ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
ကယ်ဆယ်ထားရာစာအုပ်များ
သက်တမ်းကြာရှည်မှု၊ ပျက်စီးမှု သို့မဟုတ် ညစ်ညမ်းမှုဒဏ်ကို သန်းနှင့်ချီသောစာအုပ်များ ခံနေရသည်။ ဂျာမနီတစ်နိုင်ငံတည်း၌ပင် ထိခိုက်နေသောစာအုပ်ပေါင်းသန်း ၆၀ ခန့်ကို အသုံးပြုခွင့်မပေးဘဲ ပြန်သိမ်းဆည်းထားခဲ့ရသည်ဟု လစ်ပ်စီဂါး ဖော့ခ်ဈေတွန်သတင်းစာကဖော်ပြသည်။ လက်ဖြင့်ပြန်ပြုပြင်ခြင်းသည် ကြာမြင့်စွာအပင်ပန်းခံ၍ပြုလုပ်ရသောလုပ်ငန်းဖြစ်၏။ လစ်ပ်စီဂ်မြို့မှ စာအုပ်ထိန်းသိမ်းစောင့်ရှောက်မှုဌာန၏ စက်မှုပညာဆိုင်ရာဒါရိုက်တာ ဒေါက်တာ ဒဗလျူ. ဗာခ်တာက “စာအုပ်တစ်အုပ်ကို လက်ဖြင့်ပြန်ပြုပြင်မွမ်းမံရချိန်အတွင်း အခြားစာအုပ်လေးငါးအုပ်သည် ပျက်စီးနေသည်” ဟုဆို၏။ အဆိုပါဌာနက စာအုပ်များစွာကိုထိန်းသိမ်းပေးနိုင်မည့် စက်များထုတ်လုပ်ရန်ကြိုးစားအားထုတ်နေကြ၏။ စက်တစ်လုံးမှာ အက်စစ်ဓာတ်ပြယ်စက်ဖြစ်ပြီး ၎င်းသည် တစ်နှစ်အတွင်း တစ်ဆိုင်းစီအသုံးပြုရုံဖြင့် စာအုပ်ပေါင်း ၁၀၀,၀၀၀ ကို ထိန်းသိမ်းနိုင်သည်။ စာရွက်တစ်ရွက်စီကို ပိုခိုင်စေဖို့ တစ်ရွက်ချင်း၏ ရှေ့ဘက်ကျောဘက်ကိုခွဲကာ အလွန်ပါးလွှာခိုင်ခံ့သောစာရွက်တစ်ရွက် ကြားထဲထည့်သွင်းပေးသည့် စာရွက်ခွဲစက်လည်းရှိသည်။ တစ်နေ့လျှင် စာရွက်ပေါင်း ၁၀၀ မှ ၂၀၀ ကို လက်ဖြင့်ထိန်းသိမ်းကယ်ယူခြင်းနှင့် နှိုင်းယှဉ်လျှင် ၎င်းစက်သည် တစ်နေ့လျှင် စာရွက်ပေါင်း ၂,၀၀၀ ကိုခိုင်မာစေပြီး တစ်ရွက်လျှင် ၉၄ ရာခိုင်နှုန်းသက်သာစေ၏။ မိမိတို့၏စာအုပ်များကို ဤသို့ပြုပြင်ပြုစုရန် စာကြည့်တိုက်များနှင့် မော်ကွန်းတိုက်များမှ စာအုပ်များကိုသာမက ကိုယ်ပိုင်စာအုပ်များကို ဤဌာနသို့ယူဆောင်လာကြသည်။
ယာဉ်တိုက်မှုကြောင့်အသက်ဆုံးရှုံးမှုနှုန်း မြင့်တက်လာ
နှစ်စဉ် လူ ၅၀၀,၀၀၀ ကျော်သည် ကမ္ဘာ့အဝေးပြေးလမ်းမကြီးများပေါ်တွင် အသက်ဆုံးခဲ့ရပြီး ကမ္ဘာတစ်ဝန်းတွင် ယာဉ်တိုက်မှုကြောင့်အသက်ဆုံးရှုံးမှုနှုန်း မြင့်တက်လာသည်ဟု ယာဉ်ထိန်းသိမ်းရေးနှင့်လုံခြုံရေးမှတ်တမ်း သတင်းလွှာကဖော်ပြသည်။ ပြင်းထန်သည့်ယာဉ်မတော်တဆဖြစ်မှုတစ်ခုတွင်ပါဝင်ပတ်သက်နိုင်သည့် သင့်အလားအလာများကား အဘယ်နည်း။ မှတ်တမ်းအရ “‘စက်တပ်ယာဉ်များကိုသုံး’ သည့်နိုင်ငံများ၌ အဝေးပြေးလမ်းမကြီးတစ်ခုပေါ်တွင် ယာဉ်တိုက်မှုကြောင့် နှစ်စဉ်အနည်းဆုံး လူအယောက် ၂၀ တွင် ၁ ယောက်သည် အသက်ဆုံးခဲ့ရသည် သို့မဟုတ် ထိခိုက်ဒဏ်ရာရခဲ့သည်၊ လူ ၂ ယောက်တွင် ၁ ယောက်သည် ယာဉ်တိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရ၍ သူတို့၏အသက်တာတွင် အနည်းဆုံးတစ်ကြိမ် ဆေးရုံတက်ခဲ့ရသည်။”
ခွဲစိတ်ကုစက်ရုပ်
ပါရီဆေးရုံတစ်ခုတွင် ခွဲစိတ်ကုဆရာဝန်နှစ်ဦးသည် ကွန်ပျူတာဖြင့်ထိန်းသည့်စက်ရုပ်တစ်ခုကိုသုံး၍ ဦးဆုံးအကြိမ်အောင်မြင်သည့်နှလုံးခွဲစိတ်ကုသမှုကို ပြုလုပ်ခဲ့သည်ဟု ပြင်သစ်သတင်းစာ လာဖီဂါရိုးကဖော်ပြသည်။ နှလုံးပတ်သွေးလွှတ်ကြောကိုလမ်းလွှဲခွဲစိတ်ကုသမှုအပါအဝင် ခွဲစိတ်ကုသမှုခြောက်ခုကိုပြုလုပ်ခဲ့သည်။ ၎င်းနည်းတွင် တစ်လက်မခွဲအကျယ်ခွဲစိတ်ကုသခြင်း ပါဝင်သည်။ ခွဲစိတ်ကုဆရာဝန်များသည် လူနာနှင့်ပေအတော်အတန်အကွာရှိ ခလုတ်ခုံတွင်ထိုင်၍ ကင်မရာနှင့် လူနာ၏ခန္ဓာကိုယ်အတွင်းကိုကြည့်ကာ စက်ရုပ်၏လက်လှုပ်ရှားမှုများကိုညွှန်ကြားရန် အထိန်းခလုတ်နှစ်ခုကိုသုံးသည်။ ကွန်ပျူတာသည် ခွဲစိတ်ကုဆရာဝန်များ၏လက်ရွေ့ရှားမှုများကို သုံးဆမှ ငါးဆအထိ လျော့နည်းစေခြင်းကြောင့် ခွဲစိတ်ကုသမှု၌ ပို၍တိကျပြီး ခန္ဓာကိုယ်အတွင်းထိခိုက်မှုနည်းစေသည်။ အခြားအကျိုးကျေးဇူးတစ်ခုမှာ လူနာသည် နာလန်ထချိန်အတွင်း အနည်းငယ်သာဝေဒနာခံစားရခြင်းဖြစ်သည်။
လွယ်ကူသောသိုးမွှေးညှပ်ခြင်း
သာမန်သိုးမွှေးညှပ်ခြင်းနှင့်ဒွန်တွဲသည့် ဖိစီးမှုကို သိုးအားမခံရစေဘဲ သိုးမွှေးကို မည်သို့ရနိုင်မည်နည်း။ တိရစ္ဆာန်၏သွေးကြောထဲ၌ သဘာဝအတိုင်းဖြစ်ပေါ်သည့်ပရိုတင်းကို ထိုသိုးထဲဆေးထိုးသွင်းခြင်းဖြင့် ဩစတြေးလျနိုင်ငံတွင် ယင်းကိုပြုလုပ်နေကြသည်။ တိုးမြှင့်လာသောပရိုတင်းပမာဏမှာ ၂၄ နာရီကြာခံပြီး သိုးမွှေးအမျှင်များနှင့် အရေပြားတို့၏တွယ်ဆက်မှုကို လျော့နည်းစေသည်။ ထိုအခါ သိုးမွှေးကို တစ်စတည်းအဖြစ်ညှပ်ပြီး သိုးမွှေးပြန်ပေါက်လာ၏။ တစ်ပတ်အတွင်း ညှပ်မည့်သိုး၏သိုးမွှေးကိုရရှိဖို့ တိရစ္ဆာန်တစ်ကောင်ချင်းစီကို ပိုက်ကွန်ဖြင့်စွပ်လိုက်သည်။ ဤသို့ပြုလုပ်ခြင်းက သိုးမွှေးအရည်အသွေးကိုပိုကောင်းစေပြီး ဒုတိယအကြိမ်ညှပ်ဖို့မလိုချေ။ ယင်းက ဓာတုပစ္စည်းများအသုံးပြုစရာမလိုဘဲ သန်းနှင့် အရေပြားရောဂါဖြစ်ခြင်းကိုလည်း လျော့နည်းစေပြီး သိုးတို့အတွက် ဖိစီးမှုဒဏ် သာ၍နည်းစေသည်။ ဩစတြေးလျတွင် ဤသိုးမွှေးညှပ်နည်းသစ်ကို သဘောကျသူများလာသည်။ သို့သော် သိုးမွှေးညှပ်သည့်အခါ ရာသီဥတုကိုထည့်စဉ်းစားရသည့် ဗြိတိန်ကဲ့သို့သောနိုင်ငံများတွင် အသုံးဝင်လှမည်မဟုတ်ပေဟု လန်ဒန်မှ သည်ဆန်းဒေးတိုင်းမ်စ် ကဖော်ပြသည်။ ပရိုတင်းဆေးထိုးပေးပြီးနောက် ရုတ်တရက်အပူချိန်ကျဆင်းခြင်းက သိုးမွှေးကွာကျသွားသည့်အခါ၌ သိုးအုပ်ကိုအလွန်ချမ်းအေးနေစေလိမ့်မည်ဟု စက်မှုလုပ်ငန်းတစ်ခုမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဆိုသည်။
ရေခဲမြစ်အရည်ပျော်ရာမှ အံ့အားသင့်စရာများ တိုး၍ပေါ်ထွက်လာ
အပူချိန်တဖြည်းဖြည်းတိုးလာနေသောကြောင့် အဲလ်ပိုင်းရေခဲမြစ်များသည်ကျုံ့လာရာမှ အံ့အားသင့်စရာများ ဆက်ပေါ်ထွက်လာသည်။ ၁၉၉၁ ခုနှစ်တွင် ဩစတြီးယားနှင့် အီတလီနယ်စပ်၌ ရှေးဦးခေတ်ရေခဲပြင် အရည်ပျော်ခြင်းမှ ကမ္ဘာဦးမုဆိုးတစ်ဦး၏ရုပ်ကလာပ် ပေါ်ထွက်လာသည်။ အခြားတွေ့ရှိရာများဖြစ်သည့် စစ်သားများ၏အလောင်းများ၊ မပေါက်ကွဲသေးသည့်လက်ပစ်ဗုံးများနှင့် အမြောက်လက်နက်ကျည်ဆန်အခွံများကိုဖယ်ရှားရန် ၁၉၉၈ ဩဂုတ်လအတွင်း အီတလီတောင်ပိုင်းမှ အာဏာပိုင်တို့က တောင်တန်းဒေသအချို့ကို ကန့်သတ်နယ်မြေအဖြစ် ကြေညာလိုက်ရသည်။ ပစ္စည်းအမျိုးအစားအားလုံးမှာ ထိုဒေသတွင် အီတလီနှင့် ဩစတြီးယားစစ်သားများ တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့စဉ် ပထမကမ္ဘာစစ်မှဖြစ်သည်။ ထိုသို့ရှင်းလင်းမှုများပြုလုပ်စဉ်အတွင်း “ထိုအရပ်တွင်နေထိုင်သူအားလုံး၊ အထူးသဖြင့် ကမ္ဘာလှည့်ခရီးသည်များနှင့် ခြေလျင်ခရီးထွက်သူတို့အနေဖြင့် အထူးဂရုစိုက်ဖို့ သတိပေးခြင်းခံခဲ့ရကြ” ပြီး “ပေါက်ကွဲစရာအလားအလာ အမြဲရှိနေခြင်းကြောင့်” ခရီးလမ်းကြောင်းများကို အာဏာပိုင်တို့နှင့် စစ်ဆေးမေးမြန်းကြရန် ကော်ယီရာ ဒယ်လာ စရာ အီတာလျံသတင်းစာကဆိုသည်။ ပစ္စည်းပစ္စယများစွာမှာ အလွန်အန္တရာယ်များလှပြီး ယင်းကို ရှာဖွေတွေ့ရှိသူတို့ကို သေစေ သို့မဟုတ် အပြင်းအထန်ဒဏ်ရာရစေနိုင်သည်။
မသန့်ရှင်းသည့်မျက်နှာပြင်များ
သင့်အိမ်ရှိအိမ်သာထိုင်ခွင်သည် မီးဖိုချောင်ရှိစဉ်းတီတုံးထက် သန့်ရှင်းမှုပိုရှိနိုင်သည်ဟု အမြင်အားဖြင့်မထင်ရပါ။ အရီဇိုးနားတက္ကသိုလ်မှသုတေသီများက အိမ် ၁၅ လုံးတွင်တွေ့ခဲ့ရသည့် ဘက်တီးရီးယားပိုးများကို ရက်သတ္တပတ် ၃၀ ကြာစစ်ဆေးပြီးနောက် ယင်းသို့ကောက်ချက်ချခဲ့ခြင်းဖြစ်သည်။ ၎င်းအဖွဲ့သည် ဘုံပိုင်ခေါင်းလက်ကိုင်များ၊ ဇလုံမျက်နှာပြင်များ၊ စဉ်းတီတုံးများ၊ ပန်းကန်ဆေးသည့်အဝတ်စများနှင့် အိမ်သာထိုင်ခွင်များအပါအဝင် အိမ်တစ်ခုစီရှိ ၁၄ နေရာမှနမူနာများယူခဲ့ကြသည်။ သူတို့၏တွေ့ရှိချက်များကား အဘယ်နည်း။ “သုတေသီများသည် အိမ်သာထိုင်ခွင်များတွင်ထက် ပန်းကန်ဆေးသည့်အဝတ်စများကိုညှစ်သည့်အရည်တွင် ဘက်တီးရီးယားပိုး အဆတစ်သန်းပို၍တွေ့ခဲ့ရသည်” ဟုနယူးဆိုင်းယင်းတစ်မဂ္ဂဇင်းကဖော်ပြသည်။ “စဉ်းတီတုံးများ၌ပင် သုံးဆပိုများသည်။” စူးစမ်းလေ့လာမှုအတွက် ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သောပတ်ရာစင်က “အိမ်သာထိုင်ခွင်များသည် စိုထိုင်းသည့်ဝန်းကျင်များကို ပိုနှစ်သက်တတ်သည့် ရှင်သန်နေသောဘက်တီးရီးယားပိုးများကို အထောက်အကူမပြုသည့်အထိ ခြောက်သွေ့သည်” ဟုယူဆခဲ့ကြောင်း မဂ္ဂဇင်းကဖော်ပြသည်။ ကျန်းမာရေးနှင့်ပိုမိုညီညွတ်စေရန် ပန်းကန်ဆေးသည့်အဝတ်စများကို ပတ်စဉ်သန့်ရှင်းရေးလုပ်ပေးဖို့ ရာစင်ကအကြံပြုသည်။ “ရေအင်တုံအပြည့်တစ်လုံးတွင် ချွတ်ဆေးတစ်ခွက်ရော၍ ၎င်းထဲသို့ ပန်းကန်ဆေးသည့်အဝတ်စကိုနှစ်ကာ ရေကိုမညှစ်ပစ်မီ ၁၀ မိနစ်ကြာအောင်စိမ်ထားပါ” ဟုသူကပြောသည်။
ကျောက်ကပ်တွင်ကျောက်တည်ခြင်း အန္တရာယ်ကိုလျော့နည်းစေခြင်း
၁၉၈၆ ခုနှစ်နှင့် ၁၉၉၄ ခုနှစ်စပ်ကြား ယူနိုက်တက်စတိတ်ရှိသူနာပြု ၈၀,၀၀၀ ကျော်၏အစားအစာများကို ခြေရာခံလိုက်သောသုတေသီများက သစ်သီးဖျော်ရည်အချို့သည် အခြားအရည်များထက် လူတစ်ဦးကျောက်ကပ်တွင်ကျောက်တည်ခြင်းမဖြစ်ရစေရန် ပို၍ကူညီပေးနိုင်ဖွယ်ရှိသည်ကိုတွေ့ခဲ့ရသည်ဟု သိပ္ပံသတင်းကဖော်ပြသည်။ လေ့လာသုံးသပ်ခဲ့သည့်ဖျော်ရည် ၁၇ မျိုးအနက် လက်ဖက်ရည်သည် ကျောက်ကပ်တွင်ကျောက်တည်ခြင်းအန္တရာယ်ကို ၈ ရာခိုင်နှုန်းလျော့နည်းစေပြီး ရိုးရိုး သို့မဟုတ် ကဖိန်းဓာတ်မပါသည့်ကော်ဖီသည် ၉ ရာခိုင်နှုန်းခန့် အန္တရာယ်ကိုလျော့နည်းစေသည်။ ဝိုင်ကိုအတော်အသင့်သောက်သုံးခြင်းသည် လူတစ်ဦးအား ကျောက်ကပ်တွင်ကျောက်တည်ခြင်းအန္တရာယ်မှ ၂၀ ရာခိုင်နှုန်း သို့မဟုတ် ထိုထက်မက လျော့နည်းစေရန်ကူညီပေးသည်။ “နေ့စဉ် ဂရိတ်ဖရုသီးအရည် ၈ အောင်စတစ်ခွက်ကိုသောက်သုံးခြင်းသည် ကျောက်တည်သည့်အန္တရာယ်ကို ၄၄ ရာခိုင်နှုန်းတိုးစေခြင်းမှာထူးဆန်းသည်” ဟုလေ့လာမှုကဖော်ပြခဲ့သည်။ “အခြားမည်သည့်အရည်မှ ထိုကဲ့သို့ဆိုးကျိုးသက်ရောက်မှုမရှိခဲ့ပါ။” ဘော်စတန်ရှိ ကျောက်ကပ်ရောဂါဗေဒပညာရှင်နှင့် ကပ်ရောဂါဗေဒပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာဂယ်ရီကာဟန်က ဤသို့ကိုးကားပြောဆိုခဲ့သည်– “ဖျော်ရည်သောက်သုံးခြင်းကိုပြုပြင်ပေးခြင်းသည် ထူးခြားမှုရှိစေနိုင်သည်၊” သို့သော် ယေဘုယျကုသမှုနည်းဗျူဟာတစ်ခု၏ တစ်စိတ်တစ်ဒေသအနေနှင့်သာဖြစ်သည်။
ဈေးမဝယ်ဘဲမနေနိုင်ခြင်း
“ဂျာမနီနိုင်ငံတွင် မဖြစ်မနေဈေးဝယ်ရခြင်းကြောင့် ဝေဒနာခံစားရသူ များသည်ထက်များလာသည်” ဟုဂရာ့ဖ်ရှာ့ဖ်တာ နာ့ခ်ရစ်ခ်တန်သတင်းစာကဖော်ပြသည်။ စီးပွားရေးစိတ်ပညာရှင်အဲလ်ဖရက်တ် ဂေးဘာ့တ်၏အဆိုအရ မဖြစ်မနေဈေးဝယ်ရသူများခံစားရသည့်ပီတိသည် ကုန်ပစ္စည်းများအတွက်ငွေပေးချေပြီးနောက် အလျင်အမြန်ပျောက်ကွယ်သွားသည်။ သူတို့သည် မူးယစ်ဆေးဖြတ်စဉ်ခံစားရသကဲ့သို့ ခန္ဓာကိုယ်တွင်ခံစားရတတ်သည်ဟု ဂေးဘာ့တ်ကဆို၏။ “သူတို့သည် တုန်တုန်ရီရီဖြစ်ပြီး ချွေးပြန်ကာ ဝမ်းဗိုက်ကြွက်တက်ခြင်းကို ခံစားရကြသည်။” ယင်းကြောင့် ဝင်ငွေကောင်းပြီး ငွေကြေးစိတ်ချရသူများသည် ဆင်းရဲသူများထက် ထိုအန္တရာယ်နှင့်ပို၍နီးစပ်သည်။ ဈေးမဝယ်ဘဲမနေနိုင်ရသည့် ဖြစ်နိုင်ခြေအကြောင်းရင်းများမှာ ‘အထီးကျန်စိတ်၊ သိမ်ငယ်စိတ်ဝင်ခြင်း၊ ဖိစီးမှုဒဏ်နှင့် အလုပ်ခွင်ရှိပြဿနာများ’ ပါဝင်သည်ဟုဆိုကြသည်။ မလုပ်မနေလုပ်ရခြင်းကိုတိုက်လှန်ရာတွင် အကူအညီဖြစ်စေရန် ဝါသနာပါရာတစ်ခုခုကို ပြုစုပျိုးထောင်ပေးဖို့ ဂေးဘာ့တ်ကအကြံပြုသည်။ အထူးအရေးကြီးသည်မှာ လူမှုပေါင်းသင်းဆက်ဆံရေးများပြုခြင်းဖြစ်သည်ဟု ဂေးဘာ့တ်ကဆို၏။ “တစ်ဦးဦးကအကူအညီမပေးလျှင် အကြွေးထောင်ချောက်၌ပိတ်မိပြီး နောက်ဆုံးလက်ကျန်ငွေကို သုံး၍ကုန်သည့်အခါမှသာ ဈေးမဝယ်လျှင်မနေနိုင်သောအဖြစ်ကို သိရလေတော့သည်” ဟုသူကဆိုသည်။
ကလေးများကို စုံစမ်းထောက်လှမ်းခြင်း
ဂျပန်နိုင်ငံရှိမိဘအချို့သည် မိမိတို့၏ကလေးများအား ကျောင်းတွင်အနိုင်ကျင့်ခံရခြင်းမှကာကွယ်ရန် စုံစမ်းထောက်လှမ်းပေးဖို့ အလွတ်စုံထောက်များကို စ၍ငှားရမ်းခဲ့ကြသည်။ နေ့စဉ်ရိုမီယူရီသတင်းစာအရ ကျောင်းသား ၆,၀၀၀ ကျော်ကိုစစ်တမ်းကောက်ယူခဲ့သည့် အိုဆာကာမြို့တော်တက္ကသိုလ်ပါမောက္ခတစ်ဦးက ဤသို့ဆိုသည်– “အနိုင်ကျင့်ခံရသောကလေးများသည် ယေဘုယျအားဖြင့် တန်ပြန်တိုက်ခိုက်ရန် သို့မဟုတ် ယင်းကိုရပ်တန့်သွားစေရန် မိမိတို့၏မစွမ်းဆောင်နိုင်မှုအတွက် အပြစ်တင်ခံရမည်ကိုစိုး၍ အဖြစ်မှန်ကို မိသားစုအား ပြန်မပြောပြဘဲဖုံးကွယ်ထားလိုကြသည်။” မိမိတို့၏ကလေးများသည် တိုက်ခိုက်နှောင့်ယှက်ခံနေရသည်ဟု သင်္ကာမကင်းဖြစ်သောမိဘအချို့သည် သူတို့သားသမီးများပြောဆိုကြသည့်စကားများကိုနားထောင်ရန် ၎င်းတို့၏ကိုယ်ပေါ်၌ အီလက်ထရွန်းနစ်အသံဖမ်းကိရိယာများကို အသိမပေးဘဲတပ်ဆင်ထားသည့်နည်းကို သုံးခဲ့ကြသည်။ အခြားသူများမူ “အသက်အန္တရာယ်ရှိနေသည့်ကလေးတစ်ဦးကိုကယ်ရန် ကိုယ်စောင့်ကောင်းကင်တမန်များကဲ့သို့ အနှောင့်အယှက်ပေးသူများ၏လက္ခဏာကို မှတ်သားထားပြီး အလျင်အမြန်လှုပ်ရှားဖို့ ကလေးနောက်ကို ခပ်လှမ်းလှမ်းမှ” လိုက်ရန် အလွတ်စုံထောက်များကိုငှားရမ်းခဲ့ကြသည်။ သို့သော် ကလေးရှေ့နေများက “မိဘတို့၏စုံစမ်းထောက်လှမ်းမှုအား လူကြီးတစ်ဦးကို ယုံကြည်အားကိုးပြီး အတွင်းရေးကိုဖွင့်ပြောပြဖို့ အများဆုံးလိုအပ်သည့်လူငယ်များကို ပို၍စိမ်းကားစေနိုင်ဖွယ်ရှိသည့် အလွန်မနှစ်မြို့စရာလုပ်ရပ်တစ်ခုအဖြစ် လူသိရှင်ကြားပြစ်တင်ရှုတ်ချကြသည်” ဟုသတင်းစာကဖော်ပြသည်။ သို့သော် မိဘများက ၎င်းသည် ပြောဆိုဆက်သွယ်မှုပြတ်တောက်သည့်အခါ အနှောင့်အယှက်ခံရသောမိမိတို့၏ကလေးများကို ကူညီရန်နည်းလမ်းတစ်ခုဖြစ်သည်ဟု ဆိုကြသည်။