သမ္မာကျမ်းစာကို သင်စိတ်ချနိုင်သည့် အကြောင်းရင်း
သမ္မာကျမ်းစာကို စိတ်ချ၍မရဟု အချို့ဆိုတတ်ကြသည်။ သူတို့အဆိုသည် ရေပန်းစားနေရကား သမ္မာကျမ်းစာအဆိုကို ယုံ၍မရသော အရာများအဖြစ် အများသောသူတို့ ယနေ့ဘေးချိတ်ပစ်နေကြလေသည်။
တစ်ဖက်ကဆိုလျှင် “ကိုယ်တော်၏နှုတ်ကပါဌ်သည် သမ္မာတရားဖြစ်ပါ၏” ဟုဘုရားသခင်ထံ ယေရှုခရစ်ဆုတောင်းစဉ်က ပြောခဲ့သောစကားများသည် အယုံအကြည်တိုးပွားစေသော စကားများဖြစ်သည်။ ဘုရားသခင့်မှုတ်သွင်းခြင်းကို ခံရပါသည်ဟု သမ္မာကျမ်းစာကိုယ်နှိုက်ကလည်း ဆိုပါသည်။—ယောဟန် ၁၇:၁၇; ၂ တိမောသေ ၃:၁၆။
ဤအချက်ကို သင်မည်သို့ထင်သနည်း။ သမ္မာကျမ်းစာကို စိတ်ချဖို့ခိုင်လုံသောအကြောင်းရင်း ရှိသလော။ သို့မဟုတ် ၎င်းသည်မယုံရ၊ စိတ်မချရ၊ ရှေ့နောက်မညီ၊ ကပေါက်ချိကပေါက်ချာဖြစ်ကြောင်း အထောက်အထားများ ရှိကောရှိနေပါသလော။
၎င်းသည် ရှေ့နောက်မညီသောအရာ ဖြစ်သလော
သမ္မာကျမ်းစာသည် ရှေ့နောက်မညီသောကျမ်းဖြစ်သည်ဟု တချို့ဆိုကြသော်လည်း သင့်ကိုအတိအကျ ဥပမာပြသူ ရှိဖူးပါသလော။ ထောင့်စေ့အောင် စိစစ်ခြင်းခံနိုင်သော စွဲချက်တစ်ခုမှ ကျွန်ုပ်တို့မကြုံဖူးပါလေ။ သမ္မာကျမ်းစာမှတ်တမ်းတွင် ကွဲလွဲသယောင်ဖြစ်သောအချက်များ ရှိကောင်းရှိမည်မှန်သော်လည်း ထိုသို့ဖြစ်ရခြင်း၏ တရားခံမှာ ထိုခေတ်ထိုအခါ၏ အသေးစိတ်အချက်အလက်များ၊ အခြေအနေများကို မသိကြခြင်းကြောင့်ပင် ဖြစ်သည်။
ဥပမာ၊ ‘ကာဣန ဘယ်ကမိန်းမရသလဲ’ ဟု သမ္မာကျမ်းစာ၏ ကိုးရိုးကားရားနိုင်ခြင်းဟု သူတို့ထင်သောအချက်ကို တချို့မေးလာသည်။ ကာဣနနှင့် အာဗေလတို့ကိုသာ အာဒံနှင့်ဧဝတို့ မွေးခဲ့ကြသည်ဟုသူတို့ယူဆထားကြသောကြောင့် ဖြစ်သည်။ သို့သော်ထိုယူဆချက်မှာ ကျမ်းစာအဆိုကို တလွဲသဘောပေါက်ခြင်းအပေါ် မူတည်ထားသော ယူဆချက်သာဖြစ်သည်။ အာဒံသည် “သားသမီးများကိုမြင်လေ၏” ဟု သမ္မာကျမ်းစာက ရှင်းပြထားသည်။ (ကမ္ဘာဦး ၅:၄) ထို့ကြောင့် ကာဣနသည် ညီအစ်မတစ်ယောက်ယောက် သို့မဟုတ် တူမတစ်ယောက်ယောက်ကို ယူခဲ့ခြင်းပင်ဖြစ်ရမည်။
ဝေဖန်ရေးသမားများသည် ရှေ့နောက်မညီခြင်းများကိုသာ မရမက ရှာလေ့ရှိကြပြီး ‘ယေရှုကို စစ်ဗိုလ်ကလာပြီး အကူအညီတောင်းတယ်လို့ ကျမ်းရေးဆရာ မဿဲကပြောပေမယ့် လုကာကျတော့ စစ်ဗိုလ်က လူကိုလွှတ်ပြီး အကူအညီတောင်းခိုင်းတယ်လို့ပြောတယ်။ ဘယ်ဟာမှန်သလဲ’ ဟု ဆိုကြ၏။ (မဿဲ ၈:၅၊ ၆; လုကာ ၇:၂၊ ၃) သို့သော် ဤအချက်သည် တကယ်ရှေ့နောက်မညီခြင်းလော။
ကိစ္စတစ်ခုဖြစ်ဖြစ်၊ လုပ်ငန်းတစ်ခုဖြစ်ဖြစ် ၎င်းအတွက် တကယ်တာဝန်ရှိသူ၏ လက်ရာဖြစ်သည်ဟု ဆိုကြသောအခါများ၌ စဉ်းစားဉာဏ်ရှိသူများက လိမ်လည်မှုဟု ယိုးစွပ်လေ့မရှိကြပါ။ ဥပမာ၊ လမ်းတစ်ခုကို အင်ဂျင်နီယာများ၊ အလုပ်သမားများက တကယ့်တကယ်ဖောက်လုပ်ခဲ့ခြင်းဖြစ်သည့်တိုင်အောင် မြို့တော်ဝန်ဖောက်သည့်လမ်းဟူသော သတင်းတစ်ပုဒ်ကို သတင်းအမှားဟု သင်ယူဆမည်လော။ ယူဆမည်မဟုတ်ပါ။ ထိုနည်းလည်းကောင်းပင် မဿဲအဆိုတွင် စစ်ဗိုလ်က မေတ္တာရပ်ခံသည်ဟုဆိုသော်လည်း ကိုယ်စားလှယ်တစ်ဦးက မေတ္တာရပ်ခံသည်ဟု လုကာဆိုခြင်းကို ရှေ့နောက်မညီသောအရာဟု ကျွန်ုပ်တို့မဆိုနိုင်ပါ။
အချက်အလက်များအသေးစိတ်တိုး၍ သိလာလေလေ ကျမ်းစာရှေ့နောက် မညီသယောင်ရှိသော အချက်များပျောက်ကွယ်သွားလေလေဖြစ်သည်။
သမိုင်းနှင့်သိပ္ပံ
သမ္မာကျမ်းစာ၏ သမိုင်းပညာဆိုင်ရာ မှန်ကန်မှုကို တစ်ချိန်က အကြီးအကျယ်သံသယရှိခဲ့ကြသည်။ ဥပမာ၊ ဝေဖန်ရေးသမားများက အာရှုရိဘုရင် ဆာဂုန်၊ ဗာဗုလုန်ရှင်ဘုရင် ဗေလရှာဇာ၊ ရောမဘုရင်ခံ ပုန္တိပိလတ်တို့ မရှိခဲ့ဟု စောဒကတက်ခဲ့ကြသည်။ သို့သော် မကြာမီက တူးဖော်တွေ့ရှိချက်များက ကျမ်းစာဆိုထားချက်များကို တစ်ခုပြီးတစ်ခု ထောက်ခံအတည်ပြုခဲ့ကြပြီ။ ထို့ကြောင့် သမိုင်းဆရာ မိုရှီပါးလ်မန်းက ဤသို့ရေးခဲ့သည်– “ဓမ္မဟောင်းကျမ်း၏ သမိုင်းဆိုင်ရာအခန်းကဏ္ဍများ မှန်ကန်မှုကို မယုံခဲ့ကြသော သံသယသမားတို့သည် မိမိတို့သဘောထားများကို ပြောင်းပြန်လှန်ခဲ့ကြပြီ။”
ကျမ်းစာကို စိတ်ချရမည်ဆိုပါက ၎င်းသည် သိပ္ပံဆိုင်ရာကိစ္စများတွင်လည်း မှန်ကန်ရပေလိမ့်မည်။ မှန်ကန်ပါသလော။ မကြာမီအချိန်အထိ သိပ္ပံပညာရှင်တို့သည် သမ္မာကျမ်းစာနှင့်ဆန့်ကျင်ကာ စကြဝဠာသည် အစမရှိဟု သတ်မှတ်ခဲ့ကြသည်။ သို့သော်ငြားလည်း မကြာမီက နက္ခတ္တဗေဒပညာရှင် ရောဘတ်ဂျက်စတရိုက အသစ်တွေ့ရှိခဲ့သည်များကို ထောက်ပြကာ ယင်းသတ်မှတ်ချက်ကို ဤသို့ဆန့်ကျင်ခဲ့သည်–“ကမ္ဘာအစနှင့်ပတ်သက်သော သမ္မာကျမ်းစာအဆိုကို နက္ခတ္တဗေဒဆိုင်ရာ အထောက်အထားများက မည်သို့ထောက်ခံကြောင်း ယခုတွေ့ရှိနေရပြီ။ အသေးစိတ်အချက်အလက်များ ကွာသော်လည်း နက္ခတ္တဗေဒဆိုင်ရာနှင့် သမ္မာကျမ်းမှ ကမ္ဘာဦးကျမ်းမှတ်တမ်းတို့သည် အရေးကြီးသော အကြောင်းအချက်များတွင် တူညီကြပါသည်။”—ကမ္ဘာဦး ၁:၁။
ကမ္ဘာကြီး၏ပုံသဏ္ဌာန်နှင့်ပတ်သက်၍ လူတို့သည် အမျိုးမျိုးယုံကြည်ခဲ့ကြပြီ။ “စူးစမ်းရေး ရေကြောင်းခရီးများ ထွက်ခဲ့ကြပြီး ကမ္ဘာကြီးသည် လူအများယူဆခဲ့ကြသကဲ့သို့ မပြားဘဲ အလုံးဖြစ်နေကြောင်း သိရှိခဲ့ပြီ၊” ဟု ကမ္ဘာ့စွယ်စုံကျမ်းက ရှင်းပြသည်။ သို့သော် သမ္မာကျမ်းစာသည် အစကတည်းက တောက်လျှောက်မှန်လာခဲ့သည်တကား! ထိုရေကြောင်းမတိုင်မီ နှစ်ပေါင်း ၂,၀၀၀ ကျော်က ဟေရှာယ ၄၀:၂၂ တွင် ကျမ်းစာဤသို့ဆိုသည်– “မြေကြီးစက်အပေါ်မှာထိုင်၍” (ယုဒသန်)၊ “ကမ္ဘာ၏လုံးပတ်” (ကဘ)၊ “ကမ္ဘာလုံးအဝန်း” (ဒူးဝေး)၊ “ကမ္ဘာလုံး” (မောဖက်)၊ ဟု ဘာသာပြန်ကျမ်းအမျိုးမျိုးက ကမ္ဘာအကြောင်းဖော်ပြကြသည်။
ထို့ကြောင့်လူသားတို့ တတ်သိလာလေလေ ကျမ်းစာကို စိတ်ချလက်ချယုံကြည်နိုင်ကြောင်း အထောက်အထား များလာလေလေဖြစ်သည်။ ဗြိတိသျှပြတိုက်ဒါရိုက်တာဟောင်း ဆာဖရက်ဒရစ် ကင်ယွန်က “အသိပညာများလာသည်နှင့်အမျှ သမ္မာကျမ်းစာသည်သာ အနိုင်ကြဲသွားလိမ့်မည်ဟူ၍ ယုံကြည်စိတ်နှင့် ချခဲ့သောကောက်ချက်ကို လေ့လာစူးစမ်းတွေ့ရှိချက်များက ယခုထောက်ခံအတည်ပြုလိုက်ပေပြီ။”
အနာဂတ်ကို ကြိုပြောခြင်း
သို့သော် ‘ဖြောင့်မတ်သော ကောင်းကင်သစ်မြေကြီးသစ်’ ကတိတော်အပါအဝင် အနာဂတ်ကို ကျမ်းစာကြိုပြောထားသည့်အချက်များကို တကယ်ယုံကြည်နိုင်သလော။ (၂ ပေတရု ၃:၁၃; ဗျာဒိတ် ၂၁:၃၊ ၄) ရှေးကကော ကျမ်းစာကိုယုံကြည်စိတ်ချနိုင်ခဲ့ကြသလော။ နှစ်ပေါင်းရာနှင့်ချီပြီး ကြိုပြောခဲ့သောပရောဖက်ပြုချက်များပင် တစ်ခုပြီးတစ်ခု အသေးစိတ်ကအစ ပြည့်စုံလာခဲ့ကြပြီ!
ဥပမာ၊ တန်ခိုးလျှမ်းလျှမ်းတောက်ခဲ့သော ဗာဗုလုန်မြို့ကြီးပြိုလဲ အာဏာသိမ်းခံရမည်ဖြစ်ကြောင်း နှစ်ပေါင်း ၂၀၀ နီးပါးခန့်က သမ္မာကျမ်းစာကြိုပြောခဲ့သည်။ တကယ်ဆိုလျှင် ပေရသိလူမျိုးများနှင့် မဟာမိတ်ဖွဲ့ကာ မေဒိလူမျိုးတို့သည် အောင်နိုင်သူများဖြစ်ကြမည့်အကြောင်း နာမည်နှင့်ပင်ကြို၍ ဖော်ပြနှင့်ခဲ့သည်။ ထိုအချိန်က ပေရသိရှင်ဘုရင်ကုရုသည် မွေးပင်မမွေးသေးသော်လည်း သူသည် ၎င်းအောင်ပွဲတွင် အရေးပါအရာရောက်မည်အကြောင်း ကျမ်းစာကြိုပြောထားသည်။ ဗာဗုလုန်အကာအကွယ်ယူထားသော မြစ်မကြီး ဥဖရမြစ်သည် “ခန်းခြောက်” လိမ့်မည်၊ မြို့အဝင် “တံခါးတို့ကို မပိတ်ရ” ဟုကြိုပြောခဲ့သည်။ —ယေရမိ ၅၀:၃၈; ဟေရှာယ ၁၃:၁၇-၁၉; ၄၄:၂၇–၄၅:၁။
သမိုင်းဆရာ ဟေရိုဒိုးတပ်စ် တင်ပြချက်အရ၊ ဤအသေးစိတ်အချက်တို့သည် ပြည့်စုံလာခဲ့သည်။ ဗာဗုလုန်သည် လူသူကင်းမဲ့သည့် ဖုန်းဆိုးကုန်းတစပြင် ဖြစ်လိမ့်မည်အကြောင်း ကျမ်းစာကြိုပြောထားသည်။ ပြောထားသည့်အတိုင်း ဖြစ်ပျက်ခဲ့ပါသည်။ ယနေ့ဆိုလျှင် ဗာဗုလုန်သည် လူခြေတိတ်နေသည့် တောင်ကုန်းတောင်ပူစာများဘဝသာ ရောက်နေတော့သည်။ (ဟေရှာယ ၁၃:၂၀-၂၂; ယေရမိ ၅၁:၃၇၊ ၄၁-၄၃) ထူးထူးခြားခြားပြည့်စုံလာသော အခြားပရောဖက်ပြုချက်များစွာကိုလည်း ကျမ်းစာတွင် တွေ့နိုင်ပါသေးသည်။
သို့ဖြစ်လျှင် လက်ရှိကမ္ဘာ့အစီအစဉ်နှင့်ပတ်သက်၍ ကျမ်းစာဘာပြောထားသနည်း။ “နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊ လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကို ရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့် ကင်းသောသူ . . . ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကို သာ၍နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်ခိုးကိုငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်” ဟု ပြောထားသည်။—၂ တိမောသေ ၃:၁-၅။
၎င်း၏ပြည့်စုံချက်ကို ကျွန်ုပ်တို့ယနေ့တွေ့နေရသည်မှာ အလွန်သေချာနေသည်တကား! သို့သော် ‘နောက်ဆုံးကာလအတွက်’ ကျမ်းစာ ဤသို့လည်း ဆက်၍ပြောထားသည်– “လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။”—မဿဲ ၂၄:၇; လုကာ ၂၁:၁၁။
ကျမ်းစာပရောဖက်ပြုချက်များ ယနေ့တကယ်ပင် ပြည့်စုံနေပါသည်တကား! သို့ဆိုလျှင် “ဖြောင့်မတ်သောသူတို့သည် ကမ္ဘာကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။” “သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာ . . . ထုလုပ်ကြလိမ့်မည်။ . . . စစ်အတတ်ကိုလည်း နောက်တစ်ဖန် မသင်ရကြ” စသည့် ပြည့်စုံဖို့လိုသေးသော ပရောဖက်ပြုချက်များကော အသို့နည်း။—ဆာလံ ၃၇:၂၉၊ ကဘ; ဟေရှာယ ၂:၄။
‘ဒါဟာတကယ်ဖြစ်လာဖို့ ကောင်းလွန်းအားကြီးပါတယ်’ ဟုတချို့ဆိုမည်။ သို့သော် အမှန်မှာ ဖန်ဆင်းရှင်က ပေးထားသော ကတိများကို သံသယရှိစရာအကြောင်း လုံးဝမရှိပါလေ။ ကိုယ်တော့်နှုတ်ကပါဌ်တော်ကို အမှန်ယုံနိုင်ပါသည်။ (တိတု ၁:၂) အထောက်အထားများကို ထပ်၍လေ့လာခြင်းဖြင့် သင်စိတ်ဒုံးဒုံးချနိုင်ပါလိမ့်မည်။
အခြားသောအမှတ်အသားမပါရှိသည့် ကျမ်းကိုးကားချက်အားလုံးသည် ယုဒသန်ပြန်ဆိုသည့် သမ္မာကျမ်း မှဖြစ်ပါသည်။
[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]
“အသိပညာ များလာသည်နှင့်အမျှ သမ္မာကျမ်းစာသည်သာ အနိုင်ကြဲသွားလိမ့်မည်ဟူ၍ ယုံကြည်စိတ်နှင့် ချခဲ့သောကောက်ချက်ကို လေ့လာစူးစမ်း တွေ့ ရှိချက်များက ယခုထောက်ခံအတည်ပြုလိုက်ပေပြီ”