များစွာသောသူတို့ အဘယ်ကြောင့် သွေးကို ငြင်းပယ်နေကြ
အလွန်ထူးခြားအရေးပါသည့်ဆုံးဖြတ်ချက်ဟု ခေါ်တွင်သည့် စီရင်ချက်တစ်ခုကိုချရာတွင် အွန်တဲရီယိုရုံးတော်သည် သွေးသွင်းခံရသူနှစ်ဦး—နှစ်ဦးစလုံးသည် သွေးလှူရှင်တစ်ဦးတည်းမှ မသန့်ရှင်းသောသွေးကိုအသွင်းခံရကာ—အိပ်ချ်အိုင်ဗွီပိုးကူးစက်မှုအတွက် ကနေဒါနိုင်ငံကြက်ခြေနီအသင်းတွင် တာဝန်ရှိသည်ဟု စီရင်ချက်ချခဲ့သည်။ “မသန့်ရှင်းသောသွေးကဲ့သို့ ဘေးဖြစ်စေတတ်သောအရာတစ်ခုသည် အသွင်းခံရသူတို့၏အသက်ကို အန္တရာယ်ဖြစ်စေသောအခါ အရေးပေါ်လုပ်ဆောင်ဖို့လိုသည်” ဟုတရားသူကြီး စတီဖင်ဘွန်းန်စ်ကဆိုသည်။
၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ကနေဒါနိုင်ငံသား ၁,၂၀၀ ခန့်သည် အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံရသည့်အပြင် လူ ၁၂,၀၀၀ သည်မသန့်ရှင်းသောသွေးနှင့် သွေးမှထုတ်လုပ်သည့်ပစ္စည်းများမှ အသည်းရောင်စီရောဂါ ကူးစက်ခံခဲ့ရကြသည်။ ကူးစက်မှုအရေအတွက်လျော့နည်းစေရန် သွေးလှူရှင်များကို ရောဂါရှိမရှိ ပို၍သေချာစွာစစ်ဆေးကြသည်။ သို့သော် သွေးလှူရှင်အားလုံးသည် သူတို့၏လိင်မှုကိစ္စနောက်ကြောင်းနှင့်ပတ်သက်၍ ရိုးရိုးသားသားမပြောကြချေ။ ဥပမာအနေနှင့် အမေရိကန်ပြည်ထောင်စုတွင် လေ့လာသုံးသပ်မှုတစ်ရပ်က သွေးလှူရှင် ၅၀ ယောက်တွင် ၁ ယောက်သည် လိင်တူချင်းဆက်ဆံသောလုပ်ရပ် သို့မဟုတ် ပြည့်တန်ဆာနှင့်လိင်ဆက်ဆံခြင်း ကဲ့သို့သော အန္တရာယ်အကြောင်းအချက်များကို မပြောပြကြပါဟု ဖော်ပြသည်။
သွေးစစ်ခြင်းသည် အမှားအယွင်းရှိနိုင်သည်ဟူသောအချက်က အကျပ်ရိုက်မှုကို ထပ်ဆောင်းပေး၏။ နယူးဆိုင်းယင်းတစ် မဂ္ဂဇင်းအရ “လူတစ်ဦးသည် အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံရပြီးနောက် သုံးပတ်မပြည့်မီသွေးလှူလျှင် လက်ရှိစစ်ဆေးမှုများပြုသော်လည်း ဗိုင်းရပ်စ်ပိုးများကို မတွေ့ရှိနိုင်ပါ။ အသည်းရောင်စီရောဂါကိုရှာဖွေတွေ့ရှိဖို့ ဤ ‘ကြားကာလ’ သည် နှစ်လကျော်ကြာရှည်နိုင်သည်။”
မကြာသေးမီနှစ်များက သွေးလှူလိုသူ သို့မဟုတ် သွေးသွင်းခံလိုသူ ကနေဒါနိုင်ငံသားအရေအတွက် သိသိသာသာလျော့နည်းလာသည်။ ပင်တိုင်ဆောင်းပါးရှင် ပေါ ရှရတ်စ်က “သွေးလှူခြင်းကိုစိတ်ဝင်စားမှုနည်းလာပြီး သွေးမလှူနိုင်သူအရေအတွက် တိုးများလာချိန်တွင် ယေဟောဝါသက်သေများသည် သွေးအစားသုံးသောအရာများကို ရှေ့ဆောင်ရှေ့ရွက်သုတေသနပြုနေကြသည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြပါ” ဟူ၍ရေးသားသည်။
စိတ်ဝင်စားစရာကောင်းသည်မှာ မကြာသေးမီနှစ်တစ်နှစ်အတွင်း လူအယောက် ၄၀ ခန့်သည် “သွေးမသွင်းလိုကြသောကြောင့် မိမိတို့သည် ယေဟောဝါသက်သေများဖြစ်သည်ဟု မဟုတ်မမှန်ပြောဆိုကာ ကနေဒါနိုင်ငံဆေးရုံများတွင် လာရောက်စာရင်းသွင်းခဲ့ကြောင်း” သည်တိုရွန်တိုစတား ကဖော်ပြသည်။ လေ့လာသုံးသပ်ချက်များက ကနေဒါနိုင်ငံသား ၉၀ ရာခိုင်နှုန်းခန့်သည် လှူထားသောသွေးအစား အခြားအရာတစ်ခုခုကို ပို၍နှစ်သက်ကြသည်ဟု ဖော်ပြသည်။ ထို့ကြောင့် သွေးကိုအသုံးပြုခြင်းသည် ဘာသာရေးဆိုင်ရာကိစ္စရပ်တစ်ခုမျှသာ မဟုတ်တော့ပေ။