ဝေဟင်ခရီး—စိတ်ကူးယဉ်အိပ်မက်
“ပျံသန်းရေးယာဉ်များ၊ အားလုံးအားလုံးဟာ ‘အပေါ်တက်သမျှ အောက်ပြန်ကျရ’ ဆိုတဲ့ ကျွန်ုပ်တို့ငယ်စဉ်က ဆိုရိုးစကားကို ချက်ချင်းသရုပ်ဖော်တာပါပဲ။”
ယူ.အက်စ်.အေ.၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ကစ်တီ ဟော့ခ်မြို့တွင် ရွိုက်ညီနောင်က သူတို့၏နာမည်ကျော် လေယာဉ်ခရီးကို ပျံသန်းပြပြီးနောက် ငါးနှစ်ပင်မပြည့်သေးသည့် ၁၉၀၈ ခုနှစ်၊ မေ ၂၅ ရက်ထုတ် နယူးယောက်တိုင်းသတင်းစာတွင် အတော်သံသယဝင်သော အယ်ဒီတာ့အာဘော်တစ်ခုက ဤအတိုင်းအစချီထားသည်။ အထက်ကောင်းကင်ယံတွင် စတင်တွေ့နေရသော အသစ်အဆန်း “ပျံသန်းရေးယာဉ်များ” ၏အောင်မြင်မှုကို မယုံနိုင်သေးဘဲရှိရာ စာရေးသူက “မြေပြင်ကနေအလွန်မြင့်မားတဲ့လေထုထဲ ပျံသန်းချင်တယ်လို့တောင့်တမှုတစ်မျိုးမျိုးရှိတဲ့သူ တော်တော်နည်းကြမှာပါ” ဟုတွေးခဲ့သည်။ လာမည့်မျိုးဆက်များသည် ဝေဟင်ခရီးသွားချင်ကြပေမည်ဟု ဝန်ခံသော်လည်း “တာဝေး ခရီးသည်တင်လေယာဉ်များ စိတ်ကူးယဉ်အိပ်မက်သည် . . . အကောင်အထည်ပေါ်ချင်မှပေါ်မည်” ဟုထိုဆောင်းပါးက အခိုင်အမာဆိုခဲ့သည်။
ထိုတင်ကြိုဟောချက်သည် မည်မျှမှားလိုက်လေခြင်း! ယနေ့ ခရီးသည် သန်းတစ်ထောင်ကျော်သည် “တာဝေး ခရီးသည်တင်လေယာဉ်များ” ဖြင့်နှစ်စဉ် ခရီးသွားလျက်ရှိသည်။ မှန်ပါသည်၊ ရာစုနှစ်တစ်ခုတည်းအတွင်းတွင် ဤရာစုနှစ်ဆန်းစ၌ ခနော်ခနဲ့နိုင်သော သစ်သားကိုယ်ထည်လေယာဉ်များအဆင့်မှ ကွန်ပျူတာတပ်ဆင်ထားသော သေသပ်ကျော့ရှင်းသည့် ယနေ့ဂျက်လေယာဉ်ကြီးများအဖြစ်သို့ ပြောင်းလဲလာခဲ့ပြီဖြစ်ရာ ယင်းတို့သည် မြေပြင်အထက် ခုနစ်မိုင်အမြင့်မှနေပြီး ရာသီဥတုမျှမျှတတနှင့် သက်သောင့်သက်သာရှိစေရန် ထိန်းပေးကာ ရာနှင့်ချီသောခရီးသည်များကို ဝေးလံသောလိုရာခရီးသို့ပို့ဆောင်ပေးနိုင်သည်။
၂၀ ရာစုတွင် လေကြောင်းနည်းပညာရပ် တစ်မုဟုတ်ချင်းတိုးတက်မှုသည် အမှန်ပင် ထူးခြားမှတ်သားလောက်ဖွယ်ဖြစ်ပြီး ကျွန်ုပ်တို့၏ကမ္ဘာကြီးကို လုံးလုံးပြောင်းလဲပစ်ခဲ့ပြီ။ အမှန်မှာ၊ အာကာသကောင်းကင်ကို အောင်နိုင်လိုသည့် လူ့ဆန္ဒဇာတ်ကြောင်းကို ပြီးခဲ့သည့် ဆယ်စုနှစ်အနည်းငယ်ထက်မက—ရာစုနှစ်အနည်းငယ်အထိပင်—ပြန်၍ကောက်ကြောင်းလိုက်နိုင်ပါသည်။ လူသားဝေဟင်ပျံသန်းမှုသည် ရှေးအချိန်ကတည်းက စွဲလမ်းခဲ့သည့် စိတ်ကူးယဉ်အိပ်မက်တစ်ခုဖြစ်သည်။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
တစ်နာရီ ၂,၂၀၀ မိုင်နှုန်းခန့်ပျံသန်းသော ကမ္ဘာ့အမြန်ဆုံးဂျက်လေယာဉ်၊ လော့ဟိ အက်စ်အာရ်-၇၁ ဘလက်ခ် ဘာ့ဒ်
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
တစ်နာရီ ၂၁၅ မိုင်နှုန်းဖြင့် ခရီးသည် ၃၃ ဦးကိုတင်ဆောင်သော ၁၉၄၀ ပြည့်နှစ်ခန့်၊ ဘိုးရင်း စထရာတိုလိုင်းနား ၃၀၇
[Credit Line]
Boeing Company Archives
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
ရွိုက်ညီနောင်၏ “ပျံသန်းသူ၊” ၁၉၀၃
[Credit Line]
U.S. National Archives photo