို ကြည့်သည့်နေရာနှင့် ကြည့်သည့်အကြိမ်ကို ကန့်သတ်ထားလျှင်ပညာရှိရာရောက်မည်။ တစ်ဦးတစ်ယောက်နှင့် သီးခြားရှိနေခြင်းကိုရှောင်ပါ၊ အလုပ်ခွင်တွင်ဖြစ်မည်ဆိုလျှင် ပြောဆိုသည့်စကားအမျိုးအစားကိုကန့်သတ်ပါ။ ထိုသူနှင့်လုံးဝအဆက်အသွယ်ဖြတ်လိုက်ဖို့ပင်လိုပေမည်။ ထို့နောက် လူတစ်ဦး၏မျက်စိများ၊ အတွေးများ၊ ခံစားချက်များနှင့် အမူအကျင့်တို့နှင့်ပတ်သက်၍ မိမိကိုယ်ကိုကြပ်ကြပ်မတ်မတ်ထိန်းချုပ်ရမည်။ (ကမ္ဘာဦး ၃၉:၇-၁၂; ဆာလံ ၁၉:၁၄; သု. ၄:၂၃; ၁ သက်သာလောနိတ် ၄:၄-၆) အိမ်ထောင်သည်တစ်ဦးဖြစ်သူ ယောဘက ဤသို့ပြောသောအခါ အလွန်ကောင်းသောပုံသက်သေကို ချမှတ်ခဲ့သည်– “ငါသည် အပျိုကိုမျှမကြည့်ရှုမည်အကြောင်း၊ ကိုယ်မျက်စိနှင့် ပဋိညာဉ်ဝန်ခံခြင်းကိုပြုပြီ။”—ယောဘ ၃၁:၁။
အိမ်ထောင်သည်တစ်ဦး ပရောပရည်ပြုလုပ်ခြင်းသည် အန္တရာယ်ရှိပြီး ကျမ်းစာနှင့်မညီသည်မှာ ရှင်းနေပါသည်။ သို့သော် တစ်ကိုယ်ရေသမားနှစ်ဦး ပရောပရည်လုပ်ခြင်းနှင့်ပတ်သက်သည့် ကျမ်းစာ၏ရှုထောင့်ကား အဘယ်နည်း။ ယင်းကို သာမန်၊ အန္တရာယ်မရှိသောအရာ သို့မဟုတ် လိင်ခြားသူတစ်ဦးနှင့်ဆက်ဆံရေးထူထောင်ရန် လိုအပ်သည့်အရာအဖြစ်ယူမှတ်ရန်လော။ ယင်းမှ အန္တရာယ်တစ်စုံတစ်ရာ အမှန်ဖြစ်စေနိုင်သလော။
အိမ်ထောင်မရှိသူများကော
တစ်ကိုယ်ရေသမားနှစ်ဦးသည် လက်ထပ်ဖို့ရည်ရွယ်လျက် မသန့်ရှင်းသောအကျင့်များကိုရှောင်မည်ဆိုလျှင် ချစ်ကြိုက်သည့်သဘောနှင့် တစ်ဦးကိုတစ်ဦးစိတ်ဝင်စားခြင်းသည် ဘာမှမမှားပါ။ (ဂလာတိ ၅:၁၉-၂၁) ထိုသို့သောစိတ်ဝင်စားမှုကို လက်ထပ်ဖို့အလားအလာ အနည်းငယ်သာရှိနေသေးချိန်၊ အစောပိုင်းပိုးပန်းစဉ်ကာလအတွင်း ပြသခြင်းဖြစ်ပေမည်။ ထိုသို့စိတ်ဝင်စားမှုပြခြင်းသည် ရည်ရွယ်ချက်မှန်နှင့်ဆိုလျှင် သင့်လျော်ပါသည်။ ထိုသို့သောအမူအကျင့်သည် တကယ့် ပရောပရည်လုပ်ခြင်းမဟုတ်ပါ။
သို့ရာတွင် တစ်ကိုယ်ရေသမားတို့သည် အပျော်သဘောဖြင့် တစ်ဦးကိုတစ်ဦးချစ်ကြိုက်သည့် အမူအရာပြလျှင်ကော။ သူတို့သည် အိမ်ထောင်သည်များမဟုတ်သည့်အတွက် အန္တရာယ်ကင်းပုံရပေမည်။ သို့သော် ဖြစ်လာနိုင်သည့်စိတ်ပိုင်းအနာတရဖြစ်မှုကို စဉ်းစားကြည့်ပါ။ ပရောပရည်လုပ်သူ၏လုပ်ရပ်ကို အလေးအနက်ယူလိုက်လျှင် အပြင်းအထန်စိတ်နာစရာ၊ စိတ်ကြေကွဲစရာဖြစ်ပေါ်နိုင်သည်။ “မျှော်လင့်သောအရာသည် ဖင့်နွှဲလျှင်၊ စိတ်နှလုံးကိုပူပန်စေတတ်၏။ အလိုပြည့်စုံသောအခါမူကား၊ အသက်ပင်ဖြစ်၏” ဟူသော နယပုံပြင် ၁၃:၁၂ မှစကားများမှာ မှန်ကန်လိုက်လေခြင်း! တစ်ဦးကိုတစ်ဦး အလေးအနက်သဘောထားခြင်းမဟုတ်ကြောင်းကို နှစ်ဦးစလုံးနားလည်ထားသည်ဟု အခိုင်အမာဆိုကြသည့်တိုင်—သူတို့ထဲမှတစ်ဦးက အခြားသူတစ်ဦး၏တွေးတောချက် သို့မဟုတ် ခံစားချက်အမှန်ကို အတိအကျသိနိုင်ပါမည်လော။ သမ္မာကျမ်းစာက ဤသို့ဖြေဆိုသည်– “စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက်စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသောသဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။”—ယေရမိ ၁၇:၉; ဖိလိပ္ပိ ၂:၄ နှိုင်းယှဉ်။
ရောဂါ သို့မဟုတ် တရားမဝင်ကိုယ်ဝန်စသည့် အကျိုးဆက်များဖြစ်လာနိုင်သော မတရားမေထုန်၏အန္တရာယ်ကိုလည်း စဉ်းစားကြည့်ပါလေ။ ကျမ်းစာတွင် မတရားမေထုန်ကိုတားမြစ်ထားပြီး ယင်းကိုတမင်ပြုကျင့်သူများသည် ဘုရားသခင့်မျက်နှာသာတော်ကို ဆုံးရှုံးကြသည်။ တမန်တော်ပေါလုက ခရစ်ယာန်တို့သည် သွေးဆောင်မှုများကိုခံရပ်နိုင်ရန် “မတရားမေထုန်၌မှီဝဲခြင်း . . . တည်းဟူသော” သူတို့၏ “ကိုယ်အင်္ဂါတို့ကိုသေစေ” ၍ မတရားမေထုန်သို့ဦးတည်စေသည့် “ကိလေသာတပ်မက်ခြင်း” ကိုရှောင်သင့်ကြောင်း အမြော်အမြင်ရှိစွာသတိပေးခဲ့သည်။ (ကောလောသဲ ၃:၅; ၁ သက်သာလောနိတ် ၄:၃-၅) ဧဖက် ၅:၃ တွင်သူက မှားယွင်းသောဆန္ဒကို ဖြစ်ပေါ်စေရန်သဘောဖြင့် မတရားမေထုန်ကို “စကားနှင့်မျှမဆက်ဆံ” ကြဖို့အကြံပြုထားသည်။ ပရောပရည်လုပ်ခြင်းသည် ထိုအကြံပြုချက်နှင့် မကိုက်ညီပါ။ လိင်နှင့်ပတ်သက်၍ အကျိုးမပြုသောပြောဆိုမှုများကိုပင် ဘုရားသခင်တားမြစ်ထားသည်။
ပရောပရည်လုပ်ခြင်းသည် လူသားချင်းကိုရက်စက်ရာကျပြီး အိမ်ထောင်ကိုအစပြုသူယေဟောဝါအား မလေးစားရာကျကြောင်း သမ္မာကျမ်းစာ မူများက ဖော်ပြသည်။ မလျောက်ပတ်သည့် ပရောပရည်လုပ်ခြင်းနှင့်ပတ်သက်သော သမ္မာကျမ်းစာ၏ရှုထောင့်သည် ထိခိုက်နစ်နာခြင်းမှ လူတို့ကိုကာကွယ်ပေးသောကြောင့် အမှန်ပင်မေတ္တာပါ၍ အကျိုးသင့်အကြောင်းသင့်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်အားချစ်မြတ်နိုးသူများသည် မသင့်လျော်သော ပရောပရည်လုပ်ခြင်းကိုရှောင်ကာ လိင်ခြားသူအား စင်ကြယ်စွာနှင့်လေးစားစွာဖြင့် ဆက်ဆံကြပါမည်။—၁ တိမောသေ ၂:၉၊ ၁၀; ၅:၁၊ ၂။
[အောက်ခြေမှတ်ချက်များ]
a ပရောပရည်လုပ်ခြင်းကို ချစ်ကြိုက်သည့်သဘော နည်းနည်းမျှမပါဘဲ ခင်မင်ဖော်ရွေမှု သို့မဟုတ် ပေါင်းဖော်မှုနှင့် မရောနှောသင့်ပါ။
b ၁၉၉၄၊ ဖေဖော်ဝါရီ ၈၊ နိုးလော့! [လိပ်] မှ “အဘယ်သို့သောကွာရှင်းခြင်းကို ဘုရားသခင်မုန်းတော်မူသနည်း” ဟူသောဆောင်းပါးကိုရှု။
[Picture Credit Line on page 10]
© The Curtis Publishing Company