ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၁ ၆/၈ စာ. ၆-၉
  • လေယာဉ်ပျံ မည်သို့ဖြစ်ပေါ်လာသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လေယာဉ်ပျံ မည်သို့ဖြစ်ပေါ်လာသနည်း
  • နိုးလော့!—၂၀၀၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပျံသန်းရေးယာဉ်များကို စီးပွားဖြစ်အသုံးပြုရန် အလားအလာမရှိသလော
  • ကမ္ဘာကြီးကို ပုံသွင်းခြင်း
  • တိုးတက်မှု၏အဖိုးအခ
  • ဝေဟင်ခရီး—စိတ်ကူးယဉ်အိပ်မက်
    နိုးလော့!—၂၀၀၁
  • လေယာဉ်များသည် မည်မျှစိတ်ချရသနည်း
    နိုးလော့!—၂၀၀၁
  • လေကြောင်းထိန်းသိမ်းရေး သင့်အား အန္တရာယ်ကင်းရှင်းစေနိုင်ပုံ
    နိုးလော့!—၂၀၀၈
  • စွမ်းအားသုံးလေယာဉ်
    နိုးလော့!—၂၀၁၀
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၁
န၀၁ ၆/၈ စာ. ၆-၉

လေယာဉ်ပျံ မည်သို့ဖြစ်ပေါ်လာသနည်း

ပုံစံထွင်သူများသည် နောက်ဆုံးတွင် လေထက်လေးသည့် ပျံသန်းရေးယာဉ်များဖြစ်ပေါ်လာရန် မည်သို့အောင်မြင်လာကြသနည်း။ ပျံသန်းရာတွင် အမှန်တကယ်ကျွမ်းကျင်သော ငှက်များကို သူတို့ပြန်၍အာရုံစိုက်ကြည့်ကြခြင်းအားဖြင့်ဖြစ်သည်။ ၁၈၈၉ ခုနှစ်တွင် ဩတို လီလီယန်သဲလ်အမည်ရှိ ဂျာမန်အင်ဂျင်နီယာတစ်ဦးသည် ငှက်ကျားများ၏ ပျံသန်းမှုအလေ့အထများမှ အတွေးအမြင်သစ်ရကာ “လေကြောင်းပျံသန်းမှု၏အခြေခံ ငှက်များ၏ပျံသန်းမှု” စာအုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ နောက်နှစ်နှစ်အကြာတွင် သူ၏ရိုးရှင်းသော ဦးဆုံးစက်မဲ့လေယာဉ်ကို တည်ဆောက်ခဲ့သည်။ ၁၈၉၆ ခုနှစ်တွင် စက်မဲ့လေယာဉ်ငယ်ဖြင့် အကြိမ် ၂,၀၀၀ ခန့်ပျံသန်းပြီးနောက် လီလီယန်သဲလ်သည် တောင်ပံတစ်စုံပါလေယာဉ်ငယ်ဖြင့် လေ့ကျင့်နေစဉ် အသက်ဆုံးသွားလေသည်။ ပြင်သစ်နိုင်ငံဖွား အမေရိကန်အင်ဂျင်နီယာတစ်ဦးဖြစ်သူ အော့တေ့ဗ် ရှာနုသည် လီလီယန်သဲလ်ဆွဲထားသည့်ပုံစံကို အထပ်ထပ်ပြုပြင်ကာ လေထက်လေးသော ပျံသန်းရေးယာဉ်ပုံစံပြုရာတွင် ထူးခြားသောတိုးတက်မှုဖြစ်သည့် တောင်ပံနှစ်ထပ် စက်မဲ့လေယာဉ်ကို ထုတ်လုပ်ခဲ့သည်။

ရွိုက်ညီနောင် ပေါ်လာသည်။ ယူ.အက်စ်.အေ.၊ အိုဟိုင်းအိုးပြည်နယ်၊ ဒေတန်မြို့တွင် စက်ဘီးဆိုင်ပိုင်ရှင်များဖြစ်ကြသော အိုဗီလီနှင့် ဝီလဗာရွိုက်တို့သည် လီလီယန်သဲလ်နှင့် ရှာနုတို့၏ အောင်မြင်ဖြစ်မြောက်မှုများအပေါ် ထပ်ဆင့်၍ ၁၉၀၀ ပြည့်နှစ်တွင် သူတို့၏ဦးဆုံးပျံသန်းမှုများကို လက်တွေ့စမ်းသပ်ခဲ့ကြသည်။ ရွိုက်ညီနောင်တို့သည် နောက်သုံးနှစ်ကျော်အထိ ဖြည်းဖြည်းနှင့် စနစ်တကျလုပ်ဆောင်ကာ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ကစ်တီဟော့မြို့တွင် လက်တွေ့ပျံသန်းမှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြသည်။ သူတို့သည် လေဥမင်များ၏အကူအညီဖြင့် ပုံစံသစ်များကို ဖော်ထုတ်ခဲ့ကြ၏၊ ၎င်းတို့မှ ဦးဆုံးတစ်ခုကို အထည်ကော်တင်မှုန့်သေတ္တာပုံးဖြင့်ပြုလုပ်ကြသည်။ သူတို့၏ဦးဆုံး စွမ်းအားသုံးလေယာဉ်တွင် ဆလင်ဒါလေးလုံးတပ် မြင်းကောင်ရေ-၁၂ ကောင်အား အင်ဂျင်စက်ကို သူတို့ကိုယ်တိုင်တည်ဆောက်ပြီး လေယာဉ်သစ်၏ အောက်ဘက်တောင်ပံပေါ်တွင်တပ်ဆင်ထားသည်။ ထိုအင်ဂျင်စက်သည် လေယာဉ်နောက်ပိုင်းရှိ ရာဒါ (တက်မ) ၏ တစ်ဖက်တစ်ချက်စီတွင်ရှိသော သစ်သားပန်ကာနှစ်ရွက်ကို စွမ်းအားပေးသည်။

၁၉၀၃ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ရွိုက်တို့၏အသစ်ထွင်သောလေယာဉ်သည် ယင်း၏သစ်သားပြေးလမ်းပေါ်မှ ပျံတက်ကာ သုံးစက္ကန့်ခွဲကြာ မြောက်တက်နေသည်! သုံးရက်အကြာတွင် ထိုညီနောင်တို့သည် စက်အားသုံးလေယာဉ်ကို တစ်ဖန်ပျံသန်းကြည့်ကြပြန်သည်။ နောက်ဆုံးတွင် လေယာဉ်သည် လေထဲတွင် တစ်မိနစ်နီးပါးကြာကြာနေပြီး ၈၅၃ ပေခရီးကို ပေါက်ရောက်ခဲ့သည်။ ထိုလေယာဉ်ပျံသည် အောင်မြင်ခဲ့၏။a

အံ့ဩစရာမှာ ဤမှတ်သားဖွယ်အောင်မြင်မှုကို ကမ္ဘာ့အခြားဒေသများက စိတ်ဝင်စားမှုမပြခဲ့ကြခြင်းဖြစ်သည်။ နောက်ဆုံးတွင် နယူးယောက်တိုင်းက ၁၉၀၆ ခုနှစ်၊ ဇန်နဝါရီလ၌ ရွိုက်ညီနောင်နှင့်ပတ်သက်သည့် အကြောင်းအရာတစ်ခုကိုဖော်ပြရာတွင် သူတို့၏ “ပျံသန်းရေးယာဉ်” သည် အထူးလျှို့ဝှက်စွာထုတ်လုပ်ခဲ့ကြောင်းနှင့် ထိုညီနောင်သည် ၁၉၀၃ ခုနှစ်တွင် “လေထဲပျံသန်းရာ အောင်မြင်မှုအနည်းအကျဉ်း” သာရရှိခဲ့ကြောင်းဖော်ပြခဲ့သည်။ အမှန်ဆိုလျှင် အိုဗီလီသည် သမိုင်းဝင်ပျံသန်းသည့် ထိုညချင်းတွင်ပင် ဖခင်ဖြစ်သူထံကြေးနန်းပို့ကာ ပုံနှိပ်တိုက်သို့သတင်းပို့ရန် တိုက်တွန်းခဲ့သည်။ သို့သော် ထိုအချိန်က အမေရိကန်ပြည်ထောင်စုရှိ သတင်းစာသုံးစောင်ကသာ ထိုအကြောင်းအရာကို အပင်ပန်းခံပုံနှိပ်ပေးခဲ့သည်။

ပျံသန်းရေးယာဉ်များကို စီးပွားဖြစ်အသုံးပြုရန် အလားအလာမရှိသလော

သာမန်ကမ္ဘာသားများသည် ထိုအစောပိုင်းနှစ်တွင် လေကြောင်းပျံသန်းမှုကို သံသယဝင်ခဲ့ကြသည်။ လေကြောင်းပျံသန်းမှု၏ ထင်ရှားသောရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်သူ ရှာနုသည်ပင် ၁၉၁၀ ပြည့်နှစ်တွင် ဤသို့ဟောကိန်းထုတ်ခဲ့သည်– “ကျွမ်းကျင်သောပညာရှင်များ၏အမြင်တွင် ပျံသန်းရေးယာဉ်၌ စီးပွားဖြစ်သုံးရန်အလားအလာကို မျှော်မှန်းခြင်းသည် အခြေအမြစ်မရှိပေ။ ယင်း၏သယ်ဆောင်နိုင်မှုမှာ အကန့်အသတ်ရှိပြီး အမြဲပင်ထိုသို့ရှိနေမည်ဖြစ်သောကြောင့် ခရီးသည်များ သို့မဟုတ် ကုန်စည်များအတွက် အသုံးပြုဖို့ အဟန့်အတားဖြစ်စေပေမည်။”

မည်သို့ဆိုစေ၊ လေကြောင်းပျံသန်းမှုနည်းပညာရပ်သည် ရွိုက်တို့၏ဦးဆုံးပျံသန်းမှုများနောက်ပိုင်းနှစ်များတွင် အလျင်အမြန်တိုးတက်လာခဲ့သည်။ ငါးနှစ်အတွင်းတွင် ထိုညီနောင်တို့သည် တစ်နာရီလျှင် ၄၄ မိုင်နှုန်းသွားပြီး ပေ ၁၄၀ အမြင့်ကိုပျံတက်နိုင်သည့် နှစ်ယောက်စီး တောင်ပံနှစ်ထပ်လေယာဉ်ကို တည်ဆောက်ခဲ့ကြသည်။ ၁၉၁၁ ခုနှစ်တွင် ဦးဆုံး ယူ.အက်စ်. တိုက်ကြီးဖြတ်လေယာဉ်ကို တည်ဆောက်ခဲ့သည်; နယူးယောက်မြို့မှ ကယ်လီဖိုးနီးယားအထိ ခရီးစဉ်သည် ၄၉ ရက်ခန့်ကြာခဲ့သည်! ပထမကမ္ဘာစစ်အတွင်း လေယာဉ်များ၏အမြန်နှုန်းမှာ တစ်နာရီလျှင်မိုင် ၆၀ နှုန်းမှ ၁၄၅ မိုင်နှုန်းအထိ ထိုးတက်သွားသည်။ အမြင့်ပေစံချိန်များသည် မကြာမီတွင် ပေ ၃၀,၀၀၀ အထိရောက်ခဲ့သည်။

လေကြောင်းပျံသန်းမှုစံချိန်များသည် ၁၉၂၀ ပြည့်လွန်နှစ်များတွင် သတင်းခေါင်းစီးများမှ ဆက်၍နေရာယူလျက်ရှိသည်။ အမေရိကန် တပ်မတော်အရာရှိနှစ်ဦးသည် ၁၉၂၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုကို မနားတမ်းဖြတ်၍ပျံသန်းပြခဲ့ရာ ကမ်းရိုးတန်းတစ်ဖက်မှ အခြားတစ်ဖက်သို့ခရီးကို ၂၇ နာရီနှင့်ရောက်ခဲ့ကြသည်။ နောက်လေးနှစ်အကြာတွင် ချားလ်စ် အေ. လင်းဗတ်သည် နယူးယောက်မှ ပါရီအထိ ၃၃ နာရီနှင့် မိနစ် ၂၀ မနားတမ်းပျံသန်းပြခြင်းဖြင့် တစ်မုဟုတ်ချင်း နာမည်ကျော်ကြားသွားသည်။

ထိုအတောအတွင်း ထွန်းသစ်စ စီးပွားရေးသုံးလေကြောင်းလိုင်းများသည် ဖောက်သည်များကို စတင်ဆွယ်နေကြသည်။ ၁၉၃၉ နှစ်ကုန်ပိုင်းတွင် ယူ.အက်စ်. လေကြောင်းလိုင်းများသည် နှစ်စဉ် ခရီးသည် သုံးသန်းနီးပါးကို သယ်ဆောင်ပေးနေသည့်အထိ လေကြောင်းခရီးသည် ခေတ်စားလာသည်။ ၁၉၃၀ ပြည့်လွန်နှစ်များနှောင်းပိုင်း၏ စံချိန်တင် ခရီးသည်တင်လေယာဉ်ဖြစ်သော ဒီစီ-၃ သည် ခရီးသည် ၂၁ ယောက်ကိုသာတင်ကာ တစ်နာရီလျှင် မိုင် ၁၇၀ နှုန်းဖြင့်မောင်းနှင်သွားနိုင်သည်; သို့သော် ဒုတိယကမ္ဘာစစ်အပြီးတွင် စီးပွားဖြစ်သုံးလေယာဉ်များသည် ကြီးမားသည်ထက်ကြီးမားလာပြီး စွမ်းအားလည်းပိုလာကာ တစ်နာရီ မိုင် ၃၀၀ ကျော်နှုန်းဖြင့်မောင်းနှင်နိုင်ကြသည်။ ဗြိတိသျှသည် ၁၉၅၂ ခုနှစ်တွင် စီးပွားဖြစ်သုံးတာဘိုဂျက်ကို စတင်ပြေးဆွဲခဲ့သည်။ ထိုင်ခုံ ၄၀၀ ပါသည့် ဘိုးရင်း ၇၄၇ ကဲ့သို့သော ဂျမ်ဗိုဂျက်များကို ၁၉၇၀ ပြည့်နှစ်တွင် စတင်ပွဲထုတ်ခဲ့သည်။

၁၉၇၆ ခုနှစ်တွင် နောက်ထပ်ထိုးဖောက်ဝင်ရောက်လာမှုမှာ ဗြိတိန်နှင့်ပြင်သစ်အင်ဂျင်နီယာအဖွဲ့က စတင်ထုတ်လုပ်ခဲ့သော ကွန်ကော့ဂျက်လေယာဉ်ဖြစ်သည်၊ ယင်းသည် တြိဂံပုံတောင်ပံတပ်ဂျက်လေယာဉ်ဖြစ်ပြီး အသံထက်နှစ်ဆမြန်သော တစ်နာရီလျှင် မိုင် ၁,၄၀၀ နှုန်းဖြင့် ခရီးသည် ၁၀၀ ကိုသယ်ဆောင်သွားနိုင်သည်။ သို့သော် ဆောင်ရွက်မှုစရိတ်မြင့်မားမှုက အသံထက်မြန်သော စီးပွားဖြစ်သုံးလေယာဉ်များကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရေးအတွက် အကန့်အသတ်ဖြစ်စေခဲ့သည်။

ကမ္ဘာကြီးကို ပုံသွင်းခြင်း

သင်သည် လေယာဉ်တစ်ခါမျှမစီးဖူးလျှင်ပင် သင့်အသက်တာသည် ဤနည်းပညာရပ်ဆိုင်ရာ အလျင်အမြန်တိုးတက်နေမှုများ၏ ပုံသွင်းခြင်းကို ခံထားရနိုင်သည်။ လေကြောင်းကုန်စည်လုပ်ငန်းများသည် ကမ္ဘာအနှံ့သို့ခြေဆန့်နေသည်; များသောအားဖြင့် ကျွန်ုပ်တို့စားသည့်အစာ၊ ဝတ်သည့်အဝတ်အထည်နှင့် အလုပ်ခွင် သို့မဟုတ် အိမ်တွင် ကျွန်ုပ်တို့အသုံးပြုကြသည့်စက်ကိရိယာတို့သည် အဏ္ဏဝါပြင်ကိုဖြစ်စေ၊ တိုက်ကြီးတစ်တိုက်ကိုဖြစ်စေ ဖြတ်၍ပျံသန်းလာခြင်းဖြစ်သည်။ စာများနှင့်ချောထုပ်များကို လေယာဉ်ချောပို့စနစ်များဖြင့် တစ်နိုင်ငံမှတစ်နိုင်ငံသို့ သယ်ပို့နေကြသည်။ စီးပွားဖြစ်လုပ်ငန်းများသည် နေ့စဉ်ကိစ္စများကို စီမံဆောင်ရွက်ရန် လေယာဉ်ဖြင့် သယ်ယူပို့ဆောင်ရေးဝန်ဆောင်လုပ်ငန်းများကို အကြီးအကျယ်အားထားနေရသည်။ ကျွန်ုပ်တို့ရရှိနိုင်သည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်လုပ်ငန်းများ၊ ယင်းတို့အတွက် ကျွန်ုပ်တို့ပေးချေရသည့် အဖိုးအခများ၊ အားလုံးတို့သည် လူ့ပျံသန်းနိုင်စွမ်း၏ ဩဇာလွှမ်းမိုးမှုကိုခံထားသည်။

လေကြောင်းပျံသန်းမှုသည် လူမှုရေးအခြေအနေများကိုလည်း အကြီးအကျယ်ပြောင်းလဲစေခဲ့ပြီ။ လေကြောင်းပျံသန်းမှုကြောင့် ကမ္ဘာကြီး ကျဉ်းသွားသည်မှာ သံသယဖြစ်စရာမရှိပေ။ သင်ငွေကြေးတတ်နိုင်လျှင် နာရီအနည်းငယ်အတွင်းပင် ကမ္ဘာ့ဒေသအားလုံးနီးပါးသို့ ရောက်သွားနိုင်သည်။ သတင်းများလျင်မြန်စွာရောက်သကဲ့သို့ လူများလည်း အလားတူပင်။

တိုးတက်မှု၏အဖိုးအခ

သို့သော် ဤသို့သောတိုးတက်မှုအတွက် အဖိုးအခပေးဆက်ရလေပြီ။ လေကြောင်းသွားလာရေးတိုးများလာခြင်းနှင့်အတူ ကောင်းကင်ယံသည် အန္တရာယ်ပို၍ထူပြောလာသည်ကို အချို့က စိုးရိမ်ကြသည်။ ကိုယ်ပိုင်သုံးနှင့် စီးပွားဖြစ်သုံးလေယာဉ်များ ပျက်ကျမှုကြောင့် နှစ်စဉ် လူများစွာ အသက်ဆုံးရှုံးခဲ့ရကြသည်။ “ပြိုင်ဆိုင်မှု၏တွန်းအားများကြောင့် လေကြောင်းလိုင်းများစွာသည် အပိုကြေးများကို ဖောက်သည်များထံမှကောက်ခံလေ့ရှိသည့် မှန်မှန်ပြုပြင်ထိန်းသိမ်းရသော အထူး အန္တရာယ်ကင်းလုပ်ငန်းစဉ်များကို မလုပ်ကြတော့” ဟု ဖော်ကျူးန် မဂ္ဂဇင်းကဖော်ပြသည်။ အမေရိကန်ပြည်ထောင်စု လေကြောင်းအန္တရာယ်ကင်းရှင်းရေးတာဝန်ယူထားသော ဖယ်ဒရယ်လေကြောင်းအုပ်ချုပ်ရေးအဖွဲ့သည် “ရန်ပုံငွေအလုံအလောက်မရှိ၊ ဝန်ထမ်းအင်အားအလုံအလောက်မရှိ၊ စီစဉ်မှုညံ့ဖျင်း” လျက်ရှိသည်ဟု ထိုမဂ္ဂဇင်းက ဖော်ပြသည်။

တစ်ချိန်တည်းတွင် ဂျက်လေယာဉ်များ အကြီးအကျယ်သွားလာမှုကြောင့် လေထုနှင့် အသံညစ်ညမ်းမှုများ တိုးပွားလာခြင်းကြောင့် စိုးရိမ်ထိတ်လန့်နေသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများ၏အရေအတွက် များသည်ထက်များလာပါသည်။ “ကမ္ဘာ့ပြည်တွင်းလေကြောင်းတွင် သဘောပို၍ကွဲလွဲစေသည့် ပြဿနာများအနက်” ဆူညံသံပြဿနာများကြောင့် စိုးရိမ်မကင်းဖြစ်မှုကို ဖြေရှင်းရခြင်း ပါဝင်သည်ဟု လေကြောင်းပျံသန်းမှုသီတင်းပတ်နှင့် အာကာသနည်းပညာရပ်မဂ္ဂဇင်းက ဖော်ပြသည်။

လေယာဉ်ပျံမျာ၏သက်တမ်း မနည်းတော့သည့်အချက်ကလည်း ဤပြဿနာများကို ထပ်၍တိုးများလာစေသည်– ၁၉၉၀ ပြည့်နှစ်တွင် ယူ.အက်စ်. လေယာဉ်ကြီး ၄ စင်းတွင် တစ်စင်းသည် အနှစ် ၂၀ ကျော်သက်တမ်းရှိကြောင်းတွေ့ရပြီး ယင်းတို့မှ သုံးပုံတစ်ပုံသည် ၎င်းတို့ကိုထုတ်လုပ်သူက မူလချမှတ်ထားသည့်အတိုင်း “အသုံးပြုရန် ရည်ရွယ်ထားသည့်သက်တမ်း” အဖြစ်သတ်မှတ်ထားသည်ထက်ပို၍ အသုံးပြုထားပြီဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် လေကြောင်းအင်ဂျင်နီယာများသည် ယခု ကြီးမားသည့်စိန်ခေါ်ချက်များနှင့် ရင်ဆိုင်နေကြရသည်။ သူတို့သည် စရိတ်စကကြီးပြီး ဝန်းကျင်ဆိုင်ရာစိုးရိမ်စရာများ တိုးများလာလျက်ပင် ခရီးသည် ပို၍များများတင်ဆောင်နိုင်ရန် ပို၍အန္တရာယ်ကင်းပြီး အကုန်အကျလည်းသက်သာစေမည့်နည်းလမ်းများကို ပေါ်ထွက်လာစေရမည်ဖြစ်သည်။

အကုန်အကျလျှော့ချနည်းအချို့ ပေါ်ထွက်လာပြီဖြစ်သည်။ ဂျင်းမ် အယ်ရစ်ခ်စင်က အေးရှားဝိခ်တွင် ရေးသားရာ၌ ဖရန်ကို-ဗြိတိသျှလေကြောင်းဆိုင်ရာအသင်းနှင့် ဗြိတိသျှလေကြောင်းအာကာသတို့သည် အသံထက်နှစ်ဆမြန်ပြီး ခရီးသည် ၃၀၀ ကိုသယ်ဆောင်နိုင်သည့် လေယာဉ်တစ်မျိုးကို ထုတ်လုပ်ရန် စီစဉ်နေကြောင်း ဖော်ပြထားသည်။ ခရီးသည်တစ်ဦးချင်းစီအတွက် ကုန်ကျစရိတ်နှင့် လောင်စာအကုန်အကျတို့သည် လျော့နည်းသွားမည်ဖြစ်သည်။ လေယာဉ်ကွင်းအများတွင် လေယာဉ်သွားလာမှုကျပ်ပိတ်နေမှုကို တုံ့ပြန်ရာတွင် စက်မှုလုပ်ငန်း တင်ကြိုအမြင်ရှိသူအချို့က ခရီးသည် ၁၀၀ တင်ဆောင်နိုင်သည့် တာဝေးပြေးရဟတ်ယာဉ်သစ်ကြီးများကိုဖန်တီးရန် အဆိုပြုခဲ့ကြသည်။ ဤလေယာဉ်များသည် တစ်နေ့သောအခါ ယခု လုပ်ရိုးလုပ်စဉ် တောင်ပံတပ်လေယာဉ်များသယ်ဆောင်နေသည့် ခရီးတိုလေကြောင်းသွားလာမှုအများအပြားကို စီမံပေးနိုင်မည်ဟု ယုံကြည်ထားကြသည်။

ရဟတ်ယာဉ်ကြီးများနှင့် အသံထက်မြန်သောလေယာဉ်များသည် လာမည့်နှစ်များအတွင်း လေကြောင်းလုပ်ငန်း၏ အရေးပေါ်လိုအပ်ချက်များကို အမှန်ပင်ဖြည့်စွက်ပေးနိုင်မည်လော။ လူတို့ပျံသန်းသွားဖို့အတွက် ‘ကောင်းကင်ကိုဖွင့်ပေး’ ရန်ရှာပုံတော်ကို မမှိတ်မသုန်ဆောင်ရွက်စဉ် အချိန်ကသာ စကားပြောပါလိမ့်မည်။

[အောက်ခြေမှတ်ချက်]

a အချို့က ၁၉၀၁ ခုနှစ်တွင် ယူ.အက်စ်.အေ.၊ ကွန်နက်တိကပ်ပြည်နယ်သို့ ပြောင်းရွှေ့လာသည့် ဂျာမန်လူမျိုး ဂုစတေ့ဗ် ဝိုက်ဟက်ဒ် (ဝိစ် ကော့ဖ်) သည် သူတီထွင်ထားသည့် လေယာဉ်ကို ပျံသန်းပြခဲ့သည်ဟု ဆိုသည်။ သို့ရာတွင်၊ ဤအဆိုကိုထောက်ခံသည့် ဓာတ်ပုံများမရှိပေ။

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

ဩတို လီလီယန်သဲလ်၊ ၁၈၉၁ ခုနှစ်ခန့်

[Credit Line]

Library of Congress/Corbis

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

၁၉၂၇ ခုနှစ်တွင် အတ္တလန္တိတ်ကိုဖြတ်၍ ပါရီသို့ပျံသန်းပြီးနောက် လန်ဒန်သို့ရောက်ရှိသူ ချားလ်စ် အေ. လင်းဗတ်

[Credit Line]

Corbis-Bettmann

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဆော့ဝစ်သ် ကမ်းမဲလ်၊ ၁၉၁၇

[Credit Line]

Museum of Flight/Corbis

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဒီစီ_၃၊ ၁၉၃၅

[Credit Line]

Photograph courtesy of Boeing Aircraft Company

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

စီကိုစကိုင်း အက်စ်-၄၃ မိုးပျံယာဉ်၊ ၁၉၃၇

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ကမ်းရိုးတန်းစောင့်ရှောက် ကယ်ဆယ်ရေး ရဟတ်ယာဉ်

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

အလှပြကျွမ်းထိုး လေယာဉ် ပစ်တ်၊ စမ်စင်ပုံတူ

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

၁၉၇၆ ခုနှစ်တွင် ကွန်ကော့ အချိန်မှန်စတင်ပျံသန်းခဲ့

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ခရီးသည်တင်လေယာဉ် အေ၃၀၀

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

အာကာသလွန်းပျံယာဉ် ပြန်ဝင်လာချိန်တွင် စက်မဲ့အမြန်လေယာဉ်ဖြစ်လာ

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

“ရူတန် ဗဲရီးအီးဇ်” ၁၉၇၈

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ