ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၁ ၁/၈ စာ. ၁၀-၁၃
  • ပြုစုစောင့်ရှောက်သူများ လုပ်ပေးနိုင်သည့်အရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပြုစုစောင့်ရှောက်သူများ လုပ်ပေးနိုင်သည့်အရာ
  • နိုးလော့!—၂၀၀၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘဝကို ရိုးရိုးရှင်းရှင်းထားပါ
  • လှုပ်လှုပ်ရှားရှား ဆက်ရှိနေဖို့လိုအပ်
  • “အဲလိုကို လုပ်ပေးချင်တာ”
  • လူနာ၏ဂုဏ်သိက္ခာကို ထိန်းပေးခြင်း
    နိုးလော့!—၂၀၀၁
  • အဲလ်ဇိုင်းမားရောဂါကို ရင်ဆိုင်ခြင်း
    နိုးလော့!—၂၀၀၁
  • ချစ်ရသူတွေကို ပြုစုစောင့်ရှောက်ပေးရင်း ပျော်ရွှင်နေပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ချစ်ရသူတစ်ဦး ရောဂါကျွမ်းနေတဲ့အခါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၁
န၀၁ ၁/၈ စာ. ၁၀-၁၃

ပြုစုစောင့်ရှောက်သူများ လုပ်ပေးနိုင်သည့်အရာ

အဲလ်ဇိုင်းမားရောဂါရှင်များအပြင် သူတို့အား ပြုစုစောင့်ရှောက်သူတို့နှင့် နှစ်ပေါင်းများစွာထိတွေ့မှုရှိခဲ့သော ဩစတြေးလျမှ ဆေးဘက်ကျွမ်းကျင်သည့်ပညာရှင်တစ်ဦးဖြစ်သူ မာဂရက်က “သူတို့ရဲ့ ကိုင်တွယ်ပုံစွမ်းရည်ဟာ တစ်ယောက်တစ်မျိုးစီဖြစ်နေတာ ကျွန်မအမြဲပဲ အံ့သြမိခဲ့တယ်” ဟူ၍ဆို၏။ “မိသားစုအချို့ဟာ သူတို့ကို တောင်းဆိုတဲ့အရာမှန်သမျှ မယုံနိုင်လောက်အောင် စီမံပေးနိုင်ကြပေမဲ့ အခြားမိသားစုတွေကတော့ ထိုသူရဲ့အကျင့်စရိုက် အနည်းငယ်ပြောင်းလဲသွားတာနဲ့တစ်ပြိုင်နက် စိတ်ရှုပ်ထွေးသွားပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘူး” ဟူ၍သူကဆက်ပြောသည်။—အိပ်မက်မက်ရန် ကျွန်ုပ်အလွန်အသက်ကြီးသောအခါစာအုပ်၌ ကိုးကားထားသည်။

ထိုသို့ ခြားနားရသည့်အချက်များကား အဘယ်နည်း။ အချက်တစ်ချက်မှာ အဆိုပါရောဂါမရမီကပင်ရှိခဲ့ကြသော ပေါင်းသင်းဆက်ဆံရေးအရည်အသွေးပင်ဖြစ်သည်။ ရင်းနှီး၍ မေတ္တာပြည့်ဝသောပေါင်းသင်းဆက်ဆံရေးရှိသည့် မိသားစုများတွင် ကိုင်တွယ်ဖြေရှင်းရန် သာ၍လွယ်ကူသည်ကို တွေ့ရှိရပေမည်။ ထို့အပြင် အဲလ်ဇိုင်းမားရောဂါ (အေဒီ) ဖြစ်နေသူတစ်ဦးသည် ကောင်းစွာပြုစုစောင့်ရှောက်ခံရသောအခါ အဆိုပါရောဂါကို ကုသရန် သာ၍လွယ်ကူနိုင်ပေမည်။

စဉ်းစားဆင်ခြင်နိုင်စွမ်း ကျဆင်းလာလင့်ကစား ဝေဒနာရှင်များသည် အဆိုပါရောဂါ၏နောက်ဆုံးအဆင့်များအထိ တစ်လျှောက်လုံး မေတ္တာနှင့် ချစ်ခင်ကြင်နာမှုကို တုံ့ပြန်ကြလေ့ရှိ၏။ “စကားပြောဆိုခြင်းကသာ ဆက်သွယ်ခြင်းဖြစ်၏ဟု မဆိုလိုပါ” ဟူ၍လန်ဒန်မှ အဲလ်ဇိုင်းမားရောဂါအဖွဲ့အစည်းကထုတ်ဝေသော ပြောဆိုဆက်သွယ်ခြင်းအကြံပေးစာမျက်နှာမှဖော်ညွှန်းသည်။ ပြုစုစောင့်ရှောက်သူတို့ထံမှ နွေးထွေးပြီး၊ ခင်မင်ရင်းနှီးသော မျက်နှာအနေအထားနှင့် သိမ်မွေ့နူးညံ့သောအသံနေအသံထားအပါအဝင် စကားလုံးမပါသောဆက်သွယ်ခြင်းလိုအပ်သည်။ မျက်လုံးချင်းဆက်သွယ်မှုမှာ အရေးကြီးသည့်အပြင် ပီပီသသဖြင့် ဖြည်းဖြည်းမှန်မှန်ပြောဆိုခြင်းနှင့် မကြာခဏရောဂါရှင်၏အမည်ကို ခေါ်ဆိုခြင်းသည်လည်း အရေးကြီး၏။

ရှေ့ဆောင်းပါးတွင်ဖော်ပြခဲ့ပြီးဖြစ်သော ကေသီက “သင့်ချစ်မြတ်နိုးရသူနဲ့ ဆက်သွယ်မှုမပြတ်ရှိစေနိုင်တာထက် ဆက်သွယ်ဖို့လည်း အရမ်းအရေးကြီးတယ်။ နွေးထွေးပြီး ချစ်ခင်ကြင်နာစိတ်ရှိတဲ့အပြုအမူ၊ သိမ်မွေ့နူးညံ့တဲ့အသံနေအသံထားနဲ့ တကယ်တော့ သင်ကိုယ်တိုင်ရှိနေခြင်းတို့က သင့်ချစ်မြတ်နိုးရသူအတွက် လုံခြုံမှုရှိစေပြီး စိုးရိမ်ကြောင့်ကြမှုကို ဖြေဖျောက်ပေးရာကျပါတယ်” ဟူ၍ပြောပြ၏။ လန်ဒန်မှ အဲလ်ဇိုင်းမားရောဂါအဖွဲ့အစည်းက ဤသို့ပြောခြင်းအားဖြင့် အတိုချုပ်ထားသည်– “ချစ်ခင်တွယ်တာစိတ်က သင့်အား အထူးသဖြင့် စကားပြောဖို့ သာ၍ခက်ခဲလာချိန်တွင် ဆက်လက်ရင်းနှီးစေရန်အကူအညီဖြစ်စေသည်။ ထိုသူ၏လက်ကို ဆုပ်ကိုင်ထားခြင်း၊ သူတို့ဘေးတွင်ထိုင်ကာ သိုင်းဖက်ထားပေးခြင်း၊ ချော့မော့သောလေသံဖြင့် စကားပြောဆိုခြင်း သို့မဟုတ် သူတို့ကို ပွေ့ဖက်ထားပေးခြင်းတို့မှာ သူ့အား သင်ဂရုစိုက်ပါသည်ဟူ၍ ဖော်ပြသည့်နည်းလမ်းအရပ်ရပ်ဖြစ်၏။”

နွေးထွေးသောဆက်ဆံရေးရှိထားရာ ပြုစုစောင့်ရှောက်သူနှင့် ရောဂါရှင်တို့သည် အမှားအယွင်းများပြုလုပ်သောအခါ၌ပင် အတူတကွအားပါးတရ ရယ်မောပစ်နိုင်လေ့ရှိသည်။ ဥပမာ၊ ခင်ပွန်းတစ်ဦးသည် မိမိ၏ဇနီးသည်က စိတ်ရှုပ်ထွေးစွာဖြင့် အိပ်ရာခင်း ခင်းရာ၌ မှားယွင်းစွာ အိပ်ရာခင်းနှစ်ခုအကြား စောင်ထည့်ခင်းလိုက်ခြင်းကို ပြန်၍ပြောပြ၏။ အဆိုပါအမှားအယွင်းကို ထိုနေ့ည အိပ်ရာဝင်ချိန်ကျမှ တွေ့ရှိကြသည်။ ထိုအခါ “အော်၊ ငါ့နှယ်နော် ဆိုးလိုက်တာ” ဟူ၍ဇနီးသည်ကပြောလိုက်သည်။ ထို့နောက် သူတို့နှစ်ဦးစလုံး အားရပါးရရယ်မောလိုက်ကြသည်။

ဘဝကို ရိုးရိုးရှင်းရှင်းထားပါ

အေဒီ ဝေဒနာရှင်များသည် ကျွမ်းဝင်သောဝန်းကျင်များတွင် လုပ်ငန်းဆောင်တာကိုဆောင်ရွက်ခြင်းမှာ အကောင်းဆုံးဖြစ်၏။ သူတို့၌ နေ့စဉ်ပုံမှန်လုပ်ရိုးလုပ်စဉ်ရှိဖို့လည်း လိုသည်။ ဤရည်ရွယ်ချက်အတွက် နေ့စဉ်သတ်မှတ်ထားရာများကို ပြက္ခဒိန်ကြီးတစ်ခုတွင် ထင်ထင်ရှားရှားအမှတ်အသားပြုလုပ်ထားခြင်းက အလွန်ပင်အကူအညီဖြစ်စေမည်။ ဒေါက်တာ ဂဲရီ ဘ့တ်နက်က “တစ်ဦးတစ်ယောက်ကို သူတို့၏နေသားတကျရှိရာဝန်းကျင်မှ ရွှေ့ပြောင်းလိုက်ခြင်းက အလွန်ဆိုးရွားသော နောက်ဆက်တွဲဖြစ်ရပ်များကို ဖြစ်စေနိုင်သည်။ တစ်မျိုးတည်းဖြစ်ခြင်းနှင့် နီးစပ်မှုရှိခြင်းသည် စိတ်ရှုပ်ထွေးသောပုဂ္ဂိုလ်အတွက် အလွန်ပင်အရေးကြီး၏” ဟူ၍ရှင်းပြသည်။

ရောဂါရင့်လာသည်နှင့်အမျှ အေဒီ ဝေဒနာရှင်များသည် ညွှန်ကြားချက်များကို တုံ့ပြန်ဖို့ သာ၍ခက်ခဲလာသည်ကို တွေ့ရှိရမည်။ လမ်းညွှန်ချက်များမှာ ရိုးရိုးရှင်းရှင်း၊ ထင်ရှားပြတ်သားသောနည်းလမ်းဖြစ်ရပေမည်။ ဥပမာ၊ ရောဂါရှင်တစ်ဦးကို အဝတ်အစားလဲဖို့ ပြောခြင်းက အလွန်ပင်ရှုပ်ထွေးစေပေမည်။ အဝတ်အစားတစ်မျိုးစီကို အစဉ်လိုက်တင်ထားပေးခြင်းနှင့် အဝတ်အစားတစ်ထည်ချင်းကို ဝတ်ဆင်ရာတွင် လူနာကိုကူညီပေးနိုင်သည်။

လှုပ်လှုပ်ရှားရှား ဆက်ရှိနေဖို့လိုအပ်

အေဒီ ဝေဒနာရှင်အချို့သည် လျှောက်သွားခြင်း သို့မဟုတ် သူတို့နေအိမ်မှ အဝေးသို့ခြေဦးတည့်ရာလျှောက်သွားကာ လမ်းပျောက်သွားတတ်ကြသည်။ လမ်းလျှောက်ခြင်းသည် ကောင်းသောလေ့ကျင့်ခန်းပုံစံတစ်မျိုးဖြစ်ပြီး စိတ်တင်းကျပ်မှုကို လျော့နည်းစေနိုင်သည့်အပြင် ကောင်းစွာအိပ်စက်စေမည်။ သို့သော် နေအိမ်မှ ခြေဦးတည့်ရာလျှောက်သွားခြင်းမှာ အန္တရာယ်ရှိနိုင်သည်။ အဲလ်ဇိုင်းမား—သင်ကိုယ်တိုင်နှင့် သင့်ချစ်မြတ်နိုးရသူအား ပြုစုစောင့်ရှောက်ခြင်းစာအုပ်က ဤသို့ရှင်းပြသည်– “သင်ချစ်မြတ်နိုးရသူအနေဖြင့် ခြေဦးတည့်ရာလျှောက်သွားတတ်လျှင် သင့်အား ပူဆွေးဝမ်းနည်းမှု အလွယ်တကူဖြစ်စေနိုင်သည့် အရေးပေါ်အခြေအနေနှင့် ကြုံတွေ့ရပေမည်။ သတိရရန်စကားစုမှာ ထိတ်ထိတ်ပျာပျာမဖြစ်ပါနှင့်။ . . . လူပျောက်ရှာသူတို့အား ၎င်းတို့လိုက်လံရှာဖွေသူ၏ ပုံပန်းသဏ္ဌာန်ကိုပြောပြထားဖို့လိုသည်။ မကြာမီက ရိုက်ကူးထားခဲ့သော ရောင်စုံဓာတ်ပုံအချို့ကို အိမ်တွင်ထားရှိပါ။”a

အခြားတစ်ဖက်တွင်မူ ဝေဒနာရှင်အချို့သည် ထိုင်းမှိုင်းတွေဝေလာပြီး တစ်နေကုန်ထိုင်၍သာနေလိုပေမည်။ နှစ်ဦးစလုံးပျော်ရွှင်မှုရနိုင်သည့်အရာတစ်ခုခုကို ထလုပ်စေရန် ကြိုးစားပေးပါ။ သူတို့ကို သီချင်းဆိုစေခြင်း၊ လေချွန် သို့မဟုတ် တူရိယာတစ်မျိုးကို တီးမှုတ်စေပါ။ အချို့က လက်ခုပ်တီးခြင်း၊ လျှောက်သွားခြင်း၊ သို့မဟုတ် အနှစ်သက်ဆုံးတေးသံဖြင့် ကခုန်ခြင်းကို ပျော်မွေ့ပေမည်။ ဒေါက်တာ ကာမဲလ် ရှာရစ်ဒန်က ဤသို့ရှင်းပြသည်– “အေဒီ ဖြစ်နေသူတို့အတွက် အောင်မြင်ဆုံးသောလုပ်ဆောင်မှုမှာ အများအားဖြင့် တေးဂီတပါသောလုပ်ဆောင်မှုဖြစ်သည်။ မိသားစုများက သူတို့၏ဆွေမျိုးများသည် အခြား [အကြောင်းကိစ္စများ] ကိုမေ့ပျောက်သွားသော်လည်း ကျွမ်းဝင်သောသီချင်းဟောင်းများနှင့် တေးသံသာများကို နှစ်သက်ကြဆဲရှိကြောင်း ပြောဆိုကြလေ့ရှိ၏။”

“အဲလိုကို လုပ်ပေးချင်တာ”

အေဒီ၏နောက်ဆုံးအဆင့်များ၌ ရောက်ရှိနေသောခင်ပွန်းရှိသူ တောင်အာဖရိကမှ ဇနီးတစ်ဦးသည် ပြုစုရေးဂေဟာတွင် နေ့စဉ် သူနှင့်အတူ အချိန်ကုန်လွန်စေခြင်းကို နှစ်သက်လေ၏။ သို့သော် စိတ်ရင်းကောင်းသော မိသားစုဝင်များက ထိုသို့ပြုလုပ်ခြင်းအတွက် ဝေဖန်ကြသည်။ သူ၏ယောက်ျားသည် သူ့အားမှတ်မိပုံမရှိသည့်အပြင် စကားတစ်လုံးတစ်ပါဒမျှမပြောသဖြင့် သူတို့အတွက် ယင်းက အချိန်ဖြုန်းရုံသက်သက်သာဖြစ်သည်ဟု ယူမှတ်ပုံရှိ၏။ ထိုသူသေဆုံးသွားပြီးနောက် သူက “ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ သူနဲ့အတူထိုင်နေချင်တယ်။ သူနာပြုတွေက အရမ်းအလုပ်များတဲ့အတွက် သူညစ်ပတ်ပေရေသွားတဲ့အခါ သူ့ကို ကျွန်မဆေးကြောသန့်စင်ပေးပြီး အဝတ်အစားလဲပေးနိုင်တယ်။ လုပ်ပေးရတာပျော်တယ်—အဲ့လိုကို လုပ်ပေးချင်တာ။ တစ်ခါတော့ ဘီးတပ်ကုလားထိုင်ပေါ် သူ့ကိုတင်ပြီးတွန်းသွားတဲ့အခါ သူ့ခြေထောက်ကို ခိုက်မိသွားတယ်။ ကျွန်မက ‘နာသွားသေးသလား’ လို့မေးလိုက်တဲ့အခါ ‘နာတာပေါ့’ လို့ သူကဖြေတယ်။ အဲဒီအခါ သူ့မှာခံစားချက်ရှိသေးပြီး စကားပြောနိုင်သေးတယ်ဆိုတာ ကျွန်မသိလိုက်ရတယ်” ဟုရှင်းပြသည်။

အေဒီ မဖြစ်မီက မိသားစုတွင် ဆက်ဆံရေးကောင်းမရှိခဲ့သည့် အခါမျိုး၌ပင် ပြုစုစောင့်ရှောက်သူတို့တွင် ဖြေရှင်းနိုင်စွမ်းရှိဆဲဖြစ်သည်။b သူတို့သည် မှန်ရာကိုပြုလုပ်နေပြီး ဘုရားသခင်ကိုနှစ်သက်စေကြောင်း သိထားရုံဖြင့် သူတို့အား အလွန်ကျေနပ်ရောင့်ရဲမှုကို ဖြစ်စေနိုင်ပေသည်။ သမ္မာကျမ်းစာက ‘အသက်ကြီးသူတစ်ဦးအတွက် ထည့်သွင်းစဉ်းစားမှုကို ပြသ’ ပြီး “အသက်ကြီးသောအမိကို မထီမဲ့မြင်မပြုနှင့်” ဟုဆို၏။ (ဝတ်ပြုရာ ၁၉:၃၂; သု. ၂၃:၂၂) ထိုထက်ကား ခရစ်ယာန်တို့သည် ဤသို့ပညတ်ထားခြင်းခံရသည်– “သားမြေးရှိသောမုဆိုးမဖြစ်လျှင်၊ ထိုသားမြေးတို့သည် ရှေးဦးစွာ ဘုရားဝတ်ကိုရည်မှတ်လျက်၊ မိမိအိမ်ကိုပြုစု၍ မိဘဘိုးဘွား၌ကျေးဇူးဆပ်ခြင်းငှာသင်ကြစေ။ ထိုအမှုသည် ဘုရားသခင်နှစ်သက်တော်မူသောအမှုဖြစ်၏။ မိမိလူတို့ကိုမပြုစု၊ ထိုမျှမက၊ မိမိအိမ်သူအိမ်သားတို့ကိုမပြုစုသောသူမည်သည်ကား၊ ယုံကြည်ခြင်းတရားကိုငြင်းပယ်၏။ မယုံကြည်ဖူးသောသူထက် သာ၍ယုတ်မာ၏။”—၁ တိမောသေ ၅:၄၊ ၈။

ဘုရားသခင့်အကူအညီဖြင့် ပြုစုစောင့်ရှောက်သူများစွာမှာ အဲလ်ဇိုင်းမားရောဂါဖြစ်နေကြသူအပါအဝင် အခြားဖျားနာနေသောဆွေမျိုးများကို ပြုစုစောင့်ရှောက်ရာ၌ ချီးမွမ်းထိုက်သော လုပ်ငန်းတာဝန်တစ်ခုကို ဆောင်ရွက်နိုင်စွမ်းရှိကြပေသည်။

[အောက်ခြေမှတ်ချက်များ]

a သို့ဖြစ်၍ ပြုစုစောင့်ရှောက်သူအချို့က ရောဂါရှင်ကို မည်သူမည်ဝါဖြစ်ကြောင်းခွဲခြားနိုင်သော လက်ကောက် သို့မဟုတ် ဘယက်ပုံစံမျိုးကို ဝတ်ဆင်ထားစေခြင်းသည် အထောက်အကူပြုကြောင်း တွေ့ မြင်ကြ၏။

b ပြုစုစောင့်ရှောက်ပေးခြင်းဆိုင်ရာ အချက်အလက်အပြင် အခြားသူတို့ မည်သို့ကူညီပေးနိုင်ပုံကို ထပ်ဆင့်သိလိုပါက “ပြုစုစောင့်ရှောက်ပေးခြင်း—စိန်ခေါ်ချက်ကို ရင်ဆိုင်ခြင်း” ၁၉၉၇၊ ဖေဖော်ဝါရီ ၈ ရက်ထုတ် နိုးလော့! [လိပ်] စာမျက်နှာ ၃-၁၃ ပါအခန်းဆက်ဆောင်းပါးများကို ကျေးဇူးပြု၍ကြည့်ပါ။

အဲလ်ဇိုင်းမားရောဂါ နှင့်ဆေးဝါးကုသခြင်း

အဲလ်ဇိုင်းမားရောဂါ (အေဒီ) အတွက် လက်ရှိစမ်းသပ်လျက်ရှိသော ဖြစ်နိုင်ဖွယ်ရာကုထုံး ၂၀၀ ခန့်ရှိသော်လည်း ယခုထက်တိုင် အေဒီ ကိုပျောက်ကင်းစေနိုင်စွမ်းမရှိသေးချေ။ အေဒီ ၏အစောပိုင်းအဆင့်များ၌ မှတ်ဉာဏ်ချို့တဲ့မှုကို ခေတ္တသက်သာစေသော သို့မဟုတ် လူနာအချို့တွင် ရောဂါပြင်းထန်လာမှုနှုန်းကို နှေးစေသည့် ဆေးဝါးအချို့ရှိသည်ဟု ကြားသိရသည်။ သို့သော် ဤဆေးဝါးများမှာ လူနာအားလုံးအတွက် ထိရောက်ခြင်းမရှိသည့်အပြင် အချို့မှာ ထိခိုက်မှုကိုဖြစ်စေနိုင်သောကြောင့် သတိထားဖို့လိုအပ်ပေ၏။ မည်သို့ပင်ဖြစ်စေ အေဒီ နှင့်အတူဆက်စပ်လျက်ရှိသော စိတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် အိပ်မရခြင်းကဲ့သို့သောအခြေအနေများကိုကုသရာ၌ ရံဖန်ရံခါ အခြားဆေးဝါးများကို အသုံးပြုသည်။ ရောဂါရှင်၏ဆရာဝန်နှင့် တိုင်ပင်နှီးနှောခြင်းဖြင့် မိသားစုတိုင်းသည် ကုသနည်းတစ်ခုအတွက် ဆုံးဖြတ်ချက်မချမီ အကျိုးကျေးဇူးနှင့် အန္တရာယ်ကို ချင့်ချိန်နိုင်ပေသည်။

[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]

အလည်လာသူတို့ မည်သို့ကူညီပေးနိုင်ပုံ

စဉ်းစားဆင်ခြင်နိုင်စွမ်း ကျဆင်းသွားခြင်းကြောင့် အဲလ်ဇိုင်းမားရောဂါ (အေဒီ) ဖြစ်နေသူသည် အများအားဖြင့် လက်ရှိအဖြစ်အပျက်များကို နက်နက်နဲနဲ ဆွေးနွေးနိုင်စွမ်းမရှိချေ။ သို့သော် အတိတ်အကြောင်း ပြောဆိုမူကား ခြားနားပေမည်။ အထူးသဖြင့် ရောဂါစတင်ချိန် အစောပိုင်းအဆင့်များတွင် ကြာမြင့်စွာကတည်းက မှတ်ထားသောအရာသည် မပျက်ယွင်းသေးဘဲ ဆက်လက်ရှိနေသေး၏။ အေဒီ ဝေဒနာရှင်များစွာသည် သူတို့အတိတ်အကြောင်း စားမြုံ့ပြန်ရခြင်းကို နှစ်သက်ကြသည်။ သို့ဖြစ်၍ သင့်အနေနှင့် ယခင်ကတည်းက အဖန်တလဲလဲကြားခဲ့ရပြီး ဖြစ်လင့်ကစား သူတို့ကြိုက်နှစ်သက်သောအကြောင်းများမှအချို့ကို ပြောပြရန် သူတို့အားဖိတ်ခေါ်ပါ။ ထိုနည်းအားဖြင့် ရောဂါရှင်အား ပျော်ရွှင်အောင်လုပ်ရာကျသည်။ တစ်ချိန်တည်းတွင် သင်သည် အမြဲပင်ပြုစုစောင့်ရှောက်နေသူအား များစွာလိုအပ်သည့် ခေတ္တအနားယူမှုကို စီမံပေးရာကျပေမည်။ အမှန်မှာ တစ်နေကုန်ဖြစ်ကောင်းဖြစ်မည့် အချိန်ကာလပိုင်းတစ်ခုအတွက် ရောဂါရှင်ကို ပြုစုစောင့်ရှောက်ဖို့ ကမ်းလှမ်းခြင်းက အမြဲပင်ပြုစုစောင့်ရှောက်နေသူအား စိတ်လန်းဆန်းမှု များစွာဖြစ်စေနိုင်ပေသည်။

[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]

ဆီးဝမ်းမထိန်းနိုင်ခြင်းကို ဖြေရှင်းခြင်း

ဆီးဝမ်းမထိန်းနိုင်ခြင်းအကြံပေးစာမျက်နှာက ဆီးဝမ်းမထိန်းနိုင်ခြင်းသည် “နောက်ဆုံးအဆင့်သို့ ရောက်ပုံရှိ” သော်လည်း “အဆိုပါပြဿနာကိုယ်နှိုက်ကို လွယ်ကူစေဖို့ သို့မဟုတ် ယင်းဖိစီးမှုကို သာ၍လျော့နည်းစေဖို့ ပြုလုပ်နိုင်သောအရာများ ရှိသည်” ဟူ၍ဆို၏။ ရောဂါရှင်သည် အမြဲတစေ ဆီးဝမ်းမထိန်းနိုင်ခြင်းမဟုတ်ကြောင်း စိတ်စွဲမှတ်ထားပါ; သူသည် စိတ်ရှုပ်သွားခြင်းမျှသာ သို့မဟုတ် အိမ်သာသို့ရောက်ရှိဖို့ အလွန်နှေးကွေးသွားခြင်းသာဖြစ်ပေမည်။ ထိုထက်ကား ရောဂါရှင်သည် ယာယီဆီးဝမ်းမထိန်းနိုင်ခြင်းကိုဖြစ်စေသော ကုသ၍ရနိုင်သည့် အခြေအနေတစ်ခုကို ခံစားနေရခြင်းဖြစ်နိုင်ရာ ဆရာဝန်တစ်ဦးနှင့် သင်တိုင်ပင်ဆွေးနွေးရပေမည်။

မည်သည့်အကြောင်းကြောင့်ပင်ဖြစ်ပါစေ ဆီးဝမ်းမထိန်းနိုင်ခြင်းကို ချွတ်လွယ်ဝတ်လွယ်သောအဝတ်အစားမျိုး၊ အထူးသဖြင့် အလွယ်တကူလဲလှယ်နိုင်သည့် အလိုက်သင့်ရှိသောဘောင်းဘီမျိုးက သာ၍ဖြေရှင်းရလွယ်ကူစေနိုင်သည်။ ကာကွယ်မှုဖြစ်စေသော အခုအခံပစ္စည်းများကို အိပ်ရာနှင့် ထိုင်ခုံများတွင်ထားရှိခြင်းကလည်း သင့်အား အကူအညီဖြစ်စေမည်။ ရောဂါရှင်၏အရေပြားနှင့် ပလတ်စတစ်ကိုမထိစေခြင်းဖြင့် အရေဖျားနီမြန်းယားယံခြင်းနှင့် အနာဖြစ်ခြင်းကိုရှောင်ရှားနိုင်သည်။ ရောဂါရှင်ကို ရေနွေး၊ ဆပ်ပြာရည်တို့ဖြင့် ကောင်းစွာဆေးကြောပေးပြီး အဝတ်အစားမဝတ်ပေးမီ အသေအချာခြောက်အောင်သုတ်ပေးရသည်။ ဝေဒနာရှင်ကို အိမ်သာသို့ လျင်မြန်စွာနှင့် အန္တရာယ်ကင်းစွာသွားလာခြင်းမှ နှောင့်နှေးစေသည့် အတားအဆီးများကို ဖယ်ရှားပစ်ပါ။ သူသွားရမည့်လမ်းကို သူမြင်နိုင်ဖို့ ညမီးထွန်းထားခြင်းက အကူအညီဖြစ်စေပေမည်။ ရောဂါရှင်သည် ဤအဆင့်တွင် ဒယီးဒယိုင်ဖြစ်နိုင်သောကြောင့် အဆင်ပြေစွာကိုင်၍သွားနိုင်သောလက်တန်းများကို ပြုလုပ်ပေးထားခြင်းက အိမ်သာသို့သွားရာ၌ သူ့အား သာ၍ကြောက်ရွံ့ မှုကင်းဝေးစေမည်။

လန်ဒန်မှ အဲလ်ဇိုင်းမားရောဂါအဖွဲ့အစည်းက “သင်သည် ဟာသဉာဉ်ကို စတင်မွေးမြူနိုင်လျှင် ယင်းက စိတ်တင်းကျပ်မှုကို သက်သာစေပေမည်” ဟူ၍အကြံပြုသည်။ ပြုစုစောင့်ရှောက်သူတစ်ဦး ဤစိန်ခေါ်ချက်များကို မည်သို့ရင်ဆိုင်နိုင်မည်နည်း။ အတွေ့အကြုံရှိသော ပြုစုစောင့်ရှောက်သူတစ်ဦးက ဤသို့ဖြေဆိုသည်– “စိတ်ရှည်မှု၊ နူးညံ့သိမ်မွေ့ မှု၊ ကြင်နာမှုနှင့် စိုးရိမ်စိတ်ကင်းပျောက်စေသော စာနာမှုတို့က လူနာသည် အရှက်တကွဲဖြစ်မည်ကို မစိုးရိမ်ရဘဲ သူ၏သိက္ခာကို တစ်ချိန်လုံးထိန်းထားပေးနိုင်မည်။”

[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]

ရောဂါရှင်ကို ရွှေ့ပြောင်းပေးသင့်ပါသလော

ဝမ်းနည်းစရာမှာ အဲလ်ဇိုင်းမားရောဂါ (အေဒီ) ဖြစ်နေသူတို့၏ ဆိုးရွားလာသောအခြေအနေကြောင့် သူတို့၏နေအိမ်မှ ဆွေမျိုးတစ်ဦး၏နေအိမ် သို့မဟုတ် ပြုစုရေးဂေဟာတစ်ခုသို့ ရွှေ့ပြောင်းဖို့လိုအပ်ကောင်းလိုအပ်မည်။ သို့သော် လူနာအား ရင်းနှီးကျွမ်းဝင်လျက်ရှိသောဝန်းကျင်မှ ရွှေ့ပြောင်းရန် အဆိုပါဆုံးဖြတ်ချက်ကိုမချမီ အရေးကြီးသောအချက်အချို့ကို ထည့်သွင်းသုံးသပ်သင့်ပေသည်။

ပြောင်းရွှေ့မှုကြောင့် အကြီးအကျယ်မျက်စိလည်သွားစေနိုင်၏။ ဒေါက်တာ ဂဲရီ ဘ့တ်နက်က ခြေဦးတည့်ရာလျှောက်သွားတတ်ပြီး ရံဖန်ရံခါလမ်းပျောက်သွားတတ်သော ရောဂါရှင်တစ်ဦးအကြောင်း ဥပမာအဖြစ် ဖော်ပြသည်။ သို့တိုင် သူသည် မိမိဘာသာတစ်ဦးတည်း ဆက်လက်နေထိုင်နိုင်သည်။ သို့ရာတွင် သူ၏မိသားစုက သူ့အားသာ၍ကောင်းမွန်စွာကြီးကြပ်ပေးနိုင်ဖို့ သူတို့နှင့်နီးကပ်သောအခန်းတစ်ခန်းသို့ ပြောင်းရွှေ့သင့်ကြောင်း ဆုံးဖြတ်လိုက်ကြ၏။

ဒေါက်တာ ဘ့တ်နက်က “အကြောင်းမလှစွာပင် သူသည် အိမ်အဖြစ် နေရာအသစ်ကို လုံးဝလက်မခံချေ။ . . . ဝမ်းနည်းစရာမှာ သူသည် နေသားတကျမဖြစ်သည့်အပြင် အမှန်မှာ သူသည် ဝန်းကျင်အသစ်တွင် မဆောင်ရွက်နိုင်သဖြင့် များစွာပင် မှီခိုရလေသည်။ မီးဖိုချောင်မှာ အစိမ်းသက်သက်ဖြစ်နေပြီး အိမ်သာသို့သွားရာလမ်းအသစ်ကို မမှတ်မိနိုင်သဖြင့် ဆီးဝမ်းမထိန်းနိုင်ဖြစ်လာ၏။ အကောင်းဆုံးရည် ရွယ်ချက်ဖြင့်လုပ်ဆောင်ရာမှ ပုဂ္ဂိုလ်တစ်ဦးကို ဘေးဆိုးကြုံစေပြီး နောက်ဆုံးတော့ လူအိုရုံပို့လိုက်ရ၏” ဟူ၍ရှင်းပြသည်။—အဲလ်ဇိုင်းမားရောဂါနှင့် အခြားကမောက်ကမအခြေအနေများ။

သို့သော် ရောဂါရှင်ကို ကျန်းမာရေးစောင့်ရှောက်မှုဌာနသို့ ပို့ရန်မှတစ်ပါး အခြားနည်းမရှိလျှင်ကော။ ယင်းသည် လွယ်ကူသော ဆုံးဖြတ်ချက်တစ်ခုမဟုတ်သည်မှာ သေချာပါ၏။ အမှန်မှာ ယင်းကို ပြုစုစောင့်ရှောက်သူတို့ ရင်ဆိုင်ကြရသည့် “အပြစ်ရှိသည်ဟု ခံစားရဆုံးသောအရာ” အဖြစ်ဖော်ပြထားပြီး မိမိတို့ဘက်မှပျက်ကွက်သည်၊ ကိုယ့်ချစ်မြတ်နိုးသူကို ကိုယ်စွန့်ပစ်လိုက်သည်ဟု ခံစားရစေ၏။

အေဒီ ရောဂါရှင်ကို ပြုစုဆက်ဆံရာ၌ အလွန်အတွေ့အကြုံရှိ သူနာပြုတစ်ဦးက “ဒါဟာ သမားရိုးကျတုံ့ပြန်မှုဖြစ်ပေမဲ့ အပြစ်ရှိတယ်လို့ ခံစားစရာမလိုပါဘူး” ဟူ၍ဆိုသည်။ အဘယ်ကြောင့်နည်း။ “[ရောဂါရှင်ရဲ့] ပြုစုခံရရေးနဲ့ ဘေးရန်ကင်းဝေးစေရေးဟာ ထည့်သွင်းစဉ်းစားရမယ့် အရေးကြီးဆုံးအချက်ဖြစ်လို့ပါပဲ” ဟူ၍ သူကအဖြေပေးသည်။ ဒေါက်တာ အော်လစ်ဗာနှင့် ဘော့ခ်က သဘောတူညီစွာဤသို့ဆို၏– “လူတစ်ဦးမှာ စိတ်ဓာတ်အင်အားလည်း ကုန်ခမ်းကာ ရောဂါမှာလည်း အိမ်တွင်ကုသမပေးနိုင်သည့်အခြေအနေဆိုက်လာသည့်အတွက် ဤသို့ဆုံးဖြတ်လိုက်ရခြင်းမှာ ဆုံးဖြတ်ရ အခက်ခဲဆုံးဖြစ်နိုင်သည်။” မည်သို့ပင်ဖြစ်စေကာမူ သူတို့၏ ထိုအခြေအနေ၌ အချက်အလက်အားလုံးကို ချင့်ချိန်တိုင်းဆကြည့်ပြီးနောက် “ပြုစုရေးဂေဟာတွင်သွားထားခြင်းသည် . . . ရောဂါရှင်၏အကောင်းဆုံးအကျိုးအတွက်ဖြစ်သည်” ဟုပြုစုစောင့်ရှောက်သူအချို့က ကောင်းစွာကောက်ချက်ချကြပေမည်။—အဲလ်ဇိုင်းမားကို ကိုင်တွယ်ဖြေရှင်းခြင်း– ပြုစုစောင့်ရှောက်သူ၏ စိတ်ပိုင်းဆိုင်ရာရပ်တည်ရေးလမ်းညွှန်။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ရောဂါရှင်အား သူ့ဝန်းကျင်ကို သိနေစေဖို့ ကူညီပေးပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ