ငြိမ်းချမ်းသော ကမ္ဘာသစ် တွင်အသက်တာ
ဤဝေစာပါ ရုပ်ပုံကို ကြည့်လိုက်သောအခါ သင်မည်သို့ခံစားရသနည်း။ သင်၏နှလုံးသည် ထိုတွင်တွေ့ မြင်ရသော ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုနှင့် ပေါကြွယ်မှုတို့ကို မတောင့်တပေလော။ အမှန်ပင် တောင့်တပေမည်။ သို့သော် မြေကြီးပေါ်တွင် ဤအခြေအနေများ ဖြစ်လာလိမ့်မည်ဟု ယုံကြည်ခြင်းသည် အိပ်မက် သို့မဟုတ် စိတ်ကူးယဉ်မျှသာလော။
အများသောသူတို့၊ ထိုသို့ပင်ထင်ကြသည်။ ယနေ့ ဖြစ်ရပ်မှန်များမှ အနည်းငယ်ကိုပြောရလျှင် စစ်မက်၊ ရာဇဝတ်မှု၊ ငတ်မွတ်ခြင်း၊ ရောဂါ၊ အိုမင်းခြင်းတို့ဖြစ်သည်။ အနာဂတ်ကိုမျှော်ကြည့်လျှင် သမ္မာကျမ်းစာက “ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီ မျှော်လင့်ကြ၏” ဟုပြောထားသည်။—၂ ပေတရု ၃:၁၃; ဟေရှာယ ၆၅:၁၇။
ဤ “ကောင်းကင်သစ်” နှင့် “မြေကြီးသစ်” သည် သမ္မာကျမ်းစာအရ ပကတိကောင်းကင်အသစ်နှင့် မြေကြီးအသစ် မဟုတ်ချေ။ ဤမျက်မြင်ရမြေကြီးနှင့် ကောင်းကင်ကို စုံလင်စွာပြုလုပ်ထားပြီး၊ သမ္မာကျမ်းစာက ၎င်းတို့ ထာဝစဉ်တည်မည့်အကြောင်း တင်ပြထားသည်။ (ဆာလံ ၈၉:၃၆၊ ၃၇; ၁၀၄:၅) “မြေကြီးသစ်” သည်မြေကြီးပေါ် နေထိုင်မည့် ဖြောင့်မတ်သောလူ့ဘောင်ဖြစ်သည်။ “ကောင်းကင်သစ်” သည် မြေကြီးလူ့ဘောင်ကို အုပ်ချုပ်မည့် စုံလင်သော ကောင်းကင်နိုင်ငံတော် သို့မဟုတ် အုပ်ချုပ်ရေးဖြစ်သည်။ သို့သော် “မြေကြီးသစ်” သို့မဟုတ် ထွန်းပသောကမ္ဘာသစ်ဖြစ်နိုင်သည်ဟု ယုံကြည်ခြင်းသည် ယုတ္တိတန်သလော။
စဉ်းစားကြည့်ပါ။ ထိုသို့သော ပုံစံအခြေအနေသည် ဤမြေကြီးအတွက် ဘုရားရှင်၏မူလရည်ရွယ်ချက်တွင် တစ်စိတ်တစ်ဒေသပါဝင်ခဲ့သည်။ ကိုယ်တော်သည် ပထမလူသားမောင်နှံကို ဧဒင်မြေကြီးပရဒိသုတွင် နေရာချထားပြီး သူတို့အား ထူးမြတ်လှသောတာဝန်ပေးအပ်ခဲ့သည်။ “အချင်းတို့များပြားစွာ မွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။” (ကမ္ဘာဦး ၁:၂၈) မှန်သည်။ ဘုရားရှင်၏ရည်ရွယ်ချက်ကား သူတို့သားသမီးများရရှိကာ နောက်ဆုံးတွင် သူတို့၏ပရဒိသုကို မြေကြီးတစ်ပြင်လုံး ချဲ့ဖြန့်သွားရန်ဖြစ်သည်။ နောက်ပိုင်းတွင် သူတို့ဘုရားသခင်ကို မနာခံရန် ရွေးချယ်ခဲ့ခြင်းဖြင့် ထာဝရနေရန်မထိုက်တန်ကြောင်းပြသော်လည်း ဘုရားရှင်၏မူလရည်ရွယ်ချက်မှာ မပြောင်းလဲခဲ့ချေ။ ၎င်းသည် ကမ္ဘာသစ်တွင်ပြည့်စုံရမည်။—ဟေရှာယ ၅၅:၁၁။
အမှန်မှာ၊ ဘုရားသခင့်နိုင်ငံတော်လာရန် သခင့်ပတ္ထနာ သို့မဟုတ် ကျွန်ုပ်တို့အဘကို သင်တောင်းလျှောက်ရာ၌၊ သင်သည် ကိုယ်တော်၏ကောင်းကင်အစိုးရသည် မြေကြီးပေါ်ရှိ အဓမ္မမှုများကိုပယ်ရှင်းပြီး မြေကြီးသစ်ကိုအုပ်ချုပ်ရန် တောင်းနေခြင်းဖြစ်သည်။ (မဿဲ ၆:၉၊ ၁၀) ဘုရားရှင်သည် ထိုဆုတောင်းချက်ကိုနားညောင်းမည်ကို ကျွန်ုပ်တို့စိတ်ချနိုင်သည်။ ကိုယ်တော့်နှုတ်ကပါဌ်တော်က ကတိပြုထားသည်။ “ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။”—ဆာလံ ၃၇:၂၉။
ဘုရားရှင်၏ကမ္ဘာသစ်တွင် အသက်တာ
ဘုရားသခင့်နိုင်ငံတော်သည် မနှိုင်းယှဉ်နိုင်သော၊ မြေကြီးအကျိုးကျေးဇူးများကို ယူဆောင်လာမည်။ မိမိ၏လူများ မြေကြီးပေါ်တွင် ပျော်မွေ့ရန် ဘုရားရှင် မူလကရည်ရွယ်ထားသော ကောင်းမှုအားလုံးကို ဖြစ်ပေါ်စေမည်။ မုန်းတီးခြင်းနှင့် စိတ်စွန်းကွက်ခြင်းတို့မရှိတော့ဘဲ နောက်ဆုံးတွင် မြေကြီးပေါ်ရှိလူတိုင်းသည်၊ အခြားသူယောက်တိုင်း၏ မိတ်ဆွေစစ်ဖြစ်လာမည်။ သမ္မာကျမ်းစာတွင် ဘုရားရှင်က မိမိသည် “စစ်မှုကို ငြိမ်းစေတော်မူ၏။” “တစ်ပြည်ကိုတစ်ပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန်မသင်ရကြ” ဟုကတိပြုထားသည်။—ဆာလံ ၄၆:၉; ဟေရှာယ ၂:၄။
မြေကြီးတစ်ပြင်လုံးသည် နောက်ဆုံးတွင် ပန်းဥယျာဉ်သဖွယ် ပရဒိသုအခြေအနေသို့ ဆိုက်ရောက်သွားမည်။ သမ္မာကျမ်းစာက ဤသို့ပြောသည်– “တောနှင့်လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည်။ ဆိတ်ညံသောအရပ်သည်လည်း ရွှင်လန်း၍၊ နှင်းပွင့်ကဲ့သို့ အပွင့် ပွင့်လိမ့်မည်။ . . . အကြောင်းမူကား တော၌စမ်းရေထွက်၍ လွင်ပြင်၌ မြစ်ရေစီးလိမ့်မည်။ တံလျှပ်သည် ရေကန်ဖြစ်လိမ့်မည်။ သွေ့ခြောက်သောမြေသည် စမ်းရေတွင်းဖြစ်လိမ့်မည်။”—ဟေရှာယ ၃၅:၁၊ ၆၊ ၇။
ပရဒိသုမြေကြီးပေါ်တွင် ပျော်ရွှင်ရန်အကြောင်း ပေါင်းစုံရှိပါသည်။ လူတို့မည်သည့်အခါမှ အစာမရှိ၍ ငတ်မွတ်ကြတော့မည်မဟုတ်။ “မြေကြီးသည် မိမိဘဏ္ဍာကိုပေးလိမ့်မည်” ဟုသမ္မာကျမ်းစာကဆိုသည်။ (ဆာလံ ၆၇:၆; ၇၂:၁၆) မိမိတို့၏လုပ်အားအခကို မိမိတို့အားလုံး ခံစားရမည်။ ကျွန်ုပ်တို့ဖန်ဆင်းရှင်က ကတိပြုထားသည်။ “သူတို့သည် . . . ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားရကြလိမ့်မည်။ . . . သူတို့သည်စပျစ်ဥယာဉ်ကိုစိုက်၍ အခြားသောသူ စားရမည်မဟုတ်။”—ဟေရှာယ ၆၅:၂၁၊ ၂၂။
ဘုရားရှင်၏ကမ္ဘာသစ်တွင် လူများသည် အဆောက်အဦကြီးများရှိ တိုက်ခန်းလေးများ သို့မဟုတ် ယိုယွင်းနေသောနောက်ဖေးလမ်းကြား အိမ်လေးများတွင် ပြွတ်သိပ်နေရတော့မည်မဟုတ်။ အကြောင်းမှာ ဘုရားရှင်က “ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ . . . သူတို့သည်အိမ်ကိုဆောက်၍ အခြားသောသူနေရမည်မဟုတ်” ဟုကတိပြုထားသည်။ သမ္မာကျမ်းစာက “သူတို့သည် အချည်းနှီးမလုပ်မဆောင်ရ” ဟုလည်း ကတိပြုထားသေးသည်။ (ဟေရှာယ ၆၅:၂၁-၂၃) သို့ ဖြင့် လူများသည် ဖြစ်ထွန်းအောင်မြင်သော၊ ကျေနပ်ဖွယ်လုပ်ငန်းများ ရရှိမည်။ ဘဝသည် ငြီးငွေ့ဖွယ်ဖြစ်မည်မဟုတ်။
အချိန်တန်လျှင် ဘုရားသခင့်နိုင်ငံတော်သည် ဧဒင်ဥယျာဉ်တွင်တည်ရှိခဲ့သော တိရစ္ဆာန်ချင်းစပ်ကြား၊ လူနှင့် တိရစ္ဆာန်စပ်ကြားငြိမ်းချမ်းသော ဆက်ဆံရေးကိုပင် ပြန်လည်တည်ထောင်မည်။ သမ္မာကျမ်းစာက “တောခွေးသည် သိုးသငယ်နှင့်အတူနေလိမ့်မည်။ ကျားသစ်သည်ဆိတ်သငယ်နှင့်အတူ အိပ်လိမ့်မည်။ နွားသငယ်၊ ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသော အကောင်တို့သည် အတူသွားလာကြ၍ လူသူငယ်သည် သူတို့ကို ပို့ဆောင်လိမ့်မည်။”—ဟေရှာယ ၁၁:၆-၉; ဟောရှေ ၂:၁၈။
စဉ်းစားကြည့်လိုက်ပါ။ မြေကြီးပရဒိသုတွင် ဖျားနာမှုများနှင့် ကိုယ်ခန္ဓာမသန်စွမ်းမှုအားလုံးလည်း ပျောက်ကင်းသွားမည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်က “မြို့သားကလည်း ငါနာသည်ဟု မဆိုရ။” (ဟေရှာယ ၃၃:၂၄) “ဘုရားသခင်သည်သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကိုသုတ်တော်မူမည်။ နောက်တစ်ဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”—ဗျာဒိတ် ၂၁:၄။
သင့်အတွက် မည်သို့ ဖြစ်နိုင်ပုံ
ကိုယ်တော်၏ဖြောင့်မတ်သော ကမ္ဘာသစ်တွင်အသက်တာနှင့် ပတ်သက်၍ ဘုရားရှင်၏ကတိတော်ကြောင့်၊ သင်၏နှလုံး အမှန်ပင်လှုပ်ရှားမိပေမည်။ အချို့က ထိုသို့သောကောင်းချီးများ အမှန်ဖြစ်လာရန်ကောင်းလွန်းလှပါသည်ဟု ထင်မည်ဖြစ်သော်လည်း၊ မေတ္တာရှိသော ဖန်ဆင်းရှင်လက်တော်မှ လာရန်မခဲယဉ်းပေ။—ဆာလံ ၁၄၅:၁၆; မိက္ခာ ၄:၄။
လာလတ္တံ့သော မြေကြီးပရဒိသုတွင် ကျွန်ုပ်တို့ထာဝစဉ်နေမည်ဆိုလျှင် ပြည့်မီရမည့်တောင်းဆိုချက်များတော့ရှိပါသည်။ ယေရှုက အဓိကတစ်ချက်ကို ဖော်ပြသည်။ ဘုရားသခင်ထံဆုတောင်းရာ၌ “ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။”—ယောဟန် ၁၇:၃။
ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားရှင်၏ကမ္ဘာသစ်တွင် အမှန်နေလိုပါက ကျွန်ုပ်တို့ပထမဆုံး ဘုရားသခင့်အလိုတော်ကို သင်ယူ၍ ထို့နောက် ၎င်းကိုလုပ်ဆောင်ရမည်။ အကြောင်းမှာ ဤ “လောကနှင့် လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား နိစ္စထာဝရတည်” ၍ ကျွန်ုပ်တို့၏ မေတ္တာရှင်ဘုရားသခင် သွန်းလောင်းမည့် ကောင်းချီးများကို ထာဝရခံစားရမည်မုချ။—၁ ယောဟန် ၂:၁၇။
အခြားသောအမှတ်အသားမပါရှိသည့် ကျမ်းကိုးကားချက်အားလုံးသည် ယုဒသန်ပြန်ဆိုသည့် သမ္မာကျမ်း မှဖြစ်ပါသည်။