အပိုင်း ၆
ယေရှုမွေးတဲ့အချိန်ကနေပြီး သေတဲ့အချိန်အထိ
ကာင်းကင်တမန်ဂါဗြေလဟာ မာရိလို့ခေါ်တဲ့မိန်းမကောင်းလေးတစ်ယောက်ဆီ စေလွှတ်ခံရတယ်။ မာရိကို သူက မင်းဟာ ထာဝစဉ်အုပ်ချုပ်ရမယ့်ဘုရင်ဖြစ်လာမယ့် ကလေးတစ်ယောက်ကိုမွေးမယ်ဆိုပြီးပြောတယ်။ ကလေးလေးယေရှုဟာ နွားတင်းကုပ်ထဲမှာ မွေးလာတယ်။ သိုးထိန်းတွေလာကြည့်ကြတယ်။ နောက်တော့ ကြယ်တစ်ပွင့်က အရှေ့ဒေသကလူတွေကို ကလေးဆီလာဖို့ လမ်းပြလိုက်တယ်။ အဲဒီကြယ်ကို သူတို့မြင်အောင် ဘယ်သူကဖန်တီးပေးသလဲဆိုတာရယ်၊ ပြီးတော့ ရန်သူလက်ထဲက ယေရှုဘယ်လိုအသက်ချမ်းသာရခဲ့တဲ့အကြောင်းရယ် တို့သိရလိမ့်မယ်။
အဲဒီနောက် ယေရှု ၁၂ နှစ်အရွယ်မှာ ဗိမာန်တော်ထဲမှာဆရာတွေနဲ့ စကားအပြန်အလှန်ပြောခဲ့တဲ့အကြောင်း တွေ့ရတယ်။ နောက်ထပ် ဆယ့်ရှစ်နှစ်ကြာတော့ ယေရှုနှစ်ခြင်းခံတယ်။ ပြီးတော့ ကမ္ဘာပေါ်မှာလုပ်ဖို့ ဘုရားသခင်သူ့ကိုစေလွှတ်လိုက်တဲ့အလုပ်ဖြစ်တဲ့ နိုင်ငံတော်အကြောင်းဟောပြောခြင်းနဲ့ သွန်သင်ခြင်းလုပ်ငန်းကိုစပြီးလုပ်လာတယ်။ အဲဒီအလုပ်မှာ သူ့ကိုအထောက်အကူပြုဖို့ လူ ၁၂ ယောက်ကိုရွေးပြီး တမန်တော်ခန့်လိုက်တယ်။
ယေရှုဟာ အံ့ဩစရာကောင်းတဲ့ တန်ခိုးတွေအမျိုးမျိုးလည်းပြခဲ့တယ်။ ငါးကလေးနည်းနည်း၊ မုန့်ကလေးနည်းနည်းနဲ့ လူထောင်ချီပြီးကျွေးခဲ့တယ်။ ဖျားနာတဲ့လူတွေကိုပျောက်အောင် ကုပေးရုံမကဘူး လူသေတွေကိုတောင် ပြန်ရှင်အောင်လုပ်ခဲ့တယ်။ နောက်ဆုံးပိုင်းမှာ ယေရှုရဲ့ နောက်ဆုံးနေ့ရက်တွေမှာ သူကြုံရတွေ့ရတဲ့အကြောင်းအမျိုးစုံ၊ ပြီးတော့ သူဘယ်လိုအသတ်ခံခဲ့ရတဲ့အကြောင်းတွေကိုသိရလိမ့်မယ်။ ယေရှုဟာ သုံးနှစ်ခွဲဟောပြောခဲ့တယ်။ ဒါကြောင့် အပိုင်း ၆ မှာ ၃၄ နှစ်ရှည်လျားတဲ့အချိန်ပိုင်းကိုငုံမိတယ်။