ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • sg သင်ခန်းစာ ၂၂ စာ. ၁၀၉-၁၁၂
  • ထိရောက်သောနိဒါန်းများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထိရောက်သောနိဒါန်းများ
  • သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • **********
  • **********
  • စိတ်ဝင်စားမှု နှိုးဆွသောနိဒါန်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
sg သင်ခန်းစာ ၂၂ စာ. ၁၀၉-၁၁၂

သင်ခန်းစာ ၂၂

ထိရောက်သောနိဒါန်းများ

၁–၃။ ဟောပြောချက်၏နိဒါန်းတွင် အကြောင်းအရာအပေါ် စိတ်ဝင်စားမှုရှိလာအောင် အဘယ်နည်းများဖြင့် နှိုးဆွနိုင်သနည်း။

၁ စိတ်ဝင်စားမှုနှိုးဆွခြင်း။ ဟောပြောချက်၏ နိဒါန်းသည် ဟောပြောသည့်အကြောင်းအရာကို စိတ်ဝင်စားမှုရှိအောင် နှိုးဆွပေးသင့်သည်။ နိဒါန်းသည် ပရိသတ်၏အာရုံကို ဖမ်းထား၍ ဆက်လက်ကြားရမည့်အကြောင်းကို လိုလိုလားလား စဉ်းစားနိုင်ရန် အသင့်ပြင်ပေးသင့်သည်။ ဤသို့အထမြောက်စေရန် သင်ဟောပြောမည့်အကြောင်း၏တန်ဖိုးကို ပရိသတ်အား ဖော်ပြရန်လိုသည်။

၂ ဟောပြောချက်တစ်ခုကို စိတ်ဝင်စားမှုရှိလာအောင် နှိုးဆွပေးနိုင်သည့် အကောင်းဆုံးနည်းလမ်းတစ်ခုမှာ ပရိသတ်ကို ပါဝင်ပတ်သက်စေခြင်းဖြစ်သည်။ ဤအကြောင်းသည် သူတို့အတွက် အရေးကြီးကြောင်း၊ သူတို့အသက်တာနှင့်ပတ်သက်ကြောင်း နားလည်စေပါ။ ထိုသို့ပြုရာ၌ ပရိသတ်၏အဆင့်အတန်းမှစတင်ရန်လိုသည်။ ဆိုလိုသည်ကား သင်ပြောသောအကြောင်းသည် နားထောင်သူတို့၏ အထွေထွေဗဟုသုတစ်ခွင်အတွင်းမှ ဖြစ်သင့်သည်။ ဥပမာတစ်ခု၊ ပြဿနာတစ်ခု၊ သို့မဟုတ် ဆက်တိုက်မေးခွန်းများဖြစ်နိုင်ပေသည်။ သို့သော် ပရိသတ်နားလည်၍ လက်တွေ့အသုံးချနိုင်ရန် သူတို့အကျွမ်းတဝင်ရှိသည့်အကြောင်း အမြဲတမ်းဖြစ်သင့်သည်။

၃  တစ်ခါတစ်ရံ နိဒါန်းပိုင်း၌ ပရိသတ်၏တစ်ယူသန်စိတ်ကို ကျော်လွှားရန် လိုပေမည်။ အကယ်၍ဆွေးနွေးတင်ပြသည့်အကြောင်းသည် အကြိတ်အနယ် အချေအတင်ပြောရသည့်အကြောင်း ဖြစ်မည်ဆိုလျှင် ထိုသို့ပြုရန် အထူးလိုပေသည်။ ထိုသို့သောအခါမျိုး၌ သင့်လိုရင်းချက်ကို ခိုင်လုံစေမည့် အကြောင်းပြချက်များကို ထိရောက်စွာတင်ပြပြောဆိုနိုင်သည်အထိ သင့်ပရိသတ်ကို ထိန်းထားလိုပါက သင်၏နိဒါန်းသည် အလွန်အရေးကြီးသည်။ တစ်အိမ်မှတစ်အိမ် ဓမ္မအမှုတွင် သာမန်ကန့်ကွက်ချက်ကို ချေပရန် ပထမ၎င်းကို လိမ္မာပါးနပ်စွာ ပြောဆိုခြင်းအားဖြင့် မကြာခဏအောင်မြင်နိုင်ပြီးနောက် မိမိဆွေးနွေးလိုသောအကြောင်းကို ဆက်လက်တင်ပြနိုင်သည်။

၄–၆။ နိဒါန်းများသည် စိတ်ဝင်စားမှုကိုနှိုးဆွပေးရန် အခြားအဘယ်အချက်များက အထောက်အကူပြုမည်နည်း။

၄ သင်အဘယ်အရာကိုပြောဆိုသည်က အစဉ်သဖြင့်အဓိကအရေးကြီးသည်။ သို့သော် နိဒါန်းအားဖြင့် စိတ်ဝင်စားမှုကို နှိုးဆွနိုင်ရန် နိဒါန်းကိုမည်သို့တင်ပြခြင်းသည် ဟောပြောချက်၏ ကျန်အပိုင်းအားလုံးနီးပါးထက်မဆို ပို၍အရေးကြီးကောင်းကြီးမည်။ ယင်းကြောင့် နိဒါန်းတွင် ပြောမည့်အကြောင်းကိုသာမက တင်ပြပြောဆိုလိုသည့်နည်းကိုပါ အသေအချာကြိုတင်ပြင်ဆင်ဖို့လိုသည်။

၅ သာမန်အားဖြင့် တိုတိုတုတ်တုတ်နှင့် နားလည်ရလွယ်ကူသောဝါကျများသည် သင့်နိဒါန်း၏ ရည်မှန်းချက်ကို အကောင်းဆုံးအထမြောက်စေနိုင်သည်။ နိဒါန်းပျိုးရသည့်အချိန်တိုကလေးအတွင်း သင့်ရည်မှန်းချက် အထမြောက်စေရန် စကားလုံးကို ရွေးချယ်ပြောဆိုခြင်းသည် အလွန်အရေးကြီးသောကြောင့် ပထမဝါကျနှစ်ကြောင်းသုံးကြောင်းကို အသေအချာပြင်ဆင်ခြင်းသည် အကျိုးရှိကြောင်း သင်တွေ့ရှိပေမည်။ ယင်းဝါကျများကို ဖတ်ပြနိုင်ရန် သင့်မှတ်ချက်တွင် ရေးမှတ်ထားပါ။ သို့မဟုတ် သင်၏အဖွင့်စကားများသည် ထိထိမိမိအကျိုးသက်ရောက်မှုရှိစေရန် ယင်းဝါကျများကို အလွတ်ကျက်မှတ်ထားပါ။ ထို့ပြင် ဤသို့ပြုခြင်းအားဖြင့် ဟောပြောချက်အစတွင် ယုံကြည်စိတ်ချမှု ပိုမိုရရှိပြီး ဆက်၍လက်တန်းဟောပြောနိုင်ရန် အေးဆေးတည်ငြိမ်မှု အလုံအလောက်ရစေသည့် အခွင့်အရေးကိုလည်း ရရှိစေသည်။

၆ ဤစကားပြောအရည်အချင်းနှင့်ပတ်သက်၍ အောက်ပါအချက်များကို သင့်အားသွန်သင်ချက်ပေးသူက ကြည့်မည်မဟုတ်သော်လည်း သင့်နိဒါန်းကိုတင်ဆက်ပုံနှင့်စပ်လျဉ်း၍ နောက်ထပ်အနည်းငယ်ပြောစရာရှိပါသည်။ အကယ်၍ စိတ်တုန်လှုပ်ချောက်ချားနေပါက အရှိန်လျှော့ပြီး နိမ့်သံဖြင့်ပြောပါ။ ယုံကြည်စိတ်ချစွာပြောပါ။ သို့သော် တစ်ယူသန်သည့်ပုံစံမျိုး မရှိစေပါနှင့်။ ဤသို့သောပုံစံမျိုးသည် ပွဲဦးထွက်ကတည်းက ပရိသတ်နှင့် စိမ်းကားသွားစေနိုင်သည်။

၇။ သင့်နိဒါန်းကို အဘယ်အချိန်တွင် ပြင်ဆင်သင့်သနည်း။

၇ ဟောပြောချက်၏နိဒါန်းကို ဦးဆုံးတင်ပြရသော်လည်း ဟောပြောချက်ကိုယ်မကို ကောင်းစွာပြင်ဆင်ပြီးနောက်မှ နိဒါန်းကိုထိရောက်စွာ ပြင်ဆင်ရလေ့ရှိသည်။ ဤသို့ဖြင့် သင်ပြင်ဆင်ထားသည့်အကြောင်းကို လျောက်ပတ်သောနိဒါန်းပျိုးနိုင်ရန် အဘယ်အကြောင်းကိုပြောလျှင် အကောင်းဆုံးဖြစ်မည်အကြောင်း သိရှိစေမည်။

**********

၈–၁၀။ နိဒါန်းများကို ခေါင်းစဉ်နှင့်ဆီလျော်အောင် မည်သို့ပြုလုပ်နိုင်မည်နည်း။

၈ ခေါင်းစဉ်နှင့်ဆီလျော်ခြင်း။ နိဒါန်းသည် ဆွေးနွေးသည့်ခေါင်းစဉ်နှင့် ဆီလျော်မှသာ ဟောပြောမည့်အကြောင်းအရာသို့ ထိရောက်စွာ ဦးတည်ပေးပေမည်။ ပြောဆိုသည့်ရည်ရွယ်ချက်အတွက် အထောက်အကူပြုသောအချက်ကိုသာ နိဒါန်းတွင်အသုံးပြုရန် အထူးဂရုစိုက်သင့်သည်။ သို့သော် နိုင်ငံတော်သတင်းတရား၏ ဂုဏ်သိက္ခာနှင့်ကိုက်ညီရမည်ဖြစ်ပြီး တစ်ချိန်တည်းတွင် ပရိသတ်ထဲရှိသူစိမ်းများကို ထိခိုက်စရာ မဖြစ်ရအောင်လည်း သတိထားသင့်ပေသည်။

၉ သင့်နိဒါန်းသည် ဆွေးနွေးသည့်အကြောင်းအရာကို ဦးတည်ပေးရုံမျှမက သင်ကိုင်တွယ်မည့်အကြောင်းအရာ၏ အထူးအချက်ကို ရှင်းလင်းစွာ တင်ဆက်ရမည်။ ဆိုလိုသည်ကား သင့်အကြောင်းအရာကို သတ်မှတ်ထားသည့် ခေါင်းစဉ်ဖြင့်ကန့်သတ်ကာ ယင်းခေါင်းစဉ်ကို သင့်နိဒါန်းတွင် တစ်နည်းနည်းဖြင့် လက်တွေ့ကျနိုင်သရွေ့ ဖော်ပြခြင်းဖြစ်သည်။ ခေါင်းစဉ်ကို သင်အတိအကျမဖော်ပြဦးတော့ နိဒါန်းတွင် သော့ချက်စကားလုံးများ သို့မဟုတ် ခေါင်းစဉ်စကားလုံးများကို အချို့အခါများတွင် အသုံးပြုနိုင်သည်။ ဤနည်းအားဖြင့် သင့်ပရိသတ်သည် ဟောပြောချက်အမည်က အထင်ရှိစေသည့် အကြောင်းအရာကိုမဟုတ်ဘဲ အခြားအကြောင်းများကို သင်ပြောဆိုမည်ဟူ၍ မျှော်လင့်မည်မဟုတ်ချေ။

၁၀ ဟောပြောချက်အားလုံးသည် တစုတစည်းပေါင်းစည်းနေသင့်သည်။ အကြောင်းအရာတစ်ခုနှင့်စပြီး အခြားအကြောင်းတစ်ခုနှင့် အဆုံးမသတ်သင့်ပါ။ ထို့ပြင် ခေါင်းစဉ်နှင့်ဆီလျော်သောနိဒါန်းဟုဆိုရာ၌ စိတ်ဝင်စားမှုကိုနှိုးဆွသောနိဒါန်းဖြစ်စေခြင်းနှင့်လည်း မျှမျှတတဖြစ်ရမည်။ တစ်နည်းအားဖြင့်ဆိုလျှင် စစချင်း ပုံတိုပတ်စကောင်းကောင်းတစ်ခုအတွက်နှင့် ခေါင်းစဉ်ကို မဖျက်ဆီးသင့်ပါ။ ဟောပြောချက်၏ရည်ရွယ်ချက်က သင့်အကြောင်းအရာကို ရွေးချယ်ရာတွင် လွှမ်းမိုးသင့်သည်။ ယင်းသည်လည်း ဟောပြောချက်ကိုယ်မနှင့်ကိုက်ညီပြီး ဆက်စပ်နေရမည်။

**********

၁၁–၁၄။ နိဒါန်းသည် အတော်အသင့်ရှည်လျားခြင်းရှိမရှိ မည်သို့ဆုံးဖြတ်နိုင်သနည်း။

၁၁ အတော်အသင့်ရှည်လျားခြင်း။ နိဒါန်းသည် မည်မျှရှည်သင့်သနည်း။ အခြေအနေအားလုံးနှင့်ကိုက်ညီသည့် တိကျသော အဖြေမရှိပါ။ နိဒါန်း၏ အတိုအရှည်သည် ပြောရမည့်အကြောင်းအတွက် ပေးထားသောအချိန်၊ ဟောပြောချက်၏ရည်ရွယ်ချက်၊ ကြားနာသည့်ပရိသတ်နှင့် အခြားဆင်တူယိုးမှား အခြေအနေများအပေါ် မူတည်သည်။

၁၂ အမှန်မှာ ဟောပြောချက်တစ်ခုကို နားထောင်ရာတွင် နိဒါန်းနှင့်ကိုယ်မသည် တစ်ဆက်တည်းရှိနေသောကြောင့် ယင်းတို့နှစ်ခုကို ရှင်းလင်းပြတ်သားစွာ ပိုင်းခြားရန် ခဲယဉ်းတတ်သည်။ ဤကား စကားပြောသွန်သင်ချက်စာရွက်မှ ဤအရည်အချင်းကို ကိုင်တွယ်ရာတွင် သင့်အားသွန်သင်ချက်ပေးသူ ဂရုစိုက်ရမည့်အချက်ဖြစ်သည်။ ကျောင်းသားတိုင်းသည် ဟောပြောရာတွင် တစ်နည်းမဟုတ်တစ်နည်းဖြင့် နိဒါန်းပျိုးကြသည်။ သို့သော် သွန်သင်ချက်ပေးသူသည် အောက်ပါအချက်ကို အာရုံစိုက်ပေမည်– နိဒါန်းသည် ရောက်တတ်ရာရာ၊ အသေးစိတ်နိုင်လွန်း၍ ရှည်လျားထွေပြားလွန်းသဖြင့် တင်ပြမည့် အဓိကအချက်များမရောက်မီ ပရိသတ်အား ဂနာမငြိမ်ဖြစ်စေသလော။

၁၃  နိဒါန်းသည် စိတ်ဝင်စားမှုကို နှိုးဆွပေးသည့်အရည်အချင်းများကို ထိခိုက်စေခြင်းမရှိဘဲ အကြောင်းအရာဆီသို့ တိကျပြတ်သားသော၊ အစီအစဉ်ကျနသော၊ လျင်မြန်သော စိတ်ကူးအစီအစဉ်ဖြင့် ဆက်သွားသင့်သည်။ ကွာဟမှုများမရှိဘဲ ပြည့်စုံနေရမည်။ ယင်းသို့ဖြစ်စေရန် အသေအချာစဉ်းစားပြင်ဆင်ရန်လိုသည်။ အကြောင်းမူကား သင်စတင်ပြောဆိုသည့်စကားသည် အကြောင်းအရာနှင့် အလှမ်းကွာလွန်းသဖြင့် ရှည်ရှည်ဝေးဝေး အသေးစိတ်ရှင်းပြစရာလိုမည်ဆိုပါက သင့်နိဒါန်းကို ပြန်လည်စစ်ဆေးပြီး စကားချီးအသစ်ကိုရှာလျှင် ကောင်းပေမည်။

၁၄ ဟောပြောချက်၏နိဒါန်းနှင့် ကိုယ်မစပ်ကြား သိသာထင်ရှားသော ပိုင်းခြားချက်ကို လွယ်လွယ်နှင့်မတွေ့ မြင်နိုင်လျှင် သင့်နိဒါန်းသည် အတော်အသင့်ရှည်လျားသည်ဟုဆိုနိုင်သည်။ ဤအချက်က သင်သည် သင့်ပရိသတ်ကို သူတို့မသိလိုက်ဘဲနှင့် သင်၏ဆွေးနွေးတင်ပြချက်များကို နားထောင်သည့်အခြေအနေသို့ ကောင်းမွန်စွာခေါ်ဆောင်သွားကြောင်း ပြသပေမည်။ တစ်ဖက်တွင် ပရိသတ်က လိုရင်းချက်ကို ဘယ်တော့ပြောမလဲဟု တွေးတောလာမည်ဆိုပါက သင့်နိဒါန်းရှည်လွန်းသည်ဟု နားလည်လိုက်ပါ။ နိဒါန်း၏ အတိုအရှည်ကို မကြာခဏပြောင်းပေးရသည့် တစ်အိမ်မှတစ်အိမ်ဟောပြောခြင်း၌ ဤအားနည်းချက်ကို တွေ့ရလေ့ရှိသည်။

၁၅၊ ၁၆။ ဟောပြောချက်တစ်ခုသည် အခန်းဆက်ဟောပြောချက်၏ အပိုင်းဖြစ်လျှင် နိဒါန်းမည်မျှရှည်သင့်သနည်း။

၁၅ အစီအစဉ်တွင် သင်သည် တစ်ခုတည်းသောဟောပြောချက်ပေးရသည့်အခါမျိုး၊ သို့မဟုတ် ကျောင်းသားဟောပြောချက်ပေးရသည့်အခါမျိုး၌ သင့်နိဒါန်းသည် အခြားအချိန်အခါများထက် ပို၍ရှည်နိုင်သည်။ သို့သော် သင့်ဟောပြောချက်သည် အခန်းဆက်ဟောပြောချက်၏အပိုင်းဖြစ်မည်၊ သို့မဟုတ် လုပ်ငန်းတော်စည်းဝေး၏အပိုင်းဖြစ်မည်ဆိုပါက နိဒါန်းပျိုးပြီးသား တစ်စုတစ်စည်းတည်း ပေါင်းစည်းထားသည့် အကြောင်းတစ်ခု၏အစိတ်အပိုင်း ဖြစ်နေသောကြောင့် သင့်နိဒါန်းသည် လိုရင်းတိုရှင်းဖြစ်နိုင်သည်။ ရှည်လျားထွေပြားသောနိဒါန်းများကြောင့် အချိန်မကုန်သင့်ဘဲ ကုန်သွားသည်။ ဟောပြောချက်၏ကိုယ်မကသာ သင်တင်ပြရမည့်အကြောင်းများကို ဖော်ပြမည်ဖြစ်သည်။

၁၆ အချုပ်အားဖြင့် နိဒါန်းသည် ဆက်သွယ်မှုရရှိစေရန်၊ စိတ်ဝင်စားမှုနှိုးဆွရန်နှင့် သင်ဆွေးနွေးမည့်အကြောင်းအရာဆီသို့ ဦးတည်ပေးရန်ဖြစ်သည်။ ယင်းကို အဖြစ်နိုင်ဆုံး လျင်မြန်စွာပြောဆိုပြီး ဟောပြောသည့်အကြောင်းအရာ၏အဆီအနှစ်သို့ လျင်မြန်စွာကူးပြောင်းပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ