အခန်း ၂
သင့်အိမ်ထောင်အဖို့ အုတ်မြစ်ကောင်းချခြင်း
၁-၃။ မဿဲ ၇:၂၄-၂၇ အရ အောင်မြင်သောဘဝသည် မည်သည့်အပေါ်တွင် တည်သနည်း။
ယင်းတို့တည်ထောင်သည့်အခြေခံ ကောင်းသလောက်သာ အိမ်ထောင်ဘဝနှင့် ထိမ်းမြားခြင်းတို့သည် ကောင်းကြသည်။ ယေရှုဥပမာများအနက် တစ်ခုတွင် ကိုယ်တော်သည် လူနှစ်ယောက်အကြောင်း ပြောခဲ့သည်။ ကျောက်ပေါ်မှာ အိမ်ဆောက်သောပညာရှိနှင့် သဲပေါ်မှာ အိမ်ဆောက်သော လူမိုက်အကြောင်းဖြစ်သည်။ မိုးရွာ၍ ရေစီးသည်နှင့် လေလာသော် ကျောက်ပေါ်မှာတည်သောအိမ်သည် မပြိုမလဲ၊ သဲပေါ်ဆောက်ထားသောအိမ်မူကား ကြီးစွာပြိုလဲခဲ့သည်။
၂ ဤတွင် ယေရှုအိမ်ဆောက်နည်း သင်ကြားနေခြင်းမဟုတ်။ ဘဝကို ကောင်းသောအခြေခံပေါ် တည်ဆောက်ဖို့ အလေးအနက်တင်ပြနေခြင်းဖြစ်သည်။ ဘုရားသခင့်စေတမန်တစ်ဦးပီပီ “ငါယခုဟောပြောချက်ကိုကြား၍ လိုက်နာ” သောသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သောသူနှင့်တူသည်ဟု ဆိုခဲ့သည်။ သို့သော် “ငါယခုဟောပြောချက်ကိုကြားလျက် မလိုက်နာသောသူတိုင်း” သဲပေါ်တွင် အိမ်ဆောက်သောသူနှင့်တူသည်ဟု မိန့်တော်မူခဲ့သည်။—မဿဲ ၇:၂၄-၂၇၊ သမ။
၃ ဤလူနှစ်တန်းစားစလုံးတွင် ပညာရှိစကားများ ကြား၍ အဘယ်သို့လုပ်ဆောင်ရမည်ကို သိခြင်းမျှသာမဟုတ်ကြောင်း သတိပြုပါ။ အောင်မြင်ခြင်းနှင့် ဆုံးရှုံးခြင်း၏ ခြားနားချက်မှာ ပညာရှိစကားများလိုက်နာကျင့်သုံးခြင်းဖြစ်သည်။ “ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်း ကျင့်လျှင် မင်္ဂလာရှိကြ၏။”—ယောဟန် ၁၃:၁၇။
၄။ ပထမလူသားမောင်နှံ၏ ထိမ်းမြားခြင်းမှ အဘယ်သင်ရန်စာများ ကျွန်ုပ်တို့ရနိုင်သနည်း။ (ကမ္ဘာဦး ၂:၂၂–၃:၁၉)
၄ ဤစကားများသည် အိမ်ထောင်မင်္ဂလာနှင့် အထူးသက်ဆိုင်သည်။ ကျွန်ုပ်တို့၏ထိမ်းမြားမင်္ဂလာကို ကျောက်ပမာ အခြေခံပေါ် တည်ဆောက်ထားမည်ဆိုလျှင် ဘဝဖိစီးမှုများကို ခံရပ်နိုင်မည်။ သို့သော် ဤမွန်မြတ်လှသော အခြေခံကို အဘယ်သို့ရနိုင်မည်နည်း။ အိမ်ထောင်မင်္ဂလာကို စတီထွင်ရှင် ဘုရားသခင်ကို တောင်းဆိုလျှင် ရမည်။ ပထမလူမောင်နှံစုံကို လင်နှင့်မယားအဖြစ် ပူးပေါင်းစေခဲ့ချိန်တွင် အိမ်ထောင်ရေးအစီအစဉ် စတီထွင်ခဲ့သည်။ ထိုနောက်သူတို့အား အကျိုးပြုမည့် အကြံပေးချက်ကောင်းများ ပို့ချပေးခဲ့သည်။ ပညာရှိသော ထိုသွန်သင်ချက်များကို သူတို့လိုက်နာလျှင် ဂုဏ်ကျက်သရေရှိသော ဘဝအသက်တာကို ထာဝစဉ်တည်ဆောက်သွားမည်ဖြစ်သည်။ သို့သော် မလိုက်နာလျှင် ဘဝတုံးမည်တည်း။ သူတို့နှစ်ဦးစလုံး ဘုရားသခင်သွန်သင်ချက်များကို သိကျွမ်းခဲ့သော်လည်း ဤလမ်းညွှန်ချက်များအတိုင်း မလိုက်နာ၊ ကိုယ်ကျိုးစိတ် ဝင်စေသဖြင့် ဝမ်းနည်းဖွယ်ရာ ဖြစ်ခဲ့ပေသည်။ အကြံပေးချက်ကို လျစ်လျူရှုကြသဖြင့် သူတို့အိမ်ထောင်ရေးနှင့် ဘဝလမ်းခရီးသည် လေထန်တိုက်ခတ်ခံရသော သဲပေါ် ဆောက်ထားသည့်အိမ်နှင့် အလားတူ ပြိုလဲပျက်စီးဆုံးပါးရလေစွ။
၅၊ ၆။ အိမ်ထောင်ရှင်များနှင့် အိမ်ထောင်ပြုရန် စဉ်းစားနေသူတို့ကို ဘုရားသခင် အဘယ်အကူအညီပေးသနည်း။
၅ ယင်းပထမမောင်နှံကို ယေဟောဝါဘုရား အိမ်ထောင်ပြုပေးခဲ့သည်။ သို့သော် ယနေ့စုံတွဲများအတွက် ကိုယ်တော်တိုင် ဝင်ရောက်အိမ်ထောင်ပြုပေးတော်မမူ။ သို့ရာတွင် သာယာသောအိမ်ထောင်ရေးအတွက် ပညာရှိစကားများ၊ အကြံပေးချက်များကို ယနေ့တိုင် ပေးထားတော်မူသည်။ ယနေ့ အိမ်ထောင်ပြုဖို့ရည်ရွယ်သူ တစ်ဦးချင်း ယင်းအကြံပေးစကားများကို ကျင့်သုံးရန် ဆုံးဖြတ်ဖို့သာရှိသည်။ ကြင်ဖော်လောင်း ရွေးရာ၌ ပညာရှိရှိ ဆုံးဖြတ်နိုင်ဖို့ ဘုရားသခင့်အကူအညီ တောင်းဆိုင်နိုင်သည်ဟူ၍လည်း နှုတ်ကပါဌ်တော်က တင်ပြထားသည်။—ယာကုပ် ၁:၅၊ ၆။
၆ တစ်နေရာနှင့်တစ်နေရာမတူ၊ အခြေအနေ အမျိုးမျိုးရှိမည်ကား အမှန်။ ဒေသအများတွင် မိမိကြင်ဖော်ကို မိမိကိုယ်တိုင် ရွေးချယ်နိုင်ခွင့်ရှိသည်။ သို့သော် အချို့လူမျိုးတို့၏ထုံးစံအရ မိဘများသည် “အောင်သွယ်သူ” မှတစ်ဆင့် သားသမီးများအဖို့ အိမ်ထောင်ဖက် ရှာပေးလေ့ရှိသည်။ အချို့ဒေသများတွင် သတို့သမီး၏မိဘများအား “ကွမ်းဖိုး” တင်တောင်းပြီးနောက်မှ သတို့သား မိန်းမရသည်။ ယင်းအဖိုးအခ အဆမတန်မြင့်လွန်း၍ သတို့သားအချို့ နောက်ဆုတ်ရသည်လည်း ရှိသည်။ သို့ရာတွင် အဘယ်အခြေအနေမျိုးအောက်တွင်မဆို သာယာမှုအစဉ်တည်မြဲသော အိမ်ထောင်မင်္ဂလာ ဆောက်တည်ပေးရေးအတွက်ကျမ်းစာက အကြံဉာဏ်ပေးထားသည်။
သင့်ကိုသင် အရင်သိ
၇-၁၀။ (က) အိမ်ထောင်ပြုရန် စဉ်းစားနေသူတစ်ဦးသည် မိမိအကြောင်း၊ အဘယ်အရာများ သိထားရမည်နည်း။ မည်သို့သိနိုင်မည်နည်း။ (ခ) အိမ်ထောင်ပြုခြင်း၏ ခိုင်လုံသောရည်ရွယ်ချက်အကြောင်း ကျမ်းစာ အဘယ်သို့ ဆိုသနည်း။
၇ ထိမ်းမြားခြင်းမှ ဘာကို သင်ရယူလိုသနည်း။ ကာယ၊ စိတ္တနှင့် ဝိညာဏဘက်တွင် သင့်လိုအပ်ချက်တို့ကား အဘယ်နည်း။ ယင်းတို့ကို ဖြည့်ဆည်းနိုင်ရန် သင့်စွမ်းရည်၊ ပန်းတိုင်နှင့် နည်းလမ်းတို့ကား အဘယ်နည်း။ ဤအမေးများကို ဖြေနိုင်ရန် သင့်ကိုသင် သိရမည်။ ထင်သလောက် မလွယ်ပါ။ ကိုယ့်ကိုယ်ကိုသုံးသပ်ရန် စိတ်လှုပ်ရှားမှုဘက်တွင် ရင့်ကျက်ရမည်။ သို့တိုင်အောင် အရာရာတွင် ကိုယ့်ကိုယ်ကို အသေးစိတ်သိရန်မဖြစ်နိုင်ပါ။ ခရစ်ယာန်တမန်တော်ပေါလုက ၁ ကောရိန္သု ၄:၄ တွင် “ကိုယ်စိတ်သည် ကိုယ်ကိုအပြစ်မတင်။ သို့သော်လည်း ထိုအကြောင်းဖြင့် ငါသည် အပြစ်လွတ်သည်မဟုတ်။ ငါ့ကိုစီရင်သောသူကား ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ပေတည်း” ဟူ၍ရေးသားစဉ်က ဤအကြောင်းကို ဖော်ပြခဲ့သည်။
၈ တစ်ခါက ဖန်ဆင်းရှင်သည် ယောဘကိုယ်တိုင်နားမလည်သည့် အချက်တချို့ကို အသိအမှတ်ပြုစေလိုတော်မူခဲ့သည်။ ယောဘအား “ငါမေးမြန်းသောပြဿနာတို့ကို ဖြေလော့” ဟူ၍ဆိုခဲ့သည်။ (ယောဘ ၃၈:၃) ကိုယ့်ကိုယ်ကိုနှင့် ကိုယ့်ရည်ရွယ်ချက်ကို သိရှိရန် မေးခွန်းတို့သည် အထောက်အကူပြုသည်။ ထို့ကြောင့် ထိမ်းမြားလိုရခြင်းအကြောင်းနှင့်စပ်လျဉ်း၍ သင့်ကိုယ်သင် မေးခွန်းထုတ်ပါ။
၉ စားဝတ်နေရေး ပြေလည်အောင် သင်အိမ်ထောင်ပြုလိုခြင်းဖြစ်သလော။ “စားရန်၊ ဝတ်ရန် ရှိသမျှနှင့် ရောင့်ရဲလျက် နေကြကုန်အံ့” ဟူ၍ ကျမ်းစာအဆိုအတိုင်း ယင်းတို့သည် ကျွန်ုပ်တို့အတွက် အခြေခံလိုအပ်ချက်များဖြစ်သည်။ ကာမဂုဏ်အတွက်ကော။ ယင်းလည်း သဘာဝပင်။ “ကိလေသာစိတ်ပူပန်ခြင်းရှိသည်ထက် ထိမ်းမြားစုံဖက်ခြင်းပြုသော် သာ၍ကောင်း၏။” (၁ တိမောသေ ၆:၈; ၁ ကောရိန္သု ၇:၉) အဖော်လို၍လော။ ယင်းသည် ထိမ်းမြားခြင်းအစီအစဉ်ကို ဘုရားသခင်အစပြုရခြင်း၏ အဓိကရည်ရွယ်ချက်ဖြစ်သည်။ နောက်တစ်ချက်မှာ အလုပ်တစ်ခုတွင် လူနှစ်ယောက်ပူးပေါင်းဆောင်ရွက်ရန်ဖြစ်သည်။ (ကမ္ဘာဦး ၂:၁၈; ၁:၂၆-၂၈) ကောင်းသောအလုပ်တစ်ခုကို ပြီးမြောက်ခြင်းသည် ကျေနပ်မှုတစ်မျိုး ရရှိစေပြီး ယင်းမှ အကျိုးကို ခံထိုက်သည်။ “လူတိုင်း စားသောက်ခြင်းငှာလည်းကောင်း၊ မိမိကြိုးစားအားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်းငှာလည်းကောင်း ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏။”—ဒေသနာ ၃:၁၃။
၁၀ ချစ်ကြိုက်နေသူတို့သည် နှလုံးကို မိမိတို့ခံစားချက်များ၏ အထိမ်းအမှတ်အဖြစ် ကြာမြင့်စွာကပင် ယူဆလာကြသည်။ သို့သော်လည်း “နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း” ဟုကျမ်းစာက ဂယက်ရိုက်စေသည့်မေးခွန်းကို မေးထားသည်။ (ယေရမိ ၁၇:၉) သင့်နှလုံးတွင်း၌ ဘာရှိသည်ကို သင်သိကြောင်း သေချာသလော။
၁၁။ အဘယ်အခြေခံစိတ်လှုပ်ရှားမှုဆိုင်ရာ လိုအပ်ချက်သည် အိမ်ထောင်ပြုရာတွင် ဖြည့်ဆည်းမှု ရရှိသင့်သနည်း။
၁၁ အများအားဖြင့် ရုပ်ရူပကာသည် အခြား စိတ်လှုပ်ရှားမှုလိုအပ်ရာတို့ကို ကျွန်ုပ်တို့မမြင်တော့အောင် ဖုံးလွှမ်းတတ်သည်။ အိမ်ထောင်ဖက်ရွေးရာ၌ နားလည်မှု၊ ကြင်နာမှုနှင့် ယုယမှုတို့ကို သင်ရဖို့လိုကြောင်းကို လေးလေးနက်နက်ထည့်တွက်သလော။ တရင်းတနှီး၊ ယုံကြည်စွာ ပြောဆိုမည့်သူ၊ ပြောရဲဆိုရဲနှင့် ကိုယ်ပြောချင်သမျှကို ပြောနိုင်ပြီး မိမိအပေါ်တွင် “သနားခြင်းကရုဏာစိတ်ကို မချုပ်တည်း” သောသူတစ်ဦးကို လူတိုင်းအလိုရှိကြသည်မှာ ဓမ္မတာပင်။ (၁ ယောဟန် ၃:၁၇) သင့်ဇနီး၊ သို့မဟုတ် ခင်ပွန်းအတွက် သင် ဤသို့သောသူတစ်ဦး ဖြစ်နိုင်မည်လော။ သူကော ဤသို့သောလူစား ဖြစ်နိုင်ပါမည်လော။
၁၂။ ကာယနှင့်စိတ္တဘက် ကျေနပ်မှုရရှိရုံနှင့် အဘယ်ကြောင့် အိမ်ထောင် မသာယာနိုင်သနည်း။
၁၂ “ဝိညာဉ်ရေးတွင် လိုလျက်နေကြောင်း သတိပြုသူသည် ရွှင်လန်းစရာရှိသည်” ဟုယေရှုဆိုခဲ့သည်။ (မဿဲ ၅:၃၊ ကဘ) သင့်ဝိညာဉ်ရေး လိုအပ်ချက်ကား အဘယ်နည်း။ အသက်မွေးဝမ်းကျောင်း၊ ဓနပစ္စည်းဥစ္စာများနှင့် ပတ်သက်သလော။ ဤလက်ရပစ္စည်းများသည် ချမ်းငြိမ်းမှုနှင့် ကျေနပ်မှုအနှစ်သာရကို ပေးသလော။ မပေးနိုင်ပါ။ ထို့ကြောင့် ရုပ်ပစ္စည်းဘက်တွင် ကုန်လုံနေသည့်တိုင်အောင် လူတိုင်း၌ ဝိညာဉ်ရေး ဆာလောင်မှု ကျန်ရှိသေးကြောင်း ကျွန်ုပ်တို့သိထားရမည်။ ကျွန်ုပ်တို့မည်သူများနည်း။ မည်သည့်အရာများနည်း။ ဤတွင် အဘယ်ကြောင့်ရှိနေရသနည်း။ အဘယ်ကိုသွားနေသနည်း စသည်များကို သိလိုချင်စိတ် စောနေသည်။ ဝိညာဉ်ရေးဆိုင်ရာ လိုအပ်ချက်များနှင့် ယင်းတို့အတွက် ဖြည့်ဆည်းနည်းများကို သင်အလေးပေးသလော။
ညီညာဖျဖျ
၁၃။ အိမ်ထောင်သာယာရန် သင့်လိုအပ်ချက်များအပြင် ဘာကိုလည်း သင်သိထားရမည်နည်း။
၁၃ ကာယ၊ စိတ္တနှင့် ဝိညာဏလိုအပ်ချက်များကို အသင်နားလည်ပါက ယင်းတို့ကို သင့်ကြင်ဖော်လောင်းကော နားလည်ထားသလော။ အိမ်ထောင်သာယာရေးအတွက် သင့်လိုအပ်ချက်များကိုသာ သိထားရမည်မကဘဲ သင့်ကြင်ဖော်၏ လိုအပ်ချက်များကိုပါ သိထားရပေမည်။ သင့်ကြင်ဖော်ကိုလည်း သင်ပျော်စေချင်ပါမည်။ တစ်ယောက်မပျော်လျှင် နှစ်ယောက်စလုံး မပျော်ရုံရှိမည်။
၁၄။ အိမ်ထောင်များစွာ၌ အိမ်ထောင်ဖက်တို့သည် အတွဲမညီဟု အဘယ်ကြောင့် ခံစားကြသနည်း။
၁၄ အသွင်မတူသောကြောင့်ဆိုပြီး အိမ်ထောင်အတော်များများ မပျော်မရွှင်နှင့်ဖြစ်ကြ၊ အိမ်ထောင်ကွဲကြ ဖြစ်ကုန်သည်။ အသွင်မတူဟူသောစကားလုံးသည် ကြီးကျယ်သောစကားလုံးဖြစ်သည်။ သို့သော် အိမ်ထောင်တွင် ယင်း၏အရေးပါမှုသည် ပို၍ပင် ကြီးကျယ်သေး၏။ လူနှစ်ဦးသည် လက်မတွဲနိုင်ပါက ရှေ့သို့ချီနိုင်မည်လည်း မဟုတ်။ ထိုသို့သောအခြေအနေမျိုးသည် အခက်အခဲအလွန်ဖြစ်စေသောကြောင့် သဏ္ဌာန်နှင့် ခွန်အား မတူညီသော တိရစ္ဆာန်နှစ်ကောင် ထမ်းပိုးတစ်ခု တွဲထမ်းစေခြင်းကို မြစ်တားသော မောရှေပညတ်အား သတိရစေပါသည်။ (တရားဟောရာ ၂၂:၁၀) အိမ်ထောင်တစ်ခုတွင် မလိုက်ဖက်ပါလျက်နှင့် တွဲမိသောယောက်ျားနှင့်မိန်းမလည်း ထိုနည်းလည်းကောင်းပင် ဖြစ်မည်။ အိမ်ထောင်ဖက်တို့ စိတ်ဝင်စားမှု၊ အကြိုက်နှင့် မိတ်ဆွေများသာ မတူညီပါက အိမ်ထောင်နှောင်ကြိုးသည် ပြတ်ရတော့မည့်အခြေဆိုက်နေသည်။
၁၅၊ ၁၆။ ကြင်ဖော်လောင်းနှင့် ဆွေးနွေးရမည့်ကိစ္စအချို့ကား အဘယ်နည်း။ အဘယ်သို့ ဆွေးနွေးနိုင်မည်နည်း။
၁၅ “တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏” ဟုကျမ်းစာဆိုသည်။ (သု. ၁၅:၂၂) ထိမ်းမြားခြင်းနှင့်ပတ်သက်၍ လက်တွေ့အပိုင်းတွင် ဆွေးနွေးစရာများ ဆွေးနွေးပြီးပြီလော။ အိမ်ထောင်တွင် ယောက်ျား၏အလုပ်သည် မည်သို့အံဝင်မည်နည်း။ ဘယ်မှာနေမည်၊ အခြေခံလိုအပ်ချက်များအတွက် ဝင်ငွေ ဘယ်ကရမည်၊ မည်သူ ငွေကိုင်မည်၊ မိန်းမပါ ဝင်ငွေလမ်း ရှာရမည်လော။ ဤသို့လုပ်ရန် သဘောတူသလော။ ဆွေမျိုးများနှင့်ဆက်ဆံရေး မည်သို့ရှိမည်နည်း။ အထူးသဖြင့် နှစ်ဘက်မိဘများနှင့် မည်သို့ရှိမည်နည်း။ လိင်ကိစ္စကို မည်သို့သဘောထားသနည်း။ ကလေးများ လေ့ကျင့်ပျိုးထောင်ခြင်းကို မည်သို့ယူဆသနည်း။ တစ်ယောက်က တစ်ယောက်ကို ခြယ်လှယ်ချင်သလော။ သို့မဟုတ် စာနာထောက်ထားသော ဆက်ဆံရေးရှိမည်လော။
၁၆ ဤမေးခွန်းနှင့် အခြားမေးခွန်းတို့ကို အေးဆေးတည်ငြိမ်စွာ ဆွေးနွေးပြီး နှစ်ဦးနှစ်ဘက် အကျိုးရှိမည့်နည်းလမ်းများ ရှာနိုင်မည်လော။ ပြဿနာများကို အတူတကွ ရင်ဆိုင်ဖြေရှင်းကာ ဆက်ဆံရေးလမ်းကြောင်း အမြဲပွင့်နေနိုင်မည်လော။ ယင်းသည် အောင်မြင်သောအိမ်ထောင်၏ အဓိကမဏ္ဍိုင် ဖြစ်သည်။
၁၇-၁၉။ လင်မယားအတွဲညီခြင်းတွင် မိသားစုနောက်ခံများ အဘယ်ကြောင့် အရေးကြီးသနည်း။
၁၇ ဘဝနောက်ခံချင်းတူသူနှစ်ဦးတို့သည် အများအားဖြင့် အသွင်တူတတ်ကြသည်။ ကျမ်းစာနားလည်ရန်အထောက်အကူ၊ စာမျက်နှာ ၁၁၁၄ ကကျမ်းစာခေတ် ထိမ်းမြားခြင်းများအကြောင်းဆိုသည်ကား:
“လူတစ်ဦး ဆွေမျိုးသားချင်းများအထဲမှ မိန်းမလိုက်ရှာယူခြင်းသည် ထုံးစံဖြစ်ခဲ့သည့်ဟန်ရှိသည်။ ဤစည်းမျဉ်းသည် ယာကုပ်အား လာဗန်က ‘အခြားသောသူအား ပေးစားသည်ထက် သင့်အားပေးစားသော် သာ၍ကောင်း၏’ ဟုပြောသည့်စကား၌ ထင်ရှားသည်။ (ကမ္ဘာဦး ၂၉:၁၉) ယေဟောဝါကိုဝတ်ပြုသူတို့ဘောင်၌ ဤသို့ပို၍ လုပ်ကြသည်။ မိမိသားဣဇာက်အတွက် မိမိတို့နေထိုင်နေသည့်တစ်ဝိုက်ရှိ ခါနာန်လူမျိုးထဲမှ မိန်းမရှာပေးမည့်အစား မိမိနေရင်းတိုင်းပြည်သို့ လူလွှတ်ပြီး ရှာခိုင်းခြင်းဖြင့် အာဗြဟံသည် ဤထုံးစံကို ဦးဆောင်ခဲ့သည်။ (ကမ္ဘာဦး ၂၄:၃၊ ၄)”
၁၈ ယနေ့ လူများ ကိုယ့်သွေးနီးဆွေမျိုးများနှင့် အိမ်ထောင်ပြုလျှင် ကောင်းသည်ဟု ဆိုလိုနေခြင်းမဟုတ်ပါ။ သို့ပြုခြင်းဖြင့် မျိုးရိုးပြဿနာများ ဖြစ်နိုင်သည်။ မွေးလာသောကလေးများ မသန်မစွမ်း ဖြစ်တတ်သည်။ သို့သော် မိသားစုနောက်ခံအခြေအနေသည် လူတို့၏စရိုက်ကို များစွာပုံသွင်းသည်။ ကလေးဘဝနှင့် လူငယ်ဘဝတွင် အကျင့်အကြံနှင့် ခံစားမှုတို့သည် မိသားစုအသိုင်းအဝိုင်း၏ လွှမ်းမိုးမှုခံရသည်။ နှစ်ဦးနှစ်ဘက်စလုံး၏ ဘဝနောက်ခံတို့သည် ဆင်တူနေပါက ‘ဥတုရာသီနှင့် ဩဇာဓာတ် တစ်မျိုးတည်း၌ ကြီးထွားဖွံ့ဖြိုးရန်’ လွယ်ကူကြောင်း တွေ့ရတတ်သည်။ အသို့ဆိုစေ ဘဝနောက်ခံမတူသော သူတို့လည်း အိမ်ထောင်ပြုရာတွင် ပြောင်းလဲမှုများ ပြုလုပ်နိုင်ပါသည်။ နှစ်ဦးစလုံး စိတ်ဓာတ်ရင့်ကျက်လျှင် ပို၍ညှိနှိုင်းနိုင်ပါသည်။
၁၉ သင့်ကြင်ဖော်လောင်း၏မိသားစုအကြောင်း သိထားလျှင် အကျိုးရှိပါသည်။ သို့သော် မိဘမောင်ဖွားများနှင့် သူဆက်ဆံမှု မည်သို့ရှိသည်ကိုပါ သိထားပါ။ လူကြီးများနှင့် မည်သို့၊ လူငယ်များနှင့် မည်သို့ ဆက်ဆံသနည်း။
၂၀၊ ၂၁။ အိမ်ထောင်ဖက်ရွေးရာတွင် ပုဂ္ဂိုလ်အားနည်းချက်များကို မည်သို့ရှုမှတ်ရမည်နည်း။
၂၀ ကြိုတင်သတိပေးချက်များအားလုံးကို သတိယူပြုလုပ်ပြီးနောက်ပင် မှတ်ထားစရာမှာ လူနှစ်ဦးအကြား အပေးအယူ အမြဲသင့်နေမည်မဟုတ်ကြောင်း ဖြစ်သည်။ နှစ်ဦးစလုံး အားနည်းချက်များရှိမည်။ တချို့ကို မင်္ဂလာမဆောင်မီ၊ တချို့ကို မင်္ဂလာဆောင်ပြီးမှ သိမည်။ သို့ဆိုက အဘယ်နည်း။
၂၁ အားနည်းချက်များက အိမ်ထောင်ပျက်စေသည်မဟုတ်ပါ။ ယင်းတို့ကို အိမ်ထောင်ဖက်၏ယူဆပုံကသာ ပျက်စေသည်။ မကောင်းသည့်အရာများကို ကောင်းသည့်အရာများက သာသွားကြောင်း သင်မြင်သလော။ သို့မဟုတ် မကောင်းသည့်အရာများကိုပဲ ကြည့်ပြီး ယင်းတို့ကို ပြန်နှူးနေသလော။ မိမိကိုခွင့်ပြုစေချင်သလို သူ့ကို သင်ခွင့်ပြုနိုင်သည့်တိုင် သင် ပြောင်းသာလွဲသာ ရှိသလော။ “ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်၏” ဟု တမန်တော်ပေတရုဆိုသည်။ (၁ ပေတရု ၄:၈) သင်အိမ်ထောင်ပြုရန် ရည်ရွယ်ထားသူကို ဤမေတ္တာမျိုး သင်ရှိသလော။ မရှိပါက ထိုသူကိုမယူလျှင် ပိုကောင်းပါမည်။
‘သူ့ကို ပြောင်းနိုင်ပါတယ်’
၂၂-၂၄။ ပြောင်းလဲပေးပါမည်ဟူသော ကတိကြောင့်၊ သို့မဟုတ် သူ့ကို ပြောင်းလဲပစ်မည်ဟူ၍ ရည်ရွယ်ပြီး တစ်ယောက်ယောက်ကို အိမ်ထောင်ပြုခြင်းသည် အဘယ်ကြောင့် ပညာမဲ့သနည်း။
၂၂ သူ့ကို ကျွန်တော်၊ သို့မဟုတ် ကျွန်မ ပြောင်းလဲနိုင်ပါတယ်ဟု အချို့ပြောသလို သင်ပြောသလော။ သို့သော် မည်သူနှင့် သင်ချစ်ကြိုက်နေသနည်း။ လောလောဆယ် အရှိအတိုင်းသူ့ကိုလော၊ သို့မဟုတ် သင်ပြုပြင်ခံပြီးသူကိုလော။ ကိုယ့်ကိုယ်ကို ပြောင်းလဲရန်ပင် ခက်ပါသည်။ သူတစ်ဖက်သားကိုဆိုလျှင် ပို၍ဆိုးသေး၏။သို့သော်လည်း ဘုရားသခင့်နှုတ်ကပါဌ်တော်၏ ဩဇာထက်သော အမှန်တရားများက လူတစ်ဦးအား မိမိကိုယ်ကို ပြောင်းလဲစေနိုင်သည်။ “လူဟောင်းကိုချွတ်ပယ်” ပြီး လူတစ်ဦး စိတ်နှလုံးသဘောသစ်ကို ရရှိနိုင်သည်။ (ဧဖက် ၄:၂၂၊ ၂၃) ကြင်ဖော်လောင်းက သင့်အတွက် သူရုတ်တရက် ပြောင်းလဲမည်ဟူသောကတိကို သံသယဖြစ်ပါ။ မကောင်းသောအကျင့်များကို ပြုပြင်ပြောင်းလဲနိုင်သည်မှန်သော်လည်း နှစ်နှင့်ချီပြီး အချိန်ကြာတတ်သည်။ အမွေခံခဲ့ရသည့် ချွတ်ချော်မှုများနှင့် အသိုင်းအဝိုင်းတို့သည် ကျွန်ုပ်တို့၏ စိတ်နေစိတ်ထားကို ဖန်တီးကာ သီးခြားပုဂ္ဂိုလ်တစ်ဦးဖြစ်အောင် ပုံသွင်းခဲ့သည်ဟူသည့်အချက်ကိုလည်း ကျွန်ုပ်တို့ မေ့ထား၍မရပေ။ တစ်ယောက်နှင့်တစ်ယောက် ကူညီကာ အားနည်းချက်များကို ကျော်လွှားနိုင်ရန် မေတ္တာစစ်က ကူညီပေးနိုင်သည်။ သို့သော် ယင်းမေတ္တာသည် အိမ်ထောင်ဖက်၏ဥပဓိရုပ်ကို ပျက်စီးစေသည့်တိုင် သဘာဝမကျသောအသွင်သစ်ကို ဆောင်ရန် အတင်းအကြပ်တိုက်တွန်းစေနိုင်မည်မဟုတ်ပါ။
၂၃ အချို့တို့သည် စိတ်ကူးထဲ၌ လူတစ်ဦးကို ရုပ်လုံးဖော်ကာ မိမိအမှတ်မထင် မျက်စိကျသူကို ယင်းနှင့်အံဝင်အောင် ကြိုးစားတော့သည်။ စိတ်ကူးထဲကလူကို မည်သူမျှလိုက်မမီနိုင်ပါ။ သို့သော် ချစ်စိတ်မွှန်နေသူသည် တစ်ဖက်သားကို ခေါင်းမာမာနှင့် ၎င်းအတိုင်းဖြစ်ရန် အတင်းအကြပ်လုပ်တော့သည်။ သို့မဖြစ်ပါက စိတ်ပျက်ကာ သူ့ကိုဘေးချိတ်ပြီး စိတ်ကူးထဲမှလူကိုတွေ့နိုးနိုးနှင့် အခြားသို့ မျှားဦးလှည့်တော့သည်။ သို့သော် ဤသို့သောသူများသည် စိတ်ကူးထဲက လူစားမျိုး ဘယ်တော့မျှတွေ့မည်မဟုတ်။ စိတ်ကူးယဉ်ထဲမှလူ၊ စိတ်ကူးယဉ်ထဲမှတစ်ပါး အခြားအဘယ်နေရာ၌မျှ မရှိသောပုဂ္ဂိုလ်ကို ရှာနေခြင်းသာဖြစ်သည်။ ထိုသို့စိတ်ရှိသောသူတို့သည် အိမ်ထောင်ဖက်ကောင်းများမဟုတ်ပါ။
၂၄ ထိုသို့ သင်စိတ်ကူးယဉ်ခဲ့ကောင်း ယဉ်ခဲ့မည်။ ကျွန်ုပ်တို့အားလုံးလိုလို တစ်ချိန်တစ်ခါက စိတ်ကူးယဉ်ခဲ့သည်။ လူငယ်များ စိတ်ကူးယဉ်တတ်သည်။ သို့သော် ရင့်ကျက်လာသည်နှင့်အမျှ ထိုအိပ်မက်ကမ္ဘာကို လက်တွေ့မကျသောကြောင့် ဘေးဖယ်ရမည်ကို သိလာကြသည်။ အိမ်ထောင်၌ စိတ်ကူးယဉ်များမဟုတ်ဘဲ အမှန်တရားများကသာ စကားပြောသည်။
၂၅။ မေတ္တာစစ်နှင့် ချစ်စိတ်မွှန်ခြင်းတို့၏ ခြားနားချက်ကား အဘယ်နည်း။
၂၅ မေတ္တာစစ်သည် အများထင်သလောက် မကန်းပါ။ အပြစ်အနာအဆာများစွာကို ဖုံးအုပ်တတ်သည်။ သို့သော် မေတ္တာစစ်သည် ယင်းတို့ကို မမြင်ဘဲမနေ။ အခြားသူတို့မြင်သောပြဿနာများကို မမြင်ချင်၊ ကန်းသည့်အရာမှာ မေတ္တာမဟုတ်၊ အချစ်စိတ်မွှန်ခြင်းသာဖြစ်ပါသည်။ ကိုယ့်ကိုယ်တိုင်၏ သံသယစိတ်များကိုပင် ချိုးနှိမ်တတ်သည်။ သို့သော် ယင်းတို့ တစ်ချိန်ချိန် ပြန်ပေါ်ပေါက်လာမည်ကို စိတ်ချပါ။ စိတ်မချမ်းသာစရာကိစ္စများကို ရည်းစားဘဝက မျက်စိစုံမှိတ်ထားလျှင် မင်္ဂလာဆောင်ပြီးနောက် ယင်းတို့ကို သေချာပေါက်ရင်ဆိုင်ရပါမည်။ ကျွန်ုပ်တို့ကို မျက်စိကျစေချင်သူ၊ ကြိုက်စေချင်သူရှေ့တွင် အကောင်းဆုံးအသွင်အပြင် ကျွန်ုပ်တို့ဆောင်တတ်ကြသည်။ သို့သော် အချိန်တန်သောအခါ ရုပ်လုံးအမှန်ပေါ်လာသည်။ အရှိကိုအရှိအတိုင်း မြင်နိုင်အောင် မိမိကိုယ်ကို အချိန်ပေးပါ။ ကိုယ်လည်းအရှိအတိုင်း ရိုးရိုးနေပြပါ။ “သူငယ်မဖြစ်ကြနှင့်။ . . . ဉာဏ်အရာ၌ အသက်ကြီးသောသူဖြစ်ကြလော့” ဟူသော ၁ ကောရိန္သု ၁၄:၂၀ ပါသြဝါဒသည် ကြင်ဖော်ရှာသည့်ကိစ္စနှင့်လည်း သက်ဆိုင်ပါသည်။
ထိမ်းမြားရာတွင် ပေးရသည့် ခံဝန်ချက်များ
၂၆။ ကျမ်းစာအရ အိမ်ထောင်နှောင်ကြိုးသည် အဘယ်မျှတိုင် ခိုင်သနည်း။ (ရောမ ၇:၂၊ ၃)
၂၆ အိမ်ထောင်ပြုရာတွင် ခံဝန်ချက်များ ပြုရကြောင်း လေးလေးနက်နက်သုံးသပ်သင့်သည်။ အိမ်ထောင်ဖက်တစ်ဦးသည် ကိုယ့်ကိုယ်ကို လုံးလုံးလျားလျားခံဝန်မှုမပြုလိုပါက ထိုအိမ်ထောင်၏ အုတ်မြစ်သည် ခနော်ခနဲ့ဖြစ်နေမည်။ ကမ္ဘာပေါ်တွင် နေရာတကာ၌ မြန်မြန်မင်္ဂလာဆောင်၊ မြန်မြန်ကွဲကြသည်။ အကြောင်းမှာ အိမ်ထောင်ပြုသူတို့သည် တစ်သက်တာအတွက်ဟူ၍ သဘောမထားဘဲ “ဖြစ်ရင်လည်းဖြစ်၊ မဖြစ်ရင်လည်း ကွဲကြတာပေါ့” ဟူသောခံယူချက်ရှိကြသောကြောင့်ဖြစ်သည်။ အကျင့်သိက္ခာဘက်တွင် ကမ်းမမြင် လမ်းမမြင် ဤသဘောထားသာဖြစ်ပါက မင်္ဂလာဆောင်ခြင်းမဟုတ်ဘဲ၊ အမင်္ဂလာဆောင်ခြင်းသာဖြစ်အံ့။ ပျော်ရွှင်ချမ်းမြေ့မှုအစား အသည်းနာစရာများသာ ကြုံရမည်။ ယင်းနှင့် အခြားကြီးခြားစွာ အိမ်ထောင်ပြုခြင်းသည် သေတစ်ပန် သက်တစ်ဆုံး ဖြစ်ရမည်ဟု ကျမ်းစာဆိုသည်။ ပထမမောင်နှံစုံအား ဘုရားသခင်က “တစ်သားတစ်ကိုယ်တည်း” ဖြစ်ရမည်ဟု ပြောခဲ့သည်။ (ကမ္ဘာဦး ၂:၁၈၊ ၂၃၊ ၂၄) ယောက်ျားအတွက် အခြားမိန်းမ မရှိရ။ မိန်းမအတွက်အခြားယောက်ျား မရှိရပါ။ “လင်မယားတို့သည် နှစ်ဦးမဟုတ်။ တစ်ဦးတည်းဖြစ်၏။ ဘုရားသခင်ဖက်စပ်၍ ထမ်းပိုးတင်တော်မူသောအရာကို လူမခွဲမခွာစေနှင့်” ဟူ၍ပြောကာ ဤအချက်ကို ဘုရားသားတော် ထပ်လောင်းအတည်ပြုခဲ့သည်။ လိင်ဘက်တွင် ဖောက်လွဲဖောက်ပြန်မှုကသာ အိမ်ထောင်နှောင်ကြိုးကို ဖြတ်တောက်နိုင်ပါသည်။—မဿဲ ၁၉:၃-၉။
၂၇-၂၉။(က) အမျိုးသမီးတစ်ဦး ခင်ပွန်းလောင်း၌ အဘယ်အရာများရှာလျှင် ကောင်းမြတ်မည်နည်း။ (ခ) ယောက်ျားတစ်ဦး ဇနီးလောင်းရှာရာတွင် အဘယ်အချက်များကို ကြည့်မည်နည်း။
၂၇ အိမ်ထောင်ပြုခြင်း၏ အရေးကြီးမှုကို သိထားရကား အောင်မြင်သောအိမ်ထောင်ရချင်သည့် အမျိုးသမီးတစ်ဦးသည် သူမ လေးစားနိုင်သော၊ တည်ကြည်သော၊ တာဝန်ကျေပွန်နိုင်သော၊ အပြုသဘောဝေဖန်မှုများကို ခံနိုင်သည်အထိ ရင့်ကျက်သောယောက်ျားကိုသာ မင်္ဂလာဆောင်ဖို့ကောင်းသည်။ ဖူဖူလုံလုံထားနိုင်ပါ့မလား၊ သားသမီးရတနာများအတွက် ဖခင်ကောင်းဖြစ်ပါ့မလား၊ သင်တို့နှစ်ဦးစလုံး မင်္ဂလာဆောင်ခြင်း၏အသရေကို ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းထားနိုင်ရန် မြင့်မြတ်သောစာရိတ္တစံချိန် သူ့၌ရှိသလော။ သူသည် နှိမ့်ချပြီး ဣန္ဒြေရှိသလော၊ သို့မဟုတ် မာနကြီး ဘဝင်မြင့်၊ ဦးစီးရသည့်အတွက် ဝင့်ဝါပလွှားကာ ငါမှန်သည်ဟု အမြဲယူဆပြီး သုံးသပ်ဝေဖန်ရန် ငြင်းဆန်တတ်သူ ဖြစ်သလောဟူ၍ ကိုယ့်ကိုယ်ကိုမေးကြည့်ပါ။ မင်္ဂလာမဆောင်မီ ထိုယောက်ျားနှင့် အချိန်အတော်အသင့်ပေါင်းသင်းခြင်းအားဖြင့် ဤအဖြေများကို ရရှိပါမည်။ အထူးသဖြင့် ကျမ်းစာစည်းမျဉ်းများနှင့် ချိန်ကိုက်လျှင် ပို၍သိနိုင်မည်။
၂၈ ထိုနည်းလည်းကောင်းပင် သာယာသောအိမ်ထောင် ဖြစ်လာရေးကို ပေါ့ပေါ့သဘောမထားသော ယောက်ျားတစ်ယောက်သည် မိမိအသွေးအသားကဲ့သို့ ချစ်နိုင်မည့်ဇနီးတစ်ယောက်ကို ရှာပေလိမ့်မည်။ (ကမ္ဘာဦး ၂:၁၈) ကိုယ့်အိုးကိုယ့်အိမ် ထူထောင်နိုင်စွမ်းသည် ဝတ္တရားအမျိုးမျိုးရှိသော လုပ်ငန်းတစ်ရပ်ဖြစ်သည်။ စားဖိုမှူး၊ အိမ်ကိုဆင်ယင်တတ်သူ၊ ဘောဂဗေဒပညာရှင်၊ မိခင်၊ ဆရာသမား စသည့် အစွမ်းအစများကို ကျင့်သုံးရန်လိုပေသည်။ သူမ အပိုင်းသည် အကျိုးပြုအပိုင်း၊ စွမ်းစွမ်းတမံ လုပ်ရမည့်အပိုင်းဖြစ်ပြီး တိုးတက်စရာနှင့် ပြီးမြောက်စရာအခွင့်အလမ်း အများအပြားရှိသည်။ ဇနီးကောင်းတစ်ယောက်သည် ခင်ပွန်းကောင်းတစ်ယောက်ကဲ့သို့ အလုပ်သမားတစ်ယောက်ပင်။ “အိမ်သူအိမ်သား ပြုမူသမျှတို့ကို ကြည့်ရှုတတ်၏။ ပျင်းရိခြင်းအစာကို မစားတတ်။”—သု. ၃၁:၂၇။
၂၉ တစ်ကိုယ်ရေ သန့်ရှင်းသပ်ရပ်မှုရှိခြင်း မရှိခြင်း၊ လုံ့လရှိခြင်း၊ သို့မဟုတ် ပျင်းရိခြင်း၊ နားလည်ထောက်စာတတ်ခြင်း၊ သို့မဟုတ် ခေါင်းမာ၍ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်း၊ ချွေတာခြင်း၊ ဖြုန်းတီးခြင်း၊ တပျော်တပါး စကားပြောနိုင်ရန်၊ ဝိညာဉ်ရေးသန်စွမ်းရန် စဉ်းစားဉာဏ်ရှိခြင်း၊ သို့မဟုတ် နေ့စဉ်နှင့်အမျှ ကာယရေးလိုအပ်ချက်များလောက်သာ စက်ရုပ်လို တကုပ်ကုပ်ငြီးငွေ့ဖွယ်ရာဖြစ်စေသော ဉာဏ်အရာ၌ ထိုင်းမှိုင်းခြင်း စသည်တို့နှင့် ပတ်သက်ပြီး နှစ်ဦးစလုံး ဝေဖန်သုံးသပ်လျှင် အလွန်ကောင်းပေသည်။
၃၀၊ ၃၁။ ရည်းစားဘဝတွင် အကျင့်ဖောက်ပြန်ခြင်းသည် အိမ်ထောင်သာယာမှုကို မည်သို့ဖျက်နိုင်သနည်း။
၃၀ တစ်ယောက်ကိုတစ်ယောက် အမှန်လေးစားခြင်းသည် အိမ်ထောင်အောင်မြင်ရေးအတွက် သော့ချက်ဖြစ်သည်။ ဤအချက်တွင် ရည်းစားဘဝ၌ တစ်ယောက်ကိုတစ်ယောက် ဘယ်မျှတွယ်တာပါသည်ဆိုသည်ကို ဖော်ပြခြင်းလည်းပါဝင်သည်။ မလျောက်ပတ်သော အကျွမ်းဝင်မှု၊ သို့မဟုတ် မထိန်းနိုင် မသိမ်းနိုင်သော ရာဂစိတ်တို့သည် မင်္ဂလာမဆောင်မီကပင် တစ်ဦးနှင့်တစ်ဦးဆက်ဆံရေးကို အပေါစားဖြစ်သွားစေနိုင်သည်။ လိင်ဖောက်ပြားခြင်းသည် အိမ်ထောင်တည်ဆောက်စရာ အုတ်မြစ်ကောင်း မဟုတ်ပါ။ သူတစ်ဖက်သား၏ အနာဂတ်ပျော်ရွှင်မှုကို မထောက်မထား တစ်ကိုယ်ကောင်းဆန်ကြောင်း ရှင်းရှင်းပေါ်နေသည်။ ရာဂမီးတောက်လောင်သောအခါ မပျက်နိုင်သောစည်းနှောင်မှုရှိသယောင် ထင်ရသော်လည်း၊ ရက်ပိုင်းလပိုင်းအတွင်းပင် ထိုရာဂမီး ငြိမ်းသွားကာ အိမ်ထောင်လည်း ပြာကျရသည့်အဖြစ်မျိုး ဖြစ်နိုင်သည်။—၂ ဓမ္မရာဇဝင် ၁၃:၁-၁၉ တွင်ဖော်ပြထားသော တာမာအပေါ်လွှမ်းမိုးခဲ့သည့် အာမနုန်၏ရာဂစိတ်အကြောင်းနှင့် နှိုင်းယှဉ်ပါ။
၃၁ ရည်းစားဘဝက ရာဂစိတ်နှင့် လုပ်ကိုင်မိပါက နောက်ပိုင်းတွင် ထိမ်းမြားရခြင်း၏ ရည်ရွယ်ချက်အမှန်ကို သံသယဝင်စရာ၊ မယုံသင်္ကာစရာ ဖြစ်လာနိုင်သည်။ ရာဂစိတ်ဖြေသိမ့်ရာ သက်သက်လော၊ သို့မဟုတ် လူတစ်ဦးအနေနှင့် ချစ်မြတ်နိုးသူတစ်ဦးကို ရာသက်ပန်လုံး လက်တွဲရန် လက်ထပ်ခြင်းလော။ လက်မထပ်မီက စိတ်မချုပ်ထိန်းနိုင်ခြင်းသည် လက်ထပ်ပြီးလျှင်လည်း စိတ်ချုပ်ထိန်းနိုင်မည်မဟုတ်ကြောင်း ပြခြင်းဖြစ်သည်။ လင်မယား သစ္စာပျက်ခြင်းနှင့် စိတ်ညစ်ဖွယ်ရာများကား ရလဒ်ပင်။ (ဂလာတိ ၅:၂၂၊ ၂၃) လက်မထပ်မီ ဖောက်ပြန်ခဲ့သည်များကို ပြန်လည်သတိရခြင်းသည် လက်ထပ်ပြီးနောက်ပိုင်းများ၌ ခံစားချက်များ အပေးအယူလုပ်ရာတွင် အနှောင့်အယှက်ဖြစ်စေနိုင်သည်။
၃၂။ ရည်းစားဘဝ၌ အကျင့်ဖောက်ပြန်ခြင်းသည် ဘုရားသခင်နှင့် ဆက်ဆံရေး မည်သို့ပျက်စေနိုင်သနည်း။
၃၂ ပို၍ဆိုးသည်ကား ဤသို့ဖောက်ပြားခြင်းများသည် ကျွန်ုပ်တို့ဖန်ဆင်းရှင်နှင့် မိတ်သဟာယပျက်စေနိုင်သည်။ ကိုယ်တော်ထံမှအကူအညီ ကျွန်ုပ်တို့မရ၍ မဖြစ်ပါ။ “ဘုရားသခင်၏အလိုတော်ဟူမူကား သင်တို့သည် မတရားသောမေထုန်ကို ကြဉ်ရှောင်၍ . . . ဤအမှုအရာ၌ လွန်ကျူး၍ ညီအစ်ကို [သို့မဟုတ် ညီအစ်မ] ကို ပရိယာယ်အားဖြင့် မပြစ်မှားစေခြင်းငှာ . . . အလိုတော်ရှိ၏။ . . . ထိုကြောင့် ငါတို့ကို ငြင်းပယ်သောသူသည် လူကိုသာငြင်းပယ်သည်မဟုတ်၊ ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်ကို ငါတို့အား ပေးတော်မူသော ဘုရားသခင်ကို ငြင်းပယ်၏။”—၁ သက်သာလောနိတ် ၄:၃-၈။
ကျောက်သားအုတ်မြစ်
၃၃၊ ၃၄။ အိမ်ထောင်ဖက်ရွေးရာတွင် အပြင်ပန်းအသွင်အပြင်ထက် အဘယ်အရည်အချင်းများသည် အပြတ်အသတ် သာကြောင်း ကျမ်းစာဆိုသနည်း။
၃၃ သင့်မိသားစု၊ သင့်အိမ်ထောင်သည် ကျောက်အုတ်မြစ်၊ သို့မဟုတ် သဲအုတ်မြစ်၊ အဘယ်ပေါ်တွင် တည်မည်နည်း။ အိမ်ထောင်ဖက်ရွေးရာတွင် ဉာဏ်သုံးခြင်းအပေါ် တစ်စိတ်တစ်ပိုင်းသက်ဆိုင်သည်။ အလှအပနှင့် လိင်လောက်ဖြင့် မလုံလောက်ပါ။ ယင်းတို့သည် ဉာဏနှင့်ဝိညာဏ အတွဲမညီမှုကို မချေဖျက်နိုင်ပါ။ ကျောက်အုတ်မြစ် ဖြစ်စေသည့်အရာကား ဘုရားနှုတ်ကပါဌ်တော်ရှိ ဩဝါဒပင်။
၃၄ အပြင်ပန်းထက် အတွင်းလူက ပို၍အရေးကြီးသည်ဟု ကျမ်းစာဆိုသည်။ “ယဉ်ကျေးသောအရာသည် လှည့်စားခြင်းနှင့် ယှဉ်တတ်၏။ လှသောအဆင်းသည်လည်း အချည်းနှီးဖြစ်၏။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကြောက်ရွံ့သောမိန်းမမူကား ချီးမွမ်းခြင်းကို ခံရလိမ့်မည်။” (သု. ၃၁:၃၀) အိမ်ထောင်သည်တစ်ဦးဖြစ်သူ တမန်တော်ပေတရုက “စိတ်နှလုံး၏အတွင်းလူ” “နူးညံ့ငြိမ်သက်ခြင်းသဘော” သည် “ဘုရားသခင်ရှေ့မှာ အဖိုးများစွာထိုက်” ကြောင်း ဆိုခဲ့သည်။ (၁ ပေတရု ၃:၄) ဘုရားသခင်သည် လူကို အပြင်ပန်းက မကြည့်ပါ။ ကျွန်ုပ်တို့လည်း ဤဥပမာယူလျှင် ကြင်ဖော်လောင်း၏ အပေါ်ယံအသွင်အပြင်လောက်ကိုပဲမြင်ကာ လှည့်စားခံရခြင်းမှ ကာကွယ်မှုရပေမည်။—၁ ဓမ္မရာဇဝင် ၁၆:၇။
၃၅၊ ၃၆။ (က) ဘုရားသခင်နှင့် ကိုယ်တော့်နှုတ်ကပါဌ်တော်ကို ယုံကြည်သူတစ်ဦးအား အိမ်ထောင်ပြုရန် အဘယ်ကြောင့်အရေးကြီးသနည်း။ (ခ) ကြင်ဖော်လောင်းအား ထိုယုံကြည်ခြင်းကို မည်သည့်အတိုင်းအတာအထိတင်ပြရန် သင်မျှော်လင့်မည်နည်း။
၃၅ ပညာရှိရှောလမုန်မင်းသည် ဘဝအကြောင်း ဆင်ခြင်ကာ ဤသို့သဘောထိုင်လိုက်သည်။ “အချုပ်အခြာစကားဟူမူကား ဘုရားသခင်ကို ကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား လူနှင့်ဆိုင်သောအမှုအရာ အလုံးစုံကို ချုပ်ခြာသတည်း။” (ဒေသနာ ၁၂:၁၃) ဘုရားသခင်ဥပဒေကို နားထောင်ပါမည်ဟု ပဋိညာဉ်ပြုထားသော ဣသရေလအမျိုးသားတို့အား မိမိတို့နှင့် ဝတ်ပြုရေးမတူသူတို့နှင့် ထိမ်းမြားခြင်း မပြုလုပ်ရန် ကြပ်မတ်စွာ ပညတ်ခဲ့သည်။ သူတို့ကို ဘုရားမှန်မှ သွေဖည်မသွားစေကြောင်းသာ။ “သူတို့နှင့်စုံဖက်ခြင်းကို မပြုရ။ သင်၏သမီးကို သူ၏သားနှင့်လည်းကောင်း၊ သင်၏သားကို သူ၏သမီးနှင့်လည်းကောင်း ထိမ်းမြားပေးစားခြင်း မပြုရ။ အကြောင်းမူကား သူတို့သည် သင်၏သားကို ငါ၌မဆည်းမကပ်စေဘဲ၊ အခြားတစ်ပါးသောဘုရားအား ဝတ်ပြုစေခြင်းငှာ သွေးဆောင်ကြလိမ့်မည်။”—တရားဟောရာ ၇:၃၊ ၄။
၃၆ ယင်းအကြောင်းကြောင့်ပင် ဘုရားသခင် “ပဋိညာဉ်သစ်” ဝင် ခရစ်ယာန်အသင်းတော်တွင်းရှိ သူတို့ကို “သခင်ဘုရား၌” သာထိမ်းမြားကြရန် ဆော်သြထားသည်။ (ယေရမိ ၃၁:၃၁-၃၃; ၁ ကောရိန္သု ၇:၃၉) အယူသန်သည့်သဘောကြောင့် မဟုတ်ဘဲ ပညာ၊ မေတ္တာကြောင့်သာ ဤသို့မှာကြားခြင်းဖြစ်သည်။ ဖန်ဆင်းရှင်ကို နှစ်ဦးစလုံး ဆက်ကပ်အပ်နှံခြင်းထက်ထိမ်းမြားခြင်းကို ခိုင်မြဲအောင် လုပ်နိုင်သည့်အရာ မရှိပါ။ ဘုရားသခင်နှင့် ကိုယ်တော့်နှုတ်ကပါဌ်တော်ကို ယုံကြည်ပြီး ယင်းကို သင်နားလည်သလို နားလည်ထားသူနှင့် ထိမ်းမြားလျှင် နှစ်ယောက်စလုံး တစ်မျိုးတစ်ဖုံတည်းသော ဩဇာအောက်တွင် ရှိနေမည်။ ဤအချက် အရေးမကြီးဟု သင်ထင်မည်။ သို့သော် “အလွဲမယူကြနှင့်။ မကောင်းသောသူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏။” (၁ ကောရိန္သု ၁၅:၃၃) ခရစ်ယာန်အသင်းတော်ထဲ၌ပင် ကြင်ဖော်လောင်းသည် ခရစ်ယာန်ဖြစ်ရုံကလေးသာဖြစ်ပြီး လောကအကျင့်နှင့် သဘောထားများဘက် ကိုင်းညွှတ်နေသူမဟုတ်ဘဲ နှလုံးအပြည့်အဝနှင့် ဘုရားအမှုထမ်းသူတစ်ဦး ဖြစ်မဖြစ် သေချာလျှင် ကောင်းပါသည်။ ဘုရားသခင်ဘက်လည်းပါ၊ လောကဘက်လည်းပါ လုပ်၍မရပါ။—ယာကုပ် ၄:၄။
၃၇၊ ၃၈။ (က) ရည်းစားဘဝ၊ သို့မဟုတ် အိမ်ထောင်သည်ဘဝသို့ အဘယ်ကြောင့် အဆောတလျင် မဝင်သင့်သနည်း။ (ခ) အိမ်ထောင်ပြုရန် စီစဉ်နေသူတို့သည် အဘယ်သူ၏သြဝါဒကို နားထောင်လျှင် ကောင်းမည်နည်း။
၃၇ “သင်တို့တွင် တစ်ယောက်သောသူသည် တိုက်ကိုတည်မည်ဟု အကြံရှိလျှင် ထိုတိုက်ပြီးအောင် ငွေလောက်မည် မလောက်မည်ကို သိခြင်းငှာ ရှေ့ဦးစွာထိုင်၍ ကုန်ကျစရိတ်ကို မချင့်တွက်ဘဲ နေမည်လော” ဟူ၍ ယေရှုမိန့်တော်မူခဲ့သည်။ (လုကာ ၁၄:၂၈၊ ၂၉) ယင်းမူသည် ထိမ်းမြားခြင်းနှင့်လည်း သက်ဆိုင်သည်။ ထိမ်းမြားခြင်းကို သေတပန်သက်တစ်ဆုံးကိစ္စအဖြစ် ဘုရားရှုမြင်သည် ဖြစ်ရကား ကြင်ဖော်ရွေးရာ၌ အလောသုံးဆယ်ဖြစ်ရန်မလိုပါ။ ယင်းအပြင် သင်ကိုယ်တိုင်လည်း စထားသည့်အရာကို အဆုံးသတ်နိုင်မနိုင် သုံးသပ်ပါ။ သမီးရည်းစားကိစ္စကိုပင် ခပ်ပေါ့ပေါ့ ကစားစရာအဖြစ် မယူဆရ။ သူတစ်ဖက်သား၏ တွယ်တာမှုနှင့် ကစားခြင်းသည် ရက်စက်ခြင်းပါ။ စိတ်ထိခိုက် အသည်းနာခြင်းတို့သည် တော်တော်နှင့် မပြေပျောက်ပါ။—သု. ၁၀:၂၃; ၁၃:၁၂။
၃၈ အိမ်ထောင်ပြုရန် စိတ်ကူးနေသော လိမ္မာရေးခြားရှိသည့် လူငယ်တို့သည် လူကြီးတို့၏ ဩဝါဒကို နားထောင်လျှင် ကောင်းပါသည်။ အထူးသဖြင့် မိမိတို့ကို စေတနာအရင်းခံနှင့် စိတ်ဝင်စားကြသော လူကြီးတို့စကား နားထောင်သင့်သည်။ ဤအချက်၏ အရေးပါမှုကို “အသက်အရွယ်ကြီးသောသူတို့သည် ဉာဏ်ပညာနှင့် ပြည့်စုံကြ၏” ဟူသော ယောဘ ၁၂:၁၂ ပါစကားများက ကျွန်ုပ်တို့ကို သတိပေးသည်။ အတွေ့အကြုံရှိသူတို့၏စကားကို နားထောင်ပါ။ ယင်းတို့ အားလုံးအပြင် “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။”—သု. ၃:၅၊ ၆။
၃၉။ အိမ်ထောင်ကျပြီးသူကို ကျမ်းစာသည် မည်သို့အထောက်အကူဖြစ်သနည်း။
၃၉ ဤစာကြောင်းများကို ဖတ်သောသူအများတို့သည် အိမ်ထောင်ကျပြီးသူများ ဖြစ်ပေမည်။ သင်တို့၏အုတ်မြစ်တို့သည် ချပြီးသားဖြစ်သော်လည်း လိုအပ်သည့် ပြင်ဆင်မှုများပြုလုပ်ရန် ကျမ်းစာက အကူအညီပေးနိုင်သည်။ အကျိုးလည်း ကြီးမည်။ သင့်အိမ်ထောင်ရေးအခြေအနေ မည်သို့ပင်ရှိစေကာမူ သာယာသောအိမ်ထောင်နှင့် ပတ်သက်သည့် ဖန်ဆင်းရှင်၏သြဝါဒများကို လိုက်နာခြင်းဖြင့် ပို၍ကောင်းအောင် လုပ်နိုင်ပါသည်။
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
သင့်အိမ်ထောင်သည် မုန်တိုင်းထန်ချိန်များတွင် ကြံ့ကြံ့ခံနိုင်မည်လော