ရွှေ—၎င်း၏လျှို့ဝှက်နက်နဲမှု
ရွှေ—ရှေးအချိန်ကတည်းက ဤပျော့ပျောင်းပြီး အဝါရောင်တောက်သည့်သတ္တုသည် ၎င်း၏ထူးခြားသောအရည်အသွေးများကြောင့် တန်ဖိုးထားခြင်းခံခဲ့ရသည်။ ယင်း၏အရောင်၊ အရောင်စိုခြင်း၊ ပုံသွင်းရလွယ်ကူခြင်းနှင့် ဓာတ်ပြု၍ တဖြည်းဖြည်း စားသွားခြင်းကို ခံနိုင်ရည်ရှိခြင်းတို့ကြောင့် သတ္တုများထဲတွင် တစ်မူထူးခြားခြင်းဖြစ်သည်။ ၎င်းကိုရှာဖွေသူများ၏ စိတ်ထဲတွင်ရှိသော ယင်း၏တန်ဖိုးကြောင့် ရွှေသည် အခြားမည်သည့်သတ္တုနှင့်မျှမတူဘဲ သမိုင်းကြောင်းတစ်ခုရှိခဲ့သည်။
“ရွှေတွေပါလား! တကယ့်ရွှေမှရွှေအစစ်ပဲ!” ရွှေကိုစတင်တွေ့ရှိခြင်းက နှလုံးခုန်ခြင်း၊ သွေးခုန်နှုန်းမြန်လာခြင်းနှင့် စိတ်ကူးပျံ့လွင့်ခြင်းများဖြစ်ခဲ့ကြသည်။ ၎င်းကို ကုန်းတွင်းပိုင်း၊ မြစ်များ သို့မဟုတ် ချောင်းများနှင့် မြေမျက်နှာပြင်အောက် ပေထောင်နှင့်ချီသောအနက်တွင်ပင် ရှာဖွေခဲ့ကြသည်။
ဘုရင်များနှင့်ဘုရင်မများသည် တန်ဖိုးကြီးသောရတနာအဖြစ် ရွှေနှင့်အလှဆင်ခဲ့ကြသည်။ ပလ္လင်များနှင့် နန်းတော်နံရံများကို ၎င်းဖြင့်အလှဆင်ခဲ့ကြသည်။ ငါး၊ ငှက်များ၊ တိရစ္ဆာန်များနှင့် အခြားအရာများစွာကိုကိုယ်စားပြုသည့် ရွှေရုပ်တုများပြုလုပ်ကာ ဘုရားများအဖြစ်ကိုးကွယ်ခဲ့ကြသည်။ ရွှေသည် လူမျိုးအလိုက်ယဉ်ကျေးမှုအပေါ်တွင် ဩဇာသက်ရောက်မှုရှိသည်နှင့်အမျှ ယင်းကိုအဆက်မပြတ်အကြီးအကျယ်ရှာဖွေခဲ့ကြသည်။
ရွှေနှင့် သမိုင်းကြောင်း
ရှေးခေတ်အီဂျစ်ပြည်တွင် ဖာရောဘုရင်များသည် အီဂျစ်ဘုရားများနှင့် ဖာရောဘုရင်များ၏ အကြွင်းမဲ့ပိုင်ဆိုင်ရာအဖြစ်ယူမှတ်ထားသော ရွှေကိုရှာဖွေရန် သူတို့၏ကုန်သည်များနှင့် စစ်တပ်များကို ဝေးခေါင်သောဒေသများသို့ စေလွှတ်ခဲ့ကြသည်။ ၁၉၂၂ ခုနှစ်က တန်ဖိုးမဖြတ်နိုင်သော ရွှေဖြင့်ပြုလုပ်ထားသည့် ရတနာများအပြည့်ရှိသော တူတန်ခါမန်၏ဂူသင်္ချိုင်းကို ရှာဖွေ့တွေ့ရှိခဲ့သည်။ သူ၏အခေါင်းကိုပင် ရွှေသားစစ်စစ်ဖြင့်ပြုလုပ်ခဲ့သည်။
သမိုင်းပညာရှင်အချို့၏အဆိုအရ မဟာအလက်ဇန္ဒားသည် “ကျော်ကြားသော ပါရှားမှရွှေသိုက်ကြောင့် အစပိုင်းတွင် အာရှတိုက်သို့ဆွဲဆောင်ခံခဲ့ရသည်။” သူ၏စစ်တပ်အားဖြင့် သိမ်းယူရရှိသည့်ရွှေများကို ပါရှားမှဂရိသို့သယ်ဆောင်ရန် ထောင်နှင့်ချီသောဝန်တင်တိရစ္ဆာန်များကိုအသုံးပြုခဲ့ကြောင်း မှတ်တမ်းကဖော်ပြသည်။ ရလဒ်အနေနှင့် ဂရိနိုင်ငံသည် ရွှေကြွယ်ဝချမ်းသာသောနိုင်ငံဖြစ်လာခဲ့သည်။
သမိုင်းပညာရှင်တစ်ဦးက ရောမနိုင်ငံ၏ “ဧကရာဇ်များသည် သူတို့၏အရာရှိများ သူတို့အပေါ်သစ္စာစောင့်စေရန်နှင့် အခြားနိုင်ငံများမှ ရာထူးကြီးမြင့်သောသူများကို ဩဇာလွှမ်းမိုးနိုင်ရန် ရွှေကိုရေလိုသုံးခဲ့ကြောင်း ဖော်ပြခဲ့သည်။ ကြီးကျယ်ခမ်းနားသော သူတို့၏ချမ်းသာကြွယ်ဝမှုအရှိန်အဝါဖြင့် သူတို့၏ပြည်သူများကို အထင်ကြီးစေခဲ့ကြ၊ တစ်ခါတစ်ရံ ခြိမ်းခြောက်ခဲ့ကြပြီး ရွှေအဆင်တန်ဆာများကို ကြီးကျယ်ခမ်းနားစွာခင်းကျင်းပြသခြင်းအားဖြင့် အလွယ်တကူယုံကြည်စေခဲ့ကြသည်။” ရောမတို့သည် များစွာသောရွှေများကို သူတို့အနိုင်ရရှိသော စပိန်နှင့် သူတို့သိမ်းယူရရှိခဲ့သော စပိန်ရွှေတွင်းများမှရရှိခဲ့ကြသည်ဟု သတင်းရပ်ကွက်တစ်ခုက ဖော်ပြထားသည်။
သို့ရာတွင် ရွှေနှင့်ပတ်သက်သောအဖြစ်အပျက်တွင် သာ၍သွေးထွက်သံယိုမှုများသောသမိုင်းကို စူးစမ်းစစ်ဆေးခြင်းမရှိပါက ပြည့်စုံလိမ့်မည်မဟုတ်ပါ။ ဤသည်တို့မှာ အောင်မြင်ခြင်း၊ ကြမ်းကြုတ်ခြင်း၊ ကျွန်ဇာတ်သွင်းခြင်းနှင့် သေခြင်းတို့ဖြစ်သည်။
သွေးစွန်းခဲ့သည့်သမိုင်း
ယဉ်ကျေးမှုတိုးတက်ထွန်းကားလာသောကြောင့် ပို၍ကြီးပြီး ပို၍တန်ခိုးအာဏာရှိသောနိုင်ငံများမှ ရွက်သင်္ဘောကြီးများသည် နယ်မြေသစ်များရရှိရန်၊ လက်အောက်ခံကိုလိုနီနယ်မြေသစ်များရှာဖွေရန်နှင့် ရွှေရှာဖွေရန် ခရီးထွက်ခွာခဲ့ကြသည်။ ဦးဆောင်ရေကြောင်းလမ်းပြ ခရစ္စတိုဖာ ကိုလံဘတ်စ် (၁၄၅၁-၁၅၀၆) အပါအဝင် နယ်မြေသစ်ရှာဖွေသူများစွာသည် ရွှေရှာဖွေခြင်းကို စိတ်စွဲလမ်းလာခဲ့သည်။
ကိုလံဘတ်စ် ရွှေရှာဖွေခဲ့ချိန်က ဒေသခံတိုင်းရင်းသားများ၏အသက်များသည် သူ့အတွက်အရေးမကြီးခဲ့ပါ။ သူ၏ခရီးစဉ်များကို ထောက်ပံ့ပေးခဲ့သူများဖြစ်သည့် စပိန်နိုင်ငံ၏ ဘုရင်နှင့်ဘုရင်မထံသို့ ကျွန်းတစ်ကျွန်းမှသူ၏အတွေ့အကြုံများကို ပြန်လည်တင်ပြရန် သူ၏ခရီးစဉ်မှတ်တမ်းတွင် ကိုလံဘတ်စ်ဤသို့ရေးသားခဲ့သည်– “ဒီနေရာမှာအုပ်ချုပ်နိုင်ဖို့ဆိုတာက အခြေချနေထိုင်ဖို့နဲ့ ဘာကိုပဲခိုင်းခိုင်းပြီးအောင်လုပ်တတ်တဲ့ ဒေသခံတိုင်းရင်းသားတွေကို ဩဇာအာဏာပြဖို့ပဲလိုတယ်။ . . . အင်ဒီယန်းတွေဟာ . . . အဝတ်အစားမဝတ်၊ မခုခံနိုင်တဲ့သူတွေဖြစ်ကြတဲ့အတွက် အမိန့်ပေးခံရတဲ့အခါအသင့်ရှိကြပြီး အလုပ်လည်းလုပ်ကြတယ်။” ကိုလံဘတ်စ်က သူသည်ဘုရားသခင်၏ကောင်းချီးခံစားရသည်ဟု ယုံကြည်ခဲ့သည်။ ရွှေရတနာများသည် ဘာသာရေးယုံကြည်ချက်ကြောင့်ဖြစ်သည့် သန့်ရှင်းသောစစ်များတွင် စပိန်နိုင်ငံ၏ဘဏ္ဍာရေးကို အကူအညီဖြစ်စေခဲ့သည်။ ရွှေမျက်နှာဖုံးတစ်ခုကို ဆုအဖြစ်လက်ခံရရှိပြီးနောက် ‘ဘုရားသခင်ရဲ့ကရုဏာတော်ဟာ ကျွန်တော့်ကို ရွှေနဲ့ထောက်မပေးပါစေ’ ဟုတစ်ခါကသူပြောခဲ့သည်။
ကိုလံဘတ်စ်နောက်ပိုင်းတွင် ရွှေရှာရန်ပင်လယ်တွင်ရွက်လွှင့်ခဲ့သူ စပိန်လူမျိုးစစ်အောင်သူများသည် စပိန်ဘုရင်ဖာဒီနန်၏ ဤအမိန့်ကိုရရှိခဲ့ကြသည်– “ငါ့အတွက်ရွှေတွေကိုယူလာခဲ့ကြ! ဖြစ်နိုင်မယ်ဆိုရင် ရက်စက်မှုမရှိဘဲယူလာကြပါ။ ဒါပေမဲ့ ဘယ်လိုနည်းနဲ့ပဲရရ ယူလာခဲ့ပါ။” အကြင်နာတရားကင်းမဲ့သောနယ်သစ်ရှာဖွေသူများသည် မက္ကစီကို၊ ဗဟိုနှင့်တောင်အမေရိကတို့တွင် တွေ့ဆုံခဲ့သော ထောင်နှင့်ချီသည့်ဒေသခံတိုင်းရင်းသားများစွာကို သတ်ပစ်ခဲ့ကြသည်။ စစ်အောင်ပွဲခံသူများ စပိန်သို့ပြန်တင်ပို့သည့်ရွှေများသည် ဥပစာသဘောဖြင့် သွေးစွန်းခဲ့ပေသည်။
ထိုအချိန်တွင် နိုင်ငံအမှတ်အသားမပါသည့် အလံကိုလွှင့်ထူထားသော ပင်လယ်ဓားပြများရောက်လာခဲ့သည်။ ကမ်းဝေးပင်လယ်ပြင်ပေါ်တွင် ရွှေနှင့် အခြားအဖိုးတန်ရတနာများကို တနင့်တပိုးတင်ဆောင်ခဲ့သော စပိန်ရွက်သင်္ဘောကြီးများကို သူတို့လုယူခဲ့ကြသည်။ အကြိမ်များစွာပင် လက်နက်အင်အားနှင့် လူအင်အားနည်းသော ရွက်သင်္ဘောကြီးများသည် လက်နက်အပြည့်ပါသော ပင်လယ်ဓားပြများကိုမယှဉ်နိုင်ခဲ့ကြပါ။ ၁၇ နှင့် ၁၈ ရာစုများတွင် ပင်လယ်ဓားပြသည် ပင်လယ်၏ဘေးဥပဒ်များဖြစ်ခဲ့ကြပြီး အထူးသဖြင့် အနောက်အင်းဒီးစ်နှင့် အမေရိကန်ကမ်းခြေတစ်လျှောက်တွင်ဖြစ်သည်။
၁၉ ရာစု ရွှေအလုအယက်
၁၈၄၈ ခုနှစ်တွင် ကယ်လီဖိုးနီးယားရှိ စက်ခ်ရာမင်တိုတောင်ကြားတွင် ရွှေကြောကြီးတစ်ကြောကိုရှာဖွေတွေ့ရှိခဲ့သည်။ မကြာမီ သတင်းပျံ့နှံ့သွားပြီး သူတို့၏ပိုင်ဆိုင်ရာမြေကွက်များအဖြစ်သတ်မှတ်ရန် နယ်မြေသစ်ရှာဖွေသူများ အလုအယက်ပြောင်းရွှေ့ခဲ့ကြသည်။ နောက်ပိုင်းနှစ်များတွင် ကယ်လီဖိုးနီးယားပြည်နယ်တွင် ကမ္ဘာအရပ်ရပ်မှလာရောက်ကြသည့် ထောင်ပေါင်းများစွာသော “လေးဆယ့်ကိုးခုနှစ်သား”—စီးပွားရှာသူများနှင့် ပြည့်နေခဲ့သည်။ ကယ်လီဖိုးနီးယားလူဦးရေသည် ၁၈၄၈ ခုနှစ်တွင် ၂၆,၀၀၀ ခန့်မှ ၁၈၆၀ တွင် ၃၈၀,၀၀၀ ခန့်မြှင့်တက်သွားခဲ့သည်။ ရွှေနှင့်စီးပွားရှာဖို့ ခရီးပြင်းနှင်ရန်အတွက်—လယ်သမားများသည် သူတို့၏လယ်ယာများကိုစွန့်ပစ်ထားခဲ့ကြသည်၊ သင်္ဘောသားများသည် သင်္ဘောမလိုက်ကြတော့ပါ၊ စစ်သားများသည် စစ်တပ်မှထွက်ခဲ့ကြသည်။ အချို့သူများသည် “သွေးဆာနေသောလူလိမ်လူကောက်များ” ဟူ၍ပင် ကင်ပွန်းတပ်ခံရကြသည်။ လူများစွာအတူတကွရောယှက်နေထိုင်ခြင်းက ရာဇဝတ်မှုနှင့် အကြမ်းဖက်မှုများကို တိုးပွားစေခဲ့သည်။ သူတို့သည် ရွှေ၏ဆွဲဆောင်မှုညွှတ်ကွင်းတွင် တွယ်ငြိနေကြသော်လည်း အလုပ်လုပ်လိုစိတ်မရှိဘဲ ဓားပြတိုက်ခြင်း၊ လိုင်းဆွဲမြင်းရထားများနှင့် မီးရထားများကိုလုယူတိုက်ခိုက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
ကယ်လီဖိုးနီးယား ရွှေရှိရာသို့အလုအယက်သွားသည့်နောက်မကြာမီအချိန်ဖြစ်သော ၁၈၅၁ ခုနှစ်တွင် ဩစတြေးလျ၌ ကြီးမားသည့်ရွှေသတ္တုသိုက်ကိုတွေ့ထားကြောင်း သတင်းထွက်လာသည်။ “ထွက်ရှိသည့်ပမာဏသည် အမှန်ပင်အံ့သြဖွယ်ကောင်းသည်” ဟုမှတ်တမ်းတွင်ဖော်ပြခဲ့သည်။ အချိန်တိုအတွင်းမှာပင် ဩစတြေးလျသည် ကမ္ဘာတွင်ရွှေအများဆုံးထွက်ရှိသည့်နိုင်ငံဖြစ်လာခဲ့သည်။ ကယ်လီဖိုးနီးယားသို့ပြောင်းရွှေ့ခဲ့ကြသော အချို့သူများသည် မကြာမီတွင် သူတို့၏အထုပ်အပိုးများကိုထုပ်ပိုးကာ အောက်ဘက်သို့စုန်ဆင်းခဲ့ကြသည်။ ဩစတြေးလျနိုင်ငံ၏လူဦးရေသည် တစ်ဟုန်ထိုးတိုးတက်လာခဲ့သည်—၁၈၅၀ ပြည့်နှစ်တွင် ၄၀၀,၀၀၀ ရှိရာမှ ၁၈၆၀ ပြည့်နှစ်တွင် ၁,၁၀၀,၀၀၀ ကျော်ဖြစ်သွားခဲ့သည်။ လူအများမှာ ရွှေဖြင့်အလုအယက်စီးပွားရှာလာသည်နှင့်အမျှ စိုက်ပျိုးရေးလုပ်ငန်းနှင့် အခြားလုပ်ငန်းများမှာ ရပ်တန့်လုနီးပါးဖြစ်လာခဲ့သည်။
၁၉ ရာစုအဆုံးပိုင်းသို့ရောက်ရှိလာသည့်အခါ ယူကွန်းနှင့် အလာစကာတွင်ရွှေစတင်တွေ့ရှိပြီးနောက် ရွှေရူးရူးနေသောလူအုပ်ကြီးသည် ရွှေရှာဖွေရန် ထိုဒေသသို့ပြောင်းရွှေ့ခဲ့ကြသည်။ ထောင်နှင့်ချီသောလူများသည် ရွှေပေါများရာဒေသတွင် သူတို့ပိုင်ဆိုင်ရာမြေကွက်သတ်မှတ်ရန် မြောက်ဘက်အဖျားဒေသဖြစ်သည့် ကလိုဒိုက်ဒေသနှင့် အလာစကာသို့ခရီးနှင်ကြရာ အလွန့်အလွန်အေးသည့်ဒဏ်ကို တိုက်လှန်ကြရသည်။
နစ်မြုပ်နေသောရတနာများ
၂၀ ရာစုတွင် အဏ္ဏဝါရေနက်ပိုင်း ရေငုပ်ခြင်းအတတ်ပညာပေါ်လာသောကြောင့် ရွှေရှာဖွေသူများသည် ပင်လယ်ကြမ်းပြင်သို့ ခြေဦးလှည့်ခဲ့ကြသည်။ ထိုနေရာတွင် သူတို့သည် နစ်မြုပ်နေသောရတနာများ—ရှေးရာစုနှစ်များစွာကပြုလုပ်ခဲ့သော ရွှေရတနာများနှင့် အခြားရှေးဟောင်းလက်ရာများအတွက် သင်္ဘောပျက်များကိုရှာဖွေခဲ့ကြသည်။
၁၆၃၈ ခုနှစ် စက်တင်ဘာ ၂၀ တွင်စပိန်ရွက်သင်္ဘောကြီး ကွန်ဆက်ပ်စီယွန်သည် ရာသီဥတုအလွန်ဆိုးရွားမှုကြောင့် ကျောက်ဆောင်များကိုတိုက်မိပြီး ဆိုင်ပန်ကမ်းခြေအနီးရှိ ပစိဖိတ်သမုဒ္ဒရာအတွင်းတွင် နစ်မြုပ်သွားခဲ့သည်။ ၎င်းသည် ယနေ့အချိန်တွင် ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိသော ရွှေနှင့်အခြားရတနာများစွာကို တင်ဆောင်လာခဲ့ခြင်းဖြစ်သည်။ စီးနင်းလိုက်ပါသူ ၄၀၀ အနက်အများစုသေဆုံးခဲ့သည်။ ရေငုပ်သမားများသည် သင်္ဘောပျက်မှ တစ်ခုလျှင်ငါးပေနီးပါးခန့်ရှည်ပြီး ပေါင်များစွာလေးသည့် ရွှေဆွဲကြိုး ၃၂ ခုကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။ ဆွဲကြိုးများ၊ လက်ဝါးကားတိုင်များ၊ ကြယ်သီးများ၊ ရင်ထိုးများ၊ နားဆွဲများနှင့် ခါးပတ်ခေါင်းများစသည့်—ရွှေနှင့်ပြုလုပ်ထားသောလက်ဝတ်ရတနာအားလုံးပေါင်း ၁,၃၀၀ ကိုရေငုပ်သမားများဆယ်ယူရရှိခဲ့သည်။
အခြားသင်္ဘောပျက်များကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် ရေငုပ်သမားများသည် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါကမ်းခြေအနီးတွင် ၁၇ ရာစုမှ စပိန်ရွက်သင်္ဘောပျက် စန်တာ မာဂရီးတာကို တွေ့ရှိခဲ့သည်။ နောက်နှစ်အဆုံးပိုင်းတွင် ရေငုပ်သမားများသည် အခြားရှေးလက်ရာများနှင့်အတူ ၁၁၈ ပေါင်ကျော်လေးသည့် ရွှေတုံးကြီးကိုရှာဖွေတွေ့ရှိခဲ့ကြသည်။
စစ်ကာလအတွင်း ရရှိခဲ့သည့်ရွှေများ
ဂျာမန်အစိုးရလက်နက်ချသည့် ၁၉၄၅ ခုနှစ်နောက်ပိုင်းတွင် မဟာမိတ်တပ်များသည် ဂျာမနီနိုင်ငံ သူရင်ဂီယာမြို့ရှိ ကီဇာရိုဒါဆားမိုင်းတွင်းတွင် အံ့သြဖွယ်အမှုတစ်ခုကို တွေ့ရှိခဲ့သည်။ သည် အတ်လန်တာ ဂျာနယ်၏အဆိုအရ “ဤမိုင်းတွင်းအတွင်းမှ အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံတန်ဖိုးရှိသော ရွှေတုံးများ၊ အနုပညာလက်ရာများ၊ ငွေကြေးများနှင့် အာမခံပစ္စည်းများကို ဖော်ထုတ်တွေ့ရှိခဲ့ကြသည်။ မီးလောင်တိုက်သွင်းခံရသူများထံမှနုတ်ယူထားခြင်းဖြစ်ကာ အချို့မှာအရည်ကျိုပြီးသားဖြစ်သည့် သွားနှင့်ပတ်သက်သော ရွှေငွေပစ္စည်းအပြည့်ပါသောအိတ်များကိုလည်း တွေ့ခဲ့ကြသည်။ ယင်းသို့များစွာသောရွှေများကိုဝှက်ထားခြင်းက စစ်ကိုဆွဲ၍တိုက်နိုင်ရန် နာဇီစစ်ခေါင်းဆောင်များ၏ဘဏ္ဍာရေးကို အထောက်အကူဖြစ်ခဲ့သည်။ ယခင် ဟစ်တလာသိမ်းပိုက်ခဲ့သောနိုင်ငံဆယ်နိုင်ငံခန့်ကို ခန့်မှန်းခြေအရ ၂.၅ ဘီလီယံတန်ဖိုးရှိသောရွှေများပြန်ပေးခဲ့ရသည်ဟု ဂျာနယ်တွင်မှတ်တမ်းတင်ထားသည်။ နာဇီများဝှက်ထားသည့်ရွှေအားလုံးကို မတွေ့သေးပါဟု လူအများယုံကြည်ကြသောကြောင့် ဆက်၍ရှာဖွေနေကြသည်။
ရွှေသည် အမှန်ပင်တန်ဖိုးရှိပေသည်။ သို့ရာတွင် အခြားအဖိုးတန်ပစ္စည်းများနည်းတူ ရွှေသည် ၎င်းကိုဆည်းပူးသူများအား အသက်မပေးနိုင်ဟု ကျမ်းစာ၌တင်ပြထားသည်။ (ဆာလံ ၄၉:၆-၈; ဇေဖနိ ၁:၁၈) နယပုံပြင်ကျမ်းတွင် ဤသို့ဆိုသည်– “ရွှေကိုရတတ်ခြင်းထက် ပညာကိုရတတ်ခြင်းသည် အလွန်ကောင်း၏။” (သု. ၁၆:၁၆) ဉာဏ်ပညာသည် အမှန်ပင် ဖန်ဆင်းရှင်ယေဟောဝါဘုရားသခင်ထံမှလာပြီး ကိုယ်တော်၏နှုတ်မြွက်စကားတော် သမ္မာကျမ်းစာတွင်ပါရှိသည်။ ဘုရားသခင်နှုတ်မြွက်စကားတော်ကိုလေ့လာခြင်းဖြင့် ထိုဉာဏ်ပညာကိုရှာဖွေသူများသည် ဘုရားသခင့်ပညတ်များ၊ မူများနှင့် ဆုံးမစကားများကိုသင်ယူရရှိနိုင်ပြီး ၎င်းတို့ကို အသက်တာတွင်ကျင့်သုံးနိုင်သည်။ ဉာဏ်ပညာကိုရရှိခြင်းသည် လူများရှာဖွေတွေ့ရှိခဲ့သောရွှေအားလုံးထက် ပိုနှစ်လိုဖွယ်ဖြစ်သည်။ ထိုကဲ့သို့သောဉာဏ်ပညာသည် ယခုအချိန်တွင် ပိုကောင်းသောအသက်တာနှင့် အနာဂတ်တွင်ထာဝရအသက်ကိုရရှိစေနိုင်သည်။—သု. ၃:၁၃-၁၈။
[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်]
ရွှေနှင့်ပတ်သက်သော အချက်အလက်အချို့
• ရွှေသည် သတ္တုအားလုံးတွင် ပုံသွင်း၊ ကွေးညွတ်ရအလွယ်ဆုံးဖြစ်သည်။ ၎င်းကိုတစ်လက်မ၏လေးသန်းပုံတစ်ပုံအထူရှိသည်အထိ နန်းကြိုးခတ်နိုင်သည်။ ရွှေတစ်အောင်စကို ၁၉၀ စတုရန်းပေခန့်ရှိသောနယ်မြေကိုဖုံးလွှမ်းရန် ထုပြားနိုင်သည်။ ရွှေတစ်အောင်စကို အရှည် ၄၃ မိုင်ရှည်အောင် ဆွဲဆန့်နိုင်သည်။
• ရွှေစင်သည် အလွန်ပျော့ပျောင်းသောကြောင့် ရတနာများနှင့် အခြားရွှေအဆင်တန်ဆာများပြုလုပ်ရန်အသုံးပြုသည့်အခါ ၎င်း၏မာကျောမှုကိုတိုးစေရန် အများအားဖြင့် အခြားသတ္တုများနှင့် ရောစပ်ရသည်။ ရွှေရောစပ်ပါဝင်မှုကို အပိုင်း ၂၄ ပိုင်းခွဲ၍ဖော်ပြပြီး ယင်းတို့ကို ကာရက်များဟုခေါ်သည်၊ ထို့ကြောင့် ၁၂ ကာရက်ရွှေတွင် ရွှေ ၅၀ ရာခိုင်နှုန်း၊ ၁၈ ကာရက်ရွှေတွင် ရွှေ ၇၅ ရာခိုင်နှုန်းနှင့်ရွှေ ၂၄ ကာရက်သည် ရွှေစင်ဖြစ်သည်။
• ရွှေထုတ်လုပ်မှုရှေ့တန်းပြေးနေသည့်နိုင်ငံများမှာ တောင်အာဖရိကနှင့် အမေရိကန်ပြည်ထောင်စုတို့ဖြစ်သည်။
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ Credit Line]
မဟာအလက်ဇန္ဒား– The Walters Art Gallery, Baltimore
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံများ]
ရွှေရှာဖွေရန် ၁၄၉၂ ခုနှစ်တွင် ခရစ္စတိုဖာ ကိုလံဘတ်စ် ဗဟားမားစ်ကျွန်းသို့ရောက်ရှိသည့် ပန်းချီသရုပ်ဖော်
[Credit Line]
Courtesy of the Museo Naval, Madrid (Spain), and with the kind permission of Don Manuel González López