လေယာဉ်များသည် မည်မျှစိတ်ချရသနည်း
တစ်နှစ်အတွင်း ကမ္ဘာ့လမ်းများပေါ်တွင် လူသန်းဝက်ခန့်အသက်ဆုံးခဲ့ရသည်။ ကွာခြားလှစွာပင်၊ ၁၉၉၆ ခုနှစ်တွင် လေကြောင်းခရီးမတော်တဆဖြစ်မှုတွင် သေဆုံးရသူအရေအတွက်မှာ ၁,၉၄၅ ယောက်ဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင် စုစုပေါင်းမှာ ၁,၂၂၆ သို့ကျဆင်းသွားသည်။ ဘိုးရင်းထုတ်လုပ်သူပြုစုထားသော စာရင်းများအရ “စီးပွားရေးသုံးဂျက်လေယာဉ်များ၏ ပျက်ကျမှုသည် ပျံသန်းမှု အကြိမ်တစ်သန်းတွင် နှစ်ကြိမ်ပင်မရှိချေ။”
သို့တိုင် လမ်းပေါ်တွင် နေ့စဉ် အများအပြားအသက်ဆုံးနေမှုသည် ဖြစ်ရိုးဖြစ်စဉ်ဖြစ်နေသော်လည်း လေယာဉ်ပျက်ကျလျှင်မူ ဟိုးလေးတကျော်ဖြစ်သွားတတ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ဘတ်စကားဖြင့်ခရီးသွားခြင်းသည်သာ လေယာဉ်ဖြင့်ခရီးသွားခြင်းထက် အနည်းငယ်အန္တရာယ်ပိုကင်းသည်ဟု ယူမှတ်ထားကြသည်။
ပုံမှန်အားဖြင့် လေယာဉ်သည် ကားထက်အဘယ်ကြောင့် အန္တရာယ်ပိုကင်းရသနည်း။ ရှင်းလင်းသိသာသော အကြောင်းရင်းတစ်ခုမှာ ကုန်းလမ်းယာဉ်များနှင့်မတူဘဲ လေယာဉ်တို့သည် တစ်စီးနှင့်တစ်စီး ကပ်ပြီးပျံသန်းလေ့မရှိကြပါ။ နောက်အကြောင်းတစ်ခုမှာ လေကြောင်းအမှုထမ်းစုအများစုသည် အဆင့်မြင့်လေ့ကျင့်မှုရရှိထားပြီး သူတို့၏တာဝန်များကိုကိုင်တွယ်ဖြေရှင်းရာတွင် အလွန်ကျွမ်းကျင်ကြသည်။ ဘိုးရင်း ၇၄၇ ၏လေယာဉ်မှူးဖြစ်သူသည် များသောအားဖြင့် အသက် ၅၀ ကျော်တွင်းရှိကာ လေယာဉ်မောင်းနှင်မှုအတွေ့အကြုံ အနှစ် ၃၀ ခန့်ရှိတတ်သည်။ ဘေးအန္တရာယ်ကင်းမှုသည် လေယာဉ်အမှုထမ်းစုဝင်အားလုံးအတွက် အဓိကဖြစ်သည်။ အမှန်ဆိုရလျှင် သူတို့၏အသက်ကိုပါ စွန့်ထားကြရ၍ဖြစ်သည်။
လေယာဉ်မှူးအခန်းတွင် ဘေးအန္တရာယ်ကင်းမှု
ခရီးသည်တင်လေယာဉ်တစ်စင်း၏ လေယာဉ်မှူးအခန်းထဲသို့ သင်ဝင်ကြည့်လိုက်မည်ဆိုလျှင် အဓိကကိရိယာများနှင့် အထိန်းစက်များအားလုံး နှစ်စုံစီ—လေယာဉ်မှူးအတွက် ဘယ်ဘက်တွင် တစ်စုံနှင့် တွဲဖက်လေယာဉ်မှူးအတွက် ညာဘက်တွင် တစ်စုံ—ရှိသည်ကို သင်သတိပြုမိပေမည်။a ထို့ကြောင့် လေကြောင်းခရီးသည်၏လက်စွဲစာအုပ်အရ “လေယာဉ်မှူးတစ်ဦး မူးလဲသွားသည့် ဖြစ်တောင့်ဖြစ်ခဲ အဖြစ်အပျက်တွင် ကျန်တစ်ဦး၌ ဘေးအန္တရာယ်ကင်းကင်းပျံသန်းရန် လိုအပ်သည့်အထိန်းအားလုံး ရှိသည်။ ပျံသန်းစဉ်တွင် လေယာဉ်မှူးတစ်ဦးစီသည် အခြားတစ်ဦး၏ ကိရိယာများကို စောင့်ကြပ်စစ်ဆေးပေးနိုင်ပြီး ယင်းတို့သည် ခလုတ်ခုံနှစ်ခုစလုံးတွင် တူညီသောအညွှန်းများကိုပြမပြ အသေအချာသိနိုင်သည်။
လေယာဉ်မှူးအခန်းတွင် ဘေးအန္တရာယ်ကင်းဝေးစေသော အခြားအချက်တစ်ခုမှာ ဘေးဆီးရန်ကာအနေနှင့် လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတို့သည် များသောအားဖြင့် အစာစားချိန်မတူညီကြပါ။ အဘယ်ကြောင့် ထိုသို့စားရသနည်း။ အစာအဆိပ်သင့်သည့် မဖြစ်တန်ရာသောအဖြစ်မျိုးတွင် တစ်ဦးကိုသာ ထိခိုက်မှုရှိစေရန်ဖြစ်သည်။
ဖလက် (ဆင်းသက်နှုန်းထိန်းအရွက်) များ၊ ဆင်းသက်ထိန်းဂီယာနှင့် ဘရိတ်များကဲ့သို့သော ရွေ့ရှားနိုင်သောအပိုင်းများ၏ ထိန်းချုပ်မှုကို သေချာစေရန် “လေယာဉ်ကြီးများတွင် များသောအားဖြင့် တစ်ခုပျက်သွားလျှင် တစ်ခုကျန်စေရန် ဟိုက်ဒရောလစ်စနစ် နှစ်ခု၊ သို့မဟုတ် နှစ်ခုထက်မကထားရှိသည်။ ခေတ်အမီဆုံးလေယာဉ်များအတွက် စံထားသော ဘေးအန္တရာယ်ကင်းရေးသတ်မှတ်ချက်မှာ စနစ်နှစ်ခု သို့မဟုတ် သုံးခုပင်ထားရှိခြင်းဖြစ်သည်။
သင် ဘာလုပ်နိုင်သနည်း
ဤမည်သည် ခရီးသည်အားလုံးလုပ်ဆောင်နိုင်သည့် ရိုးရှင်းသော ဘေးဆီးရန်ကာလုပ်ဆောင်ချက်အချို့ဖြစ်သည်– အရေးပေါ်အခြေအနေများအတွက် ညွှန်ကြားချက်ကတ်ပြားကို ဖတ်ပါ၊ လေယာဉ်စပျံသန်းချိန်တိုင်းတွင် လေယာဉ်အမှုထမ်းများရှင်းပြသည့် ဘေးအန္တရာယ်ကင်းရေး လုပ်ထုံးလုပ်နည်းများကို နားထောင်ပါ။ မိမိထိုင်ခုံတွင် နေရာယူသည့်အခါ အနီးဆုံးထွက်ပေါက်ရှိသည့်နေရာကို စစ်ဆေးကြည့်ရှုပါ။ အရေးပေါ်အခြေအနေဖြစ်သည့်အခါ လေယာဉ်အမှုထမ်းများ၏ညွှန်ကြားချက်များကို လိုက်နာပါ။ သူတို့အားလုံးသည် ပေါ်လာနိုင်သော မည်သည့်အခက်အခဲကိုမဆို ကိုင်တွယ်ရန် အဆင့်မြင့်မြင့်လေ့ကျင့်ခံထားရသည်။ ညွှန်ကြားချက်များပေးသည့်အခါ ခရီးသည်များသည် အလျင်အမြန်လှုပ်ရှားကြပြီး မိမိတို့၏ပစ္စည်းများကို မေ့ပစ်လိုက်ဖို့အရေးကြီးသည်။ အသက်သည် မည်သည့်ပစ္စည်းထက်မဆို တန်ဖိုးရှိသည်။
ခေတ်သစ်လေယာဉ်ပျံများသည် ပုံမှန်အားဖြင့် မိုးလေဝသအခြေအနေဆိုးများအပေါ်မှဖြတ်သွားသည်၊ သို့မဟုတ် ရှောင်ကွင်းပျံသန်းကြသည်၊ ထို့ကြောင့် တာဝေးလေကြောင်းခရီးစဉ်အများသည် အလွန်အဆင်ပြေသည်။ ရလဒ်အနေနှင့် လေယာဉ်တောက်မှုကို ခံစားရသူအလွန်နည်းသည်။ လေထုမငြိမ်မသက်မှုတစ်ခုခုကို ကြုံရမည့်လက္ခဏာပေါ်လျှင် လေယာဉ်မှူးသည် ဘေးဆီးရန်ကာနည်းတစ်ခုအဖြစ် ခရီးသည်များအား အန္တရာယ်ကင်းခါးပတ်များကို အသေအချာပတ်ထားကြရန် အကြံပေးလေ့ရှိသည်။
လေယာဉ်ခရီးသည် ဤမျှထက်ပို၍အန္တရာယ်ကင်းနိုင်ပါသလော။ အဖြေမှာ အန္တရာယ်ပိုကင်းနိုင်သည်ဖြစ်၏။ သို့သော် ခရီးသည်အများစုသည် လိုအပ်သောအပြောင်းအလဲကို သည်းညည်းခံကြမည်မဟုတ်ပေ။ ယင်းကား အဘယ်နည်း။ ခရီးသည်များကို ရှေ့သို့မျက်နှာမူမနေစေဘဲ နောက်သို့မျက်နှာမူနေစေခြင်းဖြစ်သည်! ယင်းသို့ဖြင့် မည်သည့်အကျိုးရှိမည်နည်း။ ရုတ်တရက်အရှိန်လျှော့လိုက်ချိန်တွင် ရင်ဘတ်ကိုပါ ကန့်လန့်ဖြတ်ပတ်ရလေ့ရှိသည့် ကားထိုင်ခုံခါးပတ်အများစုနှင့် နှိုင်းယှဉ်လိုက်သော် မပြည့်စုံသောအကာအကွယ်ဖြစ်သည့် ဝမ်းဗိုက်ကိုသာ စည်းကျပ်ထားသည့်ထိုင်ခုံခါးပတ်တစ်ခုတည်းသာမဘဲ နောက်မှီက ခရီးသည်များကို ထောက်မပေးမည်ဖြစ်သည်။ သို့သော် လူတို့သည် မိမိတို့ဖြတ်ကျော်ခဲ့သည့်နေရာထက် မိမိတို့သွားမည့်နေရာကိုသာ သာ၍ကြည့်လိုကြသည်။
ဝေဟင်ခရီးသွားရမှာ ကြောက်သလော
အမေရိကန်နိုင်ငံသားအရွယ်ရောက်သူ ၆ ဦးတွင် တစ်ဦးသည် ဝေဟင်ခရီးသွားရမည်ကိုကြောက်ကြကြောင်း ခန့်မှန်းဖော်ပြထားသည်။ အချို့က ရိုးရိုးကြောက်ခြင်းမဟုတ်သော အကြောက်လွန်ခြင်း၊ အထိတ်တလန့်တုံ့ပြန်တတ်သည့်အထိ အကြီးအကျယ်ကြောက်ခြင်းမျိုးဖြစ်သည်။ အဘယ်အရာကအကူအညီပေးနိုင်သနည်း။
အတွေ့အကြုံများသော ခရီးသည်တစ်ဦးဖြစ်လာခြင်းသည် စိုးရိမ်စိတ်ကို ဖြေဖျောက်ရန် များစွာကူညီပေးနိုင်သည်။ နှစ်စဉ် လေဆိပ်ပေါင်း ၁၀,၀၀၀ ခန့်ကို အသုံးပြုနေသည့် ကမ္ဘာတစ်ဝန်းမှ လေယာဉ်အစင်းပေါင်း ၁၅,၀၀၀ ခန့်သည် ပြည်သူသန်းပေါင်း ၁,၂၀၀ ကျော်ကို မတော်တဆဖြစ်မှုအနည်းအကျဉ်းလောက်ကိုသာ တွေ့ကြုံစေကာ ပို့ဆောင်ပေးလျက်ရှိသည်။ “လန်ဒန်မြို့ရှိ လွိုက်ဒ် [အာမခံကုမ္ပဏီ] အရ လေကြောင်းခရီးသည် ကားလမ်းခရီးထက် ၂၅ ဆပို၍ဘေးအန္တရာယ်ကင်းသည်။”
လေကြောင်းခရီးသွားရမည်ကို သင်လန့်နေမည်ဆိုလျှင် ပျံသန်းခြင်း၊ လေယာဉ်များနှင့် လေယာဉ်မှူးသင်တန်းများအကြောင်း စာအုပ်များကို ဖတ်ပါ။ လေယာဉ်မှူးများအတွက်လိုအပ်သည့် အဆင့်မြင့်သင်တန်းများ၏ စံနှုန်းများနှင့် အိပ်ချိန်နှင့်ပတ်သက်ပြီး လိုက်နာရသည့် စည်းမျဉ်းများ၊ မပျံသန်းမီ အရက်ယမကာသောက်သုံးမှုဆိုင်ရာ ကန့်သတ်ချက်များနှင့် ရှောင်တခင် မူးယစ်ဆေးစစ်ဆေးခြင်းအကြောင်းတို့ကိုဖတ်ကြည့်ပါ။ လေယာဉ်မှူးတို့သည် အရေးပေါ်အခြေအနေများတွင် သူတို့၏တုံ့ပြန်မှုများကို စမ်းသပ်ရန် လေယာဉ်အတုပျံသန်းမှုကို အောင်ရမည့် ခြောက်လတစ်ကြိမ်စစ်ဆေးမှုများလည်း ရှိသည်။ လေယာဉ်မှူးအချို့သည် လေယာဉ်အတုခန်းထဲမှထွက်လာသောအခါ “တုန်တုန်ရီရီဖြစ်ပြီး ချွေးများရွှဲနစ်နေ” သည်အထိ ဤလေယာဉ်အတုပျံသန်းမှုခန်းများသည် တကယ့်အဖြစ်အလားဖြစ်သည်။ လေယာဉ်မှူးတစ်ဦးသည် လေယာဉ်အတုစမ်းသပ်ချက်ကို မအောင်လျှင် စီးပွားရေးသုံးလေကြောင်းတွင် သူ၏ပျံသန်းခွင့်လိုင်စင် သိမ်းခံရနိုင်သည်။ ဤစံနှုန်းများသည် မော်တော်ယာဉ်မောင်းများအတွက် ချမှတ်ထားသည့် မည်သည့်စံနှုန်းထက်မဆို များစွာအဆင့်မြင့်သည်။ ထို့ကြောင့် လေယာဉ်နှင့်လေယာဉ်မှူးများအကြောင်း ပို၍သိလေလေ၊ သင့်ယုံကြည်စိတ်ချမှု ပို၍တိုးလာလေလေဖြစ်သည်။
လေယာဉ်ကွင်းသို့ သွားရောက်လည်ပတ်ခြင်းသည်လည်း အကူအညီဖြစ်နိုင်သည်။ ခရီးသည်များအတွက် လုပ်ထုံးလုပ်နည်းများကို မှတ်သားပြီး လူများမည်သို့တုံ့ပြန်လုပ်ဆောင်နေကြပုံကို သတိထားကြည့်ပါ။ လူအများစုသည် ဘတ်စကားပေါ်မှဆင်းနေသည့်အလား လေယာဉ်ပေါ်မှဆင်းနေကြသည်ကို သင်သတိပြုမိမည်။ လေကြောင်းခရီးသည် သူတို့အတွက် ထမင်းစားရေသောက်သလောက်ပင်။ လေယာဉ်များ အတက်အဆင်းလုပ်နေသည်ကို ဂရုစိုက်ကြည့်ပါ။ ပျံသန်းနိုင်ပြီး အန္တရာယ်လည်းကင်းစေနိုင်သည့် လေရှိန်နှင့်ဆိုင်သောပညာရပ်၏ သိပ္ပံဆိုင်ရာနိယာမများကို သဘောပေါက်နားလည်၊ တန်ဖိုးထားတတ်ရန်ကြိုးစားပါ။
ဦးဆုံးအကြိမ် သင်လေယာဉ်စီးသောအခါ ဦးဆုံးအကြိမ်လေယာဉ်စီးခြင်းဖြစ်၍ အနည်းငယ်ကြောက်နေကြောင်း လေယာဉ်အမှုထမ်းများကို ပြောပြပါ။ ဤကျွမ်းကျင်သူတို့သည် သင်အားသက်သောင့်သက်သာဖြစ်စေရန်နှင့် ဖွဲ့စည်းစီစဉ်ထားမှုကို ယုံကြည်စိတ်ချစေရန် မည်သို့ကူညီပေးရမည်ကို သိထားကြသည်။ သက်သောင့်သက်သာဖြစ်ဖို့ ကြိုးစားပါ။ စိုးရိမ်စရာမရှိကြောင်း၊ လေယာဉ်ပေါ်လမ်းလျှောက်၍ရသည်ဟု လေယာဉ်မှူးကဆိုလျှင် ထပြီး လေယာဉ်ထဲတွင် အေးအေးဆေးဆေးလမ်းလျှောက်ကြည့်ပါ။ သင်သည် ဝေဟင်ခရီးသွားရမည်ကို ကြောက်ရွံ့စိတ်ကင်းပျောက်သွားသည့်အထိ တိုးတက်လာပေမည်!
[အောက်ခြေမှတ်ချက်]
a လေကြောင်းလိုင်းအများစုတွင် လေယာဉ်မှူးသည် လေယာဉ်ရပ်ထားစဉ် လေယာဉ်မှူးအခန်းအတွင်း သင့်အားဝင်ကြည့်ခွင့်ပြုမည်။ သင်မေးသည့်မေးခွန်းများကိုလည်း သူဖြေကြားပေးလေ့ရှိသည်။
[စာမျက်နှာ ၁၁ ပါ အကျဉ်းဖော်ပြချက်]
“အင်္ဂလန်မြို့ရှိ လွိုက်ဒ် [အာမခံကုမ္ပဏီ] အရ လေကြောင်းခရီးသည် ကားလမ်းခရီးထက် ၂၅ ဆ ပို၍ဘေးအန္တရာယ်ကင်းသည်”
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံများ]
သက်သောင့်သက်သာနေတတ်ရန် သင်ယူခြင်းသည် ဝေဟင်ခရီးသွားစဉ် ပျော်ရွှင်မှုရစေနိုင်သည်
[Picture Credit Line on page 10]
Photograph courtesy of Boeing Aircraft Company