ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • sg သင်ခန်းစာ ၃၈ စာ. ၁၈၈-၁၉၂
  • သင်၏တိုးတက်မှု ထင်ရှားပါလေစေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်၏တိုးတက်မှု ထင်ရှားပါလေစေ
  • သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဆင့်ဆင့်တိုးတက်သွားပါ
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • လူငယ်တို့—သင်တို့၏ တိုးတက်မှုကို ထင်ရှားစေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • သင်၏တိုးပွားမှုကို ထင်ရှားစေခြင်း
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • သင်၏တိုးတက်မှုကို ထင်ရှားစေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
sg သင်ခန်းစာ ၃၈ စာ. ၁၈၈-၁၉၂

သင်ခန်းစာ ၃၈

သင်၏တိုးတက်မှု ထင်ရှားပါလေစေ

၁၊ ၂။ ကျွန်ုပ်တို့အားလုံးသည် တိုးတက်မှုပြုခြင်း၏တန်ဖိုးကို အဘယ်ကြောင့်စဉ်းစားသင့်သနည်း။

၁ သင်သည် ဤစာအုပ်ရှိ အခန်းအားလုံးကို အသေအချာလေ့လာကျင့်သုံးခဲ့ပြီဖြစ်သောကြောင့် သီအိုကရက်တစ်ဓမ္မအမှုကျောင်း ဘွဲ့ရသူ ဖြစ်နိုင်ပြီလော။ မဖြစ်ပါ။ အကြောင်းမှာ ဤကျောင်းသည် ဓမ္မအမှုဆိုင်ရာလေ့ကျင့်မှုကို အဆက်မပြတ်ပေးသောအစီအစဉ်ဖြစ်သောကြောင့်တည်း။ ဘုရားရေးရာ အသိပညာကိုဆည်းပူးခြင်း၊ သိရှိလာသည့်အရာကိုလေ့ကျင့်ခြင်းနှင့်ပတ်သက်လျှင် ဘွဲ့ဟူသည် မရှိပါ။ ယင်းအစား ဝီရိယရှိသောကျောင်းသားတစ်ဦးအနေနှင့် သင်၏တိုးတက်မှုကို သင်နှင့်ရင်းနှီးသူများ သတိပြုလာသည့်အထိ ဆက်၍တိုးတက်အောင်ပြုနိုင်၏။

၂ တမန်တော်ပေါလုက ဝတ်ပြုသူချင်းဖြစ်သူ လူငယ်တိမောသေအား ‘ကျမ်းစာကိုဖတ်ခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ ဆုံးမသြဝါဒပေးခြင်းကို ကြိုးစားပြုပြီး သင်၏တိုးတက်မှုကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှာ ဤအရာများကို စိတ်စွဲလမ်း၍ ကြိုးစားအားထုတ်လော့’ ဟုတိုက်တွန်းခဲ့သည်။ (၁ တိ. ၄:၁၃၊ ၁၅) အလားတူ ထိုဘုရားသခင်ကိုကိုးကွယ်သူတစ်ဦးအနေနှင့် သင်၏တိုးတက်မှုကို သူတစ်ပါးရှေ့ ထင်ရှားပြနိုင်ပါသည်။ တိုးတက်စရာအခွင့်အလမ်းမရှိသည့် အခြေအနေမရောက်ဘဲ ဤသို့သင်ဆက်ပြုလုပ်သွားနိုင်ပါသည်။ ယေဟောဝါသည် စစ်မှန်သောအသိပညာ၏ပင်ရင်းဖြစ်ပြီး ထိုပင်ရင်းအမြစ်သည် နက်ရှိုင်းလှသော လန်းဆန်းမှုပေးသည့်ရေတွင်းပမာဖြစ်သည်။ ယင်း၏အနက်ကို ဘယ်သောအခါမျှ ပြည့်ပြည့်စုံစုံတိုင်းထွာနိုင်မည်မဟုတ်သော်လည်း အချိန်အကန့်အသတ်မရှိ အသက်ရေနှင့် အားဖြည့်အစာတို့ကို ထုတ်ယူနေနိုင်ပါသည်။ (ရော. ၁၁:၃၃၊ ၃၄; ဟေရှာ. ၅၅:၇၊ ၉) ဤသို့ဖြစ်လျှင် သင့်တိုးတက်မှုကို သူတစ်ပါးရှေ့ မည်သို့ထင်ရှားပြနိုင်မည်နည်း။

၃၊ ၄။ ဓမ္မအမှုကျောင်းနှင့် အခြားအသင်းတော်စည်းဝေးများတွင် တိုးတက်မှုကို မည်သို့ပြသနည်း။

၃ တိုးတက်မှုထင်ရှားသောနည်းများ။ သင့်တိုးတက်မှုကို ထင်ရှားပြနိုင်သည့် နည်းတစ်နည်းမှာ ဓမ္မအမှုကျောင်း၌ ဟောပြောချက်များပေးချိန်တွင် ဖြစ်သည်။ မိမိကိုယ်ကို အကြီးအကျယ်မတိုးတက်ပါဟု ထင်မည်ဖြစ်သော်လည်း အခြားသူများက သင့်တိုးတက်မှုကို သင့်ထက်ပင်ပို၍မြင်ပါလိမ့်မည်။ ဤကိစ္စတွင် ကျွန်ုပ်တို့သည် ကြီးပြင်းရန် ကြာလိုက်လေချင်းဟု ထင်မှတ်နေသောကလေးနှင့်တူပါသည်။ သို့သော်လည်း သူ၏ဆွေမျိုးများ လာလည်ပတ်သောအခါ “မင်းအရမ်းထွားလာလိုက်တာ” ဟု သူအပြောခံရပေမည်။ ကျောင်းတွင် သင်ပထမဆုံးဟောပြောခဲ့သည့်အချိန်ကို ပြန်စဉ်းစားကြည့်ပါ။ သတိရပါသလော။ ယင်းကို မကြာမီက သင်ဟောပြောခဲ့သည့်ဟောပြောချက်များနှင့် နှိုင်းယှဉ်ကြည့်ပါ။ ယင်းနောက်ပိုင်း သင်သည် တိုးသိနားလည်လာသည့်အကြောင်းများစွာရှိသည့်အပြင် အဖိုးတန်အတွေ့အကြုံများစွာရှိခဲ့ပြီမဟုတ်ပေလော။ ထိုသို့ဆိုလျှင် ဆက်လက်တိုးတက်နေပါလေ။

၄ ဓမ္မအမှုကျောင်းတွင် သင်ပေးသောဟောပြောချက်များ၌သာ သင်၏တိုးတက်မှု ထင်ရှားပြဖို့မဟုတ်ပါ။ အသင်းတော်အစည်းအဝေးများတွင်လည်း သိသာထင်ရှား၏။ စည်းဝေးများကို သင်မှန်မှန်တက်သလော။ တက်သည်ဆိုလျှင် သင်သည် တိုးတက်နေကြောင်း ကျွန်ုပ်တို့၏ဝိညာဉ်ရေးကောင်းစားမှုအတွက် ယေဟောဝါ၏ပြင်ဆင်ပေးချက်များကို သင်တန်ဖိုးထားလေးစားကြောင်းထင်ရှားပြ၏။ ထို့အပြင် အစည်းအဝေးတွင် ဖြေဆိုမှုအရည်အသွေးဖြင့် တိုးတက်မှု၏ သာဓကကိုတင်ပြနိုင်သည်။ စာဖတ်ပြရုံမဟုတ်ဘဲ ကိုယ်ပိုင်စကားဖြင့် ဖြေဆိုသောသူများသည် တိုးတက်ကြောင်းတင်ပြ၏။ ထိုနည်းတူ လေ့လာနေသည့်အကြောင်းအရာသည် ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိပြီး ကျွန်ုပ်တို့အသက်တာတွင် မည်သို့တန်ဖိုးရှိကြောင်းကို ဖြေဆိုသူများသည် ပိုင်းခြားသိမြင်ခြင်းကို တိုးတက်စေနေကြောင်းပြ၏။ သို့ဖြစ်၍ တိုးတက်မှု မည်မျှရှိကြောင်းကို စဉ်းစားသည့်အခါ စည်းဝေးများကို မှန်မှန်တက်ခြင်းနှင့် ကိုယ်တိုင်ပါဝင်ဖြေဆိုမှုအရည်အသွေးတို့ကို ထည့်သတိပြုသင့်သည်။

၅။ လူတစ်ဦး လယ်ကွင်းဓမ္မအမှုတွင် တိုးတက်မှုရှိကြောင်း မည်သည့်အရာက သက်သေထူသနည်း။

၅ လယ်ကွင်းဓမ္မအမှုတွင် သင်၏တိုးတက်မှုကော မည်သို့နည်း။ လုပ်ငန်းတော်တွင် သင်စတင်ပါဝင်ချိန်က ပထမဆုံးတံခါးဝသို့ ချဉ်းကပ်ခဲ့သောအခါ မည်သို့ခံစားရသည်ကို သတိရသလော။ ယခု အိမ်ပေါက်ဝများတွင် သင်တင်ပြသည့်အရည်အသွေးနှင့် နှိုင်းယှဉ်ကြည့်ပါ။ တိုးတက်လာသည်မဟုတ်ပါလော။ သို့တိုင်အောင် ဟောပြောခြင်းနှင့် သွန်သင်ပေးခြင်းလုပ်ငန်း၌ ပိုထိရောက်မှုရှိရန် သင်တိုးတက်နိုင်သည့်နေရာ ရှိသေးသည်ကို သင်ယုံမှားဖွယ်မရှိပေ။ ထို့အပြင် သင်ပြုလုပ်ဆောင်ရွက်နိုင်သည့် လုပ်ငန်းတော်ကဏ္ဍအားလုံးတွင်လည်း တိုး၍ပါဝင်နိုင်ဦးမည်လော။ တမန်တော်ပေါလုက ဤသို့သြဝါဒပေးသည်– “သင်တို့သည် အဘယ်သို့ကျင့်ရမည်၊ ဘုရားသခင်ကို အဘယ်သို့နှစ်သက်စေရမည်ကို ငါတို့ထံ၌ နည်းခံကြသည်နှင့်အညီ တိုးပွား၍” နေလော့။ (၁ သက်. ၄:၁) သင်သည် ဆက်လက်တိုးတက်နေ၍ ယေဟောဝါ၏လုပ်ငန်းတော်တွင် ပို၍ပြည့်ဝစွာပါဝင်စဉ် သင်၏ဟောပြောသွန်သင်ခြင်း ပိုထိရောက်လာမည်သာမကဘဲ ယေဟောဝါ၏အမှုတော်ကိုဆောင်ရွက်ခွင့်ရခြင်းအပေါ် တန်ဖိုးထားလေးမြတ်မှုသည် ပိုနက်ရှိုင်းလာမည်ဖြစ်သည်။ အိမ်ရှင်က ကောင်းကောင်းနားမထောင်ဦးတော့ လူများအား ကိုယ်တော်၏သတင်းတရားကို ကြေညာဖို့ ယေဟောဝါ၏အသုံးတော်ခံတစ်ဦးဖြစ်ရခြင်းကို အခွင့်အရေးအဖြစ် သင်ဆက်၍ယူမှတ်လိမ့်မည်။

၆။ လူတစ်ဦး၏ စကားပြောဆိုမှုက ဝိညာဏတိုးတက်မှုရှိကြောင်း မည်သို့ထင်ဟပ်နိုင်သနည်း။

၆ တစ်ဦးတစ်ယောက်၏တိုးတက်မှုသည် ထိုသူ၏အပြောအဆိုတွင်လည်း ထင်ရှားပါသည်။ “စိတ်နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွက်တတ်၏” ဟုယေရှုမိန့်တော်မူခဲ့သည်။ (လု. ၆:၄၅) စကားပြောဆိုရာ၌ ယေဟောဝါနှင့် ကိုယ်တော့်ရည်ရွယ်ချက်များအပေါ်မူတည်ပြီး စကားပြောလျှင် တိုးတက်နေပြီဖြစ်ကြောင်းထင်ရှား၏။ ယင်းက သူသည် ယေဟောဝါကို ကျေးဇူးတင်လေးစားမှု တိုးပွားနေကြောင်း၊ ဘုရားသခင်နှင့် ပိုမိုနီးကပ်ရင်းနှီးလာနေကြောင်းထင်ရှား၏။ ကိုယ်တော့်အနီးအပါးတော်သို့ ပိုနီးစပ်လာလေ ကျွန်ုပ်တို့အတွက် အကာအကွယ်ပိုဖြစ်လာလေပင်ဖြစ်သည်။

၇။ ကျမ်းစာမူများကို လိုက်လျှောက်ရာတွင် တိုးတက်ကြောင်း အဘယ်နေရာတွင် ထင်ရှားမည်နည်း။

၇ နေ့စဉ်ဘဝအသက်တာတွင် ကျမ်းစာမူများကို ကျင့်သုံးခြင်း၌လည်း တိုးတက်မှုထင်ရှား၏။ သင်သည် ယေဟောဝါ၏နှုတ်ကပါဌ်တော်ကို မသိကျွမ်းမီက ပြုလုပ်ဆောင်ရွက်ပုံသည် ယခုအချိန်နှင့်မတူကြောင်း သတိပြုမိသည်မဟုတ်ပေလော။ သင်လုပ်ကိုင်လေသမျှတွင် ယေဟောဝါ၏လမ်းစဉ်အတိုင်း လုပ်ကိုင်သည့် တိုးတက်မှု ထင်ဟပ်နေပေမည်။ သင့်အိမ်တွင်၊ သင့်အိမ်ထောင်ရှိသူတို့နှင့် ဆက်ဆံရာတွင် တင်ပြသည်။ တာဝန်ထမ်းဆောင်ပုံတွင်လည်း ထင်ဟပ်ပြသည်။ သင်၏လုပ်ငန်းဌာနတွင် ကျမ်းစာမူများကို ယခင်ကထက် ပိုမိုကျင့်သုံးနေပေမည်။ ယင်းတို့အားလုံးက သင်သည် အတော်အသင့်တိုးတက်နေခြင်း၏ သာဓကပင်ဖြစ်သည်။ သို့သော် ဤတွင်လည်း ကျွန်ုပ်တို့သည် ဆက်လက်တိုးတက်ပြီး ကျမ်းစာမူများကို ပြည့်ပြည့်ဝဝကျင့်သုံးရန် ကြိုးစားနေရဦးမည်။

၈၊ ၉။ အခြားကြေညာသူများကို ကူညီပေးရန် မိမိတို့ကိုယ်ကို အသင့်ပြင်ထားမည်ဆိုလျှင် ယင်းကအဘယ်အရာကိုတင်ပြပြီး ယင်းကြောင့် အဘယ်အခွင့်အရေးများရှိသနည်း။

၈ သင့်ကိုယ်ကို အသင့်ရှိနေစေခြင်း။ တိုးတက်မှုကို ထင်ရှားပြနိုင်သည့် အခြားနည်းတစ်နည်းမှာ ယေဟောဝါ၏လုပ်ငန်းတော်တွင် ပိုမိုပါဝင်ရန် မိမိကိုယ်ကိုအသင့်ရှိစေနေခြင်းဖြစ်သည်။ ဆာလံ ၁၁၀:၃ ကဤသို့ဆိုသည်– “တန်ခိုးတော်ပြသောနေ့ရက်ကာလ၌ ကိုယ်တော်၏လူတို့သည် . . . ကြည်ညိုသောစေတနာစိတ်ရှိ” ကြလိမ့်မည်။ သင်သည် ထိုအတိုင်းဖြစ်သလော။ အနာဂတ်တွင် သာ၍ပင် ပါဝင်ဆောင်ရွက်နိုင်မည်လော။

၉ အခြားသူများကို ကူညီပေးဖို့အသင့်ပြင်ထားခြင်း၊ သူတို့အတွက် အမှန်တကယ်စိုးရိမ်မကင်းစိတ်တင်ပြခြင်းအားဖြင့် စေတနာစိတ်ကို တင်ပြနိုင်သည်။ အသင်းတော်ရှိ အကြီးအကဲများက ညီအစ်ကိုညီအစ်မများကို တစ်နည်းနည်းဖြင့် ကူညီပေးရန် သင့်အားတောင်းဆိုပေမည်။ စည်းဝေးတက်ရန် အကူအညီလိုနေသူများဖြစ်ပေမည်။ သင်အကူအညီပေးဖို့အသင့်ရှိပါသလော။ အကူအညီလာတောင်းဆိုသည့်အထိ စောင့်နေဖို့ရန်လည်း မလိုပါ။ အကူအညီလိုအပ်နေပုံရှိသူကို စေတနာအလျောက် အကူအညီပေးမည်ဟု ကမ်းလှမ်းပါ။ တစ်ဦးတစ်ယောက်ဖျားနာ၍ ဆေးရုံတက်နေရသလော။ အကြီးအကဲများက ယင်းအကြောင်းကို ပြောဆိုသည့်အထိ စောင့်နေစရာမလိုဘဲ လည်ပတ်သွား၍ လိုအပ်သလိုကူညီနိုင်ပါသည်။ သင့်အိမ်၌ မိသားစုသင်အံမှုကို မှန်မှန်ပြုလုပ်သလော။ မိသားစုသင်အံမှုမရှိသော ပေါင်းသင်းခါစ မိသားစုတစ်စုကို အခါအားလျော်စွာ သင့်မိသားစုသင်အံမှုသို့ ခေါ်ဖိတ်လျှင် အကူအညီဖြစ်စေနိုင်မည်လော။ သို့မဟုတ် လယ်ကွင်းဓမ္မအမှုတွင် သင်တစ်ဦးတည်းသွားသောအခါ သင်သွားခေါ်လျှင် လိုက်မည့်သူများရှိမည်လော။ အခြားကြေညာသူတစ်ဦးကို သင်နှင့်အတူခေါ်သွားရန် ဖိတ်ခေါ်ဖို့စီစဉ်ပါ။ ယေဟောဝါ၏ကျေးကျွန်များသည် အလွန်အလုပ်များနေကြပါသည်။ သို့သော် အခြားညီအစ်ကိုညီအစ်မများကို ဤသို့ကူညီပေးလိုသည့်စေတနာစိတ်ရှိခြင်းက တိုးတက်မှုအသင့်အတင့်ရှိခြင်း၏ လက္ခဏာဖြစ်သည်။ “ထို့ကြောင့် ငါတို့သည် အဆင်သင့်သည်အတိုင်း ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ အထူးသဖြင့်ကျေးဇူးပြုလျက် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့။”​—ဂလ. ၆:၁၀။

၁၀၊ ၁၁။ ၁ တိမောသေ ၃:၁ နှင့်အညီ ညီအစ်ကိုများသည် မိမိတို့ကိုယ်ကို မည်သို့အသင့်ပြင်ထားနိုင်သနည်း။

၁၀ သင်သည် ညီအစ်ကိုတစ်ဦးဖြစ်လျှင် ကျမ်းစာတွင် ဖော်ပြထားသော အသင်းတော်တွင် ဦးဆောင်သူအရည်အချင်းနှင့် ကိုက်ညီရန် သင်ကြိုးစားခြင်းအားဖြင့် မိမိကိုယ်ကိုအသင့်ပြင်ထားနိုင်သည်။ ကြီးကြပ်မှူးအရာကို တက်လှမ်းသူတို့အား တိမောသေ ပထမစောင် ၃:၁ (ကဘ) ကချီးကျူးသည်။ ဤသို့ပြုခြင်းသည် မိမိကိုယ်ကို ပေါ်လွင်ထင်ရှားစေရန် ကြိုးစားခြင်း သို့မဟုတ် သူတစ်ပါးနှင့် ပြိုင်ဆိုင်ခြင်းမဟုတ်ပါ။ မိမိသည် လိုအပ်သည့်နေရာတွင် အသုံးခံနိုင်ဖို့ အရည်အချင်းပြည့်ဝပြီး စိတ်စေတနာရှိသော ပါရမီရင့်ခရစ်ယာန် “အသက်ကြီး” သူတစ်ဦးဖြစ်ကြောင်း တင်ပြရန် ကြိုးစားခြင်းဖြစ်၏။ သွန်သင်ခြင်း၊ ဟောပြောခြင်းနှင့် အသင်းတော်တာဝန်များကို ထမ်းရွက်ခြင်းတို့တွင် ဦးဆောင်မည့် “အသက်ကြီးသူများ” နှင့် “ဓမ္မအမှုဆောင်” များစွာ အသင်းတော်တိုင်းတွင်ရှိဖို့ လိုအပ်နေသည်။

၁၁ စိတ်စေတနာရှိသူများသည် အသင်းတော်တွင် အခွင့်အရေးများစွာရနိုင်သည်။ ပေးအပ်သောတာဝန်တိုင်းကို စိတ်စေတနာနှင့် တာဝန်ယူပြုလုပ်ကြောင်းထင်ရှားပြသခဲ့သောကြောင့် သူတို့သည် လုပ်ငန်းတော်အစည်းအဝေး၌ သရုပ်ပြခန်းများတွင် ပါဝင်ပေးရန် သို့မဟုတ် အကြီးအကဲများကိုဖြစ်စေ၊ ဓမ္မအမှုဆောင်များကိုဖြစ်စေ အကူအညီပေးရန် တောင်းဆိုခံရနိုင်သည်။ လိုအပ်လာသည့်အခါ သူတို့၏စိတ်စေတနာနှင့် တိုးတက်မှုက အမှုထမ်းများအဖြစ် ထောက်ခံနိုင်သော ညီအစ်ကိုများအဖြစ် သတ်မှတ်ပေးစေမည်။ သူတို့ အဘယ်ကြောင့် ခန့်အပ်ခံရသနည်း။ သူတို့သည် စိတ်စေတနာရှိကြောင်းတင်ပြရုံမက တိုးတက်ခဲ့ပြီဖြစ်၍ ယေဟောဝါ၏နှုတ်ကပါဌ်တော်တွင် ကိုယ်တော်ချမှတ်ထားသည့် အရည်အချင်းများကို ယခုပြည့်မီနေပြီဖြစ်သောကြောင့်တည်း။ အမှုထမ်းများအဖြစ် ခန့်အပ်ခံရသူများသည် အသင်းတော်ကိစ္စရပ်များကို သယ်ပိုးထမ်းဆောင်ဖို့ရန် ထပ်ဆင့်လေ့ကျင့်မှုရရေးအတွက် အခါအားလျော်စွာကျင်းပသော နိုင်ငံတော်ဓမ္မအမှုကျောင်းသို့ ခေါ်ဖိတ်ခံရပေမည်။

၁၂၊ ၁၃။ စိတ်စေတနာရှိပြီး အသင့်ပြင်ထားနိုင်သူများစွာအတွက် အခြားအဘယ်အခွင့်အရေးတံခါးပွင့်နေသနည်း။

၁၂ စိတ်စေတနာရှိပြီး အခြေအနေကခွင့်ပြုမည်ဆိုလျှင် အားလုံးခံစားနိုင်ဖွယ်ရှိသော ထပ်ဆင့်အခွင့်အရေးများရှိ၏။ သင်သည် အခြားသူ ထောင်ပေါင်းများစွာနည်းတူ အရန်ရှေ့ဆောင်တစ်ဦးအဖြစ် အခါအားလျော်စွာ ပါဝင်နိုင်မည်လော။ သင်သည် မှန်မှန်ရှေ့ဆောင်တစ်ဦးဖြစ်လာနိုင်ပြီး အရေအတွက်တိုးများလာနေသော မှန်မှန်ရှေ့ဆောင်များနှင့်အတူ ပါဝင်နိုင်ပေမည်။ လိုအပ်လာမည်ဆိုလျှင် အခြားနေရာတစ်နေသို့ ပြောင်းရွှေ့နေထိုင်နိုင်သည်အထိ သင့်ကိုယ်ရေးကိုယ်တာအခြေအနေများနှင့် ယေဟောဝါ၏လုပ်ငန်းအပေါ် သင်၏သဘောထားတို့က ခွင့်ပြုပေမည်။ များစွာသောသူတို့သည် အထူးရှေ့ဆောင်အဖြစ်၊ သို့မဟုတ် ဂိလဒ်ကျောင်းတက်ပြီး သာသနာပြုလုပ်ငန်းတွင် ပါဝင်ခြင်းဖြင့်၊ သို့မဟုတ် ပိုမိုလိုအပ်သည့်နေရာများတွင် ကြေညာသူများအနေနှင့် ပြောင်းရွှေ့နေထိုင်ခြင်းဖြင့် ထိုသို့ပြုလုပ်ခဲ့ကြပြီ။ အချို့ဆိုလျှင် ကမ္ဘာတစ်ဝန်းရှိ ဗေသလအိမ်များတွင် အမှုဆောင်နေကြသည်။ သူတို့သည် ယေဟောဝါထံ စိတ်စေတနာနှင့် မိမိတို့ကိုယ်ကို ပေးဆက်ကြသောကြောင့် ကြွယ်ဝသောကောင်းချီးများကို ခံစားနေကြရပြီ။

၁၃  ဤအချိန်သည် အလွန်အားရ ရွှင်လန်းစရာအချိန်ပိုင်းဖြစ်သည်။ ယေဟောဝါသည် ဤ “နောက်ဆုံး” ကာလတွင် အံ့ဖွယ်ကောင်းလောက်အောင် ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းကို ကမ္ဘာပေါ်တွင် ကြီးကျယ်ခမ်းနားစွာ ပြုလုပ်စေတော်မူသည်။ ယေဟောဝါသည် မိမိ၏အဖွဲ့အစည်းအားဖြင့် အမှုဆောင်လုပ်ငန်းတစ်ရပ်ကိုထမ်းဆောင်ရန် ဖိတ်ခေါ်လျှင် မိမိကိုယ်ကို ဤသို့မေးပါ– “အဲ့ဒါဟာ ငါ့ကို ယေဟောဝါပြောနေတာလား။” သင့်အခြေအနေ၊ သင့်နှလုံးကို စစ်ဆေးကြည့်ပါ။ သင်သည် တိုးတက်မှု အတော်အသင့်ရှိနေပြီး စိတ်စေတနာလည်း အတော်အသင့်ရှိကြောင်း များစွာဖြစ်နိုင်ရာ ချီးကျူးစရာပင်ဖြစ်သည်။ သို့သော် သာ၍ပြည့်ဝသောအတိုင်းအတာအထိ မိမိကိုယ်ကိုအသင့်ပြင်ခြင်းဖြင့် သင်တိုးတက်နိုင်သည့် အခြားနည်းလမ်းများရှိပါသေးသလော။ သင်သည် ယေဟောဝါ၏ညွှန်ကြားမှုကို ပိုမိုလက်ခံပြီး လမ်းပြမှုကိုခံယူသည်နှင့်အမျှ ကောင်းချီးများ ကြွယ်ဝစွာခံစားရမည်။ ဤသို့အမှန်ဖြစ်ကြောင်း ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါ၏စိတ်စေတနာရှိကျေးကျွန်များ သက်သေထူနိုင်ပါသည်။ ကောင်းချီးတကာတို့တွင် အကြီးမြတ်ဆုံးကောင်းချီးဖြစ်သည့် ဘုရားသခင်၏ကမ္ဘာသစ်တွင် ထာဝရအသက်ရခြင်းသည် ကျွန်ုပ်တို့၏တိုးတက်မှုအပေါ် အမှန်မူတည်နေသည်။ ယင်းကြောင့် ဘုရားသခင်၏နှုတ်ကပါဌ်တော်က ဤသို့တိုက်တွန်းသည်– “သင်၏တိုးပွားခြင်းကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှာ ဤအရာများကို စိတ်စွဲလမ်း၍ ကြိုးစားအားထုတ်လော့။ ကိုယ်ကိုလည်းကောင်း၊ ကိုယ်ဆုံးမသြဝါဒကိုလည်းကောင်း သတိပြု၍ အမြဲတည်နေလော့။ ထိုသို့ပြုလျှင် ကိုယ်ကိုလည်းကောင်း၊ နားထောင်သောသူတို့ကိုလည်းကောင်း ကယ်တင်လိမ့်မည်။​—၁ တိ. ၄:၁၅၊ ၁၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ