ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၁ ၁/၈ စာ. ၃-၄
  • အဲလ်ဇိုင်းမားရောဂါကို ရင်ဆိုင်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဲလ်ဇိုင်းမားရောဂါကို ရင်ဆိုင်ခြင်း
  • နိုးလော့!—၂၀၀၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဲလ်ဇိုင်းမား ရောဂါဟူသည်အဘယ်နည်း
  • လူနာ၏ဂုဏ်သိက္ခာကို ထိန်းပေးခြင်း
    နိုးလော့!—၂၀၀၁
  • ပြုစုစောင့်ရှောက်သူများ လုပ်ပေးနိုင်သည့်အရာ
    နိုးလော့!—၂၀၀၁
  • သွေးဆောင်မှု နည်းပညာ
    နိုးလော့!—၁၉၉၉
  • ဇရာအိုကာလ၏ စိန်ခေါ်ချက်များကြား အသက်ရှင်နေထိုင်ခြင်း
    နိုးလော့!—၂၀၀၆
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၁
န၀၁ ၁/၈ စာ. ၃-၄

အဲလ်ဇိုင်းမားရောဂါကို ရင်ဆိုင်ခြင်း

“ကျွန်မရဲ့ခင်ပွန်း အဲလ်ဖီဟာ တောင်အာဖရိကရွှေတွင်းမှာအလုပ်လုပ်တဲ့ အလုပ်သမားခေါင်းတစ်ဦးပါ” ဟူ၍စဲယ်လီကရှင်းပြ၏။ “သူအငြိမ်းစားယူချင်ပြီလို့ ကျွန်မကိုပြောတဲ့အခါ ကျွန်မအရမ်းအံ့သြသွားတယ်။ သူဟာ အသက် ၅၆ နှစ်ပဲရှိသေးပြီး ထက်ထက်မြက်မြက်နဲ့ လုပ်နိုင်ကိုင်နိုင်တုန်းပဲလေ။ နောက်ပိုင်း သူ့ရဲ့လုပ်ငန်းဖော်တွေကတစ်ဆင့် အဲလ်ဖီဟာ ချင့်ချိန်သုံးသပ်နိုင်စွမ်းမှာ ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ အမှားမှားအယွင်းယွင်းတွေ စဖြစ်နေတယ်ဆိုတာ ကျွန်မ သိလိုက်ရတယ်။ သူတို့ဟာ သူ့အတွက် ဖုံးဖုံးဖိဖိလုပ်ပေးရလေ့ရှိတယ်။

“သူအငြိမ်းစားယူပြီးတဲ့နောက် ကျွန်မတို့ ဟိုတယ်တစ်လုံးဝယ်လိုက်ကြတယ်။ အဲလ်ဖီဟာ တောက်တိုမယ်ရပြင်တတ်တဲ့အတွက် အဲဒီနေရာကိုမွမ်းမံပြင်ဆင်ရာမှာ ဆက်အလုပ်များနေမယ်လို့ ကျွန်မတို့ထင်ခဲ့မိတယ်။ ဒါပေမဲ့ ဒီအစား တောက်တိုမယ်ရပြင်တတ်သူတစ်ဦးဦးကိုပဲ သူအမြဲခေါ်တယ်။

“အဲဒီနှစ်မှာပဲ သုံးနှစ်အရွယ်မြေးမလေးကိုခေါ်ပြီး ဒါဗင်မြို့ရဲ့ကမ်းခြေကို အားလပ်ခရီးထွက်ခဲ့ကြတယ်။ သူကလေးက ကျွန်မတို့တည်းတဲ့ အဆောက်အဦရဲ့လမ်းတစ်ဖက်မှာရှိတဲ့ ကန်အားရှိတဲ့ ပတ္တူဖျင်ချပ်ပေါ် ကစားရတာကိုနှစ်သက်တယ်။ တစ်နေ့တော့ ညနေ ၄:၃၀ လောက်မှာ အဲလ်ဖီက နာရီဝက်လောက်ကြာရင်ပြန်လာမယ်လို့ပြောပြီး ပတ္တူဖျင်ချပ်ပေါ်မှာ ခုန်ကစားဖို့ သူကလေးကိုခေါ်သွားတယ်။ ၇:၀၀ နာရီအထိ သူတို့ပေါ်မလာကြဘူး။ ရဲဆီ ဖုန်းဆက်အကြောင်းကြားပေမဲ့ သူတို့က ၂၄ နာရီကျော်ကြာပျောက်ဆုံးသွားသူတွေကိုပဲ ရှာဖွေပေးတယ်လို့ဆိုတယ်။ သူတို့အသတ်ခံလိုက်ရပြီလို့ ကျွန်မတွေးပြီး အဲဒီညမှာတော့ ကျွန်မဟာ ရူးမတတ်ပါပဲ။ နောက်တစ်နေ့မွန်းတည့်ချိန်မှာတော့ တံခါးခေါက်သံကြားလိုက်ရပြီး တံခါးဝမှာ မြေးမလေးကိုချီလျက်သား အဲလ်ဖီကိုတွေ့လိုက်ရတယ်။

“‘ရှင်တို့ ဘယ်လျှောက်သွားနေကြတာလဲ’ လို့ ကျွန်မက မေးလိုက်တယ်။

“‘ငါ့ကို စိတ်မဆိုးပါနဲ့ကွာ။ ငါမသိဘူး’ လို့သူဖြေတယ်။

“‘ဘွားဘွား၊ ကျွန်မတို့ လမ်းပျောက်သွားတယ်’ ဆိုပြီးမြေးလေးကရှင်းပြတယ်။

“လမ်းကိုဖြတ်ကျော်လိုက်ရုံနဲ့ လမ်းပျောက်သွားတယ်ဆိုတာ စဉ်းစားသာကြည့်တော့! အဲဒီညက သူတို့ဘယ်မှာအိပ်ကြသလဲဆိုတာကို ကျွန်မအခုထိမသိသေးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မရဲ့မိတ်ဆွေတစ်ဦးက သူတို့ကိုတွေ့သွားပြီး တိုက်ခန်းကို လမ်းညွှန်ပေးလိုက်တာဖြစ်မယ်။”

ဤမတော်တဆမှုပြီးနောက် စဲယ်လီက အဲလ်ဖီကို နဗ်ကြောအထူးကုထံသို့ ခေါ်ဆောင်သွားရာ စိတ်ယိုယွင်းခြင်း (ဉာဏ်ရည်ဉာဏ်သွေးလုပ်ဆောင်ချက် ပျက်ပြားခြင်း) ကို သူခံစားနေရကြောင်း အတည်ပြုပြောလေသည်။ ပေါ်ထွက်လာသည့်အဖြေမှာ အဲလ်ဖီ၌ ကုရာနတ္ထိဆေးမရှိသည့် အဲလ်ဇိုင်းမားရောဂါ (အေဒီ) ဖြစ်နေသည်။a ဗြိတိန်နိုင်ငံမှ နယူးဆိုင်းယင်းတစ်ဂျာနယ်က “စက်မှုထွန်းကားသောကမ္ဘာ၌ နှလုံးရောဂါ၊ ကင်ဆာနှင့် လေသင်တုန်းဖြတ်ခြင်းပြီးလျှင်စတုတ္ထလိုက်သည့် အသေစေဆုံးသောလူသတ်ကောင်မှာ” အေဒီ ဖြစ်သည်ဟုဆို၏။ ယင်းကို “သက်ကြီးရွယ်အိုတွင်ဖြစ်သော နာတာရှည်ရောဂါကြီး” ဟုခေါ်ဆိုကြသည်။ သို့သော် အေဒီ သည် အဲလ်ဖီ၏ဖြစ်ရပ်၌ကဲ့သို့ပင် ဘဝတွင်စောစောစီးစီးဝင်ရောက်လာနိုင်၏။

ကြွယ်ဝသည့်နိုင်ငံများတွင် သက်တမ်းတိုးလာသူတို့ သာ၍များလာသည်နှင့်အမျှ စိတ်ယိုယွင်းခြင်းကိုခံစားရမည့်သူ အရေအတွက်ခန့်မှန်းချက်မှာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာပင်။ လေ့လာမှုတစ်ရပ်အရ ၁၉၈၀ နှင့် ၂၀၀၀ ပြည့်နှစ်ကြားတွင် ဗြိတိန်နိုင်ငံ၌ ၁၄ ရာခိုင်နှုန်း၊ အမေရိကန်ပြည်ထောင်စုတွင် ၃၃ ရာခိုင်နှုန်းနှင့် ကနေဒါနိုင်ငံတွင် ၆၄ ရာခိုင်နှုန်းတိုးများလာနိုင်သည်။ ၁၉၉၀ ပြည့်နှစ်တွင် ဩစတြေးလျနိုင်ငံမှ တီဗွီသတင်းတွင် ဤသို့ဆိုသည်– “ယခု ဩစတြေးလျနိုင်ငံ၌ အဲလ်ဇိုင်းမားဝေဒနာသည် ၁၀၀,၀၀၀ ရှိသည်ဟု ခန့်မှန်းရ၏။ သို့သော် ဤရာစုနှစ်အကုန်တွင် ၂၀၀,၀၀၀ ရှိလိမ့်မည်။” ခန့်မှန်းချက်တစ်ခုက ၂၀၀၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း၌ သန်း ၁၀၀ မှာ အဲလ်ဇိုင်းမားရောဂါဖြစ်လိမ့်မည်ဟု ဖော်ပြသည်။

အဲလ်ဇိုင်းမား ရောဂါဟူသည်အဘယ်နည်း

ဖြစ်နိုင်သည့်အကြောင်းမျိုးမျိုးကို သုတေသနပြုကြသော်လည်း အေဒီ ဖြစ်ရခြင်း၏အရင်းခံအကြောင်းရင်းအတိအကျကို မသိရှိသေးချေ။ သို့သော် အေဒီသည် ဦးနှောက်ဆဲလ်များ တဖြည်းဖြည်းပျက်စီးသွားခြင်းနှင့်ပတ်သက်နေကြောင်းသိရပြီး ယင်းကြောင့် ဦးနှောက်၏အဆိုပါအစိတ်အပိုင်းများမှာ ပကတိအတိုင်းကျုံ့သွားပေမည်။ အဆိုးဆုံးထိခိုက်သည့်အပိုင်းများမှာ မှတ်ဉာဏ်နှင့် စဉ်းစားဆင်ခြင်နိုင်သောစွမ်းရည်ပါဝင်သောအပိုင်းများဖြစ်သည်။ ဦးနှောက်စနစ်တွင်ပါဝင်သော စိတ်လှုပ်ရှားမှုဆိုင်ရာဆဲလ်များသည် ရောဂါစဖြစ်ဖြစ်ချင်း၌ ထိခိုက်သွားပြီး ကိုယ်ရည်ကိုယ်သွေးပြောင်းလဲမှုများကိုဖြစ်စေ၏။ ဦးနှောက်၏အခြားအစိတ်အပိုင်း—အမြင်အာရုံ၊ အထိအတွေ့နှင့် ကြွက်သားလှုပ်ရှားမှုကို ညွှန်ကြားသော လှုပ်ရှားမှုဦးနှောက်အပြင်သားတို့နှင့်ပတ်သက်သောအစိတ်အပိုင်းများမှာမူ တော်တော်ကြာကြာမထိခိုက်ဘဲ ရှိနေနိုင်သည်။ အမေရိကန် သိပ္ပံဆိုင်ရာမဂ္ဂဇင်းက ယင်းပြောင်းလဲမှုများကို “လမ်းလျှောက်နိုင်၊ စကားပြောနိုင်၊ စားနိုင်သော်လည်း ဤလောကတွင်ဖြစ်ပျက်နေသည်များကို လုံးဝမသိနိုင်သူတစ်ဦး၏ အလွန့်အလွန်သနားစရာကောင်းသောဘဝမျိုးရောက်သွားစေသည်” ဟုဆို၏။

အထူးသဖြင့် အဆိုပါရောဂါသည် ၅ နှစ်မှ ၁၀ နှစ်အထိ သက်တမ်းကြာရှည်၏—သို့သော် တစ်ခါတစ်ရံ နှစ်ပေါင်း ၂၀ ကျော်ထိကြာရှည်သည်။ ရောဂါရင့်လာလေလေ ဝေဒနာရှင်များသည် ဆောင်ရွက်နိုင်စွမ်း လျော့နည်းလာလေလေဖြစ်၏။ နောက်ဆုံး၌ သူတို့သည် မိမိတို့ချစ်မြတ်နိုးသူတို့ကိုပင် မှတ်မိနိုင်စွမ်းမရှိသည်အထိဖြစ်သွားပေမည်။ နောက်ဆုံးအဆင့်များ၌ ဝေဒနာရှင်များသည် အိပ်ရာထက်၌လဲနေပြီး စကားမပြောနိုင် သို့မဟုတ် မိမိဘာသာ အစာမစားနိုင်တော့ချေ။ သို့သော် ဝေဒနာရှင်များစွာမှာ ဤနောက်ဆုံးအဆင့်များသို့မရောက်မီ အခြားအကြောင်းရင်းများကြောင့် သေဆုံးသွားကြ၏။

အေဒီ စဖြစ်စဉ်တွင် ကာယပိုင်းဆိုင်ရာအရ ဝေဒနာမခံစားရသော်လည်း စိတ်ပိုင်းဆိုင်ရာ ဝေဒနာကိုမူ အကြီးအကျယ်ဖြစ်စေသည်။ အစတွင် အချို့တို့သည် ယင်းသို့ဖြစ်နေသည်ကို လက်မခံလိုကြဘဲ ဝေဒနာပျောက်သွားမည်ဟု မျှော်လင့်ကြသည်ကို နားလည်လောက်ပေသည်။b သို့သော် များစွာတို့က ဤရောဂါခံစားနေရသည်ကို လက်ခံကာ ယင်းကြောင့်ဖြစ်ပေါ်သော စိတ်ဆင်းရဲမှုကို လျော့ပါးစေဖို့သင်ယူခြင်းဖြင့် များစွာအကျိုးဖြစ်ထွန်းလေသည်။ “မှတ်ဉာဏ်ယိုယွင်းသွားတာဟာ လူနာအပေါ်ဘယ်လိုထိခိုက်သလဲဆိုတာ အစောကြီးကတည်းက ကျွန်တော်သိခဲ့ရင်ကောင်းမှာ” ဟူ၍ အသက် ၆၅ နှစ်အရွယ် အေဒီ ရောဂါရှင်ဇနီးရှိသူ ဘာ့တ်ကပြောသည်။ မှန်သည်၊ အေဒီ ၏သဘောသဘာဝအပြင် နည်းဗျူဟာများဖြင့် ဖြေရှင်းခြင်းနှင့်ပတ်သက်၍လည်း လေ့လာထားခြင်းက မိသားစုများအတွက် အကူအညီဖြစ်စေပေသည်။ ဤအရာများနှင့် နောက်ဆောင်းပါးနှစ်ခုတွင် ပါရှိသည့်အခြားအချက်အလက်များကို ဆန်းစစ်လေ့လာရာ၌ နိုးလော့!မဂ္ဂဇင်းနှင့်အတူ ပါဝင်ပါ။

[အောက်ခြေမှတ်ချက်များ]

a အေဒီ အမည်သည် အလွန်အမင်းစိတ်ယိုယွင်းမှုကို ခံစားခဲ့ရသော လူနာတစ်ဦး၏ရုပ်ကလာပ်အား ခွဲစိတ်စစ်ဆေးပြီးနောက် ၁၉၀၆ ခုနှစ်တွင် အဆိုပါရောဂါကိုဦးဆုံးဖော်ပြခဲ့သည့် ဂျာမန်သမားတော် အဲလွိုက်စ် အဲလ်ဇိုင်းမားအမည်ကို ယူထားခြင်းဖြစ်၏။ စိတ်ယိုယွင်းသောဝေဒနာသည် ၆၀ ရာခိုင်နှုန်းကျော်မှာ အေဒီကြောင့်ဖြစ်ကြောင်းယူမှတ်ထားရာ အသက် ၆၅ နှစ်ကျော်သူ ၁၀ ဦးတွင် ၁ ဦးကိုထိခိုက်လျက်ရှိသည်။ အခြားစိတ်ယိုယွင်းမှုမှာ ကြိမ်ဖန်များစွာ သွေးပြတ်တစ်သျှူးကြောင့် စိတ်ယိုယွင်းခြင်းဖြစ်ပြီး ဦးနှောက်ကိုပျက်စီးစေသည့် မကြာခဏလေဖြတ်ခြင်းကြောင့် ဖြစ်ပေါ်၏။

b သတိပေးချက်– လူတစ်ဦး၌ အေဒီ ဖြစ်နေသည်ဟု ကောက်ချက်မချမီ စေ့စပ်သေချာစွာဆေးစစ်မှုပြုရမည်။ စိတ်ယိုယွင်းမှု ၁၀ မှ ၂၀ ရာခိုင်နှုန်းခန့်သည် ကုသပျောက်ကင်းနိုင်သော ဖျားနာမှုများကြောင့်ဖြစ်၏။ အေဒီ ရောဂါအမည်ပေးရာ၌ သက်ကြီးရွယ်အိုမိဘများအား ပြုစုစောင့်ရှောက်ပုံစာအုပ်က ဤသို့ရှင်းပြသည်– “အဲလ်ဇိုင်းမားသည် သေပြီးနောက်ရုပ်ကလာပ်၏ ဦးနှောက်ကိုဆန်းစစ်လေ့လာမှသာလျှင် ရောဂါကိုအတိအကျအမည်ပေးနိုင်သော်လည်း ဆရာဝန်များအနေဖြင့် အခြားဖြစ်နိုင်ချေများကို ချန်လှပ်ထားပြီးနောက် ဖယ်ထုတ်အဖြေရှာနည်းအားဖြင့် ရောဂါအမည်ပေးကြသည်။”

[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]

ခန့်မှန်းချက်တစ်ခုက ၂၀၀၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း၌ သန်း ၁၀၀ မှာ အဲလ်ဇိုင်းမားရောဂါဖြစ်လိမ့်မည်ဟု ဖော်ပြသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ