သင်ခန်းစာ ၄
မည်သို့ဖတ်၍ မှတ်မိနိုင်ပုံ
၁၊ ၂။ ဖတ်သမျှကို မှတ်မိရန် အဘယ်ကြောင့် အရေးကြီးသနည်း။
၁ ကိုယ့်ပျော်ရွှင်မှုအတွက် အချိန်ကုန်စေရန်သာ စာဖတ်သူတို့အတွက် ဖတ်လေသမျှကို မှတ်မိနေစရာမလို။ သို့သော် မိမိအလုပ်အကိုင်အတွက် လေ့လာဖတ်ရှုသူများ ဖတ်လေသမျှကို မှတ်မိဖို့ အရေးကြီးသည်။ စာမေးပွဲအောင်ပြီး ကိုယ်ရွေးချယ်ရာအလုပ် ရနိုင်ဖို့ ထိုသို့ပြုရန်လိုသည်။ ခရစ်ယာန်ဓမ္မအမှုထမ်းသူအဖို့မူကား ဖတ်ရှုလေသမျှကို မှတ်မိဖို့ အထူးအရေးကြီးသည်။ ယေဟောဝါနှင့် တရင်းတနှီးရှိဖို့၊ ယေဟောဝါနာမတော် ဘုန်းထင်ရှားစေဖို့၊ မိမိဓမ္မအမှုကို တိုးတက်စေဖို့ သူဖတ်ရှုလေ့လာရခြင်းဖြစ်သည်။—တရား. ၁၇:၁၉။
၂ ကျမ်းစာနှင့် ကျမ်းစာကိုနားလည်စေသည့် စာပေများကို ခရစ်ယာန်တစ်ဦး အဓိကထား ဖတ်ရှုပါသည်။ ကျမ်းစာအသိပညာသာ ထာဝရအသက်ပေးနိုင်ကြောင်း သူသိထားသည်။ ကျမ်းစာဖတ်ခြင်းဖြင့် ထိရောက်သောဓမ္မအမှုဆောင်ဖြစ်စေသဖြင့် သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် ဤစာဖတ်ရှုခြင်းကို အဓိကထားပါသည်။
၃၊ ၄။ အဘယ်ကြောင့် ရွေးချယ်ဖတ်ရန် လိုအပ်သနည်း။
၃ စာဖတ်၍ ဦးနှောက်ထဲပို့ခြင်းကို ဝမ်းဗိုက်ထဲ အစာပို့ခြင်းနှင့် နှိုင်းယှဉ်ထားသည်။ ဤကိစ္စနှစ်ရပ်စလုံး၌ အသေအချာ ရွေးချယ်ဖို့လိုသည်။ အဆာပြေရုံ အစာစားသည့်အခါ၌ပင် အစာမကြေ၊ အကျိုးမပေး၊ အဆိပ်ဖြစ်သည့်အစာများကို မစားပါ။ အကျိုးကြာရှည်ခံဖို့ ကြေလွယ်သောအစာများကို စားရသည်။
၄ စာဖတ်ခြင်းသည်လည်း ထို့အတူပင်။ အပျင်းပြေဖြစ်စေ၊ သေချာစွာ လေ့လာဖတ်ရှုသည်ဖြစ်စေ ဦးနှောက်တွင် ကြေလွယ်၍ ကြာရှည်အကျိုးပြုမည့် စာပေများကို ဖတ်ရှုသင့်သည်။ မဟုတ်မမှန်၊ ဘုရားတရားနှင့်မညီ၊ အကျင့်သီလယိုယွင်းစေသဖြင့် ဝိညာဉ်ရေးအရ အစာကြေခဲစရာသာ ဖြစ်သွားနိုင်သည်။ (ဖိ. ၄:၈) အကျိုးနည်းသောစာပေကို အဘယ်ကြောင့် အချိန်ကုန်ခံ ဖတ်နေရမည်နည်း။ အစာကို ရွေးစားကြသကဲ့သို့ စာပေကို ရွေးဖတ်သင့်သည်။
၅၊ ၆။ စာဖတ်လေ့လာဖို့ အဘယ်ကြောင့် အချိန်ကန့်သတ်ရန် လိုသနည်း။ မည်သည့်အချိန်တွင် ထိုသို့ပြုနိုင်သနည်း။
၅ ကိုယ်ပိုင်စာဖတ်ခြင်းဇယား။ ဖတ်သင့်သည့် စာအမျိုးအစားကို ရွေးပြီးပြီဖြစ်ရာ နောက်တစ်ဆင့် တက်လှမ်းရမည်။ သင့်နေ့စဉ်အစီအစဉ်ထဲ စာဖတ်ချိန်ထားခြင်းဖြစ်သည်။ နေ့ရက်အချိန် မဖယ်ထားလျှင် သင့်ကြိုးစားမှုသည် စည်းစနစ်မကျသဖြင့် အောင်မြင်မှု နည်းမည်။—တ. ၁၇:၁၁။
၆ သေချာစဉ်းစားဖတ်နိုင်ဖို့ အချိန်ပေးရမည်။ ပတ်ဝန်းကျင်အခြေအနေလည်း တိတ်ဆိတ်နေရမည်။ သို့သော် လေ့လာမှုပြုချိန်အတွင်းသာ သင်စာပေဖတ်ရှုလိမ့်မည်မဟုတ်ပါ။ တစ်နေ့လျှင် ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် စာဖတ်ချိန်ပေးလျှင် အကျိုးများစွာရှိပါသည်။ အချို့က နံနက်စောစော၊ သို့မဟုတ် အိပ်ရာဝင်ခါနီး ဖတ်ရှုကြသည်။ အလုပ်သို့၊ ကျောင်းသို့အသွား၊ သို့မဟုတ် အားလပ်ချိန်အတွင်း ဖတ်ရှုသူများလည်းရှိသည်။ အချို့အိမ်တွင် မိသားစုလိုက် နေ့စဉ် ၅ မိနစ်၊ ၁၀ မိနစ်၊ အစာစားပြီးချိန်၊ သို့မဟုတ် အိပ်ရာမဝင်မီ အချိန်ပေး ဖတ်ရှုကြသည်။ နေ့စဉ် မှန်မှန် အနည်းငယ်ဖတ်ရှုခြင်းက အကျိုးပေးပါသည်။
၇။ ကျမ်းစာကိုဖတ်ရာဝယ် မိမိပန်းတိုင်က အဘယ်နည်း။
၇ သင့်ကိုယ်ပိုင်ဇယားတွင် ကျမ်းစာဖတ်ဖို့ အချိန်ပေးပါ။ အစမှအဆုံး အခေါက်ခေါက်ဖတ်ခြင်းသည် အကျိုးများစွာပေးသည်။ နေ့စဉ်၊ သို့မဟုတ် ပတ်စဉ် စာမျက်နှာ၊ သို့မဟုတ် အခန်းအနည်းငယ် ကန့်သတ်ဖတ်ရှုလျှင် ဖြစ်နိုင်ပါသည်။ သို့သော် ကျမ်းစာဖတ်ရခြင်းရည်ရွယ်ချက်မှာ တစ်အုပ်လုံး ဖတ်ပြီးခြင်းမဟုတ်ဘဲ တစ်အုပ်လုံး၏ ရှုထောင့်ကို သဘောပေါက်၍ မှတ်မိဖို့ဖြစ်သည်။ အချိန်ယူ စဉ်းစားဖတ်ပါ။ ကျမ်းစာကိုဖတ်ရှုစဉ် အကောင်းဆုံး ဝိညာဏအစာကို စားသုံးနေကြောင်း အမြဲစိတ်ချနိုင်ပါသည်။
၈၊ ၉။ စာဖတ်ခြင်းအစီအစဉ်တွင် အခြားမည်သည့်စာပေများကို ဖတ်ခြင်းသည် အကျိုးရှိမည်နည်း။
၈ ကင်းမျှော်စင်သင်တန်းနှင့် အခြားအသင်းတော်စည်းဝေးများအတွက် အချိန်ပေး ပြင်ဆင်ဖို့လည်း လိုသည်။ စည်းဝေး၌ အဖြေပေးဖို့ရည်ရွယ်ချက်နှင့် ဖတ်ဖို့ကောင်းသော်လည်း အဖြေရှာထားရုံသာ အဓိကမဖြစ်စေပါနှင့်။ မိမိဖတ်သည့်အကြောင်းကို သဘောပေါက်နားလည်ဖို့၊ မိမိဘဝနှင့် မည်သို့သက်ဆိုင်နိုင်စေဖို့ ကြိုးစားဖတ်ပါ။
၉ အသင်းတော်စည်းဝေး၌ ပတ်စဉ်လေ့လာသည့်အကြောင်းအပြင် အခြားအကြောင်းများ ကင်းမျှော်စင်၌ပါသည်။ နိုးလော့!တွင်လည်း သိသင့်သိအပ်သောအကြောင်းများပါသည်။ သင့်ဘာသာစကားဖြင့် ထုတ်ဝေထားသည့် အသင်းမစာအုပ်အားလုံးကို ဖတ်ရှုပြီးပြီလော။ အချိန်ရှာယူ ဖတ်နိုင်သမျှ အကျိုးရဖို့သာရှိသည်။ ဝိညာဏတိုးတက်မှုသည် မည်မျှထိတိုင် ဖတ်ရှုသည်၊ စာဖတ်အကျင့် မည်မျှကောင်းသည်ပေါ် အခြေခံပါသည်။
၁၀–၁၇။ ကိုယ်ဖတ်သမျှအနက်များစွာ မှတ်မိနိုင်ရန် မည်သို့သော အလေ့အထများက အကူအညီဖြစ်မည်နည်း။
၁၀ မှတ်ဉာဏ်အတွက် အထောက်အကူ။ ကိုယ်ဖတ်ရာမှ အကျိုးအပြည့်ရဖို့ မှတ်ဉာဏ်ကောင်းရမည်။ အချို့က မှတ်ဉာဏ်မကောင်းသဖြင့် မမှတ်မိနိုင်ဟု ဆိုသည်။ များသောအားဖြင့် ဖြစ်နိုင်စရာရှိသည်ကား မလေ့ကျင့်၊ မလှုပ်ရှားသော မှတ်ဉာဏ်ကြောင့် မမှတ်မိနိုင်ခြင်းဖြစ်သည်။ ကိုယ်ဖတ်လေသမျှ ကိုယ့်ကို အကျိုးပေးဖို့ ကြိုးစားလျှင် ပညာရှိသည်။ ဖတ်ရှုသည့်အကြောင်းကို ချက်ချင်းမေ့လျော့မည်ဆိုလျှင် အကျိုးရှိမည်မဟုတ်ပါ။ မှတ်မိရအောင် မည်သို့စာဖတ်လျှင် ကောင်းမည်ကို သိထားဖို့လိုသည်။ စာဖတ်ကျင့်ရှိသူများအား အကျိုးပြုခဲ့သော အကြံပေးချက်အနည်းငယ်ရှိသည်။ ယင်းတို့သည် သင့်အတွက် အကူအညီဖြစ်ပေမည်။
၁၁ စာဖတ်စဉ် တစ်လုံးချင်းမဟုတ်ဘဲ စကားစုလိုက် ဖတ်ပါ။ ဤသို့ပြုလျှင် စာဖတ်မြန်မည့်အပြင် စကားလုံးများနှင့် ဒုက္ခရောက်မနေဘဲ ဆိုလိုရင်းကို သိလာစေပါမည်။ စာဖတ်သည့်အခါ အသံမထွက်စေနှင့်၊ နှုတ်ခမ်းနှင့်လည်း လိုက်မဖတ်နှင့်။ အဓိကအချက်တစ်ခုကို စွဲမှတ်စေလိုခြင်းမှအပ ကျန်ရစ်သည့်စာကြောင်း၊ စာစုတို့ကို ပြန်ဖတ်သည့်အကျင့်လည်း မလုပ်ပါနှင့်။ သို့သော် လေးနက်၍ နားလည်ရခက်သောအကြောင်းကို ဖတ်သည့်အခါ ဖြည်းဖြည်းချင်းနှင့် အဓိပ္ပာယ်မှန်ရဖို့ စဉ်းစားဖတ်ပါ။ ဤသို့သောအကြောင်းကို အသံထွက်၍ပင် ဖတ်ရှုလိုပေမည်။ (ဆာ. ၁:၂) ဆာလံနှင့် သုတ္တံကျမ်းတို့ကို မြန်မြန်ဖတ်သွားဖို့ ရေးသားထားခြင်းမဟုတ်။ အသေအချာ စဉ်းစားဆင်ခြင်ဖတ်ဖို့ ဖြစ်ပါသည်။—ဆာ. ၇၇:၁၁၊ ၁၂။
၁၂ အဓိကစကားလုံးများ၊ တစ်ဖန်ပြန်လေ့လာလိုသည့်အချက်တို့ကို မှတ်သားဖို့ ခဲတံကိုင် စာဖတ်လျှင် အကျိုးရှိသည်။ သို့သော် မျဉ်းသားသည့်အခါ အစစအရာရာကို လိုက်မှတ်နေလျှင် အဓိကအချက်များကို ပေါ်လွင်လိုသည့် ရည်ရွယ်ချက်အား အကျိုးနည်းစေမည်။ အမှုဆောင်ရာ၌ အသုံးပြုနိုင်သည့် အထူးအကျိုးရှိသော ရှင်းပြချက်ကို ဖတ်မိလျှင် စာအုပ်အနောက်၌ စာမျက်နှာနှင့် အပိုဒ်ကို မှတ်သားထားပါ။ လိုသည့်အခါ အလျင်အမြန်ရှာတွေ့နိုင်သည်။ ကိုယ့်စာအုပ်မဟုတ်လျှင် အမှတ်အသားများ မပြုလုပ်ပါနှင့်။
၁၃ အချက်အလက်များကို မှတ်မိလိုလျှင် ကိုယ်သိနှင့်ထားပြီးသော အကြောင်းများနှင့် ဆက်စပ်သော ယခုဖတ်နေသည့်အကြောင်းကိုဖတ်စဉ် ရပ်တန့်ခါ၊ ပြန်စဉ်းစားခါ၊ နှိုင်းယှဉ်ခါမှသာ ဖြစ်မည်။ ဖတ်သမျှကို အသေးစိတ်ဆင်ခြင်စဉ်းစားဖို့ ကြိုးစားပါ။ ဖော်ပြထားသောယူဆချက်များအား ထောက်ပံ့ရန်ပေးသည့် အကြောင်းပြချက်တို့ကို သတိပြုပါ။ သင်နှင့်သက်ဆိုင်သည့် ကျင့်စဉ်တို့ကို သတိထားဖတ်ပါ။ သင့်ဘဝတွင် လမ်းပြဖြစ်သည့် အချက်အလက်တို့ကို သတိပြုပါ။ ယင်းတို့ကို မည်သို့လက်တွေ့ကျင့်သုံးနိုင်ကြောင်း စဉ်းစားပါ။
၁၄ အသင်းမ စာအုပ်ကြီးများကို ဖတ်သည့်အခါ ဦးဆုံး စာအုပ်အမည်၊ ထို့နောက် ၎င်းနှင့် မာတိကာပါအကြောင်းများ မည်သို့ဆက်စပ်သည်ကိုတွေးတောလျှင် ကောင်းသည်။ ဤသို့ပြုခြင်းဖြင့် တစ်အုပ်လုံး၏ အဓိကအချက်ကို အလေးအနက် စွဲမှတ်နိုင်မည်။ မဂ္ဂဇင်းမှ အကြောင်းတစ်ခု၊ စာအုပ်မှ အခန်းတစ်ခု ဖတ်သည့်အခါ ခေါင်းစဉ်ငယ်ကလေးများကို အရင်ကြည့်ပါ။ အဓိကအချက်ကို မည်သို့တင်ပြသွားမည်အကြောင်း ၎င်းခေါင်းစဉ်ငယ်များက တင်ပြပါမည်။ စာပိုဒ်တစ်ခုစီ၏အစတွင် အများအားဖြင့် တင်ပြထားသည့် အကြောင်းအရာဝါကျများကို သတိပြုမိဖို့ ဂရုစိုက်ပါ။ တစ်ပိုဒ်လုံး၏ အဓိပ္ပာယ်ကို အတိုချုံး တင်ပြထားသည်။ သင်ဖတ်နေသည့်အကြောင်း၏ အကြောင်းတစ်ခုလုံး၏ ရှုထောင့်ကို သဘောပေါက်နိုင်ဖို့ ဂရုစိုက်လေ့လာပါ။
၁၅ အခြားအကြံပြုချက်တစ်ခုမှာ ကိုယ်ဖတ်သည့်အကြောင်းကို မြင်တွေ့ရဖို့ ကြိုးစားကြည့်ပါ။ ရုပ်ပေါ်စေခြင်းဖြင့် မှတ်မိနိုင်ဖို့ အကူအညီရသည်။ မိမိဖတ်နေသူတို့နှင့် သူတို့၏ နောက်ခံအကြောင်းကို စိတ်ကူးအားဖြင့် ကြည့်လိုက်ပါ။ စကားပြောဆိုသံများနှင့် အခြားအသံများကိုကြားရဖို့၊ အနံ့များရှုဖို့၊ အစားအသောက်များ၏ အရသာကို ခံစားဖို့၊ အခြေအနေတစ်ခု၏ ပျော်ရွှင်မှု၊ သို့မဟုတ် ဝမ်းနည်းခြင်းကိုပါ ခံစားကြည့်ဖို့ နောက်ခံအကြောင်းနှင့် သရုပ်ဆောင်တို့ကိုတွေးမြင်ဖို့ ကြိုးစားပါ။ ဖော်ပြနေသည့် မြင်ကွင်းတွင် အသင်ကိုယ်တိုင် ပါဝင်နေဖို့ ကြိုးစားပါ။ ကျမ်းစာအဖြစ်အပျက် ကွင်းကွင်းကွက်ကွက် ပေါ်လာအောင် အာရုံငါးပါးစလုံးကို စိတ်ကူးနှင့် အသုံးပြုပါ။ ဤနည်းဖြင့် ကျမ်းစာရာဇဝင်ကို အလွယ်တကူ မှတ်မိသဘောပေါက်နိုင်မည်။
၁၆ အခန်းတစ်ခု အဆုံးသတ်ဖတ်ပြီးနောက် စိတ်ကူးဖြင့် ပြန်အတိုချုံး မေးမြန်းစစ်ဆေးကြည့်ပါ။ ထို့နောက် စိတ်ထဲ မှတ်မိသည့် အောက်လိုင်းကို ရေးသားထားချက်များနှင့် နှိုင်းယှဉ်ကြည့်ပါ။
၁၇ ဖြစ်နိုင်လျှင် မိမိဖတ်ထားသမျှကို မမေ့ပျောက်မီ အခြားသူတစ်ဦးနှင့် ပြောဆိုဆွေးနွေးပါ။ သို့ဖြင့် ဦးနှောက်ထဲ စွဲမြဲစေသည်သာမက အခြားသူကလည်း ထိုအကြောင်းကိုတိုးသိဖို့ ကူညီပေးနိုင်ကောင်း ကူညီပေးနိုင်ပေလိမ့်မည်။ အမှုဆောင်ရာတွင် အသုံးပြုနိုင်သည့် လက်တွေ့ကျအချက်အချို့ တွေ့ရှိထားမည်ဆိုလျှင် အမြန်ဆုံး အသုံးပြုပါမူ မိမိမှတ်ဉာဏ်၌ အမြဲစွဲကပ်နေပါလိမ့်မည်။
၁၈–၂၀။ စာကောင်းကောင်း ဖတ်နိုင်ဖို့ ကျင့်ထားရန် အဘယ်ကြောင့် အရေးကြီးသနည်း။
၁၈ ထိရောက်စွာဖတ်ခြင်း၏တန်ဖိုး။ စာဖတ်ရှုခြင်းသည် ကျွန်ုပ်တို့အပေါ် တိုက်ရိုက်သြဇာလွှမ်းမိုးသည်။ မိမိတို့ ဝိညာဉ်ရေးတိုးတက်မှု၊ လုပ်နည်းလုပ်ပုံ၊ လုပ်ငန်းကျွမ်းကျင်မှုဘဝအသက်တာအပေါ်ပျော်ရွှင်မှုတို့သည် မိမိတို့ စာဖတ်ရှုမှုပေါ် များစွာမူတည်သည်။ ဖတ်နိုင်စွမ်း ကင်းမဲ့သဖြင့် မြောက်မြားစွာသောသူတို့သည် တွေ့ ကြုံမှုနှင့် လေ့လာမှုတို့မှာ အခွင့်အရေးမခံစားရကြချေ။ သားသမီးတို့ကို စည်းကမ်းတကျ ဖတ်ရှုရန် စီစဉ်ပေးခြင်းဖြင့် မိဘများသည် သားသမီးတို့ကို ကူညီလေ့ကျင့်နိုင်ပါသည်။ မကြာခဏ ကလေးများကို အသံကျယ်ကျယ် ဖတ်ခိုင်းနိုင်ပါသည်။ ဥပမာ၊ ကျမ်းစာကိုနေ့စဉ်စေ့စေ့ကြည့်ရှုခြင်းစာအုပ်ငယ်မှ ထိုနေ့အတွက်ကျမ်းချက်နှင့်မှတ်ချက်ကို ဖတ်စေပါ။ သွက်လက်စွာ စာမဖတ်နိုင်ပါက နေ့တိုင်း ၁၅ မိနစ် သို့မဟုတ် မိနစ် ၃၀ အသုံးပြု ဖတ်ပါက လအနည်းငယ်တွင် ကျေနပ်ဖွယ်ရာတိုးတက်မှု ရရှိလိမ့်မည်။
၁၉ စာဖတ်ရှုခြင်း အကျင့်ကောင်းများ၊ အချိန်သတ်မှတ်ပြီး စာဖတ်ခြင်း၊ ရှာဖွေလေ့လာခြင်းနှင့် ဤတွင်တင်ပြထားသော အကြံပေးချက်များအတိုင်း ပြုလုပ်ပါက သင့်အမှုဆောင်စွမ်းရည် တိုးမြင့်လာပါမည်။ ဤသို့ဖြင့် မွန်မြတ်သော ဘုရားသခင့်စကားတို့ကို ပိုမှတ်မိပြီး မိမိအသက်တာနှင့် အမှုဆောင်လုပ်ငန်း၌ အသုံးချနိုင်လိမ့်မည်။ ဤတွင်ပါသည့် အကြံပေးချက်တို့ကို လက်တွေ့အသုံးပြုပါက အိုမင်းသူတို့ပါ အကျိုးခံစားနိုင်ပါလိမ့်မည်။ မည်သူမျှ အသက်ကြီးလွန်းသောကြောင့် အကျိုးမခံစားနိုင်ဟု မယူဆသင့်ချေ။
၂၀ ဘုရားသခင်သည် မိမိ၏ရည်ရွယ်ချက်များကို စာအုပ်တစ်အုပ်၌ ရေးမှတ်ထားစေခြင်းသည် လူသားတို့ကို မိမိ၏အံ့သြဖွယ်ရာလုပ်ငန်းရပ်များကို သိစေပြီး ကာလတာရှည် မှတ်မိ သတိရစေရန်အတွက်ပင် ဖြစ်သည်။ (ဆာ. ၇၈:၅-၇) ဘုရားသခင်၏ ရက်ရောမှုကို ကျေးဇူးတင်လေးစားကြောင်း နှုတ်ကပါဌ်တော်ကို ဖတ်ရှုလျက် မှတ်မိသတိရခြင်းဖြင့် တင်ပြနိုင်ပါမည်။