ယေဟောဝါသက်သေများ ယုံကြည်ချက်ကား အဘယ်နည်း
“ဤဘာသာသည် အရပ်ရပ်၌ ကဲ့ရဲ့အပြစ်တင်ခြင်းကိုသာ ကျွန်ုပ်တို့သိသောကြောင့် သင်၏အယူဝါဒကို ကျွန်ုပ်တို့နားထောင်လိုသည်။” (တမန်တော် ၂၈:၂၂၊ The Living Bible) ဤပထမရာစု ရောမလူမျိုးစုခေါင်းဆောင်များသည် ပုံသက်သေကောင်းတင်ပြခဲ့သည်။ သူတို့သည် ပြင်ပဝေဖန်ရေးသမားများထံကထက် ပင်ရင်းမှ ကြားလိုကြသည်။
အလားတူပင် ယနေ့ယေဟောဝါသက်သေများသည် မကြာခဏရှုတ်ချပြောဆိုခံရသည်။ သူတို့နှင့်ပတ်သက်၍ အမှန်တရားကို စိတ်စွန်းကွက်နေသောသူများထံမှလေ့လာလျှင် မှားပေလိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်တို့၏အဓိကယုံကြည်ချက်အချို့ကို သင့်အားရှင်းပြရန် ကျွန်ုပ်တို့ဝမ်းမြောက်ပါသည်။
သမ္မာကျမ်းစာ၊ ယေရှုခရစ်နှင့် ဘုရားသခင်
“ကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းခြင်းအားဖြင့်ဖြစ်၍ အကျိုးပြုသည်” ဟုကျွန်ုပ်တို့ယုံကြည်သည်။ (၂ တိမောသေ ၃:၁၆) အချို့က ကျွန်ုပ်တို့သည် တကယ်တော့ခရစ်ယာန်များမဟုတ်ဟုပြောကြသည်။ ၎င်းသည် လုံးလုံးမမှန်ပါ။ ယေရှုခရစ်နှင့်ပတ်သက်၍ တမန်တော်ပေတရု၏သက်သေခံချက်ကို ကျွန်ုပ်တို့အပြည့်အဝထောက်ခံသည်– “ထိုသခင်၏နာမတော်မှတစ်ပါး ငါတို့ကိုကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှ ကောင်းကင်အောက် လူတို့တွင်မပေါ်မရှိ။”—တမန်တော် ၄:၁၂။
သို့ရာတွင် ယေရှုက မိမိသည် “ဘုရားသားတော်” ဖြစ်သည်၊ “ခမည်းတော်သည် ငါ့ကိုစေလွှတ်လိုက်သည်” ဟူ၍ပြောသောကြောင့် ဘုရားရှင်သည် ယေရှုထက်ကြီးသည်ဟု ယေဟောဝါသက်သေများယုံကြည်ကြသည်။ (ယောဟန် ၁၀:၃၆; ၆:၅၇) ယေရှုကိုယ်နှိုက်က “ငါ့ခမည်းတော်သည် ငါ့ထက်သာ၍ကြီးမြတ်တော်မူ၏” ဟုဝန်ခံခဲ့သည်။ (ယောဟန် ၁၄:၂၈; ၈:၂၈) ထို့ကြောင့် သုံးပါးတစ်ဆူအယူကပြောသည့် ယေရှုသည် ခမည်းတော်နှင့် တန်းတူသည်ဟူသောအချက်ကို ယေဟောဝါသက်သေများ မယုံကြည်ကြချေ။ ကျွန်ုပ်တို့ယုံကြည်သည်မှာ၊ ကိုယ်တော်သည် ဘုရားဖန်ဆင်းရာဖြစ်ပြီး၊ ဘုရားရှင်၏ လက်အောက်ခံဖြစ်သည်။—ကောလောသဲ ၁:၁၅; ၁ ကောရိန္သု ၁၁:၃။
ဘုရားသခင့်နာမတော်သည် ယေဟောဝါဖြစ်သည်။ “ယေဟောဝါဟုအမည်ရှိသော ကိုယ်တော်တစ်ပါးတည်းသာ မြေကြီးတစ်ပြင်လုံးအပေါ်တွင် အကြီးမြတ်ဆုံးဖြစ်ကြောင်း သိကြပါစေသော။” (ဆာလံ ၈၃:၁၈၊ King James Version) ဤကြေညာချက်နှင့်အညီ ယေရှုသည်ဘုရားရှင်၏နာမကို အလေးအနက်ဖော်ပြခဲ့သည်။ မိမိ၏နောက်လိုက်များဆုတောင်းရန် ဤသို့သင်ပေးခဲ့သည်– “ကောင်းကင်ဘုံ၌ရှိသော ကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။” မိမိကိုယ်နှိုက်လည်း ဘုရားထံ “အကျွန်ုပ်၌အပ်ပေးတော်မူသောသူတို့အား အကျွန်ုပ်သည် ကိုယ်တော်၏နာမကိုပြပါပြီ” ဟုပတ္ထနာပြုလေသည်။—မဿဲ ၆:၉; ယောဟန် ၁၇:၆။
မိမိတို့သည် ယေရှုကဲ့သို့ဘုရားနာမနှင့် ရည်ရွယ်ချက်များကို အခြားသူများထံ ထင်ရှားပြရမည်ဟု ယေဟောဝါသက်သေများယုံကြည်ကြသည်။ သို့ ဖြစ်၍ ကျွန်ုပ်တို့သည် “သစ္စာရှိသက်သေခံ” ယေရှုကိုတုပသောကြောင့် ယေဟောဝါသက်သေများဟူသောအမည်ကို ကျွန်ုပ်တို့ခံယူထားခြင်းဖြစ်ပါသည်။ (ဗျာဒိတ် ၁:၅; ၃:၁၄) လျောက်ပတ်စွာ ဟေရှာယ ၄၃:၁၀ တွင် “သင်တို့သည် ငါ၏သက်သေဖြစ်ကြသည်” ဟုယေဟောဝါမိန့်တော်မူကာ ဘုရားကိုယ်စားပြုလူမျိုးကို “ငါရွေးကောက်သော ငါ့ကျွန်” ဟုမြွက်ဆိုတော်မူသည်။
ဘုရားသခင့် နိုင်ငံတော်
ယေရှုသည် မိမိ၏နောက်လိုက်များအား “နိုင်ငံတော်တည်ထောင်ပါစေ” ဟုဆုတောင်းရန် သင်ကြားပေးခဲ့ပြီး မိမိ၏သွန်သင်ချက်တွင် ဘုရားနိုင်ငံတော်ကို အဓိကလွှမ်းမိုးစေခဲ့သည်။ (မဿဲ ၆:၁၀; လုကာ ၄:၄၃) ဘုရားနိုင်ငံတော်မှာ မြေကြီးပေါ်အုပ်ချုပ်မည်။ ခရစ်တော်ယေရှုသည် ၎င်း၏ခန့်အပ်ခံ၊ မျက်မြင်မရဘုရင်ဖြစ်ပြီး ကောင်းကင်မှတကယ့်ဘုရားအစိုးရဖြစ်ကြောင်း ယေဟောဝါသက်သေများယုံကြည်ကြသည်။ သမ္မာကျမ်းစာက “ထိုသူ၌ အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။” “အာဏာတော်တိုးတက်ခြင်းနှင့် ငြိမ်သက်ခြင်းသည် နိစ္စအမြဲရှိလိမ့်မည်” ဟုဆိုထားပါသည်။—ဟေရှာယ ၉:၆၊ ၇၊ KJ။
သို့သော် ယေရှုခရစ်သည် ဘုရားနိုင်ငံတော်၏ တစ်ဦးတည်းသောဘုရင်ဖြစ်မည်မဟုတ်ပါ။ ကိုယ်တော်နှင့်အတူ ကောင်းကင်တွင် တွဲဖက်အုပ်ချုပ်မည့်သူများစွာရှိမည်။ တမန်တော်ပေါလုက “သည်းခံလျှင်” “ထိုသခင်နှင့်အတူ စိုးစံလိမ့်မည်” ဟုရေးသားခဲ့သည်။ (၂ တိမောသေ ၂:၁၂) သမ္မာကျမ်းစာက ခရစ်တော်နှင့်အတူ ကောင်းကင်တွင်အုပ်ချုပ်၍ ထမြောက်မည့် လူသားများသည် “မြေကြီးမှ ရွေးနုတ်ထားသော တစ်သိန်းလေးသောင်းလေးထောင်” သာကန့်သတ်ထားကြောင်း တင်ပြထားသည်။—ဗျာဒိတ် ၁၄:၁၊ ၃။
မည်သည့်အုပ်ချုပ်ရေးမဆို လက်အောက်ခံများရှိရမည်ဖြစ်ပြီး ကောင်းကင်၌အုပ်ချုပ်သူများအပြင် ကုဋေပေါင်းများစွာသောသူတို့ ထာဝရအသက်ရမည်ဟု ယေဟောဝါသက်သေများယုံကြည်ကြသည်။ နောက်ဆုံးတွင် မြေကြီးသည် လှပသောပရဒိသုအဖြစ်သို့ ပြောင်းလဲပြီး ခရစ်တော်နှင့် ကိုယ်တော်၏တွဲဖက်အုပ်ချုပ်သူများအောက် ဝန်ခံသောဘုရားသခင့်နိုင်ငံတော်၏ထိုက်တန်သူ လက်အောက်ခံသားများနှင့် ပြည့်နေပါလိမ့်မည်။ ထို့ကြောင့် ယေဟောဝါသက်သေများက မြေကြီးသည် မည်သည့်အခါမျှ ဖျက်ဆီးမခံရဘဲ သမ္မာကျမ်းစာ၏ကတိတော်သည် ပြည့်စုံလာရမည်ဟု အခိုင်အမာယုံကြည်ကြသည်။ “ဖြောင့်မတ်သောသူတို့သည် မြေကြီးကိုအမွေရ၍ အစဉ်အမြဲနေရကြလိမ့်မည်။”—ဆာလံ ၃၇:၂၉၊ ကဘ။ ၁၀၄:၅။
သို့သော် ဘုရားနိုင်ငံတော်သည် မည်သို့ရောက်လာမည်နည်း။ လူသားအားလုံး ဘုရားသခင့်အုပ်ချုပ်ရေးအောက် စိတ်လိုကိုယ်လျောက် လက်အောက်ခံခြင်းအားဖြင့်လော။ ထိုသို့မဟုတ်ဘဲ ဘုရားသခင့်နိုင်ငံတော်လာရန်အတွက် မြေကြီးရေးရာများတွင် ဘုရားရှင်၏တိုက်ရိုက်ဝင်စွက်မှု လိုအပ်မည်ဖြစ်ကြောင်း သမ္မာကျမ်းစာကအမှန်တကယ် တင်ပြထားပါသည်။ “ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံတစ်ခုကို . . . ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် . . . အထက်ဆိုခဲ့ပြီးသော နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။”—ဒံယေလ ၂:၄၄။
ဘယ်သောအခါ ဘုရားသခင့်နိုင်ငံတော်လာမည်နည်း။ သမ္မာကျမ်းစာပရောဖက်ပြုချက်များ ယခုပြည့်စုံနေခြင်းပေါ် အခြေခံ၍ မကြာမီအတွင်း ရောက်လာတော့မည်ဟု ယေဟောဝါသက်သေများ ယုံကြည်ကြသည်။ ဤဆိုးသွမ်းသောအချိန်၏ “နောက်ဆုံးကာလ” အကြောင်း ပရောဖက်ပြုချက်များကို ကြိုတင်၍သုံးသပ်ရန် သင့်အားကျွန်ုပ်တို့ဖိတ်ခေါ်ပါသည်။ ၎င်းတို့ကို မဿဲ ၂၄:၃-၁၄; လုကာ ၂၁:၇-၁၃၊ ၂၅-၃၁ နှင့် ၂ တိမောသေ ၃:၁-၅ တွင်မှတ်တမ်းတင်ထားပါသည်။
ကျွန်ုပ်တို့သည် ‘ကျွန်ုပ်တို့ဘုရားယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ စိုးလ်အပြည့်၊ ဉာဏ်ရှိသမျှ၊ ခွန်အားရှိသမျှနှင့်ချစ်ပြီး သူတစ်ပါးကို ကိုယ်နှင့်အမျှချစ်’ သောကြောင့် ကျွန်ုပ်တို့တွင် အမျိုးသားရေး၊ လူမျိုးရေး၊ လူမှုရေးတို့တွင်ကွဲပြားခြင်းမရှိကြချေ။ (မာကု ၁၂:၃၀၊ ၃၁) နိုင်ငံတကာတွင် မြင်တွေ့ရသော ကျွန်ုပ်တို့၏ခရစ်ယာန်ညီအစ်ကိုများကြား ပေါ်လွင်သောကျွန်ုပ်တို့၏မေတ္တာကို ကျယ်ကျယ်ပြန့်ပြန့် သတိပြုမိကြသည်။ (ယောဟန် ၁၃:၃၅; ၁ ယောဟန် ၃:၁၀-၁၂) သို့ ဖြစ်၍ ကျွန်ုပ်တို့သည် တိုင်းနိုင်ငံများ၏ နိုင်ငံရေးတွင် ကြားနေသည်။ “ကျွန်ုပ်သည် ဤလောကနှင့် မဆက်ဆံသကဲ့သို့ ထိုသူတို့သည် ဤလောကနှင့် မဆက်ဆံကြ” ဟုယေရှုထောက်ခံခဲ့သော ရှေးတပည့်တော်များကဲ့သို့ပြုမူရန် ကြိုးစားကြသည်။ (ယောဟန် ၁၇:၁၆) လောကနှင့် သီးခြားနေခြင်းဟုဆိုရာ၌ မုသာသုံးခြင်း၊ ခိုးခြင်း၊ မတရားမေထုန်ပြုခြင်း၊ သူ့မယားပြစ်မှားခြင်း၊ လိင်တူဆက်ဆံခြင်း၊ သွေးကိုတလွဲသုံးခြင်း၊ ရုပ်ကိုးကွယ်ခြင်းနှင့် သမ္မာကျမ်းစာတွင် ပြစ်တင်ထားသော အခြားအရာများအပါအဝင် ယနေ့ ရိုးနေသော အကျင့်ပျက်အပြုအမူများကို ရှောင်ရှားခြင်းဟု ကျွန်ုပ်တို့ယုံကြည်သည်။—၁ ကောရိန္သု ၆:၉-၁၁; ဧဖက် ၅:၃-၅; တမန်တော် ၁၅:၂၈၊ ၂၉။
အနာဂတ်အတွက် မျှော်လင့်ချက်
ဤကမ္ဘာတွင် ကျွန်ုပ်တို့၏ လက်ရှိအသက်တာသည် ဤမျှသာဖြစ်သည်ဟု ယေဟောဝါသက်သေများမယုံကြည်ပါ။ လူသားများသည် ဘုရားရှင်နှင့် ဖြောင့်မတ်သောရပ်တည်ချက်ရရန်နှင့် စနစ်သစ်တွင် ထာဝရအသက်ရရန် ယေဟောဝါရှင်သည် ယေရှုကိုရွေးနုတ်ဖိုးအဖြစ် မိမိ၏အသက်သွေးကို သွန်းလောင်းရန် မြေကြီးသို့စေလွှတ်လိုက်သည်ဟု ယုံကြည်သည်။ ယေရှု၏တမန်တော်တစ်ပါးပြောသကဲ့သို့ပင်ဖြစ်သည်– “ယခုတွင် အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်ပြီ။” (ရောမ ၅:၉; မဿဲ ၂၀:၂၈) ယေဟောဝါသက်သေများသည် အနာဂတ်အသက်တာကို ဖြစ်ပေါ်လာရန် ပြုလုပ်ပေးသည့် ဤရွေးဖိုးအစီအစဉ်အတွက် ဘုရားရှင်နှင့်ကိုယ်တော်၏သားတော်ကို အထူးပင်ကျေးဇူးတင်ပါသည်။
ယေဟောဝါသက်သေများသည် ဘုရားရှင်နိုင်ငံတော်အောက် လူသေများ ရှင်ပြန်ထမြောက်ခြင်းအပေါ် အခြေပြု၍ အနာဂတ်အသက်တာ၌ လုံးဝယုံကြည်စိတ်ချသည်။ သမ္မာကျမ်းစာသွန်သင်သည့်အတိုင်း ကျွန်ုပ်တို့ယုံကြည်သည်မှာ လူတစ်ဦးသေဆုံးသွားသောအခါ လုံးဝပပျောက်သွားပြီး “ထိုနေ့ချင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။” (ဆာလံ ၁၄၆:၃၊ ၄; ယေဇကျေလ ၁၈:၄; ဒေသနာ ၉:၅) မှန်ပါသည်၊ သေဆုံးသူများအတွက် အနာဂတ်အသက်တာသည် ထမြောက်ခြင်း၌ ဘုရားရှင်၏သတိရခြင်းအပေါ်မူတည်ပါသည်။—ယောဟန် ၅:၂၈၊ ၂၉။
သို့သော် ယေဟောဝါသက်သေများသည် ဘုရားသခင့်နိုင်ငံတော် ဤလက်ရှိအုပ်ချုပ်မှုအားလုံးကို အဆုံးစီရင်သောအခါ နောဧနှင့် သူ၏မိသားစု ရေလွှမ်းမိုးဘေးကျော်သကဲ့သို့ ယခုအသက်ရှင်နေသော သူများစွာတို့သည်လည်း လွတ်မြောက်၍ သန့်စင်ထားသောမြေကြီးပေါ်တွင် ထာဝစဉ်အသက်ရှင်သွားကြမည်ဟု ယုံကြည်စိတ်ချပါသည်။ (မဿဲ ၂၄:၃၆-၃၉; ၂ ပေတရု ၃:၅-၇၊ ၁၃) သို့သော် သမ္မာကျမ်းစာပြောသကဲ့သို့ လွတ်မြောက်ခြင်းသည် ယေဟောဝါရှင်၏တောင်းဆိုချက်များကို ပြည့်မီခြင်းအပေါ်မူတည်သည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်– “လောက . . . သည်ကွယ်ပျောက်တတ်၏။ . . . ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား နိစ္စထာဝရတည်၏။”—၁ ယောဟန် ၂:၁၇; ဆာလံ ၃၇:၁၁; ဗျာဒိတ် ၇:၉၊ ၁၃-၁၅; ၂၁:၁-၅။
ယေဟောဝါသက်သေများ၏ ယုံကြည်ချက်အားလုံးကို ဤတွင်ဖော်ပြရန်မဖြစ်နိုင်ပါ။ သို့သော် ဆက်လက်လေ့လာရန် အသင့်အား ကျွန်ုပ်တို့ဖိတ်ခေါ်ပါသည်။
အခြားသောအမှတ်အသားမပါရှိသည့်ကျမ်းကိုးကားချက်အားလုံးသည် ယုဒသန်ပြန်ဆိုသည့် သမ္မာကျမ်း မှဖြစ်သည်
[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]
ယေရှုကိုတုပကာ ယေဟောဝါသက်သေများ ဟူသောအမည်ကို ကျွန်ုပ်တို့ခံယူထားခြင်း ဖြစ်သည်။