သွေးမဲ့ ခွဲစိတ်ကုသမှု—ယင်း၏အကျိုးကျေးဇူးများ အသိအမှတ်ပြုခံရ
၁၉၉၆ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၏ တော်ဝင်ကောလိပ်ခွဲစိတ်ကုဆရာဝန်များက ယေဟောဝါသက်သေများအား ခွဲစိတ်ကုသမှုဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့၏လုပ်ထုံးဥပဒေ ဟူသောစာအုပ်ငယ်လေးကို ထုတ်ဝေခဲ့သည်။ ထိုစာအုပ်ငယ်တွင် ခွဲစိတ်ကုဆရာဝန်များက ဤသို့မှတ်သားဖော်ပြကြသည်– “သွေးသွင်းခြင်း၏အန္တရာယ်များကြောင့် ဖြစ်နိုင်သည့်အခါတိုင်း တခြားနည်းကိုစဉ်းစားစရာဖြစ်စေသည်။”
အမေရိကန်ဆေးရုံအသင်းအဖွဲ့မှထုတ်ဝေသော အဟာနယူးစာစောင်က သွေးမဲ့ခွဲစိတ်ကုသမှု၏အကျိုးကျေးဇူးများကို အဘယ်ကြောင့် အသိအမှတ်ပြုကြောင်းလည်း ဖော်ပြထားသည်။ “ဘာသာရေးယုံကြည်ချက်အဖြစ် အစပြုခဲ့သည့်အရာသည် ဆေးဘက်ဆိုင်ရာဦးစားပေးကဏ္ဍနှင့် တိုးတက်သောနည်းပညာဘက်သို့ တဖြည်းဖြည်းကူးပြောင်းလာသည်” ဟုဤအပတ်စဉ်စာစောင်က သတိပြုမိသည်။ “ယေဟောဝါသက်သေတို့၏အယူဝါဒများက တစ်စိတ်တစ်ဒေသလှုံ့ဆော်ပေးသော သွေးမဲ့ဆေးဝါးနှင့် ခွဲစိတ်ကုသမှုသည် ဘာသာရေးအသိုင်းအဝိုင်း၏လိုအပ်ရာများကိုကျော်လွန်ကာ တစ်တိုင်းပြည်လုံးရှိ ခွဲစိတ်ခန်းများအတွင်းသို့ ဝင်ရောက်သွားသည်။”
သွေးမဲ့ခွဲစိတ်ကုသမှုကို ဆရာဝန်အများက အဘယ်ကြောင့်အားပေးရသည့်အကြောင်းကို ၁၉၉၇၊ ဆောင်းဦးပေါက်တွင်ထုတ်ဝေသော တိုင်းမ် မဂ္ဂဇင်း၏အချပ်ပိုတွင် ဖော်ပြထားသည်။ “အေအိုင်ဒီအက်စ်ကိုကြောက်ရွံ့ရခြင်းသည် အကြောင်းတစ်ခုသာဖြစ်သည်” ဟုဆောင်းပါးကဆို၏။ သွေးမဲ့ဆေးဝါးနှင့်ခွဲစိတ်ကုသမှု၏အဆင့်မြင့်မားရေးအတွက် နယူးဂျာစီ၊ အဲန်းဂဲလ်ဝုဒ်ရှိ အဲန်းဂဲလ်ဝုဒ်ဆေးရုံ၏ နယူးဂျာစီတက္ကသိုလ်တွင် ပြီးစီးသွားသည့်လုပ်ဆောင်မှုကို ဆောင်းပါးက အထူးသဖြင့် ဖော်ပြထားသည်။
တိုင်းမ်သတင်းစာက ဤသို့သတိပြုဖော်ပြခဲ့သည်– “ဤတက္ကသိုလ်သည် ယခု သွေးမဲ့ခွဲစိတ်ကုသမှုကို ကျင့်သုံးနေသည့် ယူအက်စ်ဆေးရုံ ၅၀ ကျော်တွင် ဦးဆောင်တက္ကသိုလ်ဖြစ်သည်။ ၎င်းတို့သည် လှူဒါန်းသော မည်သည့်သွေးကိုမဆိုအသုံးမပြုဘဲ သွေးဆုံးရှုံးမှုကို သိသိသာသာလျော့နည်းစေသော သို့မဟုတ် လုံးဝနီးပါးသွေးမဆုံးရှုံးစေသည့်နည်းစနစ်များနှင့်တကွ ယခင်က သွေးသွင်းမည်ဖြစ်သော်လည်း ယခုမသွင်းသောကုသနည်းအပါအဝင် ခွဲစိတ်ကုထုံးအမျိုးမျိုးကို ကမ်းလှမ်းပေးကြသည်။”
ထိရောက်မှုနှင့် အန္တရာယ်ကင်းမှု
တိုင်းမ်မဂ္ဂဇင်း၏နိဒါန်းတွင် ခန္ဓာကိုယ်၏သွေး ၉၀ ရာခိုင်နှုန်းယိုစီးထွက်ကာ ဟီမိုဂလိုဗင်သည် အသက်အန္တရာယ်ရှိအဆင့်ဖြစ်သော တစ်ဒက်စီလီတာလျှင် ၁.၇ ဂရမ်သို့ ကျဆင်းသွားသည့် ကိုယ်တွင်းအကြီးအကျယ်သွေးယိုစိမ့်မှုဝေဒနာခံစားခဲ့ရသူ ဟဲန်ရီဂျက်ဆန်၏တွေ့ကြုံမှုကို ဖော်ပြထားသည်။ ဂျက်ဆန်ကို သွေးမသွင်းဘဲ ကုသမပေးသည့်နယူးဂျာစီရှိ အခြားဆေးရုံတစ်ရုံမှ အဲန်းဂဲလ်ဝုဒ်ဆေးရုံသို့ ပြောင်းတင်လိုက်ရသည်။
ဂျက်ဆန်ကို အဲန်းဂဲလ်ဝုဒ်ဆေးရုံတွင် ဆရာဝန် အဲအာရှန်ဒါ၏ကြည့်ရှုမှုအောက်တွင်ထားကာ အာနိသင်ပြင်းပြင်းဖော်စပ်ထားသော သံဓာတ်နှင့် ဗီတာမင်များကို သွေးနီဆဲလ်များတိုးပွားစေရန် ရိုးတွင်းခြင်ဆီကို လှုံ့ဆော်ပေးသော သွေးပမာဏများစေသည့် ပေါင်းစုအီရစ်သရိုပွိုင့်တင်ဆေးနှင့်ပေါင်းပြီး ပေးသည်။ နောက်ဆုံးတွင် သူ၌လည်ပတ်နေသည့် သွေးလည်ပတ်မှုကို တွန်းအားပေးရန် သွေးပြန်ကြောတွင်းသို့ အရည်များသွင်းပေးသည်။”
ရက်အနည်းငယ်အကြာတွင် “ဦးဆုံးတင်ခဲ့သည့်ဆေးရုံက ဂျက်ဆန်သေပြီလားဟု မေးမြန်းခဲ့သည်။ ရှန်ဒါသည် ဖုံးကွယ်ခြင်းမရှိဘဲ ကျေနပ်စွာဖြင့် သူတို့ကို ‘သူဟာ သေဖို့နေနေသာသာ၊ ကျန်းမာနေပြီး ဆေးရုံဆင်းဖို့အဆင်သင့်ပါပဲ၊ မကြာခင်မှာပဲ သူ့ရဲ့ပုံမှန်အလုပ်ကိုဆင်းနိုင်တော့မယ်’ ဟုပြောဆိုခဲ့ကြောင်း” တိုင်းမ်မဂ္ဂဇင်းတွင် ဖော်ပြထားသည်။
၁၉၉၇၊ နိုဝင်ဘာ ၂၈ ရက်နေ့ ရုပ်မြင်သံကြားလူတွေ့မေးမြန်းခန်းတွင် နယူးဂျာစီ၊ နဲဝက်မြို့ တက္ကသိုလ်ဆေးရုံရှိ သွေးမဲ့အစီအစဉ်၏ဆေးဘက်ဆိုင်ရာ ဒါရိုက်တာဖြစ်သူ ဆရာဝန်အက်ဝင်ဒင့်ချ်က သွေးမဲ့ခွဲစိတ်ကုသမှုကို မည်သို့သုတေသနပြုကြကြောင်း ဤသို့ရှင်းပြခဲ့သည်– “ယေဟောဝါသက်သေတွေဟာ . . . သွေးမဲ့ခွဲစိတ်မယ့်သူတွေကို ရှာတွေ့ဖို့ အတော်လေးကြိုးစားအားထုတ်ကြရပါတယ်။ အဲဒီလေ့လာမှုအချို့ရဲ့ရလဒ်ကတော့ သူတို့ဟာ မျှော်လင့်ထားတာထက်၊ သွေးလက်ခံသူတွေထက်ပိုပြီးအခြေအနေကောင်းနေတာကို တွေ့ရခြင်းပါပဲ။”
ဆရာဝန်ဒင့်ချ်က ဤသို့ထပ်ဖြည့်စွက်သည်– “သွေးဟာ ကိုယ်ခံအားစနစ်ကို အားလျော့စေနိုင်ပြီး ခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက် ရောဂါကူးစက်တဲ့ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်; အဲဒါက တစ်ဦးတစ်ယောက်ကို ကင်ဆာရောဂါ ထပ်တလဲလဲရနိုင်တဲ့အန္တရာယ်တိုးများစေနိုင်ပါတယ်၊ ဒါကြောင့် သွေးဟာ တချို့အခြေအနေမှာ ကောင်းတာရှိပေမဲ့ ဆိုးတဲ့ဘက်ရှိလာတတ်ပါတယ်။” သွေးမဲ့ခွဲစိတ်ကုသမှုနှင့်ပတ်သက်ပြီး ဆရာဝန်ဒင့်ချ်က ဤသို့နိဂုံးချုပ်လိုက်သည်– “လူနာအတွက် ရောဂါဆင့်ပွားဖြစ်မှုနည်းပါးစေပြီး အကုန်အကျပါနည်းစေတယ်ဆိုတာ ရှင်းနေပါတယ်။ ဒါကြောင့် အဲဒါဟာ အခြေအနေအရပ်ရပ်မှာ အခွင့်အလမ်းသာနေပါတယ်။”
သို့ဖြင့် တိုင်းမ်မဂ္ဂဇင်းကဆိုသည့်အတိုင်း “များစွာသောလူနာများသည် ပို၍အန္တရာယ်ကင်းပြီး သွေးသွင်းခြင်းထက် ပိုမိုထိရောက်သောရွေးချယ်စရာများကို အကြီးအကျယ်တောင်းဆိုနေကြသည်။” ထိုမဂ္ဂဇင်းက ဤသို့လည်းဖော်ပြထားသည်– “အချို့သူများ၏ခန့်မှန်းချက်အရ အမေရိကန်ပြည်ထောင်စု၏ သွေးသွင်းမှု ၂၅% သည် မလိုအပ်ပါဟူ၏။ လူနာများသည် ယခင်က ထင်မှတ်ထားသည့် ဟီမိုဂလိုဗင်အဆင့်ကို လက်သင့်မခံနိုင်ကြကြောင်းနှင့် လူငယ်လူရွယ်တို့တွင် အထူးသဖြင့် ကိုယ်တွင်း၌ အရန်သင့်စောင်ထားသောသွေးရှိကြောင်း ၎င်းကဖော်ပြထားသည်။ . . . သွေးမပေးဘဲထားခြင်းသည် များစွာသောလူနာများအတွက် အသက်ရှင်စေနိုင်ပြီး ပို၍ရွေးသင့်ရွေးထိုက်သောအရာဖြစ်ကြောင်း [ရှန်ဒါ] ကယုံကြည်သည်။”
သွေးသွင်းခြင်းမှတစ်ဆင့် ရောဂါကူးစက်ခြင်းသည် အဓိကအန္တရာယ်တစ်ခုဖြစ်သော်လည်း ထိုတွင် အခြားအန္တရာယ်များလည်းရှိသည်။ “သွေးလှူဘဏ်ရှိသွေးကို အအေးခံကာ သိမ်းထားပြီးနောက်တွင် အောက်စီဂျင်ကိုသယ်ဆောင်ပေးရန် လတ်ဆတ်သောသွေး၏ အစွမ်းသတ္တိမျိုးမရှိတော့ချေ” ဟုဆရာဝန်ရှန်ဒါက ရှင်းပြသည်။ “ကျွန်ုပ်တို့ သွေးသွင်းပေးကြသည့်အခါ မည်သည့်အရာအတိအကျဖြစ်ပျက်ကြောင်းကို စပြီးနားလည်လာရုံသာရှိသေးသည်။”
“ရွှေစံချိန်”
“နောက်ဆုံးတွင် အကုန်အကျရှိခြင်းဖြစ်သည်; သွေးတစ်ကြိမ်သွင်းတိုင်းကုန်ကျသည့် ဒေါ်လာ ၅၀၀ ဝန်းကျင်ခန့်ကို ဆေးဖိုးဝါးခနှင့်ထပ်ပေါင်းလိုက်လျှင် စုစုပေါင်း နှစ်စဉ်ကုန်ကျငွေမှာ ယူ.အက်ဒေါ်လာ ၁ ဘီလီယံနှင့် ၂ ဘီလီယံအကြားတွင်ရှိရာ အခြားနည်းလမ်းများကိုအကြီးအကျယ်ထည့်စဉ်းစားထိုက်သည့် မက်လုံးပင်ဖြစ်သည်။ သွေးသွင်းခြင်း၏ အကုန်အကျမတန်တဆကြီးမားမှုသည် သွေးမဲ့ခွဲစိတ်ကုသမှုကို ယခုလူကြိုက်များလာစေသည့် အဓိကအကြောင်းရင်းဖြစ်ပုံရသည်။
အိုဟိုက်အို၊ ကလေဗဲလဲန်မြို့၊ စိန့်ဗင်းစဲန့်ကုသိုလ်ဖြစ်ဆေးရုံရှိ သွေးမဲ့ဆေးဝါးနှင့် ခွဲစိတ်ကုသမှုဗဟိုဌာန၏ဒါရိုက်တာ ရှာရုန်ဗာနန်က သွေးကိုအသုံးမပြုဘဲ လူနာများအားကုသမှုအကြောင်း ဤသို့ပြောကြားခဲ့သည်– “အကုန်အကျတွေဖြတ်တောက်နေတဲ့ဝန်းကျင်မှာ သွေးမဲ့ဆေးဝါးများဟာ ရွှေစံချိန်စံနှုန်းဖြစ်ကြောင်း သမားတော်များက အသိအမှတ်ပြုနေကြတဲ့အတွက် သွေးမဲ့ခွဲစိတ်ကုသမှု တိုးတက်များပြားလာနေတာဖြစ်တယ်။ သာမန်အားဖြင့် ကျွန်တော်တို့နဲ့ကူးလူးဆက်ဆံမှုမရှိတဲ့ အာမခံကုမ္ပဏီတွေတောင် လူတွေကို ကျွန်တော်တို့ဆီပို့ပေးတာ ကြုံရပါတယ်၊ အကြောင်းကတော့ ငွေကုန်သက်သာစေဖို့ပါပဲ။”
ရှင်းနေသည်ကား သွေးမဲ့ခွဲစိတ်ကုသမှုသည် ဆေးလောကအသိုင်းအဝိုင်းတွင် အကြောင်းရင်းအတော်များများကြောင့် အသိအမှတ်ပြုမှု လျင်မြန်စွာရရှိနေခြင်းပင်ဖြစ်သည်။
[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]
မကြာသေးမီက တရားရုံးဆုံးဖြတ်ချက်များ
၁၉၉၇၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း ယူ.အက်စ်.အေ. အီလီနွိုက်စ်ပြည်နယ်တွင် ချမှတ်လိုက်သော တရားရုံးဆုံးဖြတ်ချက်နှစ်ခုသည် အလွန်အရေးပါသည်။ ဦးဆုံးအနေနှင့် ယေဟောဝါသက်သေတစ်ဦးဖြစ်သူ မေရီဂျုံးသည် ၁၉၉၃ ခုနှစ်တွင် သွေးသွင်းကုသနည်းကို ကန့်ကွက်နေသည့်ကြားမှ သွေးယူနစ်နှစ်ခုအသွင်းခံခဲ့ရသောကြောင့် နစ်နာကြေးငွေ ဒေါ်လာ ၁၅၀,၀၀၀ ကိုရရှိခဲ့သည်။ ယင်းသည် သွေးသွင်းမခံလိုမှုကြောင့် စိတ်ပိုင်းဆိုင်ရာဝေဒနာခံစားရမှုအတွက် သက်သေခံတစ်ဦး ရရှိခဲ့ဖူးသမျှတွင် အများဆုံးပမာဏဖြစ်သည်။
ဒုတိယအမှုသည် ၃၄-ပတ်အရွယ်သန္ဓေသားအကျိုးအလို့ငှာ အတင်းအဓမ္မသွေးသွင်းခံရသူ ကိုယ်ဝန်ဆောင်သက်သေခံ ဒါလဲန်ဘရောင်းနှင့် ပတ်သက်သည်။ ၁၉၉၇၊ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် အီလီနွိုက်စ် အယူခံတရားရုံးက “သွေးသွင်းခြင်းသည် ဆုံးဖြတ်လုပ်ဆောင်နိုင်သည့် လူကြီးတစ်ဦး၏တည်ကြည်မှုကို ကြားဝင်နှောင့်ယှက်သည့် ဘောင်ကျော်သွားသော ဆေးဘက်ဆိုင်ရာလုပ်ထုံးဖြစ်သည်” ဟုဆိုကာ ၎င်းတို့၏ဆုံးဖြတ်ချက်ကို ရှင်းပြခဲ့သည်။ အယူခံတရားရုံးသည် “ဤတိုင်းပြည်၏ဥပဒေအောက်တွင် . . . ဘောင်ကျော်သွားသော ဆေးဘက်ဆိုင်ရာလုပ်ထုံးတစ်ခုကို ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး လက်ခံစေဖို့ တရားဝင်တာဝန်ဝတ္တရားတစ်ခုကို ကျွန်တော်တို့မချမှတ်နိုင်ပါ။”
၁၉၉၈၊ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် တိုကျိုမြို့အထက်တရားရုံးသည် ၁၉၉၂ ခုနှစ်က ခွဲစိတ်ကုသစဉ်အတွင်း မီဆာအီသာကီဒါအား သွေးသွင်းပေးသည့်ဆရာဝန်ကို မှန်ကန်ကြောင်းဆုံးဖြတ်သည့် အောက်ရုံး၏စီရင်ချက်ကို ပယ်ဖျက်လိုက်သည်။ “လူနာ၏ကုသနည်းရွေးချယ်ပိုင်ခွင့်ကို လေးစားသင့်သည်။ သွေးသွင်းဖို့စီရင်ချက်ချခြင်းသည် တရားမဝင်ပါ” ဟုအထက်တရားရုံးက ကြေညာခဲ့သည်။ မီဆာအီသာကီဒါကို နစ်နာကြေးငွေ ယန်း ၅၅၀,၀၀၀ (ယူ.အက်စ်ဒေါ်လာ ၄,၂၀၀) ပေးလိုက်သည်။