ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၁ ၁/၈ စာ. ၂၁-၂၂
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၂၀၀၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အန္တရာယ်ပေး ကွန်ပျူတာဂိမ်းများ
  • ညစ်ညမ်းနေသော ပင်လယ်များ
  • ဆေးဝါးအတု
  • အမေရိကန်ပြည်ထောင်စုတွင် သေနတ်များကိုနှစ်သက်ကြ
  • ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတား
  • အန္တရာယ်ကြုံနေသော အပင်များ
  • ဆေးရုံ၌ ရောဂါကူးစက်မှုများ
  • လေကြောင်းခရီးတွင် ထိုင်ခုံခါးပတ်များက အသက်ကယ်
  • လျှပ်စစ်ဓာတ်အားချွေတာ
  • ပင်လယ်သေ တိမ်ကောလာခြင်း
  • ထူးခြားချက် များစွာရှိသော ပင်လယ်သေ
    နိုးလော့!—၂၀၀၈
  • ဒိန်းမတ်နိုင်ငံ၏ ဂရိတ်ဘဲ့လ်တ်ကို ပေါင်းကူးပေးခြင်း
    နိုးလော့!—၂၀၀၁
  • လုံးပါးပါးလာသည့် မြေသယံဇာတများ
    နိုးလော့!—၂၀၀၅
  • ဂိမ်းကစားသူများ အန္တရာယ်ရှိသလော
    နိုးလော့!—၂၀၀၃
နိုးလော့!—၂၀၀၁
န၀၁ ၁/၈ စာ. ၂၁-၂၂

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

အန္တရာယ်ပေး ကွန်ပျူတာဂိမ်းများ

ဘရာဇီးတရားရေးဝန်ကြီးဌာနသည် “ကစားသူများအနေဖြင့် ကားခိုးခြင်း၊ ရဲများကိုသတ်ဖြတ်ခြင်းဖြင့် အမှတ်ရရှိစေသည့် အငြင်းပွားဖွယ် ကွန်ပျူတာဂိမ်းရောင်းဝယ်မှုကို ပိတ်ပင်လိုက်ကြောင်း” ရိုက်တာသတင်းတွင် ဖော်ပြသည်။ ထိုဂိမ်းက “လုယက်မှုနှင့် သတ်ဖြတ်မှုတို့ကို အသေးအဖွဲဖြစ်စေကာ ငယ်ရွယ်သောကစားသူများကို အကြမ်းဖက်ဖို့ လှုံ့ဆော်ပေးနိုင်သောကြောင့် အန္တရာယ်ရှိသည်” ဟုသတ်မှတ်ခြင်းဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင် ဝန်ကြီးဌာနသည် “သက်ကြီးရွယ်အိုအမျိုးသမီးများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအပါအဝင် လမ်းသွားလမ်းလာများကို သတ်ဖြတ်သည့် ဂိမ်းကစားသမားများအား ဆုချထား” သောကွန်ပျူတာဂိမ်းတစ်ခုကို ပိတ်ပင်ခဲ့သည်။ ပရိုဂွန် သုံးစွဲသူအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးတစ်ဦးက ဤသို့ဆိုသည်– “ဒီဂိမ်းမျိုးတွေဟာ အကြမ်းဖက်မှုကိုဖြစ်ပေါ်စေတဲ့အတွက် ဘေးအန္တရာယ်ရှိပါတယ်။ ကလေးတွေဟာ အဲဒီလုပ်ရပ်တွေကို သာမန်အဖြစ် စတင်ယူမှတ်နေကြပါတယ်။”

ညစ်ညမ်းနေသော ပင်လယ်များ

“သမုဒ္ဒရာများအတွင်း ပစ်စလက်ခတ်ငါးဖမ်းခြင်း၊ အဆိပ်သင့်ဓာတုပစ္စည်းများနှင့် ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းတို့ကြောင့် တစ်ကမ္ဘာလုံးရှိသက်ရှိများ၏အခြေခံကို အန္တရာယ်ပြုနေသည်” ဟု နာစောအစ်ရှီနွိုက်စီပရက်စီသတင်းစာက ရေးသားဖော်ပြထားသည်။ ကီလာနက်ကရိတဲန် သတင်းစာအဆိုအရ ဘေးသင့်အခံရဆုံးမှာ ပင်လယ်နက်ဖြစ်သည်။ ၉၀ ရာခိုင်နှုန်းလုံးလုံးသက်မဲ့ဖြစ်နေသော ယင်းပင်လယ်သည် ကမ္ဘာပေါ်တွင် ဘေးသင့်အခံရဆုံးဂေဟစနစ်ဖြစ်သည်ဟု ယူမှတ်ထားခြင်းခံရသည်။ စစ်ထုတ်ထားခြင်းမရှိသော ရေဆိုးများကြောင့် ယူကရိန်းကမ်းခြေများကိုရိုက်ခတ်နေသော လှိုင်းများသည် စိမ်းညှို့ညှို့ရေရောင်သို့ပြောင်းသွားရာ အိုဒက်ဆာကမ်းခြေတစ်ဝိုက်သည် လွန်ခဲ့သည့်နွေရာသီတွင် တစ်ပတ်သာဖွင့်လှစ်နိုင်ခဲ့သည်။ “ပင်လယ်နက်ဟာ သေစေနိုင်တဲ့ ဒဏ်ရာဒဏ်ချက်ရထားတယ်။ သူသာ သေဆုံးသွားမယ်ဆိုရင် ကျွန်တော်တို့တွေးကြည့်နိုင်တာထက် ပိုဆိုးတဲ့အကျိုးဆက်တွေကို တွေ့ ကြုံကြရမယ်” ဟုရိုမေးနီးယားသမ္မတ အီမီလ် ကွန်စတင်တီနက်စ်ကူက ဆို၏။ ကုလသမဂ္ဂသည် ၁၉၉၈ ခုနှစ်ကို “သမုဒ္ဒရာတို့၏ အပြည်ပြည်ဆိုင်ရာနှစ်” ဟူ၍ကြေညာခဲ့သည်။

ဆေးဝါးအတု

“ကမ္ဘာပေါ် ရောင်းဝယ်နေကြသောဆေးများ၏ ၈ ရာခိုင်နှုန်းခန့်သည် အတုများဖြစ်ကြသည်” ဟုလီဖီဂါဂိုမဂ္ဂဇင်းကဖော်ပြသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဆိုအရ ဘရာဇီးနိုင်ငံရှိ ဆေးဝါးအတုများ၏ရာခိုင်နှုန်းမှာ ၃၀ ရာခိုင်နှုန်းရှိသည်ဟုခန့်မှန်းထားပြီး နိုင်ဂျီးရီးယားတွင်မူ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ၆၀ ရာခိုင်နှုန်းရှိသည်ဟုဆိုသည်။ ဆေးအတုကူးသန်းရောင်းဝယ်မှုသည် ယူ.အက်စ်ဒေါ်လာ ၃၀၀ ဘီလီယံစီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်ကြောင်း သိရှိရပြီး ရာဇဝတ်ဂိုဏ်းများက အဓိကအခန်းကဏ္ဍမှလုပ်ဆောင်ကြသည်။ ယင်းကုန်သွယ်မှုကို အဆုံးတိုင်စေရန် ဆေးဝါးကုမ္ပဏီများက ကြိုးစားအားထုတ်ကြသော်လည်း ရဲများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများသည် ပြဿနာဖြေရှင်းနည်းကို မတွေ့ရှိကြချေ။ အကောင်းဘက်ကဆိုလျှင် ဆေးအတုသည် ဆေးအစစ်အမှတ်ဖြင့် လူနာကိုကျေနပ်မှုပေးနိုင်သည်; အဆိုးဘက်ကဆိုရသော် သေစေနိုင်၏။ “ဆေးအတုသည် ခြောက်လုံးပြူးတွင် ကျည်တစ်တောင့်တည်းထည့်ကာ ခေါင်းတေ့ခလုတ်ဖြုတ်ပြသည့် စွန့်စားခန်းပမာဖြစ်သည်” ဟုလီဖီဂါဂိုမဂ္ဂဇင်းက သတိပြုဖော်ပြသည်။

အမေရိကန်ပြည်ထောင်စုတွင် သေနတ်များကိုနှစ်သက်ကြ

“အမေရိက [အမေရိကန်ပြည်ထောင်စု] နှင့် အခြားတိုင်းပြည်များအကြား ခြားနားချက်မှာ လုံးလုံးပင်ကွဲပြားသည်” ဟုသည်အီကော်နောမစ်က မှတ်သားဖော်ပြသည်။ “၁၉၉၆ ခုနှစ်က လက်ကိုင်သေနတ်ကိုအသုံးပြု၍သတ်သည့် လူသတ်မှုသည် နယူးဇီလန်နိုင်ငံတွင် နှစ်ခု၊ ဂျပန်တွင် ၁၅ ခု၊ ဗြိတိန်တွင် ၃၀ ခု၊ ကနေဒါတွင် ၁၀၆ ခု၊ ဂျာမနီတွင် ၂၁၁ ခုနှင့် အမေရိကန်ပြည်ထောင်စုတွင် ၉,၃၉၀ ခုတို့ဖြစ်သည်။” အမေရိကန်ပြည်ထောင်စုတွင် နှစ်စဉ် ရာဇဝတ်မှုသန်းတစ်ဝက်ခန့်သည် လက်နက်မှုများနှင့်ပတ်သက်နေပြီး ကိုယ့်ကိုယ်ကိုသတ်သေမှုနှင့် မတော်တဆဖြစ်မှုအပါအဝင် သေဆုံးသူ ၃၅,၀၀၀ ခန့်ရှိသည်။ သို့တိုင် အမေရိကန်ပြည်ထောင်စုရှိ ကိုယ်ပိုင်သေနတ်ကိုင်ဆောင်သူများသည် “သေဆုံးသူအရေအတွက် မည်မျှပင်ရှိရှိ သေနတ်ကိုဆက်ကိုင်ဆောင်လိုကြသည်” ဟုမဂ္ဂဇင်းကဖော်ပြသည်။ “များစွာသောနိုင်ငံများတွင် လုပ်ဆောင်ခဲ့ကြသကဲ့သို့ တင်းကျပ်စွာချုပ်ကိုင်မှုအစား ဆန့်ကျင်ဘက်ဦးတည်ရာသို့သာ အလုအယက်သွားကြသည်။” ယခုတွင် ပြည်နယ် ၃၁ ခု၌ လက်ကိုင်သေနတ်များကို လျှို့ဝှက်ကိုင်ဆောင်ခွင့်ပြုထားသည်။

ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတား

ဂျပန်နိုင်ငံ၊ ကိုဘေးမြို့နှင့်အဝါဂျီကျွန်းကို ဆက်သွယ်ထားသော အကာရှီကိုင်ဂျိုတံတားကို ဧပြီလတွင် ဖွင့်လှစ်ခဲ့ပြီး ချက်ချင်းဆိုသလိုပင် ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားအဖြစ် မှတ်တမ်းတင်စာအုပ်ထဲ ရောက်ရှိသွားသည်။ “ဆယ်စုနှစ်တစ်ခုကြာကြာလုပ်ဆောင်ခဲ့ရသည့် ဒေါ်လာ ၇.၇ ဘီလီယံကုန်ကျသောစီမံကိန်းသည် တံတားမျှော်စင်နှစ်ခုကြားအကွာအဝေးကို တိုင်းတာထားသည့် အလယ်ပေါင်းကူးခန်းပွင့်အရှည် ၆,၅၃၂ ပေ (၁.၂ မိုင်) ဖြင့်ဂုဏ်ယူဝင့်ကြွားနေသည်” ဟုတိုင်းမ်မဂ္ဂဇင်းက ဖော်ပြသည်။ “မျှော်စင်တစ်ခုစီသည် အထပ် ၉၀ အဆောက်အဦထက်ပိုမြင့်ကာ တုန်ခါမှုအထိန်းကိရိယာ ၂၀ ဖြင့် တန်ဆာဆင်ထားသည်; လေကြောင့် တံတားယိမ်းထိုးသွားလျှင် ချိန်သီးများက မျှော်စင်များကို နောက်သို့ပြန်ဆွဲထားပေးသည်။” တံတားကို ရစ်ချ်တာစကေး ၈.၀ အဆင့်ရှိမြေငလျင်ဒဏ်ခံနိုင်ရန်လည်း ပုံစံဆွဲတည်ဆောက်ထားသည်။ ၎င်း၏ သံမဏိနန်းကြိုးကြီးများကို ဆွဲဆန့်ကြည့်ပါက ကမ္ဘာကိုခုနစ်ပတ်ပတ်နိုင်သည်။

အန္တရာယ်ကြုံနေသော အပင်များ

အနှစ် ၂၀ ကြာလုပ်ဆောင်ကြပြီးနောက် ရုက္ခဗေဒပညာရှင်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များက ကမ္ဘာပေါ်ရှိ လူသိများသော အပင်များ၏မျိုးစိတ်များမှ ၂၇၀,၀၀၀ အနက် ၁၂.၅ ရာခိုင်နှုန်း—၈ ခုတိုင်းတွင် ၁ ခု—သည် မျိုးသုဉ်းပျောက်ကွယ်တော့မည့်အန္တရာယ်ကိုရင်ဆိုင်နေရကြောင်း ကောက်ချက်ချခဲ့ကြသည်။ “စာရင်းတွင်ပါသောအပင် ၁၀ မျိုးလျှင် ကိုးမျိုးမှာ နိုင်ငံတစ်နိုင်ငံတည်းတွင်သာ ပေါက်ရောက်ခြင်းဖြစ်ပြီး ၎င်းတို့သည် နိုင်ငံရေး သို့မဟုတ် ဒေသစီးပွားရေးနှင့် လူမှုရေးအခြေအနေများကြားတွင် အထူးသဖြင့် အကာအကွယ်မဲ့ဖြစ်နေကြသည်” ဟုသည်နယူးယောက်တိုင်းမ်စ်ကဆို၏။ သိပ္ပံပညာရှင်များသည် အပင်များအန္တရာယ်ကြုံနေရသည့် အဓိကအကြောင်းရင်းနှစ်ခုကို ဤသို့ဖော်ပြကြသည်– (၁) ဖွံ့ဖြိုးတိုးတက်ရေး၊ သစ်ထုတ်လုပ်ရေးနှင့် စိုက်ပျိုးရေးတို့ကြောင့် သစ်တောနယ်မြေကို ကြီးမားသောအတိုင်းအတာဖြင့် ဖျက်ဆီးခံရခြင်းနှင့် (၂) မူရင်းဒေသမှမဟုတ်သောအပင်များက မူရင်းဒေသပေါက်ပင်များကို ပေါက်ရောက်ရှင်သန်စရာမရှိတော့အောင် ဝင်ရောက်နေရာယူလိုက်ခြင်းတို့ဖြစ်သည်။ အပင်များသည် နို့တိုက်သတ္တဝါများနှင့် ငှက်များထက် “သဘာဝ၏လှုပ်ရှားလည်ပတ်မှုအတွက် သာ၍အခြေခံကျသည်” ဟုဆောင်းပါးက ဖော်ပြထားသည်။ အပင်များနှင့်ပတ်သက်၍ ၎င်းက ဤသို့ထပ်ဆို၏– “၎င်းတို့က နေရောင်ခြည်ကို အစာအဖြစ်သို့ပြောင်းပစ်ကာ လူ့အသက်အပါအဝင် သက်ရှိအများစုအတွက် အခြေခံကိုရရှိစေကြသည်။ များစွာသောဆေးဝါးများအတွက်နှင့် စိုက်ပျိုးရေးဆိုင်ရာမျိုးထူးပင်များပေါ်ထွက်စေသည့် မျိုးရိုးဗီဇဆိုင်ရာအခံကိုင်းများအတွက် အခြေခံကုန်ကြမ်းများကို ထုတ်လုပ်ပေးသည်။ ထို့ပြင် သဘာဝတောတောင်ရေမြေရှုခင်း၏ အခြေခံအုတ်မြစ်ဖြစ်ကာ ဖြစ်ပျက်သမျှအရာတို့၏ အောက်ခံဘောင်ဖြစ်သည်။

ဆေးရုံ၌ ရောဂါကူးစက်မှုများ

“ဆေးကုသမှု သို့မဟုတ် ခွဲစိတ်ကုသပြီးနောက် ဆေးရုံတွင် ရောဂါကူးစက်ခံရခြင်းက အမှန်ပင် အများပြည်သူတို့၏ကျန်းမာရေးအန္တရာယ်ကို ထင်ဟပ်စေသည်” ဟုပြင်သစ်သတင်းစာ လာဖီဂါရိုက ကြေညာသည်။ ပြင်သစ်တစ်နိုင်ငံတည်းတွင် နှစ်စဉ်ကူးစက်ခံရသူပေါင်း ၈၀၀,၀၀၀ ရှိပြီး သေဆုံးသူအရေအတွက် ၁၀,၀၀၀ ရှိသည်ဟု ခန့်မှန်းထားသည်။ ညစ်ညမ်းမှုအန္တရာယ်ကို လျော့ပါးစေနိုင်သည့် အရေးယူဆောင်ရွက်စရာ ခြေလှမ်းများစွာရှိသည်– လူနာအသစ်မရောက်မီ အခန်းများကိုပိုးသတ်ခြင်း၊ ပိုးမွှားကင်းစင်အောင်လုပ်သည့်လုပ်ထုံးများကို ကြည့်ရှုစစ်ဆေးခြင်းနှင့် လူနာကိုမကိုင်တွယ်မီ လက်များကိုသေသေချာချာဆေးကြောခြင်းတို့ဖြစ်သည်။ ဤလုပ်ထုံးအတော်များများကို မကြာခဏလျစ်လျူရှုကြသည်မှာ ထင်ရှားသည်။ ပါရီမြို့ရှိဆေးရုံတစ်ရုံတွင်ပြုလုပ်သည့်လေ့လာမှုတစ်ရပ်က ဆေးရုံအရန်လုပ်သားများမှ ၇၂ ရာခိုင်နှုန်းကသာ လူနာတစ်ဦးစီကိုကိုင်တွယ်ပြီးသည့်နောက် မိမိတို့လက်ကို စနစ်တကျဆေးကြောသည်ဟု ပြောဆိုကြောင်း ဖော်ပြခဲ့သည်။ ၎င်းတို့မှ လက်ကိုဆေးကြောသူ ၆၀ ရာခိုင်နှုန်းသည် အသင့်လျော်ဆုံးအချိန်တွင် မဆေးသည်ကများသည်။ သတင်းစာက ဤကဲ့သို့သော မနှစ်မြို့ဖွယ်စာရင်းဇယားများကြောင့် “တိုးတက်လုပ်ဆောင်စရာများစွာရှိနေဦးမည်” ဖြစ်ကြောင်း ကောက်ချက်ချလိုက်သည်။

လေကြောင်းခရီးတွင် ထိုင်ခုံခါးပတ်များက အသက်ကယ်

လေကြောင်းဖြင့်ခရီးသွားသူများသိရှိကြသည့်အတိုင်း လေယာဉ်သည် အလွန်ဆိုးရွားသောလေထုကမောက်ကမဖြစ်မှုနှင့် မမျှော်လင့်ဘဲ ရုတ်တရက်ရင်ဆိုင်ရနိုင်ရာ ယင်းက ခရီးသည်များကို အနာတရ သို့မဟုတ် အသက်ပင် သေစေနိုင်သည်။ တစ်ခုတည်းသော ထိရောက်သည့်ကြိုတင်ကာကွယ်နည်းမှာ လေယာဉ်ပေါ်ထိုင်သည့်အခါ ထိုင်ခုံခါးပတ်ကို တစ်ချိန်လုံးပတ်ထားခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများကဆို၏။ “သေချာသောလေထု ကမောက်ကမဖြစ်မှုကို ကြိုတင်ခန့်မှန်း၊ ကာကွယ်၊ ရှောင်ရှားရန်မှာ လွန်စွာမှခက်ခဲသည်” ဟုယူ.အက်စ်.နယူးနှင့် ကမ္ဘာ့သတင်းမှတ်တမ်းကဖော်ပြထားသည်။ သိပ္ပံပညာရှင်များသည် ထိုသို့သောလေထုကမောက်ကမဖြစ်မှုကို ကြိုတင်ထောက်လှမ်းရန် ပေါ်ပေါက်နေသော အာရုံခံကိရိယာများဖြင့် အသေအချာစုံစမ်းစစ်ဆေးနေကြသော်လည်း ယခုလောလောဆယ်တွင် လေယာဉ်အများစုသည် ရှေ့ကသွားနှင့်သော လမ်းကြောင်းတူလေယာဉ်များမှ မှတ်တမ်းများအပေါ် မှီခိုအားထားကြသည်။ လေကမောက်ကမဖြစ်ချိန်အတွင်း အနာတရဖြစ်ခဲ့ကြသူအားလုံးနီးပါးသည် ထိုင်ခုံခါးပတ်ကိုမပတ်ထားသူများဖြစ်သည်။ “သို့သော် လေကြောင်းလိုင်းများသည် ခရီးသည်များအား ခါးပတ်ပတ်ရန် မည်သို့တိုက်တွန်းရမည်ကို နားမလည်ကြ” ဟုဆောင်းပါးက ဝန်ခံထားသည်။

လျှပ်စစ်ဓာတ်အားချွေတာ

ဂျာမန်အိမ်များနှင့် ရုံးများတွင်အသုံးပြုသည့် လျှပ်စစ်ဓာတ်အား ဆယ့်တစ်ရာခိုင်နှုန်းမှာ အသုံးပြု၍မဟုတ်ဘဲ အရန်သင့်ထားသည့် လျှပ်စစ်ပစ္စည်းများကြောင့် ကုန်ခန်းသွားခြင်းဖြစ်သည်” ဟုအပိုသီကဲန်အုမ်စော သတင်းစာစောင်တွင် ဖော်ပြထားသည်။ ဂျာမနီနိုင်ငံအတွက် ခန့်မှန်းထားချက်အရ အရန်သင့်ထားသော တီဗွီ၊ စတီရီယို၊ ကွန်ပျူတာနှင့် အခြားလျှပ်စစ်ပစ္စည်းများသည် နှစ်စဉ်လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၂၀.၅ ဘီလီယံခန့်ကို အသုံးပြုသည်။ ယင်းသည် နိုင်ငံ၏အကြီးဆုံးမြို့တော် ဘာလင်မြို့၏ နှစ်စဉ်လျှပ်စစ်ဓာတ်အား သုံးစွဲမှုထက်ပိုများသည်။ လျှပ်စစ်ဓာတ်အားနှင့် သင့်ငွေကြေးကို ချွေတာရန် အချို့လျှပ်စစ်ပစ္စည်းများကို အရန်သင့်အနေအထားတွင်မထားဘဲ ခလုတ်ကိုလုံးလုံးပိတ်ပစ်ခြင်းက လုပ်ဆောင်နိုင်ပါသည်။

ပင်လယ်သေ တိမ်ကောလာခြင်း

ကမ္ဘာပေါ်ရှိ အနိမ့်ဆုံးနှင့် အငန်ဆုံးဖြစ်သော ပင်လယ်သေသည် လျင်မြန်စွာကောလာသည်။ ၁၉၆၅ တွင် ပင်လယ်သေ၏မျက်နှာပြင်သည် ပင်လယ်ရေမျက်နှာပြင်အောက် ၁,၂၉၅ ပေတွင်ရှိသည်။ ယခုတွင်မူ ပင်လယ်ရေမျက်နှာပြင်အောက် ၁,၃၅၅ ပေရှိကာ ယင်းကို နှစ်ပိုင်းကွဲသွားစေသည့် သဲကုန်းရိုးလေးပေါ်နေသည်။ ရေစပ်နားတွင်တည်ဆောက်သော ဟိုတယ်များသည် ယခုအခါ ကုန်းတွင်းပိုင်းတွင် လုံးလုံးရှိနေကြပြီဖြစ်သည်။ “၎င်း၏ပင်လယ်ရေမျက်နှာပြင်သည် တစ်နှစ်လျှင် ၂.၅ ပေအထိ သိသိသာသာကျဆင်းပြီး ပင်လယ်ပြင်သည် လူနှင့်နိုင်ငံရေးတို့၏လိုအပ်သည့်အတိုင်းအတာကိုမီအောင် ပြန်လည်မဖြည့်ဆည်းနိုင်ပါ” ဟူ၍ဒါးလပ်စ်နံနက်ခင်းသတင်းက ဖော်ပြထားသည်။ “ခြောက်သွေ့သော အရှေ့အလယ်ပိုင်းဒေသ၏ ဖြေရှင်းရန်ခက်သည့်အတားအဆီးများက ရေနှင့် ငြိမ်းချမ်းရေးမည်မျှအပြန်အလှန်ဆက်စပ်နေကြောင်း ဖော်ပြနေစဉ် ပင်လယ်သေကောတော့မည့်အလားအလာက ဒေသတွင်း ရေအကြီးအကျယ်ရှားပါးတော့မည့်လက္ခဏာပြနေသည်။ . . . ယနေ့တွင် ပင်လယ်သေအတွက် အဓိကရင်းမြစ်ဖြစ်သော ယော်ဒန်မြစ်ရေကို . . . အစ္စရေး၊ ဆီးရီးယားနှင့် ဂျော်ဒန်နိုင်ငံတို့က ကုန်လုခမန်း လမ်းလွှဲသွယ်ယူကြသည်။” ပင်လယ်သေ၏သမိုင်းနှင့်ပတ်သက်၍ ဆောင်းပါးက ဤသို့ဆိုသည်– “အထွန်းပြောင်ဆုံးသမိုင်းမှတ်တမ်းမှာ သမ္မာကျမ်းစာမှတ်တမ်းဖြစ်သည်၊ ယင်းက ယိုယွင်းသောအကျင့်ကြောင့် ‘သောဒုံနှင့် ဂေါမောရမြို့တို့အပေါ် ကန့်နှင့်မီးမိုးကျရောက်စေခြင်းဖြင့်’ လွင်တီးခေါင်အဖြစ်သို့ ဘုရားသခင်လုပ်ဆောင်သည့်အချိန်အထိ မြေသြဇာကောင်းသောဒေသတစ်ခုတွင် မြေပြန့်မြို့များတည်ရှိပုံကို ဖော်ပြသည်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ