ငှက်–ကြည့်ရှုလေ့လာခြင်း—ယောက်တိုင်းအတွက် စွဲမက်ဖွယ်ကောင်းသော ဝါသနာတစ်ခုလော
“ငှက်–ကြည့်ရှုလေ့လာသူများ၏ဘဝသည် အံ့ဩစရာများ အဆုံးမရှိဆက်တိုက်တွေ့ရသည်။” ဒဗ္ဗလျူ. အိတ်ချ်. ဟဒ်စန်—သဘာဝပညာရှင်တစ်ဦး၏စာအုပ်။
တောင်အာဖရိကနှင့် မိုဇမ်ဘစ်နယ်စပ်အနီး ကိုစီပင်လယ်အော်၌ ကိသ်၊ အီးဗလင်၊ ဂျဲန်နီနှင့်သူတို့၏လမ်းပြတို့သည် ငှက်တစ်ကောင်ကိုတွေ့ရန် ၁၅ မိုင်လမ်းလျှောက်ခဲ့ကြသည်။ သာမန်ငှက်တစ်ကောင်တော့မဟုတ်ပါ! သူတို့သည် ထန်းသီးလင်းတ—မျက်စိတစ်ဝိုက်တွင် အရေခွံနီသော အဖြူအမည်းငှက်ကြီးတစ်ကောင်ကို ရှာကြခြင်းဖြစ်သည်။ ၎င်းသည် ငါးသေနှင့် ဆီအုန်း၏အသီးကိုစားသည်။
ကိသ်ကဤသို့ပြန်ပြောပြသည်– “အကြာကြီးလမ်းလျှောက်ပြီးတဲ့နောက် ငှက်တစ်ကောင်တည်းကိုပဲတွေ့ရလို့ စိတ်ပျက်လက်ပျက်နဲ့အိမ်ကိုပြန်လာခဲ့တယ်—ဒါတောင်အဝေးမှာပျံသန်းနေတာ။ ကျွန်တော်တို့စခန်းကိုပြန်ရောက်တဲ့အခါ ဘာတွေ့ခဲ့ရသလဲသိလား။ ကျွန်တော်တို့အထက် အုန်းထန်းပင်မှာ ထန်းသီးလင်းတသုံးကောင် နားနေလေရဲ့! ထမပြန်ခင် နာရီဝက်လောက် သူတို့နဲ့အဖော်ပြုလိုက်ရပြီး ကျွန်တော်တို့ကိုပြသပေးခဲ့တဲ့ အံ့ဖွယ်ပြကွက်တစ်ခုကတော့ အတောင်တွေကိုအကုန်လုံးဖြန့်ပြတာပါပဲ။ အဲဒီနေ့မှာပဲ ပထမဆုံးအကြိမ်အနေနဲ့ ပီးတံငါဇီးကွက်ကိုလည်း တွေ့ခဲ့တယ်။ ငါးဖမ်းတဲ့ ဇီးကွက်ပါပဲ!”
မည်သူမဆိုအတွက် ပီတိဖြာစရာ
ကမ္ဘာတစ်ဝန်းလုံးတွင် ငှက်များသည် ရှုချင်စဖွယ်၊ နားထောင်ချင်စဖွယ်ဖြစ်သည်။ ၉,၆၀၀ မကသောမျိုးစိတ်များက နိုးကြားသော မည်သည့်ကြည့်ရှုလေ့လာသူအတွက်မဆို အခွင့်အလမ်းများပေးသည်။ ပိတုန်းငှက်တစ်ကောင် သို့မဟုတ် ပိန်ညင်းငှက်တစ်ကောင်၏ ပြိုးပြိုးပြက်ပြက်အရောင်လက်သည်ကို တွေ့ရခြင်းကို မည်သူပီတိမဖြစ်ဘဲနေမည်နည်း။ ညအခါသာယာစွာတေးသီတတ်သည့် သပိတ်လွယ်ငှက်တစ်ကောင် သို့မဟုတ် ဩစတြေးလျ လိုင်ယာစောင်းပုံအမြီးရှိငှက်၏တေးဆိုသံ သို့မဟုတ် ကြည်လင်ပြတ်သားစွာအော်မြည်တတ်သည့်ကုကူး သို့မဟုတ် ဩစတြေးလျသပိတ်လွယ်၏ ဗလုံးဗထွေးသံစဉ်အားဖြင့်ဖမ်းစားခံရသည့်အခါ မည်သူမရပ်တန့်ဘဲနေမည်နည်း။
ငှက်–ကြည့်ရှုလေ့လာခြင်း (အမေရိကန်ပြည်ထောင်စုတွင် အများအားဖြင့် ငှက်လေ့လာစောင့်ကြည့်ခြင်းဟုခေါ်) သည် ငှက်ရိုင်းများကို လေ့လာစောင့်ကြည့်ခြင်းဖြစ်သည်။ ယင်းကိုပြုရန်ဆုံးဖြတ်စဉ် သင်သည်အားတက်သရောရှိနေပေမည်။ ရှားပါးသောငှက်များကိုတွေ့ဖို့ ဗွက်စဉ်ခံရန် သို့မဟုတ် တောင်များကိုတက်ရန် သင်ဆန္ဒရှိချင်မှရှိမည်။ သို့သော် လူများစွာတို့သည် စိတ်ကျေနပ်မှုရှိရန်နှင့် လန်းဆန်းမှုရှိရန် မိမိတို့၏အိမ်နောက်ဖေးဥယျာဉ် သို့မဟုတ် ပန်းခြံထဲတွင် ငှက်များကိုကြည့်ရှုလေ့လာနိုင်ကြောင်းတွေ့ရှိကြသည်။ များစွာတို့သည် ဒေသရှိငှက်များကိုဆွဲဆောင်ရန် ရေနှင့်အစာခွက်များကို လုပ်ပေးထားကြသည်။ ဝါသနာအိုးများ နှစ်စဉ်တိုးများလာသည်။ ယင်းသည် ကြိုးစားအားထုတ်ရကျိုးနပ်ကြောင်း ပို၍ပို၍များစွာသောသူတို့ ယုံကြည်လာကြသည်။
အဘယ့်ကြောင့် ဤမျှလူကြိုက်များရသနည်း
စတိဗ် မာဒေါ့၏ အမေရိကချဲလင့်ချ်စာအုပ်အရ ၁၉၉၀ နှင့် ၂၀၅၀ ပြည့်နှစ်အတွင်း ငှက်ကြည့်ရှုလေ့လာသူဦးရေသည် အမေရိကန်ပြည်ထောင်စုလူဦးရေတိုးနှုန်းထက် သာလွန်မည်ဟုမျှော်လင့်ရသည်။ နယူးဆိုင်းယင်းတစ် မဂ္ဂဇင်းက “အိန္ဒိယရှိလူတို့သည် အမွေးအတောင်ပါသော ခြေနှစ်ချောင်းသတ္တဝါများအားကြည့်ရှုလေ့လာမှုကို ပို၍ပို၍လိုက်စားလာကြသည်” ဟုအစီရင်ခံသည်။ တောင်အာဖရိကငှက်လောက၏ ပုံနှိပ်ထုတ်ဝေရေးကော်မတီသဘာပတိ ဂေါ်ဒွန် ဟောလ်တ်ဟောင်စန်က “တောင်အာဖရိကတွင် . . . [ငှက်] စာအုပ်များသည် ကျမ်းစာအုပ်ပြီးလျှင် ဒုတိယအရောင်းရဆုံးဖြစ်သည်” ဟုယုံကြည်သည်။
ငှက်ကြည့်ရှုလေ့လာသူတစ်ဦးကဲ့သို့ ငှက်တစ်ကောင်ကိုသင်ကြည့်သည်နှင့်တစ်ပြိုင်နက် သင်စွဲသွားမည်! ငှက်ကြည့်ရှုလေ့လာခြင်းသည် ဓာတ်ကူးတတ်သည်။ ယင်းသည် သင့်အားအိမ်အပြင်ဟင်းလင်းပြင်သို့ထုတ်၍ သင့်စိတ်ကိုစိန်ခေါ်သော အကုန်အကျမရှိသည့် အပျင်းဖြေနည်းတစ်ခုဖြစ်နိုင်ပေသည်။ ယင်းသည် သတ်ဖြတ်မှုမပါသည့် စိတ်ဝင်စားစရာအမဲလိုက်ခြင်းဖြစ်သည်။ ကလေးများကောလူကြီးများပါ လျင်မြန်စွာတတ်မြောက်နိုင်သောကြောင့် မိသားစုလိုက်ဖြစ်စေ၊ မိတ်ဆွေအုပ်စုလိုက်ဖြစ်စေ ပါဝင်နိုင်ပါသည်။ ယင်းသည် တစ်ဦးတည်းပင်လျှင် လုပ်ဆောင်နိုင်ပါသည်။ ငှက်ကြည့်ရှုလေ့လာခြင်းသည် သန့်ရှင်းပြီး အကျိုးပြုသောအပျင်းဖြေနည်းဖြစ်ကာ မည်သည့်နေရာ၌မဆို တစ်နှစ်ပတ်လုံးလုပ်ဆောင်နိုင်သည်။
ငှက်ကြည့်ရှုလေ့လာခြင်းအတွက်အခြေခံများ
သင်သည် တစ်ခါတစ်ရံ ငှက်တစ်ကောင်ကိုကြည့်ကာ မည်သို့ခေါ်သည်ကို တွေးကြည့်ဖူးသလော။ ကျေနပ်မှုသည် စွဲမက်ဖွယ်ကောင်းသည့်လင်းယုန်များ၊ ဒေါင်းများနှင့်ငန်းများ၏အမည်များလောက်သာမဟုတ်ဘဲ အလွယ်တကူသတိမပြုမိသည့် မြေလူးငှက်များနှင့်မြေဝပ်ငှက်များ၏ နာမည်ကိုပါသင်ယူခြင်းအားဖြင့်ရရှိသည်။ အလွန်ဆင်တူသော ချောင်းတလိုင်းငှက်မျိုး၊ အမွေးအတောင်များတွဲလောင်းကျနေသော သစ်တောနေငှက်လက်မမျိုးနှင့် ယင်းတို့နှစ်မျိုးကြားငှက်မျိုးအားလုံးလည်းရှိသည်။a
ယင်းတို့အားခွဲခြားသိမြင်နိုင်ရန် သင်သည် သင့်နိုင်ငံ သို့မဟုတ် ဒေသရှိငှက်များနှင့်ပတ်သက်သည့် ကွင်းဆင်းလမ်းညွှန်တစ်ခုကို လိုအပ်မည်ဖြစ်သည်။ ယင်းသည် မျိုးစိတ်တစ်ခုစီ၏အဖိုအမကို သရုပ်ဖော်ပုံများနှင့် ရှင်းလင်းဖော်ပြချက်များပါဝင်သော အိတ်ဆောင်စာအုပ်ဖြစ်သည်။ ပို၍ကောင်းသောလမ်းညွှန်စာအုပ်များတွင် အမွေးအတောင်မစုံသေးခြင်းနှင့် ရာသီအလိုက်အမွေးပြောင်းခြင်းတို့ကိုပါ ဖော်ပြပေးထားသည်။
စတင်ကြည့်ရှုလေ့လာသူတစ်ဦးအတွက် အခြားအဘယ်အရာလိုသေးသနည်း။ ငါးမျှားတံတစ်ချောင်း သို့မဟုတ် ပိုက်ကွန်တစ်ခုသည် တံငါသည်တစ်ဦးအတွက် အရေးကြီးသကဲ့သို့ ကောင်းမွန်သော အဝေးကြည့်မှန်ပြောင်းတစ်စုံသည် ငှက်ရှာသူတစ်ဦးအတွက်အရေးကြီးသည်။ အဝေးကြည့်မှန်ပြောင်းဖြင့် သင့်အနီးအပါးရှိငှက်တို့ကို အသေးစိတ်ကြည့်သောအခါ သင်အံ့သြသွားမည်။ ဥပမာ၊ အာဖရိကတွင် ကြီးမားသည့်ရေမြင်းတစ်ကောင်ကို လွယ်ကူစွာရှာတွေ့နိုင်သည်။ သို့သော် သင်သည် အဝေးကြည့်မှန်ပြောင်းကိုအသုံးမပြုဘဲ ရေမြင်း၏ကျောပေါ်တွယ်ကပ်ရင်း ကပ်ပါးကောင်များကိုစားနေသည့် သေးငယ်သော နှုတ်သီးနီနွားကျောင်းငှက်ကိုတွေ့ရမည်မဟုတ်ပေ။
မှန်ပြောင်းအားလုံးသည် ငှက်ကြည့်ရှုလေ့လာဖို့အတွက် ပုံစံထုတ်ထားခြင်းမဟုတ်ပါ၊ များစွာသောပုံစံတို့သည် မည်သို့လုပ်ဆောင်ကြကြောင်း အမှန်နှိုင်းယှဉ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ငှက်ကြည့်ရှုလေ့လာကြသူများအကြား၌ လူကြိုက်များသောပုံစံနှစ်ခုမှာ ၇ x ၄၂ နှင့် ၈ x ၄၀ တို့ဖြစ်သည်။ ပထမနံပါတ်မှာ ချဲ့အားနှင့် ဒုတိယမှာ မီလီမီတာဖြင့် မှန်ဘီလူးကြီး၏အချင်းကိုရည်ညွှန်းသည်။ “၁ အချိုး ၅ အကြားရှိ ချဲ့အားနှင့် မှန်ဘီလူးအရွယ်ပမာဏသည် အလင်းစုစည်းနိုင်စွမ်းအတွက် အကောင်းဆုံးဖြစ်သည်ဟု အများအားဖြင့်ယူဆထားကြသည်” ဟု အမျိုးသားပထဝီဝင်လေ့လာမှု မြောက်အမေရိကရှိငှက်များအား ကွင်းဆင်းလေ့လာခြင်းလမ်းညွှန် ကရှင်းပြသည်။ ယင်းက သင့်အား အလင်းရောင်နည်းသည့်အခြေအနေ၌ပင် အရောင်များကို ခွဲခြားစေနိုင်မည်ဖြစ်သည်။ ယင်းကြောင့် ချဲ့အားမြင့်တိုင်းကောင်းသည်မဟုတ်။ ရှင်းလင်းမှုသည် သင်လိုချင်သောအရာဖြစ်သည်။
မည်သည့်နေရာတွင် စတင်ကြည့်မည်နည်း သင့်အနီးအပါးတွင်
မိမိအနီးအပါးရှိငှက်များအား သိကျွမ်းထားသူသည် ရှားပါးပြီးတွေ့ရခဲသောငှက်များကိုရှာတွေ့ရန် အခြားဒေသတစ်ခုခုသို့သွားဖို့ ပို၍အသင့်ဖြစ်နေလေ့ရှိသည်။ သင့်အိမ်နားတစ်ဝိုက်တွင် မည်သည့်မျိုးစိတ်များအမြဲနေထိုင်သည်ကို သင်သိပါသလော။ အနီးအနားရှိ ရေကန် သို့မဟုတ် စိမ့်မြေတစ်ခုသို့သွားသည့်လမ်းကြောင်းပေါ်တွင်ဖြစ်ကောင်းဖြစ်မည့် ဒေသတွင်တစ်ခါမျှမမြင်ဖူးသော မည်သည့်ငှက်များသည် အထက်မှပျံသန်းသွားတတ်သနည်း။ မည်သည့် နေရပ်ပြောင်းရွှေ့ငှက်များသည် သူတို့၏ရာသီအလိုက်ခရီးသွားရင်း ဖြတ်သန်းသွားသနည်း။ ခရစ္စတိုဖာ လေဟီက သူ၏ ငှက်ကြည့်ရှုလေ့လာသူလက်စွဲစာအုပ်၌ ဤသို့ရေးသည်– “မြောက်အမေရိကတွင် [ပြောင်းရွှေ့ခြင်း၌] ခန့်မှန်းခြေအားဖြင့် သားပေါက်ငှက်မျိုးစိတ် ၆၄၅ မှ ၈၀ ရာခိုင်နှုန်းပါဝင်သည်။”
ဤပြောင်းရွှေ့သည့်ငှက်များသည် သင့်အိမ်အနီးတွင် အားဖြည့်အနားယူရန် ညအိပ်ရပ်နားပေမည်။ အချို့ဒေသများရှိ စိတ်အားထက်သန်သောငှက်လေ့လာသူများသည် သူတို့၏အိမ်နောက်ဖေးတွင် ငှက်မျိုးစိတ် ၂၁၀ ထက်မကကို ခွဲခြားသိရှိခဲ့ကြသည်။ နှစ်စဉ် ပထမဆုံးနှင့်နောက်ဆုံး မျိုးစိတ်တစ်ခုကိုသင်တွေ့ရှိသည့် နေ့စွဲစာရင်းတစ်ခုကိုထားခြင်းသည် စိတ်ဝင်စားစရာကောင်းပြီး ပညာပေးကြောင်း သင်တွေ့ရှိပါလိမ့်မည်။
ငှက်များလေ့လာရန်နည်းလမ်းများ
ယခုသင်သည် လည်ပင်းတွင်လွယ်ထားသည့် အဝေးကြည့်မှန်ပြောင်းနှင့် အိတ်ထဲရှိကွင်းဆင်းလမ်းညွှန်တစ်ခုဖြင့် အိမ်နောက်ဖေးအပြင်ဘက်သို့ထွက်ကာ စူးစမ်းလေ့လာရန်အသင့်ဖြစ်ပေပြီ။ ငှက်အသေးစိတ်စာရင်းကို များသောအားဖြင့် ဥယျာဉ်များနှင့် သဘာဝဘေးမဲ့တောများ၌ရနိုင်ပါသည်။ ယင်းတို့က အများအားဖြင့် မည်သည့်ရာသီမျိုးစိတ်များကိုထိုတွင်တွေ့နိုင်မည်နှင့် ယင်းတို့ကိုသင်ရှာဖွေရာ၌ အဘယ်ဖြစ်နိုင်ခြေရှိသည်တို့ကို ဖော်ပြပေးသည်။ စာရင်းတစ်ခုက သင်တွေ့ မြင်ရာကိုအတည်ပြုဖို့ အသုံးဝင်သောကိရိယာတစ်ခုဖြစ်လိမ့်မည်။ အထူးသဖြင့်သင်သည် စတင်ကြည့်ရှုလေ့လာသူတစ်ဦးဖြစ်ပါက ယခုမှတွေ့ဖူးသည်ဟုသင်ထင်သောငှက်တစ်ကောင်ကို ရှားပါးသောငှက်စာရင်းတွင် ထည့်ထားပါက ယင်းကို စိစစ်ကြည့်ရှုလျှင်ကောင်းသည်။ (လေးထောင့်ကွက်မှ “ခွဲခြားသတ်မှတ်ရန်အခြေခံလမ်းညွှန်” ကိုကြည့်ပါ) အခြားတစ်ဖက်တွင် အလွန်ပေါများသည်ဟု စာရင်းပြုစုထားပါက သင်သည်ယင်းကို မှန်ကန်စွာခွဲခြားသိမြင်နိုင်ခဲ့ပေမည်။
တောတောင်လမ်းများနှင့် သင်တွေ့ကြုံရမည့်ဇာတိရပ်များကိုပြသသည့် မြေပုံတစ်ခုကို ကြိုတင်ရရှိရန်ကြိုးစားပါ။ ငှက်ဘဝသည် အများအားဖြင့် ဇာတိရပ်နှစ်ခု သို့မဟုတ် ထိုထက်မကရှိလျှင် ပို၍ပေါများကြွယ်ဝသည်။ သင်လှည့်ပတ်ကြည့်နေသည်ဖြစ်စေ သို့မဟုတ် ရပ်နေသည်ဖြစ်စေ ပတ်ဝန်းကျင်နှင့်တစ်ထပ်တည်းဖြစ်အောင်ကြိုးစားပြီး သင့်ထံငှက်များလာရန်စောင့်ပါ။ စိတ်ရှည်ပါ။
အချို့သောနေရာများတွင် မကြာမီကတွေ့ခဲ့ရသော စိတ်ဝင်စားဖွယ်မှတ်တမ်းများကို ဝါသနာအိုးများနားထောင်နိုင်သည့် တယ်လီဖုန်းနံပါတ်တစ်ခုရှိတတ်သည်။
ကြိုတင်ပြင်ဆင်ရကျိုးနပ်
ငှက်များကို သတ်သတ်မှတ်မှတ်ကြည့်ရှုလေ့လာခြင်းသည် အကျိုးရှိသော်လည်း သင်ကြည့်လိုသောငှက်များကို ကြိုတင်၍အထူးလေ့လာသုံးသပ်လျှင် ပို၍တစ်ပန်းသာသည်။ အကယ်၍သင်သည် ကာရစ်ဘီယံတွင်ရှိမည်ဆိုလျှင် သင်ရှာဖွေဖို့ဆုံးဖြတ်ထားသည့်ငှက်မှာ ကျူးဘားတော့ဒီ၊ ပွာတီရီကိုတော့ဒီ သို့မဟုတ် ဂျမေကာတော့ဒီငှက်မျိုးပြား တစ်မျိုးမျိုးဖြစ်ပေမည်။ ယင်းသည် အစိမ်းနှင့်အနီရောင်အမွေးများဖြင့်အရောင်တောက်ပသည့် ရတနာတုံးကလေးဖြစ်သည်။ ဟားဘတ် ရယ်ဖီအယ်လ်၏ ပွာတီရီကိုနှင့်ဗာဂျင်ကျွန်းများရှိငှက်များအတွက်လမ်းညွှန်က “ယင်းကိုတွေ့ဖို့ခက်သော်လည်း အသံကိုမူကြားရလေ့ရှိသည်” ဟုကျွန်ုပ်တို့အားပြောပြသည်။ ကျူးဘားတော့ဒီတို့သည် အာသာငမ်းငမ်းစားတတ်ခြင်းနှင့် သူတို့၏သားငယ်ကိုအစာကျွေးရာ၌ လျင်မြန်မှုတို့ကြောင့် လူသိများသည်။ ငှက်များအစာစားနည်းကိုဖော်ပြပြီးနောက် ရယ်ဖီအယ်လ်က ဤသို့အကြံပေးသည်– “ကျောက်တုံးနှစ်တုံးကိုပြိုင်တူခေါက်ခြင်းက မကြာခဏသူတို့အားဆွဲဆောင်မှုဖြစ်စေမည်။”
သင်သည် ကွင်းဆင်းလေ့လာရေးခရီးတစ်ခုအတွက် အစီအစဉ်ဆွဲလိုပေမည်၊ သို့ဖြင့် သင်သည် နွေဦးရာသီ၌ တောကြက်ဖတစ်ကောင်၏ စွဲမက်ဖွယ်လေထဲမှပျံသန်းခြင်းကဲ့သို့သော မျိုးစိတ်တစ်ခု၏ဘဝအဖြစ်အပျက်တစ်ခုကို တွေ့မြင်နိုင်ပေမည်။ သို့မဟုတ် ဆောင်းဦး၌ အာဖရိကသို့ပျံသန်းရန်ပြင်ဆင်နေကြသည့် ဂျီဘရော်တာ သို့မဟုတ် ဘော့စ်ပိုရတ်စ်မှ စိတ်စွဲမှတ်ဖွယ်များပြားသည့် ငှက်ကျားဖြူများဖြစ်နိုင်ပေမည်။ သို့မဟုတ် အစ္စရေးနိုင်ငံတစ်ဝန်းရှိ ငှက်များ၏ပြောင်းရွှေ့မှုများဖြစ်ပေမည်။
ဝန်ခံရမည်မှာ ထူးခြားသည့်ငှက်ကိုရှာရန်စီစဉ်ခြင်းသည် တစ်နေရာတွင်အမြဲရှိမည်ဟု သင်သိထားသော သမိုင်းဝင်အထိမ်းအမှတ်အဆောက်အဦတစ်ခုသို့ လည်ပတ်ခြင်းနှင့်မတူပါ။ ငှက်များသည် အမြဲတမ်းလှုပ်ရှားသွားလာနေတတ်ကြသည်။ သူတို့၏ဘဝမှာ အချုပ်အနှောင်ကင်းသည်။ ထို့အပြင် အမျိုးစုံပြီး အံ့အားသင့်စရာကောင်းသည်။ သို့သော် ရှာဖွေခြင်းနှင့်စောင့်ဆိုင်းခြင်းသည် ကြိုးစားရကျိုးနပ်သည်!
ဤအရာအားလုံးသည် ငှက်ကြည့်ရှုလေ့လာခြင်းမှရသည့် စိတ်လှုပ်ရှားစရာများဖြစ်သည်။ သင်စီစဉ်ထားသည့်တိုင် ယုတ်စွအဆုံး သင်တွေ့ရန်မျှော်လင့်ထားသည့်ငှက်များ ထိုတွင်မရှိဘဲဖြစ်နိုင်သည်။ သို့သော် မျှော်လင့်မထားသည့် အခြားအဘယ်အရာများတွေ့ရမည်ကို မည်သူမျှမပြောနိုင်ပါ။ သေချာသည့်အရာတစ်ခုမှာ ငှက်များသည် သင့်အားမည်သည့်အခါမျှ စိတ်ဓာတ်မကျစေပါ။ စိတ်ရှည်ပါ။ ငှက်ကြည့်ရှုလေ့လာခြင်း၌ ပျော်မွေ့ပါ။ သူတို့ကိုဖန်ဆင်းသည့်အရှင်ကို မမေ့ပါနှင့်!—ကမ္ဘာဦး ၁:၂၀; ၂:၁၉; ယောဘ ၃၉:၁၃-၁၈၊ ၂၇-၂၉။
[အောက်ခြေမှတ်ချက်]
a ငှက်များကို အမြင်အားဖြင့် အဓိကအမျိုးအစားရှစ်မျိုးခွဲခြားထားသည်– (၁) ရေငှက်များ—ဘဲနှင့်တူသောငှက်များ၊ (၂) ဝေဟင်ငှက်များ—စင်ရော်နှင့်တူသောငှက်များ၊ (၃) ခြေတံရှည်သောရေစပ်နေငှက်များ—ငဟစ်များနှင့်ကြိုးကြာများ၊ (၄) ငှက်တလိုင်းများနှင့် ချောင်းတလိုင်းငှက်မျိုးများ၊ (၅) ကြက်နှင့်တူသောငှက်များ—ရစ်ပုနှင့်ငုံး၊ (၆) ငှက်ရဲများ—သိမ်းများ၊ လင်းယုန်များနှင့်ဇီးကွက်များ၊ (၇) သစ်ကိုင်းနေ (သစ်ကိုင်းနား) ငှက်များနှင့် (၈) သစ်ကိုင်းမနေသည့်ကုန်းငှက်များ၊—ရော်ဂျာတိုရီ ပီတာစန်၏ ရော့ကီအရှေ့ဘက်ငှက်များအား ကွင်းဆင်းလမ်းညွှန်။
[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်]
ခွဲခြားသတ်မှတ်ရန်အခြေခံလမ်းညွှန်
ကောင်းစွာမသိကျွမ်းသည့်ငှက်တစ်ကောင်ကို ပထမဆုံးတွေ့ ရှိလိုက်သည့်အခါ အောက်ပါမေးခွန်းအချို့ကိုဖြေဆိုဖို့ကြိုးစားခြင်းက အကူအညီဖြစ်စေမည်—
၁။ ထိုငှက်တွင် မည်သည့်အရောင်ရှိသနည်း—တစ်ရောင်တည်းလော၊ အစင်းကျားလော သို့မဟုတ် အစက်အပြောက်လော။
၂။ မည်သည့်နေရာ၌ နေထိုင်ကျက်စားသနည်း—ရေထဲ၊ ရွှံ့နွံ၊ စိမ့်တော၊ မြက်ခင်းပြင် သို့မဟုတ် သစ်တောထဲတွင်လော။
၃။ အဘယ်အရွယ်အစားရှိသနည်း—သိထားသည့်ငှက်တစ်ကောင်—စာကလေး၊ မြေလူးငှက်၊ ခို သို့မဟုတ် သိမ်းငှက်နှင့်နှိုင်းယှဉ်ပါ။
၄။ မည်သို့ပြုမူတတ်သနည်း—အင်းဆက်များနောက်သို့ တစ်ဟုန်ထိုးလိုက်တတ်သလော၊ ပျံဝဲသလော၊ အမြီးနန့်သလော၊ အမြီးကို အပေါ်ထောင်သလော သို့မဟုတ် အောက်သို့ချသလော သို့မဟုတ် မြေပေါ်၌လမ်းလျှောက်သလော။
၅။ မည်သည့်နှုတ်သီးပုံသဏ္ဌာန်ရှိသနည်း—တိုပြီးချွန်သလော၊ တိုပြီးတုတ်သလော၊ ရှည်သလော၊ ကွေးကောက်သလော။
ဤ “ကွင်းဆင်းအမှတ်အသားများ” ကိုကြည့်ခြင်းနှင့် ငှက်လမ်းညွှန်အခြေခံတစ်ခုကို မှီငြမ်းခြင်းဖြင့် စတင်ကြည့်ရှုလေ့လာသူပင်လျှင် သာမန်မျိုးစိတ်များကို သိရှိနိုင်ပါသည်။—ပြပွဲလမ်းညွှန်၊ မေရီရယ် ခရိ ရေလှောင်ကန်၊ နယူးဂျာစီ၊ ယူ.အက်စ်.အေ။
[Picture Credit Line on page 20]
စာမျက်နှာ ၁၉-၂၃ ရှိငှက်ပုံများ–The Complete Encyclopedia of Illustration/ J. G. Heck
[စာမျက်နှာ ၂၀၊ ၂၁ ပါ မြေပုံ/ဇယား]]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ဗွတ်ကုလားငှက်ပြာ
မြောက်အမေရိက
ကြက်တောကြီး
ဗဟို/တောင်အမေရိက
လင်းယုန်ထိပ်ပြောင်
မြောက်အမေရိက
ငန်းဖြူ
မြောက်အမေရိက
ပိတုန်းငှက်
မြောက်/ဗဟို အမေရိက
ငှက်ကြီးဝန်ပို
အမေရိကန်
ကာဒီနယ်တေးဆိုငှက်
မြောက်/ဗဟို အမေရိက
လင်းယုန်ညို
အာဖရိက၊ အာရှ
အောက်ချင်း
တောင်အမေရိက
ကြက်သွေးရောင်ခရုစုပ်
တောင်အမေရိက
ဝေသာလီဥဗျိုင်းကြီး
ကမ္ဘာတစ်ဝန်း
ခေါင်းနက်ငန်းငယ်
အမေရိကန်
တေးဆိုငှက်ပုတီး
ဥရောပ၊ မြောက်အာဖရိက
မန်ဒါရင်ဘဲ
တရုတ်
ငှက်ကျား
ဥရောပ၊ အာဖရိက၊ အာရှ
ထိပ်နက်ကြိုးကြာ
အာဖရိက
ကြိုးကြာခြေတံနီ
ယဉ်စွန်းတန်းဒေသများ
ဂုလ်ထ်ဒီယံငှက်ပုတီး
ဩစတြေးလျ
တိန်ညင်းငှက်ကျားကြီး
ဩစတြေးလျ
ဒေါင်း
ကမ္ဘာတစ်ဝန်း
ငှက်ကုလားအုတ်
အာဖရိက
ကျေးကျုတ်ငှက်
ဩစတြေးလျ
[Credit Lines]
U.S. Fish and Wildlife Service, Washington, D.C./Glen Smart
Courtesy of Green Chimney’s Farm
Courtesy of San Diego Wild Animal Park
မြေပုံ–The Complete Encyclopedia of Illustration/ J. G. Heck
Courtesy of San Diego Wild Animal Park