ကျွန်ုပ်တို့၏ စာရှုသူများထံမှ
ကျွန်ုပ်တို့သည် မိမိတို့၏ မိုးလေဝသကို ပြောင်းလဲပစ်နေကြသလော ကျွန်မအသက်ဟာ ၁၇ နှစ်ဖြစ်ပြီး ဒီပလိုမာဘွဲ့အတွက် ပြင်ဆင်နေသူပါ။ စာမေးပွဲမှာ ပထဝီဝင်ဘာသာရပ်ပါဝင်ပြီး “ကျွန်ုပ်တို့သည် မိမိတို့၏ မိုးလေဝသကို ပြောင်းလဲပစ်နေကြသလော” (မေ ၈၊ ၁၉၉၉) အခန်းဆက်ဆောင်းပါးက ကျွန်မရဲ့ပြင်ဆင်မှုကို အများကြီးအကူအညီဖြစ်စေခဲ့တယ်။ စာမေးပွဲဖြေပြီးတဲ့နောက် ကျွန်မအတန်းဖော်တွေက မိုးလေဝသနဲ့ပတ်သက်တဲ့အကြောင်းအချက်တွေကို ဘယ်ကရခဲ့တာလဲလို့မေးပြီး သူတို့ထဲကတစ်ဝက်က စာစောင်တွေအတွက် တောင်းဆိုခဲ့ကြပါတယ်။
အေ. ဂျီ.၊ ဆွစ်ဇာလန်
ဒီလထုတ် နိုးလော့! ထဲမှာပါတဲ့ ဖန်လုံအိမ်အာနိသင်အကြောင်းကို ဆန်းစစ်ခြင်းအားဖြင့် ကျွန်တော်အံ့အားသင့်ကြည်နူးခဲ့တယ်။ ကျွန်တော်ဟာ ထက်သန်တဲ့ဂေဟဗေဒပညာရှင် ခရစ်ယာန်တစ်ယောက်ပါ။ ယေဟောဝါသက်သေတွေဟာ အမြဲလိုလို သတင်းမမွှေးကြဘူး။ ဒါပေမဲ့ သင်တို့မဂ္ဂဇင်းမှာပါတဲ့အရာတွေဟာ စဉ်းစားထိုက်တဲ့အကြောင်းတွေဖြစ်တယ်။ ဂေဟဗေဒနဲ့ ယုံကြည်ခြင်းကိုလိုက်စားသူ မရှိသလောက်ဖြစ်နေတယ်။ နောက်ဆုံးတော့ ဘုရားသခင်ရဲ့ဖန်ဆင်းရာတွေကို စိတ်ဝင်စားတဲ့ ဘာသာရေးသမားတွေရှိနေတာကိုး!
အမ်. စီ.၊ ပြင်သစ်
ကျွန်မအသက်ကတော့ ၁၄ နှစ်ပါ၊ သင်တို့ရဲ့ ဆောင်းပါးများအတွက် ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ မိုးလေဝသနဲ့ပတ်သက်ပြီး ကျွန်မတစ်ခါမှ သိပ်မတွေးခဲ့ဖူးဘူး။ ဒါပေမဲ့ အခုတော့ ကျွန်မတို့ရဲ့ကမ္ဘာဂြိုဟ်ကို ကျွန်မတို့ဘာတွေ လုပ်နေနိုင်တဲ့အကြောင်း ပထမအကြိမ်အဖြစ် အလေးအနက်တွေးတောခဲ့ပါတယ်။ ဒီဆောင်းပါးတွေဟာ လူအတော်များများကို ပြန်ပြီးသတိလည်လာစေသင့်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မတို့ရဲ့ပတ်ဝန်းကျင်ကို ဘယ်သူဖျက်ဆီးချင်မှာလဲ။ ကျွန်မတို့ဟာ ဘုရားပေးလက်ဆောင်ကို အကြောင်းမဲ့သက်သက် မလွှင့်ပစ်သင့်ပါဘူး။
အက်စ်. ကျူ.၊ ဂျာမနီ
ဘာသာရေးစာစောင်လို့ လူတွေယူမှတ်တဲ့ မဂ္ဂဇင်းထဲမှာ ရာသီဥတုအကြောင်းကိုဖတ်လိုက်ရတာ လန်းဆန်းမှုခံစားစေတယ်။ ဒါက နိုးလော့! ဟာ လူတွေနဲ့ပတ်သက်ပြီး—ဘာသာရေးလောက်ပဲမဟုတ်ဘူး၊ ကာယရေးကိုလည်း ဘယ်လောက်ဂရုစိုက်တယ်ဆိုတာကို ပြသလိုက်တာပဲ။ ကျွန်မတို့ဟာ ခပ်ပေါ့ပေါ့ပဲသဘောထားကြပေမဲ့ မိုးလေဝသဟာ ကျွန်မတို့ရဲ့အသက်တာကို တကယ်အကျိုးသက်ရောက်မှုရှိစေတယ်။
အမ်. အက်ဖ်. အမ်.၊ ဂျာမနီ
လက်သည်းကို ဂရုစိုက် အချိန်တိုနှစ်ခုမှလွဲပြီး ၅၂ နှစ်နီးပါးလုံးလုံး ကျွန်မရဲ့လက်သည်းတွေကိုကိုက်ခဲ့တာဟာ အံ့ဩစရာပါပဲ။ မေ ၈၊ ၁၉၉၉ နိုးလော့! ထဲက “သင့်လက်သည်းများ—၎င်းတို့ကို သင်ဂရုစိုက်ပါသလော” ဆိုတဲ့ဆောင်းပါးကိုဖတ်လိုက်ရတဲ့အခါ ကျွန်မရဲ့အကျင့်ကို ရပ်လိုက်တော့တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ယေဟောဝါဘုရားသခင်ဟာ အဲ့ဒါတွေရဲ့ ပုံစံပြုလုပ်ရှင်ဖြစ်ပြီး ကျွန်မတို့ကို လက်သည်းတွေအပါအဝင် အရာအားလုံးကိုဂရုစိုက်စေလိုတယ်လေ။ ရှင်တို့ရဲ့ မေတ္တာပါတဲ့ သတိပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်။
ဒီ. အိပ်ချ်.၊ အင်္ဂလန်
ကျွန်မဟာ အိမ်နဲ့ဥယျာဉ်ခြံကို ဂရုစိုက်ရတဲ့အပြင် မသန်မစွမ်းဖြစ်နေတဲ့ ကျွန်မရဲ့ယောက္ခမကိုပါ ကြည့်ရှုရတဲ့အတွက် ကျွန်မရဲ့လက်တွေကိုဂရုစိုက်ဖို့ အချိန်များများမပေးနိုင်တာကို သင်တို့မြင်ယောင်နိုင်ပါတယ်။ လက်သည်းတွေ ကျိုးပဲ့တဲ့အခါများမှာ ကျွန်မရဲ့လက်သည်းတွေဟာ ကျွန်မကို အချိန်အတော်ကြာအောင် စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တယ်။ ဒါကြောင့် ဒီဆောင်းပါးဟာ တကယ့်အခန့်သင့်အချိန်မှာ ရောက်လာတာပဲ။
ဒဗ္ဗလျူ. ဘီ.၊ ဂျာမနီ
ကျွန်မငယ်ငယ်လေးကတည်းက လက်သည်းတွေကိုကိုက်ခဲ့တဲ့အတွက် မညီမညာဖြစ်နေတဲ့ ဒီလက်သည်းတွေကြောင့် ကျွန်မအရှက်ရခဲ့တယ်။ ဒီဆောင်းပါးကို ကျွန်မဖတ်လိုက်ရတဲ့အခါ လက်သည်းတွေဟာ ကျွန်မတို့ခန္ဓာကိုယ်ရဲ့ အံ့သြဖွယ်ကောင်းတဲ့အပိုင်းဖြစ်တယ်ဆိုတဲ့အချက်က ကျွန်မရဲ့လေးမြတ်မှုကို ပိုတိုးများစေခဲ့တယ်။ အဲဒါက ကျွန်မရဲ့အကျင့်ကိုပြုပြင်ဖို့ အားပေးခဲ့တယ်။
ကေ. ယူ.၊ ဂျပန်
စံနမူနာရှင် မေ ၈၊ ၁၉၉၉ နိုးလော့! ထဲက “လူငယ်များအမေး . . . မည်သူသည် ကျွန်ုပ်၏ စံနမူနာရှင်ဖြစ်သင့်သနည်း” ခေါင်းစဉ်တပ်ထားတဲ့ဆောင်းပါးကို ကျွန်မဖတ်တဲ့အခါ ကျွန်မရဲ့အသက်တာကို အသိဉာဏ်ကြွယ်ဝစေခဲ့တဲ့ ဒီလိုမျိုးဆောင်းပါးတွေကို စဉ်းစားခဲ့တယ်။ ကျွန်မရဲ့မိသားစုပြိုကွဲသွားပြီးတဲ့နောက်ပိုင်းမှာ ပထမဆုံး ရွယ်တူသူငယ်ချင်းတွေရဲ့ ဆွဲဆောင်မှုကိုခံခဲ့ရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်မရဲ့ဘဝကို အများဆုံး အပြုသဘောသြဇာ သက်ရောက်ခဲ့တဲ့လူတွေ—သက်ကြီးခရစ်ယာန်ညီမတွေရဲ့အကြောင်းကို စပြီးတွေးတောလာခဲ့တယ်။ အခုတော့ ပေါလုနဲ့တိမောသေ ဒါမှမဟုတ် ရုသနဲ့နောမိတို့ရဲ့ ပေါင်းသင်းဆက်ဆံမှုမျိုးကို ကျွန်မတွေ့နေပြီလေ။ ကျွန်မရဲ့အရင်းနှီးဆုံးမိတ်ဆွေကတော့ ကျွန်မကို ရွှင်လန်းမှု၊ မေတ္တာ၊ စာနာမှု၊ ကြင်နာမှုနဲ့ ရက်ရောမှုတွေအကြောင်းကို သင်ပြပေးတဲ့ အသက်ငါးဆယ်အရွယ် ညီအစ်မတစ်ယောက်ဖြစ်ပါတယ်။ ကျွန်မတို့ဟာ စည်းစည်းလုံးလုံးနဲ့လုပ်ဆောင်နေကြတယ်—အခန်းဖော်တွေဖြစ်လာကြပြီး အချိန်ပြည့်ဓမ္မအမှုဆောင်လုပ်ငန်းမှာ စပြီးပါဝင်နေကြပြီ။ သင်တို့ရဲ့ ကျိုးကြောင်းခိုင်လုံတဲ့လမ်းပြမှုနဲ့ ညွှန်ကြားမှုတွေအတွက် ကျေးဇူးတင်ပါတယ်။
စီ. အက်ဖ်.၊ ယူနိုက်တက်စတိတ်