ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
ဥရောပတွင် ဘာသာရေးလွတ်လပ်မှု ခြိမ်းခြောက်ခံရ
မကြာသေးမီက ယူ.အက်စ်.အေ. ဝါရှင်တန်ဒီစီရှိ ပရက်စ်ညီလာခံတွင် အီတလီနိုင်ငံ တူရင်မှ ရိုမန်ကက်သလစ်ကျမ်းပညာရှင်တစ်ဦးဖြစ်သူ မက်စီမိုအင်ထရိုဗင်နီက နိုင်ငံအတော်များများရှိ ဂိုဏ်းဂဏဆန့်ကျင်ရေး စာရင်းများ သို့မဟုတ် မှတ်တမ်းများကိုပြုစုထားကြောင်း ပြောဆိုခဲ့သည်။ “အန္တရာယ်ရှိသောဂိုဏ်းများ” အဖြစ် ပစ်မှတ်ထားသော အဖွဲ့အစည်းများတွင် နှစ်ခြင်း၊ . . . ကက်သလစ် ကဲရစ်စမက်တစ်အသင်း၊ ဟာစီဒစ်ခ် ဂျူးများ၊ ယေဟောဝါသက်သေများ၊ လူစွာများအသင်းနှင့် ခရစ်ယာန်ကလျာဏယုဝတီအသင်းတို့ပါဝင်သည်။ ဂျာမနီ သတင်းမှတ်တမ်းက အုပ်စု ၈၀၀ ကိုရည်ညွှန်းဖော်ပြသည်; ဘယ်လ်ဂျီယံစာရင်းတစ်ခုက ၁၈၇ စု; ပြင်သစ်စာရင်းတစ်ခုက ၁၇၂ စုတို့ကို ပြုစုထားသည်။ ပြင်သစ်နိုင်ငံရှိ “ကျောင်းဆရာများသည် လေးစားထိုက်စွာ နှစ်နှင့်ချီ၍အမှုထမ်းဆောင်ကြပြီးနောက်ပိုင်း သူတို့သည် ယေဟောဝါသက်သေများ၏ အသင်းသားများဖြစ်ကြသည့်အတွက် အစိုးရကျောင်းများမှ အလုပ်ဖြုတ်ခံရကြသည်” ဟူ၍ အင်ထရိုဗင်နီက ရေးသားသည်။ ကောမ်းပါစ် ဒါရိုက် သတင်းဌာနမှ သတင်းပေးပို့ချက်အရ ဂိုဏ်းဂဏဆန့်ကျင်ရေးလှုပ်ရှားမှုများကို အစိုးရက ကမကထပြုနေခြင်းနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်မိကြောင်း အင်ထရိုဗင်နီက ဖော်ပြခဲ့သည်။ သူက ဤသို့ဆို၏– “ထိုလှုပ်ရှားမှုများတွင် ဘာသာရေးအုပ်စုငယ်လေးများအပေါ် အထင်အမြင်မှားစေမှု၊ များသောအားဖြင့် သတင်းမှားဖြန့်မှုနှင့် ကမ္ဘာကသည်းမခံနိုင်သည့်အမြင်ရှိလာစေမှုတို့အတွက် တာဝန်ရှိနေသည်မှာ အထင်အရှားပင်ဖြစ်သည်။”
စမတ်ကျသည့် ပြတင်းပေါက်များ
ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီတက္ကသိုလ်မှ သုတေသီများက လေယာဉ်ပျံများ နိမ့်နိမ့်ပျံသန်းသည့်အခါ အလိုအလျောက်ပိတ်သော ပြတင်းပေါက်တစ်ခုကို ပုံဖော်ထုတ်လုပ်ခဲ့ကြသည်။ အနှောင့်အယှက်ပေးသည့်အသံ ကျော်လွန်သွားပြီးနောက် ပြတင်းပေါက်သည် တစ်ဖန်ပြန်ပွင့်သွားသည်။ ပြတင်းပေါက်အတွင်းတပ်ဆင်ထားသည့် ဆော့ဖ်ဝဲဖြင့်ထောက်ကူထားသော အပြင်ဘက် မိုက်ကရိုဖုန်းတစ်ခုက ကုန်တင်ကားကြီးများ၏ ကျယ်လောင်လှသည့်အသံကဲ့သို့သော အခြားအနှောင့်အယှက်ပေးသည့်ဆူညံသံများ၏ တစ်ခုချင်းကြိမ်နှုန်းများကို မှတ်မိနိုင်သည်။ ထိုပြတင်းပေါက်များသည် ၂၀ ဒယ်ဆီဘယ်လောက်အထိ ဆူညံသံကို လျှော့ပေးနိုင်ကြောင်း၊ အနှောင့်အယှက်မရှိအိပ်ပျော်စေနိုင်သည်မှာ သေချာကြောင်း စမ်းသပ်မှုများက ဖော်ပြသည်။ နယူးဆိုင်းယင်းတစ် မဂ္ဂဇင်းက ဤသို့မှတ်ချက်ချသည်– “ထိုစနစ်၏ ကြီးမားသောအကျိုးကျေးဇူးတစ်ခုကား ထိုအဆောက်အဦများကို တန်ဖိုးကြီးမားသည့် လေအေးစက်များ တပ်ဆင်ခြင်းမလိုဘဲ အသံလုံကာ လေဝင်လေထွက်ပါကောင်းစေနိုင်ခြင်းတို့ဖြစ်သည်။”
ကလေးများအပေါ် တီဗွီ၏သက်ရောက်မှု
“စာသင်ခန်းတွင်အသုံးပြုသော ၂၃ နာရီနှင့်နှိုင်းယှဉ်လျှင် တစ်ပတ် တီဗွီကြည့်ချိန်သည် ၃၈ နာရီရှိသောကြောင့် ၆-နှစ်မှ ၁၂-အရွယ်ကလေးများ၏အမူအကျင့်ကို ကျောင်းထက် ကာတွန်းနှင့် ဗီဒီယိုဂိမ်းများက ဩဇာလွှမ်းမိုးသည်” ဟုမက္ကဆီကိုနိုင်ငံထုတ် အဲလ်ယူနီဗာဆယ်လ် သတင်းစာတွင် ဖော်ပြထားသည်။ သုတေသီ အိုမာတိုဘလေကာသည် တီဗွီက တစ်စုံတစ်ခုသောအခြေအနေတွင် အဘယ်သဘောထားကို ခံယူပါဟု ကလေးများအား သင်ကြားပေးကြောင်း—သို့သော် ထိုသဘောထားများ ကောင်းမကောင်းကို ကလေးငယ်က မသိကြောင်း သတိပြုမိခဲ့သည်။ သူဤသို့ရှင်းပြခဲ့သည်– “ကလေးသည် ဇာတ်ကောင်များမှတစ်ဦးတစ်ယောက်က ကျေနပ်ဖွယ်ရလဒ်များနှင့်ပီတိဖြာနေပုံကိုတင်ဆက်သည့် ကာတွန်း သို့မဟုတ် ရုပ်ရှင်ကိုကြည့်ရှုပါက အဆိုပါကလေးသည် ထိုအတိုင်းလိုက်တုဖို့ အကြောင်းများသည်။” “ကလေးငယ်များသည် ကျောင်းကို မလွှဲမရှောင်သာတက်ရသော တာဝန်အဖြစ်သာ သဘောထားကြသောကြောင့် ကျောင်းတွင်သင်ကြားသည့်အရာကမဟုတ်ဘဲ တီဗွီမှ နေ့စဉ်သင်ယူသိရှိသည့်အရာကို သူတို့၏အသက်တာတွင် လက်တွေ့ကျင့်သုံးကြသည်” ဟုတိုဘလေကာ၏ စုံစမ်းလေ့လာချက်က ဖော်ပြထားသည်။
လမ်းလျှောက်ခြင်းက အသက်ကိုရှည်စေနိုင်
နေ့စဉ်လမ်းလျှောက်ခြင်းသည် တစ်ဦးတစ်ယောက်၏အသက်တာကို သိသိသာသာ ရှည်စေနိုင်သည်ဟု အေရှားဝိဒ်ခ် ကဆို၏။ လမ်းလျှောက်နိုင်သည့် အသက် ၆၁ နှစ်နှင့် ၈၁ နှစ်အရွယ်စပ်ကြားရှိ ဆေးလိပ်မသောက်သူ အမျိုးသား ၇၀၇ ဦးအပေါ် ၁၂-နှစ်ကြာလေ့လာမှုကို အာရုံစိုက်လုပ်ဆောင်ခဲ့သည်။ “တစ်ရက်လျှင် ၃.၂ ကီလို (နှစ်မိုင်) မျှလျှောက်သူများ—အေးအေးဆေးဆေးလျှောက်သည့်နှုန်းပင်ဖြစ်စေ—သေခြင်းကိုဖြစ်စေနိုင်သည့်အန္တရာယ်အားလုံး၏ ၅၀ ရာခိုင်နှုန်းမျှကို လျော့ကျစေသည်” ဟုမှတ်တမ်းက ဖော်ပြသည်။ လမ်းမလျှောက်သူများသည် တစ်ရက်လျှင် အနည်းဆုံး နှစ်မိုင်လျှောက်သူများထက် ကင်ဆာရောဂါအမျိုးအစားအားလုံးကြောင့် သေဆုံးရန် အလားလာ ၂.၅ ဆရှိသည်။ နယူးအင်္ဂလန်ဆေးဂျာနယ်တွင် ထုတ်ပြန်ထားသည့် လေ့လာမှုက တစ်ရက်လျှင် မိုင်ဝက်မျှပင်လျှောက်ခြင်းသည် အသေအပျောက်နှုန်းကို လျော့ကျစေကြောင်း တွေ့ရှိခဲ့သည်ဟူ၏။ ယခင်ကမူ အချို့သော ကာယလေ့ကျင့်ခန်းကျွမ်းကျင်သူများက ထိုသို့သော ဖြည်းဖြည်းသာသာလေ့ကျင့်ခန်း၏တန်ဖိုးနှင့်ပတ်သက်၍ သံသယပွားခဲ့ကြသည်။ ယခုမူ လေ့လာမှုအသစ်က ဤသို့ကောက်ချက်ချသည်– “သက်ကြီးရွယ်အိုတို့ကို လမ်းလျှောက်ဖို့ အားပေးခြင်းသည် သူတို့၏ကျန်းမားရေးကို အကျိုးပြုနိုင်သည်။”
တေးဂီတက ကလေးများကို ကူညီပေး
သုံးလေးနှစ်အရွယ်ကလေးများအား တေးဂီတကိုတီးခတ်ရန် သင်ကြားပေးခြင်းက ဆင်ခြင်သုံးသပ်ရန်နှင့် တွေးတောရန် သူတို့ကိုကူညီပေးနိုင်ကြောင်း အီဗင်၊ ကာလီဖိုးနီးယားတက္ကသိုလ်မှ ရူပဗေဒပါမောက္ခ ဂေါဒန်စောက ပြောဆို၏။ ဤနုနယ်သောအရွယ်တွင် နဗ်ကြောဆက်သွယ်မှုများ အသင့်ဖွဲ့စည်းပြီးဖြစ်၍ တစ်ရက်လျှင် ဆယ်မိနစ်မျှပင် မှန်မှန်လေ့ကျင့်ပေးခြင်းက “ကလေးတစ်ဦး၏ ဆင်ခြင်တွေးတောနည်းကို ရေရှည်တိုးတက်” စေဖို့ကူညီပေးကြောင်း သုတေသီများက တင်ပြခဲ့ကြသည်။ ကိုးလကြာသည့်စမ်းသပ်မှုတစ်ခုတွင် စန္ဒရားသင်ကြားသည့်ကလေးငယ်များနှင့် ကွန်ပျူတာသင်ကြားမှုခံယူသည့်အုပ်စု သို့မဟုတ် ဘာကိုမျှသင်ယူခြင်းမရှိသည့်အုပ်စုတို့ကို နှိုင်းယှဉ်ခဲ့သည်။ စန္ဒရားကိုသင်ယူခဲ့ကြသူများသည် သူတို့၏ဉာဏ်ရည်စမ်းသပ်မှုတွင် ၃၅ ရာခိုင်နှုန်းတိုးတက်သော်လည်း အခြားအုပ်စုနှစ်ခုကမူ အနည်းငယ် သို့မဟုတ် လုံးဝတိုးတက်မှုမရှိကြောင်း ပြသခဲ့သည်ဟု လန်ဒန်တိုင်းမ်စ်သတင်းစာက သတင်းပေးပို့သည်။