လူနာ၏ဂုဏ်သိက္ခာကို ထိန်းပေးခြင်း
စဲယ်လီသည် သူ၏ခင်ပွန်းကို နဗ်ကြောအထူးကုထံ ခေါ်မသွားမီ နှစ်ရက်အလိုတွင် တောင်အာဖရိက၌ ဝန်ကြီးချုပ်အသစ်တစ်ဦး ရွေးချယ်တင်မြှောက်ခြင်းခံရ၏။ ရွေးချယ်တင်မြှောက်ပွဲများ၏ရလဒ်အကြောင်း နဗ်ကြောအထူးကုဆရာဝန်က မေးမြန်းသောအခါ အဲလ်ဖီသည် ငေးငိုင်လျက်စူးစိုက်ကြည့်နေပြီး တစ်လုံးတစ်ပါဒမျှမဖြေနိုင်ချေ။ ထို့နောက် ဦးနှောက်ကိုအသေအချာစစ်ဆေးစမ်းသပ်ပြီး နဗ်ကြောအထူးကုက စာနာမှုကင်းစွာ ဤသို့ပြောလိုက်သည်– “ဒီလူ့အတွက် နှစ်နဲ့နှစ်ပေါင်းဖို့တောင် တော်တော့်ကိုခက်နိုင်တယ်။ သူရဲ့ဦးနှောက်ကတော့ သွားပြီ!” ထို့နောက် သူက စဲယ်လီကို ဤသို့အကြံပေးသည်– “ခင်ဗျားရဲ့ ငွေကြေးတွေကို သိမ်းထားပေတော့။ ဒီလူ ခင်ဗျားအပေါ် အကြမ်းဖက်နိုင်တယ်။”
“ကျွန်မရဲ့ခင်ပွန်းဟာ ဘယ်တော့မှ ဒီလိုလုပ်မှာမဟုတ်ဘူး” ဟူ၍စဲယ်လီကပြန်ဖြေ၏။ စဲယ်လီ၏ကန့်ကွက်ချက်မှာ မှန်ကန်ကြောင်းထင်ရှားသည်; အဲလ်ဇိုင်းမားရောဂါ (အေဒီ) ဖြစ်သူအချို့မှာ ရန်လိုစိတ်ရှိသော်လည်း အဲလ်ဖီသည် သူ့အပေါ် မည်သည့်အခါမျှအကြမ်းမဖက်ပါ။ (မကြာခဏ ယင်းသို့ဖြစ်ရခြင်းမှာ စိတ်ပျက်အားလျော့မှုကြောင့်ဖြစ်ရာ အေဒီဝေဒနာသည်အား ပြုစုကိုင်တွယ်ပုံနည်းလမ်းဖြင့် တစ်ခါတစ်ရံ သက်သာရာရသွားစေနိုင်သည်။) နဗ်ကြောအထူးကုသည် အဲလ်ဖီ၏ဝေဒနာကို ရောဂါအမည်ရှာရာ၌ အောင်မြင်ခဲ့သော်လည်း ဝေဒနာသည်၏ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့လိုကြောင်း သိပုံမပေါ်ချေ။ ထိုသို့သိခဲ့ပါမူ သူသည် အဲလ်ဖီ၏အခြေအနေကို စဲယ်လီအား တိုးတိုးတိတ်တိတ် ကြင်နာစွာရှင်းပြခဲ့ပေမည်။
အိပ်မက်မက်ရန် ကျွန်ုပ်အလွန်အသက်ကြီးသောအခါစာအုပ်က “စိတ်ယိုယွင်းခြင်းဝေဒနာ တစ်မျိုးမျိုးခံစားရသူအတွက် အလိုအပ်ဆုံးအရာမှာ သူတို့၏ဂုဏ်သိက္ခာ၊ စာနာတတ်ခြင်းနှင့် ကိုယ့်ကိုယ်ကိုလေးစားခြင်းကို ထိန်းထားနိုင်စွမ်းရှိဖို့ဖြစ်သည်” ဟုဆို၏။ လန်ဒန်မှ အဲလ်ဇိုင်းမားရောဂါအဖွဲ့အစည်းကထုတ်ဝေသော ပြောဆိုဆက်သွယ်ခြင်းအကြံပေးစာမျက်နှာ၌ လူနာ၏ဂုဏ်သိက္ခာကို ထိန်းပေးခြင်း၏ အရေးပါပုံနည်းလမ်းတစ်ရပ်ကို ဤသို့ရှင်းပြသည်– “[အေဒီ ဝေဒနာရှင်များ] အရှေ့တွင် သူတို့မရှိသလိုပုံစံမျိုးနှင့် အခြားသူတို့နှင့် မဆွေးနွေးလိုက်ပါနှင့်။ သူတို့သည် နားလည်နိုင်စွမ်းမရှိလျှင်ပင် တစ်နည်းနည်းဖြင့် ဝိုင်းပယ်ခြင်းခံရသည်ဟုတွေးဆပြီး နိမ့်ကျနေသယောင် ခံစားရပေမည်။”
အမှန်ဆိုလျှင် အေဒီ ဝေဒနာရှင်အချို့မှာ အခြားသူများ မိမိတို့အကြောင်းပြောဆိုကြသည်ကို နားလည်၏။ ဥပမာ၊ ဩစတြေးလျမှ လူနာတစ်ဦးသည် သူ၏ဇနီးနှင့်အတူ အဲလ်ဇိုင်းမားအဖွဲ့အစည်း၏စည်းဝေးသို့ တက်ရောက်ခဲ့၏။ နောက်ပိုင်းတွင် သူဤသို့ကောက်ချက်ချသည်– “သူတို့ဟာ ပြုစုစောင့်ရှောက်ပေးတဲ့သူတွေကိုပဲ ဘာလုပ်ရမယ်၊ ဘယ်လိုလုပ်ရမလဲဆိုတာကို ပို့ချကြတယ်။ ကျွန်တော်အဲ့ဒီမှာရှိနေလျက်နဲ့ လူနာအကြောင်း ဘယ်သူမှမပြောကြတာ အံ့သြလို့မဆုံးပါဘူး။ . . . အတော့်ကို မချင့်မရဲဖြစ်မိတယ်။ ကျွန်တော်ဟာ အဲလ်ဇိုင်းမားဝေဒနာသည်ဖြစ်လို့ ကျွန်တော်ပြောတာတွေဟာ ဆက်စပ်မှုမရှိတဲ့အတွက် ဘယ်သူမှ နားထောင်မှာမဟုတ်ဘူး။”
အပြုသဘောရှိပါ
ဝေဒနာရှင်တို့၏ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးဖို့ အကူအညီဖြစ်စေသည့် အပြုသဘောပါသောနည်းလမ်းများစွာရှိ၏။ တစ်ချိန်တစ်ခါက လွယ်လွယ်လေးနှင့်လုပ်နိုင်ခဲ့သည့် နေ့စဉ်လုပ်ငန်းဆောင်တာများကို ဆက်လက်ဆောင်ရွက်ဖို့ သူတို့ အကူအညီလိုကောင်းလိုပေမည်။ ဥပမာ၊ သူတို့သည် ယခင်က စာရေးကောင်းသူတစ်ဦးဖြစ်ခဲ့ပါက ပူပင်ပေးတတ်သောမိတ်ဆွေများထံမှစာများကို ပြန်စာရေးရန် သူတို့နံဘေးတွင်ထိုင်၍အကူအညီပေးနိုင်သည်။ ရှဲရန် ဖစ်ရှ်က သူ၏စာအုပ် အဲလ်ဇိုင်းမား—သင်ကိုယ်တိုင်နှင့် သင့်ချစ်မြတ်နိုးရသူအား ပြုစုစောင့်ရှောက်ခြင်းတွင် အေဒီ ဝေဒနာရှင်များအား အကူအညီဖြစ်စေသည့် အခြားလက်တွေ့ကျနည်းလမ်းများကို ဤသို့ဖော်ပြထားသည်– “အတူတကွလုပ်ဆောင်ဖို့ အိုးခွက်ပန်းကန်များဆေးကြောသုတ်သင်ခြင်း၊ တံမြက်စည်းလှည်းခြင်း၊ အဝတ်ခေါက်ခြင်း၊ ညစာချက်ပြုတ်ခြင်းကဲ့သို့သော အဓိပ္ပာယ်ရှိပြီး အကျိုးဖြစ်ထွန်းသည့် လွယ်လွယ်ကူကူအလုပ်များကို ရှာပေးပါ။” ထို့နောက် သူက ဤသို့ရှင်းပြသည်– “အဲလ်ဇိုင်းမားဝေဒနာရှင်တစ်ဦးသည် တစ်အိမ်လုံးကို သန့်ရှင်းရေးပြုလုပ်ခြင်း သို့မဟုတ် တစ်နပ်စာလုံးကို ပြီးအောင်ချက်ပြုတ်ခြင်းတို့ကို နိုင်ချင်မှနိုင်မည်ဖြစ်သော်လည်း ဤစွမ်းရည်များမှာ တဖြည်းဖြည်းမှသာ ဆုံးရှုံးသွားတတ်သည်။ မပျက်စီးသေးသည့်စွမ်းရည်များကို အရင်းပြုကာ ယင်းတို့ကို ကြာနိုင်သည်ထက်အကြာဆုံး ဆက်ထိန်းသိမ်းထားဖို့အတွက် သူတို့အား သင်ကူညီပေးနိုင်သည်။ ယင်းသို့ သင်ပြုလုပ်သောအခါ သင်ချစ်မြတ်နိုးရသူ၏ မိမိကိုယ်ကိုမိမိ လေးစားခြင်းကို ထိန်းသိမ်းထားဖို့လည်း သင်ကူညီပေးရာကျသည်။”
အေဒီ ဝေဒနာရှင်ဆောင်ရွက်သော အိမ်အလုပ်အချို့မှာ စံမမီဘဲဖြစ်နေမည်ဖြစ်ရာ သင့်အနေဖြင့် တံမြက်စည်းပြန်လှည်းခြင်း သို့မဟုတ် အိုးခွက်ပန်းကန်များကို ပြန်လည်ဆေးကြောခြင်းပြုရပေမည်။ မည်သို့ပင်ဖြစ်စေ ဝေဒနာရှင်ကို အသုံးကျသည်ဟူ၍ ဆက်လက်ခံစားစေခြင်းဖြင့် သူ့အား ဘဝအသက်တာ၏ကျေနပ်ရောင့်ရဲမှုကို ရရှိစေသည်။ အလုပ်တစ်ခုမှာ စံမမီဘဲဖြစ်နေလင့်ကစား သူ့ကို ချီးမွမ်းပေးပါ။ သူ့လုပ်ကိုင်နိုင်စွမ်းချို့ယွင်းနေချိန်မှာပင် အတတ်နိုင်ဆုံး သူလုပ်ကိုင်သည်ကို သတိရပါ။ အေဒီ ဝေဒနာရှင်အနေဖြင့် အစဉ်တစိုက်အားပေးမှုနှင့် ချီးမွမ်းမှုပြုရန်လိုသည်—လုပ်ဆောင်မှုအသီးသီးတွင် အောင်မြင်မှုနည်းလာလေလေ ထိုသို့သာ၍ပြုလုပ်ပေးရန်လိုလေလေဖြစ်သည်။ အသက် ၈၄ နှစ်အရွယ် အေဒီဖြစ်နေသူ ခင်ပွန်းရှိသော ကေသီက “အသုံးမဝင်ဘူးဆိုတဲ့ခံစားချက်ဟာ လုံးဝကြိုတင်မခန့်မှန်းနိုင်ဘဲ ဘယ်အချိန်မဆို သူတို့ကို လွှမ်းမိုးသွားနိုင်တယ်။ ချက်ချင်းပဲစိတ်သက်သာစေဖို့ အဲဒီလူနာဟာ ‘ကောင်းစွာလုပ်နေပါတယ်’ လို့ ပြုစုစောင့်ရှောက်သူအနေနဲ့ လှိုက်လှိုက်လှဲလှဲအားပေးဖို့ လိုအပ်ပါတယ်” ဟုဆို၏။ အဲလ်ဇိုင်းမားလူနာအတွက် ချို့ယွင်းချက်ကင်းသော လုပ်ဆောင်မှုများစာအုပ်က သဘောတူညီစွာ ဤသို့ဆိုသည်– “ကျွန်ုပ်တို့အားလုံး တော်သည်ဟု အပြောခံလိုကြသည်ချည်းပင်၊ အထူးသဖြင့် စိတ်ယိုယွင်းသူတို့အတွက် ယင်းသို့ အပြောခံရလိုစိတ် သာ၍ပြင်းပြလေ၏။”
စိတ်အနှောင့်အယှက်ဖြစ်စေသောအပြုအမူကို ကိုင်တွယ်ပုံ
ပြုစုစောင့်ရှောက်သူတို့သည် မိမိတို့ချစ်မြတ်နိုးရသူ၏အပိုင်းမှ အနှောင့်အယှက်ဖြစ်စေသောအပြုအမူကို ပြုလုပ်သည့်အခါ မည်သို့ကိုင်တွယ်ရမည်ကို သိရှိရပေမည်။ စိုးရွံ့စရာအကောင်းဆုံးအရာတစ်ခုမှာ လူနာသည် လူရှေ့သူရှေ့၌ ဆီးဝမ်းမထိန်းနိုင်သောအခါ၌ဖြစ်သည်။ ဒေါက်တာ ဂဲရီ ဘ့တ်နက်ရေးသားသော အဲလ်ဇိုင်းမားရောဂါနှင့် အခြားကမောက်ကမအခြေအနေများစာအုပ်တွင် “ဤအပြုအမူများမှာ မကြာခဏဖြစ်လေ့ဖြစ်ထမရှိဘဲ အများအားဖြင့်ကာကွယ်တားဆီး သို့မဟုတ် နည်းနိုင်သမျှနည်းစေနိုင်၏။ စိုးရိမ်မကင်းဖြစ်ပေးသင့်သည့်အရာမှာ သူပြုလိုက်သည့်အမှုအတွက် သို့မဟုတ် ကြည့်နေမည့်ပရိသတ်အတွက်မဟုတ်ဘဲ ကာယကံရှင်၏ဂုဏ်သိက္ခာမကျရေးအတွက်ဖြစ်သောကြောင့် အရေးကြီးရာ၊ မကြီးရာကိုသိရှိရန်လည်း ထည့်တွက်ရမည်” ဟုရှင်းပြသည်။
ထိုကဲ့သို့ အရှက်ကွဲစရာမတော်တဆမှုဖြစ်ပါက ဝေဒနာရှင်ကို အမျက်ဒေါသမထွက်လိုက်ပါနှင့်။ ယင်းအစား ဤအကြုံပြုချက်ကို လိုက်နာဖို့ကြိုးစားပါ– “တည်တည်ငြိမ်ငြိမ်အေးအေးဆေးဆေးရှိပါ၊ ထိုသူသည် တမင်တကာစိတ်ဆိုးအောင်လုပ်ခြင်းမဟုတ်ကြောင်း သတိရပါ။ ထိုထက်ကား သင့်အနေဖြင့် ဒေါသဖြစ်၍စိတ်တိုမည့်အစား ညင်သာ၍ခိုင်မြဲပါက သူတို့သည် သာ၍ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိဖို့ အကြောင်းများသည်။ သင်တို့၏ဆက်ဆံရေးလမ်းကြောင်းတွင် အဖုအထစ်မဖြစ်စေနိုင်သည့်အရာမှန်သမျှကို ပြုလုပ်ပါ။”—လန်ဒန်မှ အဲလ်ဇိုင်းမားရောဂါဆိုင်ရာအဖွဲ့အစည်းကထုတ်ဝေသော ဆီးဝမ်းမထိန်းနိုင်ခြင်းအကြံပေးစာမျက်နှာ။
သူတို့ကို ပြုပြင်ပေးရန် အမှန်တကယ်လိုသလော
အေဒီ ဝေဒနာရှင်တို့သည် မမှန်သောအရာများကို ပြောလေ့ရှိ၏။ ဥပမာ၊ သူတို့သည် သေသွားသည်မှာကြာပြီဖြစ်သောဆွေမျိုးတစ်ဦးအား လာရောက်လည်ပတ်ဖို့ စောင့်မျှော်နေကြောင်း ပြောကောင်းပြောမည်။ သို့မဟုတ် သူတို့၏စိတ်တွင်း၌သာ မြင်ယောင်သည့်အရာများဖြင့် အာရုံချောက်ချားပေလိမ့်မည်။ မမှန်ကန်သောရှုထောင့်တစ်ခုခုကို ဖော်ပြသည့်အတွက် အေဒီ ဝေဒနာရှင်တစ်ဦးကို အမြဲပင်ပြုပြင်ပေးဖို့ လိုမည်လော။
ရောဘတ် တီ. ဝူစ်က သူ၏စာအုပ် အဲလ်ဇိုင်းမားရောဂါ—အသက်ရှင်လျက်အသေဘဝရောက်ခြင်းအား ကိုင်တွယ်ဖြေရှင်းခြင်းတွင် “မိမိကလေးများ စကားလုံးတစ်လုံး၏အသံထွက်မှားသည့်အခါတိုင်း သို့မဟုတ် သဒ္ဒါမှားသည့်အခါတိုင်း ပြုပြင်တည့်မတ်လေ့ရှိသည့် မိဘအချို့ရှိ၏။ . . . ရလဒ်မှာ မိမိတို့ဘာသာ ကြိုးစား၍ပြောလေသမျှ ချီးမွမ်းမခံရဘဲ ပိတ်ပင်ခံရသည်ဟု ကလေးတစ်ဦးအား ခံစားစေပြီး စိတ်ခုသွားခြင်း သို့မဟုတ် ဘာသိဘာသာနေခြင်းကိုဖြစ်စေသည်။ အမြဲပြုပြင်ခံနေရသော အေဒီ ဝေဒနာရှင်တစ်ဦးတွင်လည်း အလားတူပင်ဖြစ်ပေမည်” ဟုရှင်းပြသည်။ စိတ်ဝင်စားစရာမှာ သမ္မာကျမ်းစာက ကလေးများအား ပြုမူဆက်ဆံခြင်းနှင့်စပ်လျဉ်း၍ ဤသို့အကြံပေးထားသည်– “အဘတို့၊ ကိုယ်သားသမီးကိုစိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ ထိုသို့ပြုလျှင်၊ သူတို့သည် အားလျော့စိတ်ပျက်ခြင်းသို့ရောက်ကြလိမ့်မည်။” (ကောလောသဲ ၃:၂၁) အမြဲပြုပြင်ခြင်းက ကလေးတို့ကို မခံမရပ်ဖြစ်စေလျှင် လူကြီးတစ်ဦး၌ အလွန်ပင်ဖြစ်ပေမည်! “ရောဂါရှင်မှာ လွတ်လပ်မှုနှင့် အောင်မြင်မှုကို သိရှိသောလူကြီးတစ်ဦးဖြစ်ကြောင်း သတိရပါ” ဟူ၍ တောင်အာဖရိကမှ အေအာရ်ဒီအေသတင်းလွှာက သတိပေး၏။ အမြဲပြုပြင်ခြင်းသည် အေဒီ ဝေဒနာရှင်ကို မခံမရပ်ဖြစ်စေနိုင်သည်သာမက သူ့အား စိတ်ဓာတ်ကျဆင်းခြင်း သို့မဟုတ် ရန်လိုစိတ်ကိုပင်ဖြစ်စေသည်။
ယေရှုခရစ်ထံမှ သင်ခန်းစာတစ်ရပ် ရယူခြင်းကလည်း အေဒီ ဝေဒနာရှင်များ၏ ချို့တဲ့ချက်များကို ကိုင်တွယ်ဖြေရှင်းသူတို့အား အကူအညီဖြစ်စေပေမည်။ ကိုယ်တော်သည် မိမိတပည့်တော်များ၏ မှားယွင်းသောရှုထောင့်တိုင်းကို ချက်ချင်းပင် ပြုပြင်ပေးခြင်း မပြုခဲ့ချေ။ အမှန်မှာ သူတို့သည် ခံယူနိုင်သည့်အခြေအနေတွင်မရှိသေးသောကြောင့် တစ်ခါတစ်ရံ အကြောင်းအရာတို့ကို ထိန်ချန်ထားသည်။ (ယောဟန် ၁၆:၁၂၊ ၁၃) ယေရှုသည် ကျန်းမာရေးဒေါင်ဒေါင်မြည်သောလူသားတို့၏ အကန့်အသတ်ဖြစ်မှုများကို စာနာထောက်ထားမှုပြသခဲ့သည်ဆိုလျှင် ကျွန်ုပ်တို့အနေဖြင့် အပြင်းအထန်ဖျားနာနေသောလူကြီးတစ်ဦး၏ မူမမှန်သော်လည်း ထိခိုက်မှုမရှိသည့်ရှုမြင်ပုံများကို အလိုက်အထိုက်နေပေးလိုသည့်ဆန္ဒ သာ၍ရှိသင့်သည်တကား! ကိစ္စတစ်ရပ်နှင့်ပတ်သက်၍ ဝေဒနာသည်ကို အမှန်အတိုင်းသိမြင်ဖို့ ကြိုးစားခြင်းသည် သူစွမ်းဆောင်နိုင်သည်ထက် သာ၍မျှော်လင့်နေခြင်း သို့မဟုတ် သာ၍တောင်းဆိုနေခြင်းဖြစ်နေပေမည်။ အငြင်းပွားနေမည့်အစား နှုတ်ဆိတ်နေလိုက်ပါ သို့မဟုတ် အကြောင်းအရာကို လိမ္မာပါးနပ်စွာဖြင့် ပြောင်းလဲလိုက်ပါလေ။—ဖိလိပ္ပိ ၄:၅။
ရံဖန်ရံခါ မေတ္တာအရှိဆုံးလုပ်ရပ်မှာ ဝေဒနာရှင်၏စိတ်ချောက်ချားမှုမှာ အမှန်တကယ်မဟုတ်ဟု ယုံကြည်စေဖို့ကြိုးစားမည့်အစား သူနှင့်အတူ အလိုက်သင့်ပြောဆိုသွားခြင်းဖြစ်ပေမည်။ ဥပမာ၊ အေဒီ ဝေဒနာသည်တစ်ဦးသည် တောရိုင်းသတ္တဝါတစ်ကောင် သို့မဟုတ် ကုလားကာနောက်ဝယ် စိတ်ကူးထဲ၌သာရှိသောကျူးကျော်ဝင်ရောက်လာသူတစ်ဦးကို “မြင်နေရ” ခြင်းကြောင့် စိုးရိမ်စိတ်ဝင်နေပေမည်။ ဤအချိန်သည် ယုတ္တိတန်တန်ရှင်းပြရန် ကြိုးစားဖို့ အချိန်အခါမဟုတ်ပါ။ သူ့စိတ်ကူးထဲတွင် “မြင်နေရ” သောအရာမှာ သူအတွက်အမှန်တကယ်ဖြစ်ပြီး အမှန်တကယ်ဖြစ်ပေါ်နေသည့် သူ၏ကြောက်စိတ်ကို ဖြေဖျောက်ဖို့လိုကြောင်းသတိရပါ။ ကုလားကာနောက်သို့ သွားရောက်စစ်ဆေးပြီးနောက် “သူ့ကိုထပ် ‘တွေ့မယ်’ ဆိုရင် ကျေးဇူးပြုပြီး ကျွန်တော့်ကိုပြောပါ၊ အဲဒီလိုဆိုရင် ကျွန်တော်ကူညီနိုင်လိမ့်မယ်” ဟု ပြောရန်လိုကောင်းလိုမည်။ ဒေါက်တာ အော်လစ်ဗာနှင့် ဘော့ခ်က သူတို့၏စာအုပ် အဲလ်ဇိုင်းမားဝေဒနာသည်များအား ကိုင်တွယ်ဖြေရှင်းခြင်း– ပြုစုစောင့်ရှောက်သူ၏ စိတ်ပိုင်းဆိုင်ရာရပ်တည်ရေးလမ်းညွှန်၌ လူနာ၏ရှုမြင်ပုံအတိုင်း လိုက်၍လုပ်ဆောင်ပေးခြင်းဖြင့် သင်သည် သူ့အား “ထိတ်လန့်ဖွယ်နှင့် ကြောက်မက်ဖွယ်ကောင်းသော သူ၏စိတ်တွင်း မြင်ယောင်သည့် ပေါ်လာရာများအပေါ် ပိုင်နိုင်စွာထိန်းသိမ်းနိုင်သောသဘောထား” ကို မွေးမြူပေးနေရာကျသည်။ . . . “သင့်အပေါ် မှီခိုအားထားနိုင်ကြောင်း သူသိပေလိမ့်မည်။”
“ငါတို့ရှိသမျှသည် အများသောအားဖြင့်မှားတတ်ကြ”
အထက်ကဖော်ပြပြီးသော အကြံပေးချက်အားလုံးကို လိုက်နာကျင့်သုံးခြင်းသည် အထူးသဖြင့် ကြီးလေးသောတာဝန်ကြီးတစ်ရပ်ကို ထမ်းနေရကာ အခြားမိသားစုတာဝန်များကိုပါ ဂရုစိုက်ရသူတို့အဖို့ ခက်ခဲပေမည်။ စိတ်ညစ်နေသော ပြုစုစောင့်ရှောက်သူသည် ရံဖန်ရံခါဒေါသထွက်ပြီး အေဒီ ဝေဒနာရှင်တစ်ဦး၏ဂုဏ်သိက္ခာနှင့်အညီ ဆက်ဆံဖို့ရာပျက်ကွက်ပေမည်။ ယင်းသို့ဖြစ်သောအခါ မိမိကိုယ်ကို အပြစ်ရှိသည်ဟူ၍ အလွန်အမင်းအပြစ်မတင်မိစေရန် အရေးကြီးပေသည်။ အဆိုပါရောဂါ၏သဘောသဘာဝကြောင့် ဝေဒနာရှင်သည် ထိုအဖြစ်အပျက်ကို လျင်မြန်စွာမေ့ပျောက်ဖို့ ဖြစ်နိုင်ခြေရှိကြောင်း သတိရပါ။
သမ္မာကျမ်းစာကို ရေးသားသော ယာကုပ်ကလည်း ဤသို့ဆိုသည်– “ငါတို့ရှိသမျှသည် အများသောအားဖြင့်မှားတတ်ကြ၏။ စကားအားဖြင့် မှားခြင်းမရှိသောသူမည်သည်ကား၊ စုံလင်သောသူဖြစ်၏။” (ယာကုပ် ၃:၂) ပြုစုစောင့်ရှောက်သူ မည်သူမဆိုမှာ စုံလင်မှုမရှိခြင်းကြောင့် အေဒီ ဝေဒနာရှင်တစ်ဦးကို ပြုစုရာတွင် ခက်ခဲသောနေ့စဉ်လုပ်ငန်းဆောင်တာ၌ အမှားအယွင်းများရှိမည်ဖြစ်ကြောင်း မျှော်လင့်နိုင်ပေသည်။ နောက်ဆောင်းပါး၌ ပြုစုစောင့်ရှောက်သူအား အေဒီ ဝေဒနာရှင်တစ်ဦးကိုပြုစုရာတွင် ကိုင်တွယ်ဖြေရှင်းရန်—နှင့် ပျော်ရွှင်ဖို့ရာ—အကူအညီဖြစ်စေသည့် အခြားအရာများကို ကျွန်ုပ်တို့ သုံးသပ်ကြပေမည်။
[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]
အမြဲပင်နှစ်သိမ့်မှုနှင့် ချီးမွမ်းမှုအပေါ် ရောဂါရှင်များ ရပ်တည်လျက်နေ
[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]
‘ရောဂါရှင်သည် အဘယ်အရာ ပြောနေကြကြောင်းကို နားလည်နိုင်စွမ်းရှိပေမည်။ သို့ဖြစ်၍ သူအနား၌ရှိနေစဉ် သူ၏အခြေအနေ သို့မဟုတ် မကျန်းခံ့သောဝေဖန်ချက်များကို ဘယ်တော့မျှ မဆွေးနွေးပါနှင့်’
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
ရောဂါရှင်ကို သင်ပြောပြသင့်သလော
ပြုစုစောင့်ရှောက်သူများစွာက သူတို့၏ချစ်မြတ်နိုးရသူတို့၌ အဲလ်ဇိုင်းမားရောဂါ (အေဒီ) ဖြစ်နေသည်ကို ပြောပြသင့်ပါသလောဟု သိလိုကြ၏။ ပြောပြမည်ဟု သင်ဆုံးဖြတ်လျှင် မည်သို့နှင့် မည်သည့်အချိန်တွင် ပြောပြသင့်သနည်း။ တောင်အာဖရိကမှ အဲလ်ဇိုင်းမားနှင့် ဆက်နွှယ်သောဝေဒနာများအဖွဲ့အစည်း၏ သတင်းလွှာတစ်စောင်တွင် စာရှုသူတစ်ဦးထံမှ ဤစိတ်ဝင်စားဖွယ်ရာမှတ်ချက်များကို ထည့်သွင်းဖော်ပြထားသည်–
“ကျွန်မရဲ့ခင်ပွန်းဟာ လွန်ခဲ့တဲ့ခုနစ်နှစ်ကတည်းက အဲလ်ဇိုင်းမားဖြစ်နေခဲ့တယ်။ အခုဆိုရင် သူဟာ ၈၁ နှစ်ရှိပြီ၊ သူရဲ့ယိုယွင်းမှု အရမ်းနှေးတာဟာ ကျေးဇူးတင်စရာပါပဲ . . . ဟိုးကတည်းက သူ့ မှာ အဲလ်ဇိုင်းမားဖြစ်နေတယ်လို့ပြောတာဟာ ရက်စက်ရာကျလွန်းတယ်လို့ ကျွန်မယူမှတ်ခဲ့တဲ့အတွက် သူကိုယ်တိုင် ‘ကာကွယ်’ ပြောဆိုတတ်တဲ့ ‘အသက် ၈၀ ကျော်နေပြီပဲ ဒီလိုပဲနေမှာပေါ့!’ ဆိုတဲ့စကားအတိုင်း မျောပြီးပြောလိုက်ကြတယ်။”
ထို့နောက် အဆိုပါစာရှုသူသည် လူနာတစ်ဦးအနေဖြင့် သူ၌ရှိနေသောရောဂါနှင့်ပတ်သက်၍ ကြင်ကြင်နာနာနှင့် ရိုးရိုးရှင်းရှင်းနည်းလမ်းဖြင့်ပြောပြဖို့ ထောက်ခံထားသည့်စာအုပ်တစ်အုပ်ကို ကိုးကားဖော်ပြသည်။ သို့သော် ဤအကြံပေးချက်ကိုလိုက်နာခြင်းက သူ၏ခင်ပွန်း ဝမ်းနည်းသွားမည်ကိုစိုးရွံ့သောကြောင့် သူမအနေဖြင့် မျိုသိပ်ထားလေ၏။
သူကဆက်၍ “ဒီလိုနဲ့ တစ်နေ့တော့ ကျွန်မခင်ပွန်းက သူရဲ့မိတ်ဆွေတွေအလယ်မှာ မိမိကိုယ်ကို အရူးဖြစ်စေတဲ့အရာတစ်ခုလုပ်မိမှာစိုးကြောင်း ပြောပြတယ်။ ကျွန်မအတွက်တော့ ဒါဟာ အကွက်ကောင်းပဲ! ဒါနဲ့ (ချွေးစေးများထွက်လာကာ) သူ့ရဲ့ဘေးနားမှာ ဒူးထောက်ထိုင်ချလိုက်ပြီး သူ့ မှာ အဲလ်ဇိုင်းမားဖြစ်နေတယ်လို့ပြောပြလိုက်တယ်။ တကယ်ပါပဲ၊ အဲဒါ ဘာလဲဆိုတာကို သူနားမလည်နိုင်ပေမဲ့ ကျွန်မက ဒါဟာ အမြဲပဲ လွယ်လွယ်ကူကူလုပ်နိုင်ခဲ့တဲ့ [အရာ] တွေဟာ သူ့အတွက် ခက်ခဲတဲ့အရာတွေဖြစ်စေပြီး အဖြစ်အပျက်တွေကိုလည်း မေ့သွားစေတဲ့ ရောဂါတစ်ခုပါပဲလို့ ရှင်းပြလိုက်တယ်။ သင်တို့ထုတ်ဝေတဲ့ အဲလ်ဇိုင်းမား– ယင်းကို ကျွန်ုပ်တို့ ဘယ်တော့မျှလျစ်လျူရှု၍မရနိုင်စာစောင်က ဒီစာကြောင်းနှစ်ကြောင်းလောက်ကို သူ့ကိုပြလိုက်တယ်– ‘အဲလ်ဇိုင်းမားရောဂါဆိုတာ မှတ်ဉာဏ်ချို့တဲ့ပြီး စိတ်သဘောကို အလွန်ပျက်စီးစေတဲ့ ဦးနှောက်မှာစွဲကပ်တဲ့ ဝေဒနာတစ်ခုပဲ . . . ဒါဟာ ရောဂါတစ်ခုဖြစ်ပြီး အသက်ကြီးလာခြင်းရဲ့ သာမန်အခြေအနေတစ်ခု မဟုတ်ပါဘူး။’ သူ့ရဲ့မိတ်ဆွေတွေကလည်း သူ့ မှာ အဲဒီရောဂါဖြစ်နေတာကိုသိကြတဲ့အတွက် နားလည်ကြပါတယ်လို့ သူ့ကို အသေအချာပြောလိုက်တယ်။ သူက ခဏလောက်စဉ်းစားလိုက်ပြီး ဒီလိုပြောလိုက်တယ်– ‘တော်ပါသေးရဲ! သိလိုက်လို့!’ ဒီလို သူသိလိုက်တဲ့အတွက် အကြီးအကျယ်စိတ်သက်သာရာရသွားတာကို ကျွန်မမြင်တဲ့အခါ ကျွန်မဘယ်လိုခံစားရမလဲဆိုတာကို သင်တို့စဉ်းစားကြည့်နိုင်ပါတယ်။
“အခုဆိုရင် တစ်ခုခုနဲ့ပတ်သက်လို့ သူစိတ်လှုပ်ရှားပုံရှိလာရင် သူ့ကို ဖက်ထားပြီး ‘သတိရပါ၊ ဒါဟာရှင့်အပြစ်မဟုတ်ပါဘူး။ ဆိုးရွားတဲ့အဲလ်ဇိုင်းမားကြောင့် အကြောင်းကိစ္စတွေက ရှင့်အတွက် ခက်ခဲနေတာပါ’ ဆိုပြီးပြောလိုက်တာနဲ့ ချက်ချင်းငြိမ်ကျသွားရော။”
မှန်ပါသည်၊ တစ်ဦးစီတွင် အေဒီ ဖြစ်ပုံမှာခြားနားပေ၏။ ထို့အပြင် ပြုစုစောင့်ရှောက်သူများနှင့် ရောဂါရှင်များ၏ဆက်ဆံရေးမှာလည်း ခြားနားပေမည်။ သို့ဖြစ်၍ သင့်ချစ်မြတ်နိုးရသူအား သူသည် အေဒီဖြစ်နေသည်ဟု ပြောဖို့၊ မပြောဖို့ရာ ဆုံးဖြတ်ချက်မှာ သင့်ကိုယ်ရေးကိုယ်တာပင်ဖြစ်ပါသည်။
[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]
ယင်းသည် အမှန်ပင် အဲလ်ဇိုင်းမားရောဂါလော
သက်ကြီးရွယ်အိုတစ်ဦး ရုတ်တရက်အလွန်စိတ်ရှုပ်ထွေးခြင်း ကြုံရပါက ယင်းသည် အဲလ်ဇိုင်းမားရောဂါ (အေဒီ) ကြောင့်ဖြစ်ရမည်ဟု ချက်ချင်းပင်ကောက်ချက်မချလိုက်ပါနှင့်။ ဆုံးရှုံးမှု၊ ရုတ်တရက် အိမ်အသစ်သို့ ရွှေ့ပြောင်းခြင်း သို့မဟုတ် ရောဂါကူးစက်ခြင်းကဲ့သို့သော အရာများစွာက သက်ကြီးရွယ်အိုတစ်ဦးကို စိတ်ရှုပ်ထွေးစေနိုင်သည်။ အဖြစ်အပျက်အတော်များများ၌ အသက်အရွယ်ကြီးရင့်သူတို့ ၌ ရုတ်တရက်စိတ်ရှုပ်ထွေးခြင်းမှာ ပျက်ပြယ်သွား၏။
အေဒီ လူနာများ၌ပင်လျှင် ဆီးဝမ်းမထိန်းနိုင်မှုစတင်ခြင်းကဲ့သို့သော လူတစ်ဦး၏ရုတ်တရက် အခြေအနေကျဆင်းမှုသည် အေဒီ စိတ်ယိုယွင်းမှုကြောင့် ဖြစ်ချင်မှဖြစ်ပေမည်။ အေဒီသည် တဖြည်းဖြည်းဆိုးရွားလာသည်။ အဲလ်ဇိုင်းမားရောဂါနှင့် အခြားကမောက်ကမအခြေအနေများစာအုပ်က “ရုတ်တရက်အခြေအနေဆိုးရွားလာခြင်းသည် အများအားဖြင့် ပြင်းထန်သောအခြေအနေ (ရင်ဘတ် သို့မဟုတ် ဆီးထဲတွင် ရောဂါဝင်ခြင်းကဲ့သို့သော) တစ်ခုခုပေါ်ပေါက်ခြင်းကြောင့်ဖြစ်ပေမည်။ [အေဒီ] ဝေဒနာသည်အနည်းစုတွင် ဆိုးရွားလာမှုမှာ သာ၍လျင်မြန်ပုံ ရှိသည် . . . သို့သော် အများစုမှာ အထူးသဖြင့် ထိုသူသည် ကောင်းစွာစောင့်ရှောက်ခံရပြီး အခြားကျန်းမာရေးဆိုင်ရာပြဿနာများကို စောစောစီးစီးထိရောက်စွာ နိုင်နိုင်နင်းနင်းကုသမည်ဆိုလျှင် ဆုတ်ယုတ်မှုမှာ အတန်အရာနှေးကွေးလာပေမည်” ဟု ရှင်းပြသည်။ အေဒီ လူနာတစ်ဦး ဆီးဝမ်းမထိန်းနိုင်ခြင်းမှာ ကုသ၍ရသော အခြားကျန်းမာရေးပြဿနာတစ်မျိုးမျိုးကြောင့် ဖြစ်ပေမည်။ လန်ဒန်မှ အဲလ်ဇိုင်းမားရောဂါအဖွဲ့အစည်းကထုတ်ဝေသော ဆီးဝမ်းမထိန်းနိုင်ခြင်းအကြံပေးစာမျက်နှာက “ဦးဆုံးအဆင့်မှာ အမြဲပင် [ဆရာဝန်] နှင့်တိုင်ပင်ဆွေးနွေးရန်ဖြစ်၏” ဟုရှင်းပြသည်။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
အဲလ်ဇိုင်းမားရောဂါရှင်များနှင့်အတူ နေ့စဉ်လုပ်ငန်းဆောင်တာများကို ဖေးမဆောင်ရွက်ခြင်းက သူတို့၏ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးဖို့ ကူညီပေး