ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • fl အခန်း ၁၂ စာ. ၁၆၁-၁၇၀
  • မိဘစိတ်နှလုံးကိုရွှင်လန်းစေခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိဘစိတ်နှလုံးကိုရွှင်လန်းစေခြင်း
  • မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဉာဏ်ပညာဆည်းပူးရာတွင် အချိန်လို
  • သင့်တာဝန် ကျေပွန်ပါစေ
  • မိဘကို စောင့်ရှောက်ခြင်းတာဝန်
  • မိအိုဖအိုတို့အား လေးစားဂုဏ်တင်ခြင်း
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • မိဘတို့—သင်တို့၏သားသမီးကိုမေတ္တာဖြင့် လေ့ကျင့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • လူငယ်တို့ သင်တို့သည် မိဘတို့၏နှလုံးကိုထိမိစေနိုင်သည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • မိဘနဲ့ သားသမီးတို့၊ မေတ္တာရှိရှိ ပြောဆို ဆက်သွယ်ကြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
မိသားစုဘဝကို ရွှင်လန်းစေခြင်း
fl အခန်း ၁၂ စာ. ၁၆၁-၁၇၀

အခန်း ၁၂

မိဘစိတ်နှလုံးကိုရွှင်လန်းစေခြင်း

၁။ မိဘကို ရိုသေခြင်းသည် အဘယ်ကြောင့် သင့်မြတ်သနည်း။

လွန်ငယ်ရွယ်သူပင်ဖြစ်ပါစေ၊ လူလားမြောက်သောအရွယ်သို့ တက်လှမ်းလျက်နေသူပင်ဖြစ်ပါစေ၊ အရွယ်ရောက် လူလားမြောက်ပြီးသူပင်ဖြစ်ပါစေ ကျွန်ုပ်တို့ အားလုံးပင် တစ်စုံတစ်ယောက်၏ သားသမီးများ ဖြစ်ကြသည်။ ကျွန်ုပ်တို့အများစုအဖို့ဆိုလျှင် လူမမယ်ကလေးဘဝမှ လူလားမြောက်အရွယ် ရောက်သည်အထိ ကျွန်ုပ်တို့မိဘတို့သည် နှစ်ပေါင်း ၂၀ ခန့် အချိန်ယူ၍ ပြုစုစောင့်ရှောက်လာခဲ့ရသည်။ ကျွန်ုပ်တို့အတွက် သူတို့စိုက်ထုတ်ခဲ့သောလုံ့လဝီရိယ၊ ငွေကြေးနှင့် အနစ်နာခံ စွန့်လွှတ်ခြင်းကို ခန့်မှန်း အဖိုးဖြတ်ရန် ခဲယဉ်းပေသည်။ အမှန်အားဖြင့်ဆိုလျှင် ကျွန်ုပ်တို့၏မိဘတို့သည် ကျွန်ုပ်တို့ ပြန်လည်ပေးဆပ်နိုင်စွမ်းမရှိသောအရာအချို့ကို ကျွန်ုပ်တို့အား ပေးခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကို မည်သည့်အရာပင် ကျွန်ုပ်တို့ပေးဆပ်ပေးဆပ်၊ ကျွန်ုပ်တို့၏ မျက်မှောက်အသက်သည် မိဘတို့ထံမှ ရလာခြင်းဖြစ်သည်။ မိဘများသာမရှိလျှင် ကျွန်ုပ်တို့လည်း လူဖြစ်လာမည်မဟုတ်ပေ။ သိသာထင်ရှားသော ဤအမှန်တရားတစ်ခုတည်းကပင် အောက်ပါ ဘုရားသခင့်ပညတ်တော်ကို နာခံလိုက်နာရန် ခိုင်လုံသောအကြောင်း ဖြစ်သင့်သည်။ “မိဘကို ရိုသေစွာပြုလော့။ ဤပညတ်တော်ကား သင်သည် ပြည်တော်၌ ကောင်းစား၍ အသက်တာရှည်မည်အကြောင်းဟူ၍ ကတိတော်နှင့်ဆိုင်သော ပထမပညတ်ဖြစ်၏။”—ဧဖက် ၆:၂၊ ၃။

၂။ ကျွန်ုပ်တို့မိဘများအပေါ် အဘယ်ကြောင့် ကျေးဇူးသိတတ်ရန် လိုသနည်း။

၂ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် သက်ရှိအပေါင်းတို့၏ ပင်ရင်းအမြစ်ဖြစ်သောကြောင့် ကိုယ်တော်ကို ကျွန်ုပ်တို့ဦးစွာ ကျေးဇူးတင်ရမည်ဖြစ်သော်လည်း ကျွန်ုပ်တို့၏မိဘများကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်သင့်သည်။ ကျွန်ုပ်တို့ကို သူတို့ပေးခဲ့သည့်အရာနှင့် အစားထိုး လဲလှယ်နိုင်အောင် သူတို့ကို ကျွန်ုပ်တို့ဘာပေးနိုင်သနည်း။ ဘုရားသခင့်သားတော်က လောကစည်းစိမ်ဥစ္စာရှိသမျှအားဖြင့် အသက်ကိုဝယ်ယူ၍မရနိုင်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ အကြောင်းမှာ အသက်ဆိုသည်မှာ တန်ဖိုးဖြတ်၍မရနိုင်သောကြောင့်ဖြစ်သည်။ (မာကု ၈:၃၆၊ ၃၇; ဆာလံ ၄၉:၆-၈) “အချင်းချင်းချစ်ခြင်းမေတ္တာမှတစ်ပါး အဘယ်ကြွေးမျှ မတင်စေနှင့်။ သူတစ်ပါးကိုချစ်သောသူသည် အကျင့်တရားနှင့်ပြည့်စုံပြီ” ဟူ၍ ဘုရားသခင့်နှုတ်ကပါဌ်တော်က ကျွန်ုပ်တို့အား မှာကြားထားသည်။ (ရောမ ၁၃:၈) မိဘနှင့် ကျွန်ုပ်တို့ အသက်ရှင်လျက်ရှိစဉ်ကာလအတွင်း ကျွန်ုပ်တို့သည် မိဘတို့ကို ဆက်လက်မေတ္တာပြရန်လိုအပ်ကြောင်း အထူးနည်းလမ်းဖြင့် သဘောသက်ဝင်မိဖို့လိုသည့်ပြင် ချစ်ခြင်းမေတ္တာကို သူတို့အပေါ် ကျွန်ုပ်တို့တင်နေသည့်ကြွေးကဲ့သို့ သဘောထားသင့်ပေသည်။ သူတို့ ကျွန်ုပ်တို့ကို အသက်ပေးသည့်နည်းတူ သူတို့ကို ကျွန်ုပ်တို့မပေးနိုင်သော်လည်း သူတို့အသက်ရှင်ရကျိုးနပ်သည်ဟု ခံစားနိုင်စေရန် ကျွန်ုပ်တို့ သူတို့ကို တစ်စုံတစ်ခုပေးနိုင်ပေသည်။ သူတို့၏ဝမ်းမြောက်ခြင်းနှင့် ကျေနပ်ရောင့်ရဲခြင်းကို ကျွန်ုပ်တို့မြှင့်တင်ပေးနိုင်သည်။ အခြားသူများ မလုပ်နိုင်သောနည်းလမ်းအားဖြင့် ကျွန်ုပ်တို့ထိုသို့ပြုနိုင်သည်။ အကြောင်းမူကား ကျွန်ုပ်တို့သည် သူတို့သားသမီးဖြစ်သောကြောင့်တည်း။

၃။ သု. ၂၃:၂၄၊ ၂၅ အရ သားသမီးတို့၏ အဘယ်အရည်အချင်းသည် မိဘတို့အား ရွှင်လန်းစေနိုင်သနည်း။

၃ သု. ၂၃:၂၄၊ ၂၅ ကဆိုသည်: “ဖြောင့်မတ်သောသူ၏အဘသည် အလွန်ဝမ်းမြောက်လိမ့်မည်။ ပညာရှိသောသားကို ဖြစ်ဖွားစေသောသူသည် ထိုသား၌ အားရဝမ်းမြောက်၍ သင့်ကို မွေးဖွားသောသူသည် ရွှင်လန်းလိမ့်မည်။” မိဘတို့သည် သားသမီးတို့အတွက် ဂုဏ်ယူခြင်း၊ သားသမီးတို့ကြောင့် ဝမ်းမြောက်ခြင်း လိုလားကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။ ကျွန်ုပ်တို့မိဘများ ယင်းသို့ဖြစ်နိုင်ကြသလော။

၄။ ကောလောသဲ ၃:၂၀ က သားသမီးတို့အား မည်သို့ပြုရန် ညွှန်ကြားထားသနည်း။

၄ ၎င်းသည် သူတို့၏နေရာကို ကျွန်ုပ်တို့အမှန်တကယ်လေးစားခြင်းနှင့် သူတို့၏ဆုံးမစကားကိုနာခံခြင်း ရှိမရှိ အပေါ်များစွာမူတည်နေသည်။ အသက်ငယ်ရွယ်သေးသူများအတွက် ဘုရားသခင့်သြဝါဒမှာဤသို့: “သားသမီးတို့၊ မိဘစကားကို အရာရာ၌ နားထောင်ကြလော့။ မိဘစကားကိုနားထောင်ခြင်းအမှုသည် သခင်ဘုရားနှစ်သက်တော်မူသောအမှုဖြစ်သည်။” (ကောလောသဲ ၃:၂၀) “အရာရာ” ဆိုသည်မှာ မိဘများအနေဖြင့် ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့် မညီသောအရာများကိုလုပ်ရန် သားသမီးများကို စေခိုင်းနိုင်ခွင့်ရှိသည်ကို ရည်ညွှန်းနေခြင်းမဟုတ်သည်မှာ ထင်ရှားသည်။ သို့သော်လည်း ၎င်းကျမ်းပိုဒ်က ကျွန်ုပ်တို့ငယ်ရွယ်စဉ်တွင် မိဘတို့သည် အသက်တာ၌ အဘက်ဘက်က ကျွန်ုပ်တို့ကို ပဲ့ပြင်လမ်းညွှန်ရန်တာဝန်ရှိကြောင်းတင်ပြသည်။—သု၊ ၁:၈။

၅။ မိမိ၌ သားသမီးရှိခဲ့သော် မည်သို့လိုလားမည်နှင့်စပ်လျဉ်း၍ လူငယ်တစ်ယောက်အနေနှင့် မိမိကိုယ်ကို မည်သို့မေးနိုင်သနည်း။

၅ သင်သည် ယခုငယ်ရွယ်သူဖြစ်နေသလော။ တစ်နေ့သောအခါ သင်သည် မိဘဖြစ်လာနိုင်သည်။ သားသမီးများ သင့်ကို တကယ်ရိုသေလေးစားစေလိုသလော။ သို့မဟုတ် အာခံသောသားသမီးများ၊ နားထောင်ဟန်ဆောင်ပြီး သင့်ကွယ်ရာ၌ နားမထောင်သောသားသမီးများကို သင်လိုလားသလော။ ယင်းသို့သောသားသမီးတို့သည် မိဘတို့အတွက် ဝမ်းမြောက်စရာမဖြစ်စေဘဲ သု. ၁၇:၂၅ ၌ဆိုသကဲ့သို့ဖြစ်မည်: “မိုက်သောသူသည် အဘဝမ်းနည်းစရာအကြောင်း၊ မွေးသောအမိ စိတ်ညစ်စရာအကြောင်း ဖြစ်၏။” သင့်မိဘပျော်ရွှင်အောင် သင်၌ အထူးအစွမ်းရှိသည်နည်းတူ သင်သည် အခြားမည်သူထက်မဆို သူတို့အဖို့ ကြီးစွာကြေကွဲဝမ်းနည်းစရာနှင့် စိတ်ဓာတ်ကျဆင်းစရာလည်း ဖြစ်စေနိုင်သည်။ သင့်အပြုအမူပေါ် မူတည်ပေသည်။

ဉာဏ်ပညာဆည်းပူးရာတွင် အချိန်လို

၆။ အသိပညာသည် များသောအားဖြင့် အသက်အရွယ်နှင့်ဆက်စပ်လျက်ရှိကြောင်း ဘာကတင်ပြသနည်း။

၆ အသိဉာဏ်ပညာဆည်းပူးရာတွင် နှစ်၊ လ အချိန်ကာလသည် အရေးပါသောအကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း လူငယ်များအနေဖြင့် သဘောပေါက်နားလည်မည်ဆိုလျှင် ကောင်းမည်။ သင်ယခု ၁၀ နှစ်အရွယ်ရောက်နေပြီလော။ ယခု သင်သည် ငါးနှစ်အရွယ်ကထက် များစွာပို၍ အသိအမြင်ကျယ်လာသည်ကို တွေ့ရပေမည်။ မဟုတ်ပေလော။ ယခုအသက် ၁၅ နှစ်ရောက်နေပြီလော။ လွန်ခဲ့သော ၁၀ နှစ်အရွယ်ကထက် များစွာသာ၍သိမြင်လာသည် မဟုတ်ပေလော။ အသက် ၂၀ ရောက်တော့မည်လော။ သင် ၁၅ နှစ်အရွယ်ကထက် တိုး၍ အသိအမြင်ကြွယ်လာသည်ကို သင်သတိပြုမိမည်မှာ သေချာသည်။ အတိတ်ကို ပြန်ပြောင်းစဉ်းစားလိုက်သော် နှစ်၊ လ ကာလသည် သင့်အားတိုး၍ ပညာရှိလာစေသည်ကို လွယ်ကူစွာတွေ့ရပေမည်ဖြစ်သော်လည်း အနာဂတ်ကို မြော်မြင်၍ ယင်းအမှန်တရားကို လက်ခံသည့်ကိစ္စ၌မူ အတော်ခက်သည်ကိုလည်း တွေ့ရပေမည်။ လူငယ်တစ်ယောက်အနေဖြင့် မိမိကိုယ်ကို မည်မျှပညာရှိသည်ဟုထင်ထင် အနာဂတ်သည် မိမိကို ပို၍ပညာရှိစေနိုင်သည်သာမက ရှိစေသင့်သည်ကိုပါ သူ့အနေဖြင့် သဘောပေါက်ရန် လိုသည်။

၇။ အသိပညာနှင့်ပတ်သက်၍ ရောဗောင်ရရှိသောအကြံဉာဏ်မှ ကျွန်ုပ်တို့အဘယ်သင်ခန်းစာ ရနိုင်သနည်း။

၇ ဤအကြောင်းက ဘာကိုတင်ပြသနည်း။ မိဘတို့သည် သင့်ထက်အသက်ကြီးပြီး ပို၍အတွေ့အကြုံရင့်ကျက်သဖြင့် အကျိုးသင့်အကြောင်းသင့် ပြောရလျှင် သူတို့သည် ဘဝအခက်အခဲပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာ၌လည်း သင့်ထက်သာ၍ပညာရှိပေသည်။ လူငယ်အမြောက်အမြား ဤအမှန်တရားကို လက်ခံရန် မလွယ်ကူကြောင်း တွေ့ရှိကြသည်။ သူတို့အနေဖြင့် အသက်ကြီးသူများကို “ခေတ်နောက်ကျသူများ” ဟုခေါ်ကောင်းခေါ်ကြမည်။ အချို့ ဤကဲ့သို့ဖြစ်ကြသော်လည်း အများမှာ ဤသို့မဟုတ်ကြချေ။ လူငယ်အချို့ တာဝန်ပျက်ကွက်သည်နှင့် ရှိသမျှလူငယ်တို့လည်း တာဝန်ပျက်ကွက်သည်ဟု ကျွန်ုပ်တို့မဆိုနိုင်သကဲ့သို့ဖြစ်သည်။ လူငယ်တို့အနေဖြင့် မိမိတို့သည် အသက်ကြီးသူများထက် ဉာဏ်ကောင်းသည်ဟု ထင်မြင်ခြင်းအမှုသည် အသစ်အဆန်းကိစ္စမဟုတ်ပေ။ ဣသရေလဘုရင်တစ်ပါး ယင်းအမှားကို ပြုမိသဖြင့် ကြီးစွာဒုက္ခရောက်ခဲ့သည်။ အသက် ၄၁ နှစ်ရှိရောဗောင်သည် ခမည်းတော်ရှောလမုန်၏ နန်းရိုက်နန်းရာကို ဆက်ခံကာ စိုးစံသောအခါ လူထုက မိမိတို့ထမ်းရွက်နေရသောဝန်ကို လျှော့ပေါ့ပေးရန် တောင်းလျှောက်ကြသည်။ ရောဗောင်သည် အသက်ကြီးသောပုဂ္ဂိုလ်များအကြံဉာဏ်တောင်းခံရာတွင် တိုင်းသူပြည်သားတို့အပေါ် သက်သက်ညှာညှာ ညင်ညင်သာသာဆက်ဆံရန် အကြံပေးကြသည်။ ထို့နောက် လူငယ်လူရွယ်တို့နှင့် တိုင်ပင်ပြန်သောအခါ သာ၍ခက်ထန်ရက်စက်သောနည်းဖြင့် အုပ်ချုပ်ရန်အကြံပေးကြသည်။ လုလင်လူငယ်များပေးသောအကြံကို ရောဗောင်လက်ခံလိုက်သည်။ နောက်ဆုံး မည်သို့ဖြစ်လာသနည်း။ ဣသရေလ ၁၂ နွယ်အနက်မှ ဆယ်နွယ်မှာ ပုန်ကန်ထကြွသဖြင့် ရောဗောင်အဖို့ နိုင်ငံတော်နယ်ပယ် ခြောက်ပုံတစ်ပုံသာ ကျန်ရှိတော့သည်။ ပညာရှိသောအကြံပေးသူများမှာ လူငယ်လုလင်များမဟုတ်ဘဲ အသက်ကြီးသူများဖြစ်သည်။ “အိုမင်းသောသူတို့သည် ဉာဏ်ပညာရှိလျက် အသက်ရှည်၍လည်း ဉာဏ်ပဋိဘာန်ရ၏။”—ယောဘ ၁၂:၁၂၊ သမ; ၃ ဓမ္မရာဇဝင် ၁၂:၁-၁၆; ၁၄:၂၁။

၈။ မိဘအပါအဝင် အသက်ကြီးသူတို့ကို မည်သို့သဘောထားရမည်ဟု ကျမ်းစာတိုက်တွန်းသနည်း။

၈ သင်၏မိဘတို့သည် လူငယ်လူရွယ်မဟုတ်တော့သဖြင့် သူတို့ပေးသောအကြံ ခေတ်မမီတော့ဟူ၍ မယူဆလိုက်ပါနှင့်။ ထိုသို့ယူဆမည့်အစား ဘုရားသခင့်နှုတ်ကပါဌ်တော်မိန့်မှာသည်ကား: “သင့်ကိုဖြစ်ဖွားစေသောအဘ၏စကားကို နားထောင်လော့။ အသက်ကြီးသောအမိကို မထီမဲ့မြင်မပြုနှင့်။” အသက်အရွယ်ကြီးရင့်ခြင်းသည် ရိုသေလေးစားမှုနှင့်ထိုက်တန်သည်။ “ဆံပင်ဖြူသောသူရှေ့မှာ ထရမည်။ အသက်ကြီးသောသူ၏မျက်နှာကို ရိုသေရမည်။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ဖြစ်၏။” မှန်ပါသည်။ လူငယ်အများ ယင်းအမိန့်တော်ကို အရေးမလုပ်ကြပေ။ သို့သော် ယင်းသို့သောကြောင့် ပျော်ရွှင်မှုမရကြပါ—သူတို့ကိုယ်တိုင်လည်း မပျော်သကဲ့သို့ မိဘတို့အတွက်လည်း ပျော်စရာမဖြစ်စေသည်မှာ သေချာသည်။—သု. ၂၃:၂၂; ဝတ်ပြုရာ ၁၉:၃၂။

သင့်တာဝန် ကျေပွန်ပါစေ

၉။ အိမ်သားတစ်ယောက်သည် ညည်းညူမြည်တမ်းမည် သို့မဟုတ် ကလန်ကဆန်လုပ်မည်ဆိုလျှင် မိသားစုတစ်စုလုံးကို မည်သို့ထိခိုက်နိုင်သနည်း။

၉ သင်ပြုလေသမျှသည် အခြားသူတို့အတွက် ကောင်းကျိုးဆိုးကျိုးဖြစ်စေနိုင်သည်မှာ ရှောင်လွှဲမရနိုင်သောကိစ္စဖြစ်သည်။ အိမ်သားတစ်ယောက် ဒုက္ခရောက်သောအခါ တစ်အိမ်သားလုံး ရတက်မအေး ဖြစ်ရသည်။ ထို့အတူ တစ်ယောက်သောအိမ်သားက ညည်းညူမြည်တမ်းမည်၊ အာခံပုန်ကန်မည်ဆိုလျှင်လည်း အိမ်ထောင်စုအတွင်း ငြိမ်သက်အေးချမ်းမှု ပျက်စီးသွားပေမည်။ ထို့ကြောင့် သာယာချမ်းမြေ့သောမိသားစုဘဝ ရရှိနိုင်ရေးအတွက် ယောက်တိုင်း မိမိတို့တာဝန်ကို ကျေပွန်ရန်လိုသည်။—၁ ကောရိန္သု ၁၂:၂၆ နှိုင်းယှဉ်။

၁၀။ ကလေးများအနေဖြင့် အလုပ်ကို ကောင်းစွာလုပ်တတ်အောင် သင်ယူခြင်းသည် အဘယ်ကြောင့်အကျိုးရှိသနည်း။

၁၀ အပြုသဘောဆောင်ပြီး ဆောက်တည်မှုဖြစ်စေသောအရာများ ရှိသည်။ ၎င်းတို့ကို သင်ပြုလုပ်နိုင်သည်။ မိဘတို့သည် အိမ်သားတို့၏ စားဝတ်နေရေးအတွက် လုံးပန်းကြရသည်။ သင်သည် အသက်ငယ်သေးသဖြင့် အိမ်တွင်နေရပါက တစ်ဖက်တစ်လမ်းအားဖြင့် ကူညီပေးနိုင်သည်။ လူ့ဘဝ၏အပိုင်းများစွာသည် အလုပ်၌ ကုန်လွန်သွားတတ်သည်။ ယင်းအတွက်ကြောင့် အချို့ ညည်းညူမြည်တမ်းကြသည်။ သို့သော်လည်း သင်သည် အလုပ်ကို ကောင်းမွန်စွာလုပ်တတ်အောင်သာမက စေတနာနှင့်လုပ်တတ်အောင် သင်ယူတတ်မြောက်မည်ဆိုလျှင် စစ်မှန်သည့်ရောင့်ရဲကျေနပ်မှု ခံစားရပေမည်။ အခြားတစ်ဖက်၌မူ မိမိတာဝန်ကို မထမ်းဆောင်ဘဲ မိမိအတွက် အစစအရာရာ သူတစ်ပါးလုပ်ပေးရသောသူသည် ယင်းသို့သောကျေနပ်ရောင့်ရဲမှုကို ဘယ်တော့မှ နားလည်မည်မဟုတ်သည့်ပြင် ကျမ်းစာဆိုသည့်အတိုင်း “မျက်စိကို ဒုက္ခပေးသည့် မီးခိုး” ပမာ အခြားသူများအတွက် အနှောင့်အယှက်ဖြစ်စေပေမည်။ (သု. ၁၀:၂၆; ဒေသနာ ၃:၁၂၊ ၁၃) ထို့ကြောင့် အိမ်၌ သင့်အား တာဝန်ပေးသောအခါ ပျော်ပျော်နှင့်လုပ်ပါ။ ကောင်းမွန်အောင် လုပ်ပါ။ သင့်မိဘတို့ကို ပျော်ရွှင်စေလိုပါက သူတို့ခိုင်းဖို့မလိုဘဲ အခြားအပိုအလုပ်များကို လုပ်ပါ။ သင်လုပ်လိုက်သော၎င်းအလုပ်ကြောင့် အထူးပျော်ရွှင်ပေမည်—အဘယ်ကြောင့်ဆိုသော် ယင်းသို့ပြုလုပ်ခြင်းသည် သင့်မိဘတို့ကို ပျော်ရွှင်စေလိုသည့် တစ်ခုတည်းသောစေတနာကြောင့် ဖြစ်ပေသည်။

၁၁။ ကလေးတို့၏အပြောအဆိုနှင့် အပြုအမူသည် မိဘတို့အတွက် မည်သို့ဂုဏ်အသရေထင်ရှားစေနိုင်သနည်း။

၁၁ လူငယ်လူရွယ်တစ်ယောက်ကို လူတို့အထင်အမြင်ကောင်းရှိကြသည်နှင့် ဤသူငယ်သည် မည်သူ့သားဖြစ်ကြောင်း သိလိုကြသည်ချည်းဖြစ်သည်။ ငယ်ရွယ်သည့်ဒါဝိဒ် ထူးခြားထင်ပေါ်သည့်သတ္တိနှင့် ရဲရင့်ခြင်းတင်ပြသောအခါ ရှင်ဘုရင်ရှောလုက “ထိုလုလင်ကား အဘယ်သူ၏သားဖြစ်သနည်း” ဟုချက်ချင်းမေးခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၇:၅၅-၅၈) သင်သည် သင့်မိသားစု မျိုးရိုးအမည်ခံယူထားသည်။ သင့်အပြုအမူနှင့် အကျင့်အကြံတို့ကြောင့် ၎င်းအမည်နှင့် ၎င်းအမည်ကို သင့်အားပေးခဲ့သောမိဘတို့အပေါ် အခြားသူတို့၏အမြင်နှင့် သဘောထားက ထိခိုက်စေနိုင်သည်။ သင့်မိဘအတွက် ဂုဏ်သိက္ခာတိုးပွားစေနိုင်သည့် နည်းလမ်းများစွာရှိသည်—သင့်အိမ်နီးချင်းအသိုင်းအဝိုင်းနှင့် ကျောင်း၌—သူတစ်ပါးအား သနားကြင်နာခြင်း၊ ကျေးဇူးပြုခြင်း၊ ရိုသေလေးစားခြင်းနှင့် ဖော်ရွေခြင်းအားဖြင့် ထိုသို့ပြုနိုင်သည်။ တစ်ချိန်တည်းတွင် သင့်ဖန်ဆင်းရှင်အတွက်လည်း ဘုန်းတော်ထင်ရှားစေသည်။—သု. ၂၀:၁၁; ဟေဗြဲ ၁၃:၁၆။

၁၂။ သားသမီးတို့သည် မိဘတို့ လေ့ကျင့်သွန်သင်ပေးသည့်အတိုင်း ပူးပေါင်းလုပ်ဆောင်ခြင်းသည် အဘယ်ကြောင့်ကောင်းသနည်း။

၁၂ သင့်မိဘတို့၏ ပျော်ရွှင်မှုနှင့် သင့်ပျော်ရွှင်မှုတို့သည် ခွဲမရနိုင်အောင် ဆက်စပ်လျက်ရှိသည်။ သူတို့ သင့်အား ကြိုးစားအားထုတ် လေ့ကျင့်သွန်သင်ပေးခြင်း ရည်ရွယ်ချက်မှာ ဘဝလမ်းခရီး၌ သင့်အား ကောင်းသောအစ ရရှိစေလို၍ဖြစ်သည်။ သူတို့နှင့် ပူးပေါင်းလုပ်ဆောင်ပါ။ သူတို့အတွက် ကြီးမားသောပျော်ရွှင်မှုကို ဖြစ်စေနိုင်သည်။ အကြောင်းမူကား၊ သူတို့သည် သင့်အတွက် အကောင်းဆုံးဖြစ်စေလိုသောကြောင့်ဖြစ်သည်။ မှုတ်သွင်းခံကျမ်းရေးသူပြောသကဲ့သို့: “ငါ့သား သင့်နှလုံး၌ ပညာရှိလျှင် ငါ့နှလုံး . . . သည်ဝမ်းမြောက်လိမ့်မည်။” (သု. ၂၃:၁၅) သင့်မိဘတို့သည် ဘုရားသခင့်ရှေ့မှောက်၌ သင့်အား စစ်မှန်သောပညာရှိလမ်းကြောင်းအတိုင်း သွားလာစေရန် လမ်းညွှန်ပဲ့ပြင်ရန် တာဝန်ရှိကြောင်း သဘောပေါက် နားလည်ကြမည်ဆိုလျှင် ၎င်းတာဝန်ကို သစ္စာရှိရှိ သူတို့ထမ်းရွက်နိုင်အောင် သူတို့ကို ယိုင်းပင်းကူညီပေးပါ။ “နောင်၌ ပညာရှိစေခြင်းငှာ အကြံပေးသည်ကို နားထောင်၍ ဆုံးမသွန်သင်ခြင်းကို ခံယူလော့။”—သု. ၁၉:၂၀၊ သမ္မ။

၁၃။ မိဘတို့ မိမိတို့အပေါ် ကန့်သတ်ချုပ်ချယ်ခြင်းကို အမြင်မှန်ရှိရအောင် ကလေးသူငယ်တို့ကို ဘာက ကူညီပေးမည်နည်း။

၁၃ တစ်ခါတစ်ရံ သင့်မိဘများတောင်းဆိုသည့် စည်းကမ်းချက် မြင့်မားလွန်းသည် သို့မဟုတ် ချုပ်ချယ်လွန်းအားကြီးသည်ဟု သင်ထင်ကောင်းထင်မိပေမည်။ ဆုံးမသွန်သင်သည့်ကိစ္စ၌ သင့်မြတ်သော ညီညာမျှတမှု ရနိုင်ရန် မလွယ်ကူပေ။ တစ်နေ့သောအခါ သင်သားသမီးရလာသည်ရှိသော် အလားတူ ပြဿနာမျိုး တွေ့ကြုံရသည်ကို သင်တွေ့လာပေမည်။ သင့်မိဘတို့က အချို့လူငယ်လူရွယ်တို့နှင့် မပေါင်းရန် ချုပ်ချယ်သည်ဖြစ်စေ၊ မူးယစ်ဆေးဝါး မသုံးရန် တားမြစ်သည်ဖြစ်စေ၊ လိင်ခြားသူနှင့် ပေါင်းသင်းမှုကို ကန့်သတ်ချုပ်ချယ်သည်ဖြစ်စေ၊ သင့်အား ဆုံးမသွန်သင်သည့်မိဘတို့သည် သင့်အား လုံးဝဂရုမစိုက်သည့်မိဘတို့ထက် များစွာသာ၍ကောင်းသည့်အကြောင်းကို ခေတ္တရပ်၍ စဉ်းစားကြည့်လိုက်ပါ။ (သု. ၁၃:၂၀; ၃:၃၁) သူတို့ဆုံးမသွန်သင်သည်ကို နားထောင်ပါ။ သို့ပြုလျှင် သင်ကိုယ်တိုင်လည်း အကျိုးရမည်ဖြစ်ပြီး မိဘတို့လည်း စိတ်ချမ်းသာမည်။—သု. ၆:၂၃; ၁၃:၁; ၁၅:၅; ဟေဗြဲ ၁၂:၇-၁၁။

၁၄၊ ၁၅။ မိသားစုအတွင်း ပြဿနာတက်လာသောအခါ ကျမ်းစာမှ အဘယ်အခြေခံမူကို ကျင့်သုံးခြင်းဖြင့် ငြိမ်သက်မှုရှိရအောင် ကလေးသူငယ်ကို ကူညီပေးမည်နည်း။

၁၄ အိမ်တွင်း၌ ပေါ်ပေါက်သောအခြေအနေများမှာ သင့်ကြောင့်ဖြစ်ပေါ်လာခြင်းမဟုတ်သည်မှာ အထူးဆိုဖွယ်မရှိသော်လည်း သင်၏ တုံ့ပြန်မှုသည် အိမ်ထောင်စု၏ အခြေအနေအပေါ် များစွာသြဇာသက်ရောက်မှုရှိသည်။ “သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့” ဟုသမ္မာကျမ်းစာသြဝါဒပေးသည်။ (ရောမ ၁၂:၁၈) အခါခပ်သိမ်း ယင်းသို့လိုက်နာရန် လွယ်ကူသည်မဟုတ်ပေ။ ကျွန်ုပ်တို့အားလုံး ခြားနားမှုကိုယ်စီရှိကြပြီး အဖြစ်အပျက်များအပေါ် သဘောထားပုံနှင့် တုံ့ပြန်မှုမှာလည်း တစ်မျိုးတစ်ဘာသာစီဖြစ်ကြသည်။ ရံဖန်ရံခါ အယူအဆနှင့် အလိုဆန္ဒဘက်တွင် ဆန့်ကျင်မှုပေါ်ပေါက်တတ်သည်။ သင့်ညီအစ်ကို သို့မဟုတ် ညီအစ်မနှင့် ယင်းသို့ ဆန့်ကျင်မှုဖြစ်သည် ဆိုပါစို့။ တစ်ဖက်သားသည် ကိုယ့်ဘက်ယက်လွန်းသည်ဟု သင်ထင်ကောင်းထင်မည်။ သင် မည်သို့ပြုမည်နည်း။

၁၅ အချို့ကလေးသူငယ်တို့က ချက်ချင်း အော်ကြီးဟစ်ကျယ်နှင့် တစ်ဖက်သားကိုစွပ်စွဲပြီး မိဘတို့ကြားဝင်ရန် တောင်းဆိုပေမည်။ သို့မဟုတ်ပါက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြေရှင်းမည်။ မိမိဆန္ဒ ပြည့်ဝဖို့၊ စိတ်ကျေနပ်ဖို့ လက်သီးလက်မောင်းတန်းကာ ထိုးလား၊ ကြိတ်လား လုပ်ကြမည်။ သို့ရာတွင် မှုတ်သွင်းခံ နယပုံပြင်ကျမ်း (Proverbs) တစ်ချက်က “သတိပညာရှိသူသည်အမျက်ထွက်ရန် နှောင့်နှေးတတ်၏” ဟုဆိုသည်။ (သု. ၁၉:၁၁၊ သမ) မည်သည့်နည်းဖြင့်နည်း။ ခွင့်လွှတ်နိုင်သည့်အခြေအနေကို စဉ်းစားခြင်းအားဖြင့် ဖြစ်သည်။ (တစ်ဖက်သား၏အပြုအမူသည် တမင်တကာမဟုတ်ဘဲလည်းနေမည်။) မိမိလည်း အကြိမ်များစွာ ပြစ်မှားခဲ့ကြောင်းကို ပြန်လည်သတိရစေမည်။ (ဘုရားသခင်ခွင့်လွှတ်ခြင်းအတွက် ဘုရားသခင်ကို သူမည်မျှကျေးဇူးတင်မည်တကား!) မိမိညီအစ်ကို သို့မဟုတ် ညီအစ်မ မှားသည်ပဲထား။ မိမိ၏ဒေါသကြောင့် အိမ်ထောင်စုတစ်စုလုံး၏ သာယာချမ်းမြေ့ခြင်း ပျက်ပြားသွားစေခြင်းသည်လည်း မှားကြောင်း သူ့အား သတိရစေနိုင်ပေသည်။ ယင်းသို့ အမြော်အမြင်ရှိသောသူနှင့်ပတ်သက်၍ နယပုံပြင်ကျမ်း (Proverbs) က “လွန်ကျူးမှုကို ဖြေလွှတ်ခွင့်လည်း သူ၏ဂုဏ်ဖြစ်၏” ဟုဆက်ပြောသည်။—ကောလောသဲ ၃:၁၃၊ ၁၄ လည်းရှု။

၁၆။ သားသမီးတို့၏ အဘယ်စာရိတ္တလမ်းစဉ်သည် ဘုရားကြောက်ရွံ့သောမိဘတို့အား ရွှင်လန်းစေမည်နည်း။

၁၆ အခြေခံအားဖြင့်ဆိုလျှင် ယေဟောဝါ၏စိတ်တော်ကို ရွှင်လန်းစေသောအရာသည် ဘုရားကြောက်ရွံ့သောမိဘတို့ကို ပျော်ရွှင်စေသည်။ သူတို့အား စိတ်ထိခိုက်စေသောအရာများသည် ဘုရားကိုလည်း စိတ်ထိခိုက်စေသည်။ (ဆာလံ ၇၈:၃၆-၄၁) ဘုရားသခင်စိတ်သဘောတော်ကို မသိကြသောမိဘတို့အနေဖြင့် သားသမီးများ လောက၌ အောင်မြင်ကျော်ကြား ကြွယ်ဝချမ်းသာသည်ကို ဝမ်းမြောက်ဂုဏ်ယူတတ်ကြသည်။ သို့သော်လည်း ယေဟောဝါရှင်အား မိမိတို့ဘုရားသခင်အဖြစ် ကိုးကွယ်သူ မိဘတို့မူကား ဤလောကနှင့် လောက၌ရှိသမျှသော တပ်မက်ခြင်းအမျိုးမျိုးသည် ရွေ့သွားကွယ်ပျောက်ဆဲဖြစ်ပြီး “ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား အစဉ်ထာဝရတည်” ကြောင်း သိမြင်ကြသည်။ (၁ ယောဟန် ၂:၁၅-၁၇) ထို့ကြောင့် သူတို့ကို တကယ်ပျော်ရွှင်စေသည့်အရာမှာ သားသမီးများဖန်ဆင်းရှင်ကို နာခံခြင်း၊ အလိုတော်ကို ဆောင်ခြင်းနှင့် ကိုယ်တော်၏ဂုဏ်ရည်တော်များကို တင်ပြခြင်းတို့ကို မြင်တွေ့ရခြင်းဖြစ်သည်။ ဘုရားတရားရှိသောမိဘတို့အနေဖြင့် သားသမီးများ ကျောင်းတွင် ပညာရေးအရည်အချင်း ကောင်းသည်ကို ဝမ်းမြောက်ကြသည်မှာ မှန်သော်လည်း သားသမီးများ ကျောင်းနှင့်အခြားနေရာတို့တွင် ပြုမူကျင့်ကြံပုံက ဘုရားသခင့်စံတော်ကို သစ္စာရှိရှိ လိုက်နာလျက် ကိုယ်တော့်စိတ်တော်နှင့်တွေ့လိုသောဆန္ဒရှိကြောင်း ပေါ်လွင်နေသည်ကို တွေ့ရခြင်းအတွက် သူတို့ သာ၍ ဝမ်းမြောက်ကြပေမည်။ သားသမီးများ အရွယ်ရောက် လူလားမြောက်သည်အထိ ယေဟောဝါ၏နည်းလမ်းတော်၌ အဆက်မပြတ် ဝမ်းမြောက်ကြသည်ကို တွေ့ရခြင်းဖြင့် သူတို့အထူး စိတ်ချမ်းမြေ့ကြသည်။

မိဘကို စောင့်ရှောက်ခြင်းတာဝန်

၁၇-၁၉။ အရွယ်ရောက်ပြီးသားသမီးများအနေဖြင့် မိဘတို့ကို ကျေးဇူးတင်ကြောင်း မည်သို့ပြသနိုင်သနည်း။

၁၇ ကျွန်ုပ်တို့ကြီးပြင်းလာပြီး မိသားစုနှင့် ခွဲခွာခဲ့ရသည့်တိုင်အောင် မိဘအပေါ် ကြောင့်ကြစိုးရိမ်သောစိတ်ကို အေးစက်မသွားစေသင့်ပါ။ မိဘတို့၏ ကျန်ဘဝအသက်တာတစ်လျှောက်လုံး ပျော်ရွှင်ချမ်းမြေ့သည်ကို ကျွန်ုပ်တို့လိုလားသည်။ နှစ်ပေါင်းများစွာအတွင်း ကျွန်ုပ်တို့ကို လိုလေသေးမရှိရအောင် သူတို့ပြုစုစောင့်ရှောက်ခဲ့ကြသည်ကိုသာမက တစ်ခါတစ်ရံ ကြီးစွာ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြသည်။ ကျွန်ုပ်တို့ကျေးဇူးသိတတ်ကြောင်း ယခု မည်သို့ပြသမည်နည်း။

၁၈ “မိဘကို ရိုသေစွာပြုလော့” ဟူသော ဘုရားသခင်ပညတ်တော်ကို ကျွန်ုပ်တို့နှလုံးသွင်းထားနိုင်သည်။ (မဿဲ ၁၉:၁၉) ကျွန်ုပ်တို့အလုပ်များကောင်း များနေမည်။ သို့သော်လည်း မိဘတို့အနေဖြင့် သားသမီးတို့နှင့် အဆက်အသွယ်ရှိခြင်းနှင့် သူတို့ထံ သားသမီးတို့ လာရောက်လည်ပတ်ခြင်းကို အလွန်အရေးပါသောအရာအဖြစ် သဘောထားတတ်ကြောင်းကို ကျွန်ုပ်တို့သဘောပေါက်နားလည်ရန်လိုသည်။

၁၉ အချိန်ကုန်လွန်လာသည်နှင့်အမျှ သားသမီးတို့သည် မိဘတို့အား အခြားနည်းဖြင့် “ရိုသေသမှု” ပြုနိုင်ပေသည်။ မိဘတို့ရုပ်ပစ္စည်းဘက် အကူအညီလိုအပ်သည်ရှိသော် သူတို့၏ကျေးဇူးကို သိတတ်ကြောင်း တင်ပြသည့်ပြင် ယေဟောဝါ၏ ဖြောင့်မတ်သောတောင်းဆိုချက်တို့ကို လေးစားကြောင်း တင်ပြပါလေ။ အသက်အရွယ်ကြီးရင့်သူတို့နှင့်ပတ်သက်၍ တမန်တော်ပေါလုက “သားမြေးရှိသောမုဆိုးမဖြစ်လျှင် ထိုသားမြေးတို့သည် ရှေ့ဦးစွာ ဘုရားဝတ်ကိုရည်မှတ်လျက် မိမိအိမ်ကိုပြုစု၍ မိဘဘိုးဘွား၌ ကျေးဇူးဆပ်ခြင်းငှာ သင်ကြစေ။ ထိုအမှုသည် ဘုရားသခင်နှစ်သက်တော်မူသောအမှုဖြစ်၏” ဟုရေးသားခဲ့သည်။—၁ တိမောသေ ၅:၃၊ ၄။

၂၀၊ ၂၁။ (က) မဿဲ ၁၅:၁-၆ အရ မိဘကို ရိုသေခြင်း၌ အဘယ်အရာများပါဝင်သနည်း။ (ခ) ဤနည်းအားဖြင့် မိဘကို ရိုသေခြင်းမပြုဘဲ နေနိုင်အောင် ဆင်ခြေပေးနိုင်သည့်အကြောင်း တစ်စုံတစ်ခုရှိသလော။

၂၀ မိဘကို “ရိုသေသမှုပြု” သည်ဆိုရာ၌ ရုပ်ပစ္စည်းထောက်ပံ့ကူညီခြင်းလည်းပါဝင်ကြောင်း ကျမ်းစာက ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ တစ်ခါက ဖာရိရှဲတို့သည် ယေရှုထံချဉ်းကပ်ပြီး ကိုယ်တော်၏တပည့်တော်များ ရှေးထုံးစဉ်လာကို ဖောက်ဖျက်ကြကြောင်း စွပ်စွဲကြသည်။ ယေရှုက “သင်တို့သည် အဆက်ဆက်က ဆက်ခံသောနည်းဥပဒေသကိုအမှီပြု၍ ဘုရားသခင်၏ပညတ်တော်ကို အဘယ်ကြောင့်လွန်ကျူးကြသနည်း။ ဘုရားသခင်၏ပညတ်တော်ကား ‘မိဘကို ရိုသေစွာပြုလော့။ အကြင်သူသည် မိဘကို နှုတ်ဖြင့်ပြစ်မှား၏။ ထိုသူသည် အသေသတ်ခြင်းကို ခံစေ’ ဟုလာသတည်း။ သင်မူကား ‘အကြင်သူသည် ကိုယ်မိဘကို သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထုဖြစ်စေ’ ဟုဆိုကြ၏။ ထိုသို့ သင်တို့သည် အဆက်ဆက်ခံသောနည်းဥပဒေသအားဖြင့် ဘုရားသခင်၏ပညတ်တော်ကို ပယ်ကြ၏” ဟုပြန်၍မိန့်တော်မူ၏။—မဿဲ ၁၅:၁-၆။

၂၁ ရှေးထုံးစဉ်လာအရ ဂျူးလူမျိုးတို့အနေဖြင့် သူတို့ပိုင် ရွှေငွေ သို့မဟုတ် ပစ္စည်းဥစ္စာတို့ကို “အလှူဝတ္ထုဖြစ်စေ” ဟုဆိုလိုက်ရုံဖြင့် မိဘကို ကြည့်ရှုထောက်ပံ့သည့်ဝတ္တရားကို ရှောင်လွှဲ၍ရသည်။ သို့သော် ယေရှုသဘောမတူပေ။ ယနေ့ ကျွန်ုပ်တို့ယင်းအချက်ကို နှလုံးသွင်းဖို့လိုသည်။ မှန်ပါသည်။ နိုင်ငံအချို့တွင် “လူမှုရေးအကျိုးဆောင်” အစီအစဉ်ရှိသောကြောင့် သက်ကြီးမိဘများတို့၏ လိုအပ်မှု တော်တော်များများကို အစိုးရက တာဝန်ယူ ဖြည့်စွက်ပေးပြီးဖြစ်သည်။ သို့ရာတွင် ၎င်းအစီအစဉ်သည် တကယ်ပင် ပြည့်စုံလုံလောက်ပြီလော။ မလုံလောက်လျှင်သော်လည်းကောင်း၊ ယင်းအစီအစဉ်မျိုး မိမိနိုင်ငံတွင် မရှိလျှင်သော်လည်းကောင်း မိဘတို့ကို ရိုသေသော သားသမီးတို့သည် မိဘတို့လိုအပ်ရာကို အတတ်နိုင်ဆုံး ကြိုးစားဖြည့်စွက်ပေးကြပေမည်။ တမန်တော်ပေါလုပြောသည့်အတိုင်း ဆင်းရဲချို့ငဲ့သောမိအိုဖအိုတို့ကို ကြည့်ရှုစောင့်ရှောက်ခြင်းသည် အမှန်ပင် “ဘုရားဝတ်” ၌မွေ့လျော်ခြင်း သာဓကတစ်ရပ်ဖြစ်သည်။ မိသားစုအစီအစဉ်ကို ဖန်ဆင်းတည်ထောင်သည့် ယေဟောဝါဘုရားသခင်အပေါ် သစ္စာရှိခြင်း၏ သာဓကပင်ဖြစ်သည်။

၂၂။ ပစ္စည်းဥစ္စာအပြင် မိဘတို့ကို အဘယ်အရာပေးဖို့ လိုသေးသနည်း။

၂၂ သို့ရာတွင် အသက်ကြီးသော မိဘတို့အနေဖြင့် စားဝတ်နေရေး ပြည့်စုံသည်နှင့် အခြားအရာမလိုအပ်တော့ဟူ၍ ကျွန်ုပ်တို့မယူဆသင့်ပေ။ သူတို့လည်း စိတ်လှုပ်ရှားမှုဘက်နှင့် ဝိညာဉ်ရေးဘက် လိုအပ်ကြသည်။ သူတို့သည် မေတ္တာနှင့် ဂရုတစိုက်စောင့်ရှောက်မှု လိုအပ်ခါ အထူးပင်အရေးတကြီး လိုအပ်သည့်အခါများ ရှိတတ်သည်။ ကျွန်ုပ်တို့ဘဝတစ်လျှောက်လုံး၌ ကျွန်ုပ်တို့ကို တစ်စုံတစ်ယောက် မေတ္တာရှိကြောင်း၊ ကျွန်ုပ်တို့ကို တစ်စုံတစ်ယောက် ပိုင်ဆိုင်ကြောင်း၊ ခိုကိုးရာမဲ့ အထီးကျန်မဟုတ်ကြောင်း သိရှိထားရန်လိုသည်။ သားသမီးတို့အနေဖြင့် မိအိုဖအိုတို့၏ ကာယရေးနှင့် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကို လျစ်လျူမရှုသင့်ပေ။ “အဘကိုနှိပ်စက်၍ အမိကို နှင်ထုတ်သောသူသည် ရှက်ဖွယ်ရာ၊ ကဲ့ရဲ့ဖွယ်ရာအမှုကို ပြုသောသားဖြစ်၏။”—သု. ၁၉:၂၆။

၂၃။ ကလေးတို့သည် မိဘတို့အတွက် မည်သို့ရွှင်လန်းစေနိုင်သနည်း။

၂၃ လူငယ်မှ လူကြီးဖြစ်သည်အထိ သားသမီးတို့သည် သူတို့မိဘတို့ဘဝတွင် အရေးပါသောနေရာ၌ရှိကြသည်။ သားသမီး အမြောက်အမြားတို့သည် မိဘတို့အတွက် ဝမ်းနည်းစရာနှင့် စိတ်ပျက်စရာဖြစ်စေကြသည်။ သို့သော် သင်သည် မိဘတို့၏အနေအထားကို လေးစားပြီး သူတို့ဆုံးမသွန်သင်မှုကို နာခံလျှင်ဖြစ်စေ၊ သူတို့ကို မေတ္တာစစ် မေတ္တာမှန်နှင့် စုံမက်ခြင်းကို ပြသလျှင်ဖြစ်စေ သင်သည် သူတို့စိတ်နှလုံးကို နေ့စဉ်ရွှင်လန်းဝမ်းမြောက်စေနိုင်ပေမည်။ မှန်ပါသည်။ “မိဘနှစ်ဦး ရွှင်လန်း၍ သင့်ကို မွေးဖွားသောအမိပင် ဝမ်းမြောက်ပါစေ။”—သု. ၂၃:၂၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ