ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၁ ၆/၈ စာ. ၄-၅
  • “ကောင်းကင် ပွင့်နေမှာပဲ”!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ကောင်းကင် ပွင့်နေမှာပဲ”!
  • နိုးလော့!—၂၀၀၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မီးပုံးပျံများနှင့် “မီးလောင်လွယ်သောလေ”
  • လေယာဉ်ပျံ မည်သို့ဖြစ်ပေါ်လာသနည်း
    နိုးလော့!—၂၀၀၁
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • မာတိကာ
    နိုးလော့!—၂၀၀၃
  • ကျမ်းစာကို ဂရုတစိုက် လေ့လာတဲ့သူ ဖြစ်ပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၁
န၀၁ ၆/၈ စာ. ၄-၅

“ကောင်းကင် ပွင့်နေမှာပဲ”!

“ပျံသန်းလိုသည့် ဆန္ဒသည် လူသားသမိုင်း၏ သက်တမ်းတမျှရှိပြီ” ဟု သမိုင်းမတင်မီ လေကြောင်းပျံသန်းမှုအတတ်ပညာစာအုပ်တွင် သမိုင်းဆရာ ဘားသောလ် လော်ဖာက ဖော်ပြခဲ့သည်။ ရှေး ဂရိ၊ အီဂျစ်၊ အဆီးရီးယားနှင့် အရှေ့တိုင်းသားတို့၏ဒဏ္ဍာရီပုံပြင်များတွင် ပျံသန်းနိုင်စွမ်းကို အသုံးချရန်ကြိုးစားခဲ့ကြသည့် ဘုရင်များ၊ နတ်ဘုရားများနှင့် သူရဲကောင်းများအကြောင်းပါရှိသည်။ ကိစ္စရပ်အားလုံးနီးပါးတွင် ထိုပုံပြင်များသည် ငှက်များ၏ အတောင်ခတ်ပျံသန်းမှုကို လူသားတို့တုကြခြင်းနှင့်ပတ်သက်သည်။

ဥပမာ၊ တရုတ်လူမျိုးတို့သည် ယေရှုခရစ်မဖွားမြင်မီ အနှစ် ၂,၀၀၀ ကျော်က အသက်ရှင်ခဲ့၏ဟုအဆိုရှိသော ဉာဏ်ပညာကြီးမားပြီး ရဲဝံ့စွန့်စားသော ဧကရာဇ်ရှူန်းအကြောင်း ပြောတတ်ကြသည်။ ဒဏ္ဍာရီအရ ရှူန်းသည် မီးလောင်နေသည့်စပါးကျီတစ်ခုပေါ်တွင် လှောင်ပိတ်မိလျက်သားရှိနေရာ သူ့ကိုသူ အမွေးအတောင်များတပ်ဆင်လိုက်ပြီး ပျံသန်းခြင်းအားဖြင့် လွတ်မြောက်ခဲ့သည်ဟုဆို၏။ အခြားမှတ်တမ်းတစ်ခုကမူ သူသည် ကျူဖြင့်ယက်လုပ်သည့် ဦးထုပ်ကြီးနှစ်လုံးကို လေထီးသဖွယ် အသုံးပြုပြီး မျှော်စင်ပေါ်မှခုန်ချကာ မြေပြင်ပေါ်သို့ အန္တရာယ်ကင်းစွာ သက်ဆင်းခဲ့သည်ဟုဆိုသည်။

ဂရိလူမျိုးတို့တွင်မူ အနှစ် ၃,၀၀၀ က ပုံပြင်တစ်ပုဒ်ရှိသည်၊ နာမည်ကျော် အနုပညာရှင်နှင့် တီထွင်သူဖြစ်သော ဒေဒလပ်စ်သည် သူနှင့်သူ၏သား အိုင်းကရပ်စ်တို့ နယ်နှင်ခံနေရသော ခရိကျွန်းမှထွက်ပြေးလွတ်မြောက်နိုင်ရန် ငှက်မွေးများ၊ ဘန်ချည်ကြိုးများနှင့်ဖယောင်းတို့ဖြင့် အတောင်များကို လုပ်ခဲ့သည်ဟုဆိုသည်။ “ကောင်းကင် ပွင့်နေမှာပဲ၊ အဲ့ဒီလမ်းအတိုင်း ငါတို့သွားမယ်” ဟုဒေဒလပ်စ် ဟစ်ကြွေးခဲ့သည်။ အတောင်ပံများသည် အစတွင် ကောင်းကောင်းအလုပ်ဖြစ်သည်။ သို့သော် အိုင်းကရပ်စ်သည် ကောင်းကင်ကို ဝဲပျံနိုင်သည့် မိမိစွမ်းရည်ကို ဘဝင်ခိုက်ကာ မြင့်သည်ထက်မြင့်မြင့်ပျံတက်သွားရာ နောက်ဆုံး နေ၏အပူရှိန်ကြောင့် အတောင်များကို ကပ်ထားစေသည့် ဖယောင်းသည် အရည်ပျော်သွားတော့သည်။ ထိုလူငယ်လေးခမျာ ပင်လယ်ထဲ ထိုးကျသေဆုံးသွားခဲ့ရလေသည်။

ဤကဲ့သို့သော ဇာတ်လမ်းများသည် အမှန်ပျံသန်း၍ရလိုသည့် တီထွင်သူများနှင့် အတွေးအခေါ်သမားများ၏ စိတ်ကူးယဉ်အတွေးကို နှိုးဆွပေးခဲ့သည်။ စီ.အီး. တတိယရာစုကတည်းကပင် တရုတ်လူမျိုးတို့သည် စွန်များကိုပြုလုပ်ကာ လက်တွေ့စမ်းသပ်ခဲ့ကြရာ ဥရောပတွင် ဤကဲ့သို့သော လက်တွေ့စမ်းသပ်မှုမျိုးမစတင်မီ နှစ်ပေါင်းများစွာကတည်းက လေကြောင်းနိယာမတရားကို အနည်းအကျဉ်းနားလည်ကြောင်းဖော်ပြခဲ့သည်။ ၁၅ ရာစုနှစ်တွင် ဗင်းနစ်မြို့သား ရူပဗေဒပညာရှင် ဂျိုဗန်းနီ ဒါး ဖွန်တားနားသည် ယမ်းမှုန့်ပေါက်ကွဲအားသုံးကာ ပစ်လွှတ်လိုက်သည့် ရိုးရိုးသစ်သားနှင့် စက္ကူဒုံးပျံများဖြင့် လက်တွေ့စမ်းသပ်ကြည့်ခဲ့သည်။ ၁၄၂၀ ပြည့်နှစ်ခန့်တွင် ဖွန်တားနားက ဤသို့ရေးသားခဲ့သည်– “လူတစ်ယောက်ကို လှုပ်ရှားနိုင်သောတောင်ပံတုများတပ်ဆင်ပေးပြီး ၎င်းတို့ဖြင့်သူသည် လေထဲတက်သွားကာ တစ်နေရာမှတစ်နေရာသို့ သွားနိုင်၊ မျှော်စင်များကို တက်နိုင်၊ အဏ္ဏဝါပြင်များကို ဖြတ်ကျော်နိုင်လိမ့်မည်ဟု ကျွန်ုပ်အထင်ရှိသည်။”

၁၆ ရာစုနှစ်အစောပိုင်းတွင် ပန်းချီပညာရှင်၊ အနုပညာရှင်နှင့် ကျွမ်းကျင်သောစက်မှုအင်ဂျင်နီယာဖြစ်သူ လီယိုနာဒို ဒါ ဗင်ချီသည် ရဟတ်ယာဉ်များနှင့် လေထီးများအတွက်သာမက အတောင်ပံခတ်ပျံနိုင်သော စက်မဲ့ယာဉ်များအတွက်ပါ ပုံကြမ်းများကို ရေးဆွဲပေးခဲ့သည်။ သူသည် ယုတ်စွအဆုံး သူ၏ အဆိုပြုထားသည့် ပျံသန်းရေးယာဉ်အချို့၏ ပုံစံများကို တည်ဆောက်ခဲ့ကြောင်း သာဓကရှိသည်။ သို့ရာတွင် ဒါဗင်ချီ၏ ပုံစံများအနက် တစ်ခုမျှ လက်တွေ့မကျခဲ့ပေ။

၎င်းနောက် ရာစုနှစ်နှစ်ခုအတွင်းတွင် ခန္ဓာကိုယ်၌ တောင်ပံတုများတပ်ပြီး တောင်စောင်းများနှင့် မျှော်စင်များပေါ်မှခုန်ချကာ တောင်ပံခတ်ပျံဖို့ကြိုးစားကြသည့် ရဲဝံ့စွန့်စားသူတို့၏အားထုတ်မှုမှတ်တမ်းများကို ကြားသိကြရသည်။ ဤအစောဆုံး ‘အစမ်းလေယာဉ်မှူးများ’ သည် အလွန်ရဲဝံ့စွန့်စားသူများကြဖြစ်သော်လည်း သူတို့၏အားထုတ်မှုများမှာ လုံးဝမအောင်မြင်ခဲ့ပေ။

မီးပုံးပျံများနှင့် “မီးလောင်လွယ်သောလေ”

၁၇၈၃ ခုနှစ်တွင် လေကြောင်းဆိုင်ရာ အလွန်အံ့အားသင့်ဖွယ်ကောင်းသော သတင်းတစ်ခုသည် ပါရီမြို့နှင့် ပြင်သစ်ခရိုင်များတစ်လျှောက် ထိုးဖောက်ပျံ့နှံ့သွားလေသည်။ ဇိုးဇက်-မီရှယ်နှင့် ဇာ့ခ်စ်အက်တ်ယန် မွန်ဂိုဖိုင်ယာတို့သည် စက္ကူမီးပုံးပျံများပြုလုပ်ကာ ၎င်းတို့အထဲသို့ လေပူသွင်းပေးခြင်းဖြင့် ချက်ချင်း ရှောရှောရှူရှူ ကောင်းကင်သို့ မြောက်တက်သွားစေနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။ သူတို့၏ ကြီးမားသော ဦးဆုံးမီးပုံးပျံဟုခေါ်ဆိုကြသည့်ပူဖောင်းကို စက္ကူ၊ ပိတ်ချောတို့ဖြင့်ပြုလုပ်ထားပြီး အနံ့ဆိုးသောမီးခိုးမှိုင်းဖြင့် လေထိုးပေးခဲ့သည်။ လူမပါသော ထိုမီးပုံးပျံသည် ယင်း၏ဗွေဆော်ဦးပျံသန်းမှုအတွင်း အမြင့်ပေ ၆,၀၀၀ ကျော်အထိတက်ခဲ့သည်။ ၁၇၈၃ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်နေ့တွင် ၎င်းမီးပုံးပျံသည် စီးနင်းလိုက်ပါသူနှစ်ဦး—အများအခေါ် လေယာဉ်မှူးနှစ်ဦး—ကို သယ်ဆောင်ကာ ပါရီမြို့ပေါ်တွင် ၂၅ မိနစ်ပျံဝဲပြခဲ့သည်။ ထိုနှစ်အတွင်းပင် အခြားတီထွင်သူတစ်ဦးဖြစ်သော ဇာခ်စ် ရှားလ်သည် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့၊ သို့မဟုတ် “မီးလောင်လွယ်သောလေ” ဟုထိုအခါကသိကြသော ဓာတ်ငွေ့ဖြင့်သွင်းထားသည့် ဦးဆုံးဓာတ်ငွေ့ပူဖောင်းကို ဖွင့်လှစ်ပြခဲ့သည်။

ပူဖောင်းနည်းပညာရပ် တိုးတက်လာသည်နှင့်အမျှ ကောင်းကင်သည် စွန့်စားသော လေယာဉ်မှူးများအတွက် တစ်မုဟုတ်ချင်း စတင် “ပွင့်” လာလေသည်။ ၁၇၈၄ ခုနှစ်တွင် ပူဖောင်းများသည် အမြင့်ပေ ၁၁,၀၀၀ အထိတက်သွားကြသည်။ နောက်တစ်နှစ်တွင်ပင် ဇာန် ပီယာ ဖရာ စဝါ ဘလာန် ရှာဒ်သည် ဟိုက်ဒရိုဂျင်ပူဖောင်းဖြင့် အင်္ဂလိပ်တူးမြောင်းကို အောင်မြင်စွာဖြတ်ကျော်ပြီး ပထမဆုံးလေယာဉ်စာများကို သယ်ဆောင်သွားခဲ့သည်။ ၁၈၆၂ ခုနှစ်တိုင်လေသော် လေယာဉ်မှူးများသည် ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတစ်လျှောက် အမြင့်ငါးမိုင်အထက်မှ ခရီးသွားလာနေခဲ့ကြသည်။

သို့သော် ထိုအစောပိုင်းလေယာဉ်မှူးတို့သည် လေကို လုံးဝအားကိုးနေရကြသည်; ဦးတည်ရာကိုလည်းကောင်း၊ ပူဖောင်းပျံသန်းမှုနှုန်းကိုလည်းကောင်း ထိန်းချုပ်ရန် နည်းလမ်းမရှိပေ။ ၁၉ ရာစုနှစ်၏ ဒုတိယရာစုဝက်တွင် လောင်စာဆီနှင့် လျှပ်စစ်စွမ်းအားသုံးလေယာဉ်များပေါ်လာခြင်းက လေကြောင်းပျံသန်းမှုကို အတော်အတန်တိုးတက်စေခဲ့သော်လည်း လေထက်ပေါ့ပါးသော ရှည်ရှည်မျောမျော လေသင်္ဘောများသည် တစ်နာရီလျှင် ၆ မိုင်မှ မိုင် ၂၀ ကြားသာ ဖြည်းဖြည်းနှေးနှေးပျံသန်းနိုင်ကြသည်။ ဒါး ဖွန်တားနား ဟောကိန်းထုတ်ခဲ့သကဲ့သို့ လူသည် “ကိုယ်ကို လေထဲတက်သွားကာ တစ်နေရာမှတစ်နေရာသို့ သွား” နိုင်ရန် နည်းလမ်းသစ်တစ်ခုလိုအပ်ပေသည်။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ဒဏ္ဍာရီလာ ဒေဒလပ်စ်နှင့် အိုင်းကရပ်စ်

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

လီယိုနာဒို ဒါ ဗင်ချီ

[Credit Line]

From the book Leonardo da Vinci, 1898

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

မွန်ဂိုဖိုင်ယာညီနောင် တီထွင်သော ဦးဆုံးစီးနင်း လိုက်ပါသူသယ်ဆောင်သည့် လေပူသုံးပူဖောင်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ