သွေးဆောင်မှု နည်းပညာ
စီးပွားရေးကြော်ငြာများ၏ ရည်ရွယ်ချက်ကား အဘယ်နည်း။ သူတို့၏ကြော်ငြာများသည် ကျွန်ုပ်တို့အား ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ အချက်အလက်ပေးခြင်းကြောင့် ယင်းသည် ပြည်သူ့အကျိုးဆောင်ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းများကဆို၏။ အပြည်ပြည်ဆိုင်ရာကြော်ငြာအသင်းက ဤသို့ဖော်ပြသည်– “မှန်ကန်စွာ သိရှိစေဖို့ ဝယ်ယူသုံးစွဲသူတို့အနေဖြင့် ကြော်ငြာခြင်းလိုအပ်သည်။ သိရှိ၍ရွေးချယ်ခြင်းသည် သတင်းအချက်အလက်ပေါ်မူတည်၏။ ကြော်ငြာခြင်း—ယင်း၏အကျယ်ပြန့်ဆုံးသဘောဖြင့်ဆိုလျှင်—ထုတ်လုပ်သူနှင့် သုံးစွဲသူအကြား သတင်းအချက်အလက်ကို ဆက်သွယ်ပေးသည့် အဓိကလမ်းကြောင်းဖြစ်သည်။”
မှန်သည်၊ ထိုသို့ကြော်ငြာခြင်းမှာ အသိပေးရုံသက်သက်မဟုတ်ဘဲ ယင်း၏ရည်ရွယ်ချက်မှာ ရောင်းချရန်ဖြစ်ကြောင်း ကျွန်ုပ်တို့အားလုံးသိကြ၏။ ယင်းသည် ရည်ရွယ်ချက်မရှိ၊ အမှုမဲ့အမှတ်မဲ့လုပ်ဆောင်ခြင်းမဟုတ်ပါ။ အောင်မြင်သောကြော်ငြာများသည် သုံးစွဲသူတို့၏စိတ်သဘောထားကို ကျွမ်းကျင်စွာအာရုံဖမ်းစားပြီး သူ့အား ကြော်ငြာသည့်ပစ္စည်းကိုဝယ်ယူရန် လှုံ့ဆော်လေသည်။
ထိုထက်ကား ကြော်ငြာခြင်းသည် ကုန်ပစ္စည်းများထက်မက ရောင်းချလေသည်; ယင်းက အမှတ်တံဆိပ်များကို ရောင်းချသည်။ သင်သည် ဆပ်ပြာကုမ္ပဏီပိုင်ရှင်ကြီးတစ်ဦးဖြစ်ပါက လူတို့အား မည်သည့်ဆပ်ပြာကိုမဆိုဝယ်ယူရန် အားပေးဖို့ ဒေါ်လာသန်းနှင့်ချီအကုန်အကျခံကာ ကြော်ငြာမည်မဟုတ်ချေ။ သူတို့အား သင်၏ဆပ်ပြာကိုသာ ဝယ်ယူစေလိုမည်။ သင်၏ဆပ်ပြာအမှတ်တံဆိပ်သည် အခြားမည်သည့်အမှတ်တံဆိပ်ထက်မဆို သာလွန်နှစ်သက်ဖွယ်ဖြစ်ကြောင်း အများပြည်သူတို့ကို တစ်နည်းတစ်ဖုံယုံကြည်စေဖို့ ကြော်ငြာများကစွမ်းဆောင်ပေးစေလို၍ဖြစ်သည်။
ပစ်မှတ်ထားသောပရိသတ်
ထိရောက်မှုရှိစေဖို့အတွက် ကြော်ငြာတစ်ခုသည် အများအားဖြင့် ကလေးသူငယ်ဖြစ်စေ၊ အိမ်ရှင်မဖြစ်စေ၊ စီးပွားရေးသမား သို့မဟုတ် အခြားအုပ်စုတစ်ခုခုမှ သတ်သတ်မှတ်မှတ်ပရိသတ်ကို အသေအချာရည်စူးထားသည်။ အဆိုပါကြော်ငြာသတင်းသည် ထိုပရိသတ်များ၏ စိတ်အဝင်စားဆုံးအရာဖြစ်စေရန် ဆွဲဆောင်ဖို့ ကျွမ်းကျင်စွာခြယ်မှုန်းထားသည်။ ထို့နောက် သူတို့ထံသို့ အထိရောက်ဆုံးနည်းဖြင့်ရောက်ရှိရန် ဆက်သွယ်ရေးနည်းများဖြင့် ကြော်ငြာကိုထုတ်လွှင့်လိုက်၏။
ကြော်ငြာတစ်ခုကို ပုံမဖော်မီ ကြော်ငြာမည့်အဆိုပါပစ္စည်းကို အများဆုံးဝယ်ယူအသုံးပြုဖွယ်ရှိသည့်အုပ်စုနှင့်ပတ်သက်၍ သိရှိဖို့ရာ အသေးစိတ်သုတေသနပြုရသည်။ ကြော်ငြာရှင်များအနေဖြင့် သူတို့မှာ မည်သူတို့ဖြစ်ကြောင်း၊ သူတို့ မည်သို့စိတ်ကူးပြီး လုပ်ဆောင်ကြကြောင်း၊ သူတို့၏ အာသီသနှင့် စိတ်ကူးယဉ်အိပ်မက်တို့မှာ အဘယ်အရာဖြစ်ကြောင်းသိရှိဖို့ လိုအပ်သည်။ ကျွမ်းကျင်ကြော်ငြာရှင်တစ်ဦး ဤသို့ရေးသားသည်– “ကျွန်မတို့ရဲ့ကြော်ငြာဟာ ဘယ်သူတွေကို ရည်စူးနေသလဲဆိုတာကို အတိအကျသိဖို့ အားထုတ်ရတယ်။ သူတို့တွေက ဘယ်သူတွေလဲ၊ ဘယ်မှာနေလဲ၊ ဘာတွေဝယ်သလဲ။ နောက်ပြီး ဘာကြောင့်ဝယ်ကြတာလဲ။ ဒါတွေအားလုံးသိထားခြင်းက စည်းရုံးသိမ်းသွင်းနိုင်တဲ့ အခပေးကြော်ငြာတွေကို ရေးသားဖို့ရာ ကျွန်မတို့အတွက် အကြောင်းအရာကိုရရှိစေတယ်။ ကျွန်မတို့ရဲ့ပစ်မှတ်တွေက သွေးဆောင်မှုကို တုံ့ပြန်ဖို့ဖြစ်တယ်; သူတို့ဟာ ဝါကြွားမှု၊ ကိုယ့်စိတ်ဝင်စားရာတွေ ဒါမှမဟုတ် လေထဲကို အရမ်းကာရောပစ်လိုက်တဲ့ ဆွဲဆောင်ဖို့ဖွဲ့နွဲ့သီကုံးထားတဲ့မြားတွေကို တုံ့ပြန်ကြမှာမဟုတ်ဘူး။”
စည်းရုံးသိမ်းသွင်းမှုဆိုင်ရာ အခြေခံအချက်အလက်များ
ကြော်ငြာတစ်ခု ဖန်တီးရာတွင် ဂရုတစိုက်စကားလုံးရွေးချယ်ခြင်းသည် အလွန်အရေးပါသည်။ အမှန်ထက်ပို၍ပြောခြင်း၊ သို့မဟုတ် ချဲ့ကားအမွှမ်းတင်ထားခြင်းကို အမြဲတွေ့ရ၏။ နံနက်စာကောက်နှံစားဖွယ်ကို “သာလွန်” ဟူ၍ပြောဆိုကြပြီး နှုတ်ခွန်းဆက်ကတ်များထုတ်လုပ်သောကုမ္ပဏီက လူတို့သည် “အကောင်းတကာ့အကောင်းဆုံးကို ပို့ပေးလိုကြ” သောအခါ ၎င်းတို့၏ကတ်များကို ဝယ်ယူကြသည်ဟုဆို၏။ အမှန်ထက်ပိုပြောခြင်းနှင့် တမင်တကာလှည့်ဖြားခြင်းအကြား ကွာခြားချက်ကို အမြဲပင် ခွဲခြားရန်မလွယ်ကူသော်လည်း မှန်မမှန်စစ်ဆေး၍ရနိုင်သည့် အချက်အလက်များအားဖြင့် အမှားထောက်စရာ အကွက်မရှိလေအောင် ကြော်ငြာရှင်များဂရုစိုက်ရန်လိုသည်။ အချို့အစိုးရတို့၌ မရိုးသားခြင်းကဲ့သို့သောအရာကို တားမြစ်သည့်ဥပဒေများရှိပြီး ပြိုင်ဘက်ကုမ္ပဏီများ၏ လှည့်ဖြားသောကြော်ငြာများအားဖြင့် သူတို့၏အကျိုးစီးပွားကို ထိခိုက်ပျက်ပြားမှုဖြစ်စေပါက စီးပွားရေးလုပ်ငန်းများက ချက်ချင်းပင်တရားစွဲဆိုသည်။
ပစ္စည်းတစ်မျိုးသည် အခြားအရာများနှင့် ချွတ်စွပ်နီးပါးဖြစ်နေသောအခါ ကြော်ငြာရှင်များကြော်ငြာနိုင်စရာမှာ အလွန်နည်းသွားသည်၊ ထို့ကြောင့် များသောအားဖြင့် မကြော်ငြာသလောက်ပင်။ များစွာတို့သည် သူတို့၏ပစ္စည်းကို အာရုံဖမ်းစားသည့်ဆောင်ပုဒ်တစ်ခုဖြင့် ခွဲခြားဖော်ပြကြ၏။ ဥပမာအချို့မှာ– “ဝယ်သာဝယ်ပါ” (အားကစားဖိနပ်အမျိုးအစားတစ်မျိုး)၊ “ချန်ပီယံများ၏နံနက်စာ” (နံနက်စာကောက်နှံစားဖွယ်)၊ “ထိပ်တန်းရရေး သင့်ငွေကြေးကိုပေး” (ကားအမျိုးအစားတစ်မျိုး) နှင့် “သင့်ကောင်းကျိုး သယ်ပိုးပေးနေပြီ” (အာမခံကုမ္ပဏီတစ်ခု)။
မဂ္ဂဇင်း သို့မဟုတ် ရုပ်မြင်သံကြား၌ဖြစ်ပါစေ အမြင်ဆိုင်ရာကြော်ငြာများတွင် အဆိုပါပစ္စည်းနှင့်ပတ်သက်ပြီး အမှန်တကယ်ဆိုထားသည်ထက် လွန်လွန်ကဲကဲအကြံပြုချက်များပါဝင်လေသည်။ ပစ္စည်းတစ်မျိုးကို တင်ပြပုံတင်ပြနည်းက ‘ဒီနာရီကို သင်ဝယ်ယူက သင့်ကို လူတို့လေးစားလိမ့်မည်’ သို့မဟုတ် ‘ဤဂျင်းအမျိုးအစားကို ဝတ်ဆင်က ဆန့်ကျင်ဘက်လိင်အား ဆွဲဆောင်မှုဖြစ်စေမည်’ သို့မဟုတ် ‘ဤကားက သင်အိမ်နီးချင်းအား မနာလိုစိတ်ကို ဖြစ်စေမည်’ စသည်တို့ကဲ့သို့သော စိတ်ကူးမျိုးဝင်လာစေသည်။ လူသိအများဆုံးဖြစ်ပြီး အအောင်မြင်ဆုံးသောကြော်ငြာကင်ပိန်းတွင် ဆေးလိပ်ကုမ္ပဏီတစ်ခုသည် ယင်း၏ထုတ်ကုန်ကို ကောင်းဘွိုင်းမင်းသားတို့နှင့် ဆက်နွှယ်ထား၏။ ကောင်းဘွိုင်းမင်းသားတို့အား သန်စွမ်းခိုင်မာပြီး ကျားကျားလျားလျားရှိသော တာဝန်ခံဇာတ်ကောင်များအဖြစ် သရုပ်ဖော်ထားသည်။ အသံမဲ့ကြော်ငြာနေသည်ကား– ကျွန်ုပ်တို့၏ စီးကရက်ကိုသောက်ပါက သင်သည် ဤနှစ်သက်အားကျဖွယ်ရာကောင်းသောမင်းသားများကဲ့သို့ဖြစ်လာမည်။
ပါးနပ်လိမ္မာသောစကားလုံးများနှင့် ရုပ်ပုံလွှာအပြင် တေးဂီတမှာလည်း ရေဒီယိုနှင့် ရုပ်မြင်သံကြားကြော်ငြာများတွင် အရေးပါလှ၏။ ယင်း၌ စိတ်လှုပ်ရှားမှုများ၊ ကြော်ငြာတစ်ခု၏အရည်အသွေးကို တိုးမြှင့်ပေးခြင်း၊ ယင်းကို အမှတ်ရနေစေခြင်းနှင့် အဆိုပါကုန်ပစ္စည်းအပေါ် ဝယ်ယူသုံးစွဲသူများ စိတ်စွဲသည်ထက်စွဲနေစေခြင်းတို့ပါဝင်သည်။
ကမ္ဘာ့စောင့်ကြည့်ရေးမဂ္ဂဇင်းက ဤသို့သတိပြုမိသည်– “အကောင်းဆုံး ကြံစည်အားထုတ်၍လုပ်ဆောင်ထားသော ကြော်ငြာများမှာ အလွန်ပြောင်မြောက်သည်—အလွန်လက်ရာမြောက်သော သရုပ်ဖော်မှု၊ အားဖြည့်ပေးသော သွက်လက်လှုပ်ရှားသည့်ကြော်ငြာများ၊ ကျွန်ုပ်တို့၏အတွင်းကျဆုံးသော စိုးရိမ်ပူပန်စိတ်များနှင့် စွဲလမ်းမှုများကိုထိမိစေသည့် အလွန်နှစ်လိုဖွယ်ကောင်းသော ပြောဆိုပုံတို့ ပေါင်းစပ်ပါဝင်၏။ စက်မှုနိုင်ငံများတွင် လူကြည့်များတတ်ချိန်၌ ရုပ်မြင်သံကြားကြော်ငြာများကို တစ်မိနစ်အတွင်း ယခင်ထက်မက စုပြုံထည့်သွင်းကြသည်။”
ကျိုးကြောင်းဆင်ခြင်မှုနှင့် စိတ်လှုပ်ရှားမှုသို့ ဆွဲဆောင်ခြင်း
ကြော်ငြာများကို ပစ်မှတ်ထားသောပရိသတ်များ၏ တိကျမှုရှိသောလိုအင်ဆန္ဒများနှင့် တန်ဖိုးထားရာများအပေါ် ဆွဲဆောင်မှုဖြစ်စေဖို့ စေ့စပ်ပါးနပ်စွာဖန်တီးထား၏။ ကြော်ငြာတစ်ခုက ပျော်ရွှင်မှု၊ လုံခြုံမှုအတွက် ပြင်းပြသောဆန္ဒ သို့မဟုတ် အခြားသူတို့က လက်ခံလာစေလိုသည့်ဆန္ဒတို့ရှိဖို့လိုကြောင်း ဆွဲဆောင်ပေလိမ့်မည်။ အဆိုပါကြော်ငြာကိုယ်နှိုက်က အခြားသူတို့ကို အထင်ကြီးသွားစေလို၊ သန့်သန့်ရှင်းရှင်းရှိနေစေလို သို့မဟုတ် ထူးခြားပေါ်လွင်စေလိုသည့် ဆန္ဒဖြစ်ပေါ်လာစေရန်စည်းရုံးပေမည်။ ကြော်ငြာအချို့က ကျွန်ုပ်တို့၏စိုးရိမ်ပူပန်စိတ်ကို ခုတုံးလုပ်ကာ သူတို့၏ပစ္စည်းများကို ကြော်ငြာကြသည်။ ဥပမာ၊ သွားနှင့်ခံတွင်းသန့်စင်ဆေးရည်ကုမ္ပဏီတစ်ခုက အာပုပ်နံ့ကြောင့် နစ်နာဆုံးရှုံးနိုင်စရာများနှင့်စပ်လျဉ်း၍ ဤသို့သတိပေး၏– “သင့်အခင်မင်ဆုံးမိတ်ဆွေပင်လျှင် သင့်ကို ဖွင့်ပြောလိမ့်မည်မဟုတ်” နှင့် “အရန်သတို့သမီးဘဝက ဘယ်တော့မှကျွတ်မည်မဟုတ်။”
တစ်ခါတစ်ရံ ကြော်ငြာတစ်ခုကို ကြည့်ရုံဖြင့် ယင်း၏ဆွဲဆောင်မှုဖြစ်စေသော သဘောသဘာဝကို ဆန်းစစ်ဝေဖန်ဖို့ရာ လွယ်ကူသည်။ ကြော်ငြာအချို့မှာ အဓိကအားဖြင့် အတွင်းလှုံ့ဆော်မှုရှိသော ကျိုးကြောင်းဆင်ခြင်တတ်သည့် စိတ်ပိုင်းကိုထိမိရန်ရည်စူးသည်။ ၎င်းတို့သည် မိမိတို့၏ပစ္စည်းနှင့်ပတ်သက်၍ အကြောင်းအရာကို တိကျပွင့်လင်းစွာတင်ဆက်ကြသည်။ ဥပမာတစ်ခုမှာ ငါးများကို ဈေးနှုန်းထက်ဝက်ဖြင့် ယခုရောင်းချနေပြီဟူသည် သင့်အား အသိပေးအကြောင်းကြားသည့် လက္ခဏာပင်ဖြစ်သည်။ နောက်ချည်းကပ်နည်းမှာ သွေးဆောင်သောအကြောင်းပြချက်တစ်ခုကို တင်ဆက်ခြင်းဖြစ်သည်။ ဤကြော်ငြာအမျိုးအစားက ဈေးနှုန်းထက်ဝက်ဖြင့် ရောင်းချသောငါးသည် သင့်ငွေကိုချွေတာရုံသာမက ခံတွင်းတွေ့စေပြီး သင်နှင့် သင့်မိသားစုအတွက် ထိပ်တန်းအာဟာရကိုပေးမည်ဟု ကျိုးကြောင်းဆင်ခြင်စေပေမည်။
အခြားကြော်ငြာများမှာ ကျွန်ုပ်တို့၏စိတ်လှုပ်ရှားမှုအပိုင်းကို ဆွဲဆောင်မှုဖြစ်စေရန် ရည်စူးထားသည်။ ဥပမာ၊ စိတ်လှုပ်ရှားမှုကြော်ငြာများက နှစ်သက်ဖွယ်ရာသရုပ်ဖော်မှုနှင့် ထိုကုန်ပစ္စည်းကိုဆက်စပ်ထားခြင်းဖြင့် ၎င်းတို့အားစိတ်ဝင်စားဖွယ်ဖြစ်အောင်ဖန်တီးထားသည်။ အလှကုန်ပစ္စည်းများ၊ စီးကရက်များနှင့် ယမကာတို့မှာ ဤချဉ်းကပ်နည်းအပေါ် အကြီးအကျယ်မှီခိုနေသည်။ အခြားကြော်ငြာတို့က ပြန်ကျော့ခြင်းကိုအသုံးပြုကြ၏။ လူတို့သည် ကြော်ငြာတစ်ခုကို နားမဆံ့သည့်အထိ ကြားရဖန်များလာလျှင် ယင်းကြော်ငြာကိုယ်နှိုက်ကို မနှစ်သက်လင့်ကစား ၎င်းကိုယုံကြည်၍ အဆိုပါပစ္စည်းကိုဝယ်ယူလိမ့်မည်ဟူသော မျှော်လင့်ချက်ပေါ်တွင် ဤတွန်းတွန်းထိုးထိုးရောင်းချနည်းကို အခြေခံသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ပစ္စည်းတစ်မျိုးတည်းကို အကြိမ်ကြိမ်၊ ထပ်တလဲလဲနှင့် အဖန်ဖန်ကြော်ငြာများဖော်ပြနေခြင်းကို တွေ့ရလေ့ရှိသည်။ ဆေးညွှန်းမပါသောဆေးဝါးကုမ္ပဏီများသည် အများအားဖြင့် ဤနည်းကိုအသုံးပြုကြ၏။
အမိန့်ပေးကြော်ငြာများမှာလည်း အလားတူပင် ကျွန်ုပ်တို့၏စိတ်လှုပ်ရှားမှုများကို ဆွဲဆောင်သည်။ ယင်းကြော်ငြာများက ကျွန်ုပ်တို့အား တစ်စုံတစ်ရာပြုလုပ်ရန် တိုက်ရိုက်ပြောဆိုတတ်သည်– “သောက်ကြည့်လိုက်!” “အခုပဲ ဝယ်လိုက်!” အမိန့်ပေးကြော်ငြာများမှာ ပရိသတ်များသိနှင့်၍ ကြိုက်နှစ်သက်ပြီးသား ပစ္စည်းများအတွက် အကောင်းဆုံးဖြစ်သည်ဟုယူမှတ်ထား၏။ သို့တိုင် များစွာသောကြော်ငြာတို့မှာ နောက်ထပ်အမျိုးအစားထဲတွင် ပါဝင်သွားသည်။ ၎င်းတို့မှာ လိုက်တုစေသည့် သို့မဟုတ် ထောက်ခံချက်ပါသည့် ကြော်ငြာများဖြစ်သည်။ ကြော်ငြာရှင်သည် ဤကြော်ငြာမျိုးကိုတင်ဆက်ရာ၌ နာမည်ကျော်များ သို့မဟုတ် ချစ်ခင်စရာကောင်းသူများက ကျွန်ုပ်တို့အားဝယ်ယူစေလိုသည့် အဆိုပါပစ္စည်းကိုသုံးစွဲနေပုံ သို့မဟုတ် ထောက်ခံပေးနေပုံတို့ကို ဖော်ပြထား၏။ ဤဆွဲဆောင်မှုကို ကျွန်ုပ်တို့ နှစ်ခြိုက်လေးမြတ်သူတို့နှင့် တူလိုသောသဘောထားပေါ်တွင် အခြေခံထားသည်။ စီးကရက်သောက်ပြနေသည့် ကောင်းဘွိုင်းမင်းသားမှာ ဤကြော်ငြာအမျိုးအစားမှ ဥပမာတစ်ခုဖြစ်၏။
ညှို့ယူနိုင်စွမ်း
သင် တစ်ချိန်လုံးထိတွေ့နေသောအနံ့အသက် သို့မဟုတ် အသံတို့နှင့်ယဉ်သွားသည့်အထိ နေသားကျသွားနိုင်သည်ကို သင်သတိပြုမိသလော။ ကြော်ငြာခြင်းတွင်လည်း အလားတူပင်ဖြစ်သည်။
စီးပွားရေးပတ်စဉ်မဂ္ဂဇင်းအရ ပုံမှန် အမေရိကန်တစ်ဦးသည် နေ့စဉ် စီးပွားရေးကြော်ငြာ ၃,၀၀၀ ခန့်ကို ကြည့်ရှုရသည်။ လူတို့ မည်သို့တုံ့ပြန်ကြသနည်း။ သူတို့သည် ပကတိပင်ဖြစ်စေ၊ စိတ်ပိုင်းအရဖြစ်စေ လျစ်လျူရှုထားကြသည်။ အကောင်းဘက်မှကြည့်လျှင် အများစုတို့သည် ကြော်ငြာများကို အာရုံတစ်ဝက်တစ်ပျက်သာစိုက်ကြ၏။
ကြည့်ရှုသူအနေနှင့် ဥပေက္ခာမပြုရလေအောင် ကြော်ငြာများသည် ကျွန်ုပ်တို့၏အာရုံကို ဖမ်းစားထားရမည်။ ရုပ်မြင်သံကြားကြော်ငြာများသည် အံ့သြမိန်းမောဖွယ် စက္ခုအာရုံခံစားမှုများကို ပြသသည်။ ယင်းတို့သည် အပျင်းပြေစေရန်၊ ရင်သပ်ရှုမောဖွယ်ဖြစ်ရန်၊ ပျော်စရာရွှင်စရာ၊ ပဟေဠိဆန်ဆန် သို့မဟုတ် စိတ်လှုပ်ရှားမှုဖြစ်စေရန် ကြိုးစားကြသည်။ ၎င်းတို့သည် နာမည်ကျော်ပုဂ္ဂိုလ်များနှင့် နှစ်သက်ဖွယ်ရာကာတွန်းဇာတ်ကောင်များကို ပါဝင်သရုပ်ဆောင်စေသည်။ များစွာတို့က ကျွန်ုပ်တို့အာရုံကိုဖမ်းစားဖို့ ကြောင်များ၊ ခွေးကလေးများ သို့မဟုတ် ကလေးငယ်များအား အလေးပေးဖော်ပြကာ သိမ်မွေ့သောစိတ်အာရုံကို အသုံးချကြသည်။
ကြော်ငြာရှင်သည် ကျွန်ုပ်တို့၏အာရုံကို ဖမ်းစားပြီးသည်နှင့် ကမ်းလှမ်းကြော်ငြာသောအဆိုပါပစ္စည်းကို သတိပြုမိစေဖို့ ကျွန်ုပ်တို့၏စိတ်ဝင်စားမှုကို လုံလောက်သည့်အချိန်အထိ ဆက်လက်၍ဖမ်းစားထားရပေမည်။ အောင်မြင်သောကြော်ငြာများသည် ဖျော်ဖြေရုံသက်သက်မဟုတ်ချေ; ၎င်းတို့သည် ကျွန်ုပ်တို့အား ဝယ်ယူစေရန်စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားလေ၏။
အချုပ်ဆိုရလျှင် ဤကား ကြော်ငြာလုပ်ငန်း၏လုပ်ဆောင်ပုံဖြစ်သည်။ ယခု ယင်း၏သြဇာလွှမ်းမိုးမှုကို ကျွန်ုပ်တို့ ကြည့်ကြဦးစို့။
[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]
ပုံမှန်အမေရိကန်တစ်ဦးသည်နေ့စဉ်စီးပွားရေးကြော်ငြာ၃,၀၀၀ ခန့်ကိုကြည့်ရှုရသည်
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]
ဇက်ပါ၊ ဇစ်ပါနှင့် ဂရေဇာ
ရုပ်မြင်သံကြားအဝေးထိန်းကိရိယာမှာ ကြော်ငြာများကို ဆီးတားသည့် လက်နက်တစ်ခုဖြစ်၏။ များစွာတို့သည် ကြော်ငြာတစ်ခုအား အသံတိတ်ခလုတ်ကိုပိတ်လိုက်ခြင်းဖြင့် ဇက် သို့မဟုတ် အသံကင်းမဲ့စေကြသည်။ အခြားသူတို့မူ အစီအစဉ်များကို ဗီဒီယိုတိတ်ခွေများဖြင့် ကူးယူပြီးနောက် ယင်းတို့ကိုပြန်ဖွင့်သောအခါ အမြန်-ရှေ့တိုးခလုတ်ကိုနှိပ်ထားခြင်းဖြင့် ဇစ်က ကြော်ငြာများကို ကျော်ပစ်လိုက်၏။ သို့ဖြစ်စေကာမူ အခြားသူတို့က ဂရေ ကိုပြုလုပ်ကြသည်၊ ယင်းက ကြော်ငြာများကိုရှောင်ရှားရန် သူတို့သည် လိုင်းတစ်ခုမှ အခြားတစ်ခုသို့ကူးပြောင်းခြင်းကို ဆိုလိုသည်။ ကျွမ်းကျင်သောဂရေဇာတို့က ကြော်ငြာချိန်မှာ မည်မျှသာကြာမည်ကို သိထားရာ ကြော်ငြာများပြီးသည့်နောက် မိမိတို့ကြည့်ရှုနေသောအစီအစဉ်သို့ ပြန်ပြောင်းကြည့်ကြမည်။
ကြော်ငြာရှင်များသည် မိမိတို့၏ကြော်ငြာများကို ဇက်မလုပ်လိုက်စေရန် ကြိုးပမ်းသည့်အနေနှင့် ညှို့ယူနိုင်စွမ်းရှိကြော်ငြာများ—ကြည့်သူ၏အာရုံကို ရုတ်တရက်ဖမ်းစားကာ ဆက်ကြည့်မိစေသောကြော်ငြာများကို ထုတ်လုပ်လာကြ၏။ လျှပ်တပြက်ကြော်ငြာများ၏ထောင်ချောက်မှာ လူတို့သည် ကြော်ငြာသည့်ပစ္စည်းကိုမဟုတ်ဘဲ အဆိုပါကြော်ငြာကို မှတ်မိသွားစေနိုင်သည်။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
မထင်မရှားကြော်ငြာခြင်း
၁၉၅၀ ပြည့်လွန်နှစ်နောက်ပိုင်းတွင် ဂျိမ်းစ် ဗစ်ကရီက အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ်၌ လေ့လာမှုတစ်ရပ်ပြုလုပ်ရာတွင် ဇာတ်ရုံအတွင်း ရုပ်ရှင်ပြနေစဉ် “ကိုကာကိုလာသောက်” ပြီး “ပြောင်းဖူးပေါက်ပေါက်စား” ဟူသောစကားလုံးသည် ပိတ်ကားပေါ်တွင် ဖြတ်ကနဲပေါ်လာ၏ဟုဆိုသည်။ အဆိုပါကြော်ငြာများမှာ တစ်စက္ကန့်ပိုင်းမျှသာပေါ်လာပြီး အသိစိတ်ထဲ၌ စွဲမှတ်ထင်ကျန်ဖို့ရာ အချိန်တိုတောင်းလွန်းလှ၏။ သို့တိုင် ဗစ်ကရီ၏ပြောဆိုချက်အရ ၎င်းတို့က ကိုကာကိုလာနှင့် ပြောင်းဖူးပေါက်ပေါက်ကို ရောင်းချရာ၌ တိုး၍ရောင်းချနိုင်လေသည်။ ဤအဆိုပြုချက်က ကြော်ငြာရှင်များအား “မမြင်ရသော” ကြော်ငြာများကိုစီမံထုတ်လုပ်ခြင်းဖြင့် ပစ္စည်းများကိုဝယ်ယူဖို့ရာ လူတို့ကိုလှုံ့ဆော်နိုင်ကြောင်း အနှံ့အပြားယုံကြည်စေသည်။ အမေရိကန်ရှိကြော်ငြာရှင်ကြီးများနှင့် ဒေါ်လာ ၄.၅ သန်းကန်ထရိုက်စာချုပ်ချုပ်ပြီးနောက် မစ္စတာ ဗစ်ကရီမှာ ခြေရာဖျောက်သွား၏။ ကြော်ငြာရှင်များမှာ လူလိမ်တစ်ဦး၏ သားကောင်များဖြစ်သွားရပြီ။
ဗစ်ကရီ၏အဆိုပြုချက်ကို နောက်ဆက်တွဲလေ့လာမှုက ပရိယာယ်ဆင်ထားကြောင်းတွေ့ရှိရသည်။ ကြာမြင့်စွာကပင် ကြော်ငြာခြင်းဆောင်ရွက်သူတစ်ဦးက ဤသို့ဆိုသည်– “မထင်မရှားကြော်ငြာလုပ်ငန်းဟာ အလုပ်မဖြစ်ပါဘူး။ အလုပ်ဖြစ်ရင် သုံးမှာပေါ့ရှင်။”
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ကြော်ငြာများသည် ကျွန်ုပ်တို့၏အာရုံကိုဖမ်းစားဖို့ရာ တီထွင်ဖန်တီးထားခြင်းဖြစ်သည်