ကြော်ငြာစွမ်းအား
လွန်ခဲ့သည့်ကာလက အစီအစဉ်ကြားဖြတ်တီဗွီကြော်ငြာတစ်ခုတွင် “ယခု ကျွန်ုပ်တို့အား ပံ့ပိုးသူထံမှ စကားအနည်းငယ်” ဟူသောစကားလုံးများဖြင့် မိတ်ဆက်ပေးတတ်သည်။ ပံ့ပိုးသူတို့ကား သူတို့၏ကုန်ပစ္စည်းများ ကြော်ငြာဖို့ငွေကြေးပေးကြသော ကုမ္ပဏီများဖြစ်သည်။ “ကျွန်ုပ်တို့အား ပံ့ပိုးသူထံမှ စကားအနည်းငယ်” သည် အလျှံပယ်ဖြစ်လာသည်၊ ပံ့ပိုးသူတို့သည် သတင်းနှင့် ဖျော်ဖြေမှုဆိုင်ရာလူထုဆက်သွယ်မှုလမ်းကြောင်းများ—ရုပ်မြင်သံကြား၊ မဂ္ဂဇင်း၊ သတင်းစာနှင့် ရေဒီယိုစသည်—ကို ငွေကြေးထောက်ပံ့ပေးနေဆဲရှိသည်။ ရလဒ်အနေဖြင့် ပံ့ပိုးသူတို့က လူထုဆက်သွယ်မှုလမ်းကြောင်းများ၌ အဘယ်အရာပါဝင်သင့်ကြောင်း၊ မပါဝင်သင့်ကြောင်းကို စိုးမိုးခြယ်လှယ်ဖို့ကြိုးစားကြတော့သည်။
သာဓကအနေဖြင့် ၁၉၉၃ ခုနှစ်တွင် ဂျာမန်ဇိမ်ခံကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုက ၎င်းတို့၏ကားပါသောကြော်ငြာများကို “အထူးသီးသန့်ထားသော အယ်ဒီတာ့အာဘော်စာမျက်နှာတွင်သာ” ဖော်ပြရမည်ဟု မဂ္ဂဇင်းပေါင်း ၃၀ သို့ရေးသားညွှန်ကြားခဲ့၏။ အဆိုပါစာက သူတို့၏ကြော်ငြာများပါသော မဂ္ဂဇင်းတွင် သူတို့၏ကားများ၊ ဂျာမန်ကုန်ပစ္စည်းများနှင့် ဂျာမနီနိုင်ငံကိုယ်နှိုက်ကို ပြစ်တင်ဝေဖန်သည့်ဆောင်းပါးများ မထည့်သွင်းရဟူ၍ရှင်းပြ၏။ မှန်ပါသည်၊ မဂ္ဂဇင်းတွင်ကြော်ငြာရန် ဒေါ်လာ ၁၅ သန်းအကုန်အကျခံထားသော ဤကုမ္ပဏီအနေဖြင့် “အထူးသီးသန့်ထားသော အယ်ဒီတာ့အာဘော်စာမျက်နှာကို” မျှော်လင့်မည်မှာ အံ့အားသင့်စရာမလိုချေ။
သတို့သမီးဝတ်စုံအသစ်များကြော်ငြာသည့် မဂ္ဂဇင်းများသည် သုံးပြီးသားသတို့သမီးဝတ်စုံကြော်ငြာများကို လက်မခံသောအခါ သို့မဟုတ် အိမ်ခြံပွဲစားအမည်များပါသည့် သတင်းစာက ပွဲစားမပါဘဲ အိမ်တစ်လုံးဝယ်နိုင်ပုံကို မဖော်ပြသောအခါ ယင်းသည်လည်း အံ့အားသင့်စရာမဟုတ်ချေ။ အလားတူ စီးကရက်များ သို့မဟုတ် ထီများကို ကြော်ငြာထားသော လူထုဆက်သွယ်မှုလမ်းကြောင်းက ဆေးလိပ်သောက်ခြင်း သို့မဟုတ် လောင်းကစားခြင်းကို ပြစ်တင်ဝေဖန်ခြင်းမပြုသောအခါ ယင်းကို ကျွန်ုပ်တို့မအံ့သြသင့်ချေ။
ဝယ်ယူသုံးစွဲသူတို့၏ အမူအကျင့်
ထို့ကြောင့် ကြော်ငြာစွမ်းအားသည် ပစ္စည်းများကိုရောင်းချခြင်းထက် များစွာတာသွား၏။ ယင်းက ဝယ်ယူသုံးစွဲသူတစ်ဦး၏ဘဝပုံစံတစ်ခုဖြစ်သော ရုပ်ပစ္စည်းများပေါ်အဓိကထားရှိသည့် ကမ္ဘာချီဆိုင်ရာ အမူအကျင့်ကို မြေတောင်မြှောက်ပေးသည်။
ထိုအရာနှင့်ပတ်သက်၍ တစ်စုံတစ်ခုမှားယွင်းမှု ရှိပါသလော။ ယင်းက သင်မေးခွန်းမေးသူအပေါ် မူတည်ပေသည်။ ကြော်ငြာရှင်များက လူတို့သည် ပစ္စည်းဥစ္စာများကို ဝယ်ယူပိုင်ဆိုင်ခြင်းအား နှစ်သက်တတ်ကြသည်ဟူ၍ တွက်ဆကြသည်; ကြော်ငြာခြင်းသည် သူတို့၏အကျိုးအတွက် ဆောင်ရွက်ခြင်းဖြစ်၏။ ထို့အပြင် ကြော်ငြာခြင်းက အလုပ်ရစေသည်၊ အားကစားနှင့် အနုသုခုမပညာကို ပံ့ပိုးပေးသည်၊ စာနယ်ဇင်းများကို ဝယ်ဖို့တတ်နိုင်စေကာ ပြိုင်ဆိုင်မှုကိုအားပေးပြီး ထုတ်ကုန်များကို တိုးမြှင့်စေသည့်အပြင် ဈေးနှုန်းများကျဆင်းစေခြင်းနှင့် လူတို့ကို ရွေးချယ်ဝယ်ယူနိုင်ရန် အကြောင်းကြားပေးသည်ဟု သူတို့ကဆိုကြသည်။
အခြားသူတို့ကမူ ကြော်ငြာခြင်းက လူတို့ကို ဂနာမငြိမ်ဖြစ်စေပြီး မိမိတို့လက်ဝယ်ရှိရာနှင့် မရောင့်ရဲနိုင်၊ အဆုံးမရှိနိုင်သောအလိုဆန္ဒများကို နှိုးဆွဖန်တီးပေးသည်ဟုဆိုကြ၏။ သုတေသီ အဲလန် ဒရူးရင်းက ဤသို့ရေးသားသည်– “ကြော်ငြာများသည် ကျွန်ုပ်တို့၏ခေတ်ကာလကဲ့သို့ အပြောင်းအလဲမြန်၊ ပျော်ပါးမှုသက်သက်၊ ခေတ်ပေါ်အယူအဆများနှင့် အတုယူထိုက်သည်ဟုယူမှတ်လေ့ရှိရာများနှင့်ပြည့်နေ၊ ဖက်ရှင်ရေစီးကြောင်းအတိုင်း မျောပါနေခြင်းဖြစ်သည်; ယင်းတို့သည် တစ်ဦးတစ်ယောက်ကိုအမွှမ်းတင်ပြီး လူသုံးကုန်များကို ကိုယ်ရေးကိုယ်တာပြည့်စုံမှုလမ်းကြောင်းအဖြစ် စံထားကာ စက်မှုနည်းပညာတိုးတက်မှုက လူတစ်ဦး၏ဘဝကြမ္မာကို ပုံသွင်းပေးသောစွမ်းအားအဖြစ် အခိုင်အမာဆိုကြသည်။”
သင့်အပေါ် ယင်းစွမ်းအား
စီးပွားရေးကြော်ငြာများက ကျွန်ုပ်တို့၏ဥပဓိရုပ်နှင့် ကျွန်ုပ်တို့၏အလိုဆန္ဒကို ပုံသွင်းစေပါသလော။ ဖြစ်နိုင်ပါသည်။ သို့သော် အဆိုပါသြဇာသက်ရောက်မှုကြီးမားသည်ဖြစ်စေ၊ နည်းပါးသည်ဖြစ်စေ အခြားသြဇာသက်ရောက်မှုများအပေါ် မူတည်နေသည်။
ကျွန်ုပ်တို့သည် ကျမ်းစာမူများနှင့် စံနှုန်းများဖြင့် လမ်းညွှန်ခြင်းခံရမည်ဆိုလျှင် ရုပ်ပစ္စည်းများပိုင်ဆိုင်ခြင်းသည် လုံးဝမမှားယွင်းကြောင်း သိလာပေလိမ့်မည်။ ထို့အပြင် ဘုရားသခင်သည် အာဗြဟံ၊ ယောဘ၊ ရှောလမုန်နှင့် အခြားသူတို့ကို များစွာကြွယ်ဝချမ်းသာစေခြင်းဖြင့် ကောင်းချီးပေးခဲ့သည်။
အခြားတစ်ဖက်တွင်မူ ကျွန်ုပ်တို့သည် ကျမ်းစာမူများကို လိုက်နာကျင့်သုံးလျှင် ရုပ်ပစ္စည်းများအတွက် အငမ်းမရအတောမသတ်နိုင်ဘဲ ပြည့်ပြည့်စုံစုံနေရဖို့၊ ပျော်ရွှင်မှုရဖို့ ရှာဖွေနေကြသူတို့၏ မရောင့်ရဲနိုင်မှုမျိုးကို ရှောင်ရှားပေလိမ့်မည်။ သမ္မာကျမ်းစာသတင်းတရားမှာ “ငွေကုန်ငွေခန်းဝယ်ရန်” မဟုတ်ချေ။ ယင်းအစား ၎င်းတို့က ကျွန်ုပ်တို့အား ဤသို့ပြောသည်–
ဘုရားသခင်၌ ယုံကြည်ကိုးစားပါ။ “ဤဘဝ၌ ငွေရတတ်သောသူတို့သည် မာန်မာနစိတ်နှင့်ကင်းလွတ်၍၊ မမြဲသောစည်းစိမ်ကိုမကိုးစားဘဲ၊ ငါတို့ခံစားဖို့ရာအလုံးစုံတို့ကို ကြွယ်ဝစွာပေးသနားတော်မူသော၊ အသက်ရှင်တော်မူသောဘုရားသခင်ကို ကိုးစားရမည်အကြောင်း” တည်း။—၁ တိမောသေ ၆:၁၇။
ရောင့်ရဲမှုရှိပါ။ “ငါတို့သည်ဤလောကထဲသို့အဘယ်အရာမျှမပါဘဲလာသည်ဖြစ်၍၊ ထွက်သွားလျှင်လည်း၊ အဘယ်အရာကိုမျှယူ၍မသွားနိုင်ဟု ထင်ရှားလျက်ရှိ၏။ သို့ဖြစ်၍၊ စားရန်၊ ဝတ်ရန် ရှိသမျှနှင့်ရောင့်ရဲလျက်နေကြကုန်အံ့။”—၁ တိမောသေ ၆:၇၊ ၈။
ဣန္ဒြေသိက္ခာရှိပါ။ “မိန်းမတို့သည် ကျစ်သောဆံပင်၊ ရွှေတန်ဆာ၊ ကျောက်ပုလဲအဖိုးထိုက်သောအဝတ်နှင့် ကိုယ်ကိုမဆင်ဘဲ၊ ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းအားဖြင့်၊ လျောက်ပတ်သောအဝတ်နှင့်လည်းကောင်း၊ ဘုရားသခင်အားရိုသေလေးမြတ်ခြင်းကိုဝန်ခံပြုစုသော မိန်းမဆင်သင့်သည်အတိုင်း ကောင်းသောအကျင့်နှင့်လည်းကောင်း၊ ကိုယ်ကိုတန်ဆာဆင်စေခြင်းငှာ ငါအလိုရှိ၏။”—၁ တိမောသေ ၂:၉၊ ၁၀။
ဘုရားသခင့်ရေးရာဉာဏ်ပညာသည် ကြွယ်ဝချမ်းသာခြင်းထက် သာလွန်ကြောင်း သိရှိနားလည်ပါ။ “ဉာဏ်ပညာကိုရှာ၍ရသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ပညာကုန်သွယ်ခြင်းသည် ငွေကုန်သွယ်ခြင်းထက် သာ၍ကောင်း၏။ ပညာကုန်သွယ်၍ရသောအမြတ်လည်း ရွှေစင်ထက်သာ၍ကောင်း၏။ ပညာသည်ပတ္တမြားထက်သာ၍ အဖိုးထိုက်ပေ၏။ နှစ်သက်ဖွယ်သမျှသောအရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။ သူ၏လက်ယာလက်၌ အသက်တာရှည်သောကာလ၊ လက်ဝဲလက်၌ စည်းစိမ်နှင့်ဂုဏ်အသရေရှိ၏။ ပညာလမ်းတို့သည် သာယာသောလမ်း၊ ပညာလမ်းခရီးရှိသမျှတို့သည် ငြိမ်ဝပ်လျက်ရှိကြ၏။ ပညာကိုကိုင်ဆွဲသောသူသည် အသက်ပင်ကိုရပြီ။ လက်မလွှတ်သောသူသည်မင်္ဂလာရှိ၏။”—သု. ၃:၁၃-၁၈။
ပေးကမ်းသည့်အကျင့်ပြုပါ။ “အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်းအရာသည်သာ၍ [“ပျော်ရွှင်၊” ကဘ] ၏။”—တမန်တော် ၂၀:၃၅။
ဤအခန်းဆက်ဆောင်းပါးများကိုယ်နှိုက်က ဝိညာဉ်ရေးဆိုင်ရာတန်ဖိုးထားရာများကို တန်ဖိုးရှိသည့်ရုပ်ပစ္စည်းရေးရာများအားဖြင့် မဖုံးလွှမ်းသင့်ဟူသော သဘောထားကို “အားပေးဆွဲဆောင်” သည့်ကြော်ငြာတစ်မျိုးပင်ဖြစ်သည်ဟု တစ်ဦးတစ်ယောက်ကစောဒကတက်ပေမည်။ အဆိုပါကောက်ချက်ကို သင်သဘောတူမည်မှာ မလွဲဧကန်ပင်။
[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]
ဘုရားသခင့်နိုင်ငံတော်ကို ကြော်ငြာခြင်း
သွေးဆောင်သောသတင်းတစ်ရပ် လူတို့ထံရောက်ရှိစေဖို့ အကောင်းဆုံးနည်းလမ်းများထဲမှတစ်ခုမှာ အဘယ်နည်း။ ကြော်ငြာခြင်း–မူများနှင့် လက်တွေ့ကျင့်သုံးခြင်းစာအုပ်က ဤသို့ဆိုသည်– “အကောင်းဆုံးမျှော်မှန်းထားရာကမ္ဘာတစ်ခုတွင် ကုန်ထုတ်လုပ်သူတိုင်းသည် ရောင်းချဖို့ကမ်းလှမ်းထားသည့် ပစ္စည်းအကြောင်း သို့မဟုတ် ဝန်ဆောင်မှုအကြောင်း ဝယ်ယူသူတစ်ဦးချင်းထံသို့ အိမ်တိုင်ရာရောက်ပြောပြနိုင်ပေလိမ့်မည်။” စစ်မှန်သောခရစ်ယာန်များသည် စေတနာအလျောက် ဘုရားသခင့်နိုင်ငံတော်ကို ဤနည်းအားဖြင့် လူသိရှင်ကြားဖြစ်စေသည်မှာ နှစ်ပေါင်း ၂,၀၀၀ နီးပါးရှိပေပြီ။ (မဿဲ ၂၄:၁၄; တမန်တော် ၂၀:၂၀) လူတို့ထံရောက်ရှိစေဖို့ စီးပွားရေးလုပ်ငန်းများသည် ဤနည်းလမ်းကို အဘယ်ကြောင့် ပို၍အသုံးမပြုကြသနည်း။ အဆိုပါ စာအုပ်က ဤသို့ ရှင်းပြသည်– “ယင်းသည် အလွန်အကုန်အကျများလှသည်။ အရောင်းစာရေးတစ်ခါသွားတိုင်း ဒေါ်လာ ၁၅၀ ကျော်ကုန်ကျနိုင်ပေသည်။” မှန်ပါသည်၊ ခရစ်ယာန်များသည် စေတနာပေါ်အခြေခံ၍ ဘုရားသခင့်နိုင်ငံတော်ကို “ကြော်ငြာကြသည်။” ယင်းသည် သူတို့ဝတ်ပြုရေး၏အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာသတင်းတရားမှာ“ငွေကုန်ငွေခန်းဝယ်ရန်” မဟုတ်