ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထရ အခန်း ၂၄ စာ. ၂၀၃-၂၀၇
  • ကျွန်ုပ်တို့သည် ပညတ်တော်ဆယ်ပါးအောက်တွင် ရှိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့သည် ပညတ်တော်ဆယ်ပါးအောက်တွင် ရှိသလော
  • သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အထူးရည် ရွယ်ချက်ဖြင့် ဣသရေလလူမျိုးအား ပေးတော်မူ
  • “ခရစ်တော်သည် ပညတ်တရား၏ ဆုံးခြင်းအကြောင်း ဖြစ်တော်မူ”
  • ခရစ်ယာန်တို့နှင့်ဆိုင်သော ပညတ်များ
  • သင့်အတွက် ပညတ်တော်ဆယ်ပါးသည် အဘယ်အဓိပ္ပာယ်ရှိသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဘုရားသခင့် ပညတ်တော်ဆယ်ပါးဆိုတာ ဘာတွေလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခရစ်တော်၏ပညတ်တော်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ဥပုသ်
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
နောက်ထပ် ကြည့်ပါ
သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
ထရ အခန်း ၂၄ စာ. ၂၀၃-၂၀၇

အခန်း ၂၄

ကျွန်ုပ်တို့သည် ပညတ်တော်ဆယ်ပါးအောက်တွင် ရှိသလော

၁။ မောရှေသည် လူတို့အား အဘယ်ပညတ်ကို ကမ်းပေးခဲ့သနည်း။

အဘယ်ပညတ်များကို ကျွန်ုပ်တို့စောင့်ရှောက်ရန် ယေဟောဝါဘုရားသခင် အလိုတော်ရှိသနည်း။ “မောရှေ၏ ပညတ္တိကျမ်း” သို့မဟုတ် တစ်ခါတစ်ရံ “ပညတ်တရား” ဟု ကျမ်းစာခေါ်ဝေါ်သော တရားများကို ကျွန်ုပ်တို့စောင့်ထိန်းရမည်လော။ (၃ ဓမ္မရာဇဝင် ၂:၄; တိတု ၃:၉) ၎င်းကို ‘ယေဟောဝါ၏ ပညတ္တိကျမ်း’ ဟုလည်း ခေါ်ထားသည်။ ၎င်းကို ကိုယ်တော်ချပေးခဲ့၍ဖြစ်သည်။ (၁ ရာဇဝင်ချုပ် ၁၆:၄၀) ၎င်းပညတ်တရားကို မောရှေက လူတို့လက်သို့ ကမ်းပေးရုံသာ ကမ်းပေးခဲ့သည်။

၂။ ၎င်းပညတ်တွင် အဘယ်အချက်များ ပါဝင်သနည်း။

၂ မောရှေ၏ ပညတ္တိကျမ်း၌ အဓိကပညတ်ချက် ဆယ်ပါးအပါအဝင် ပညတ်ချက်ပေါင်း ၆၀၀ မက ပါရှိသည်။ မောရှေဆိုသည့်အတိုင်း “သင်တို့ကျင့်စရာဖို့ [ယေဟောဝါ] မှာထားတော်မူသော . . . ပညတ်တော်ဆယ်ပါးတို့ကို မိန့်မြွက်၍ ကျောက်ပြားနှစ်ပြားပေါ်၌ ရေးထားတော်မူ၏။” (တရားဟောရာ ၄:၁၃; ထွက်မြောက်ရာ ၃၁:၁၈) သို့သော် ပညတ်တော်ဆယ်ပါး အပါအဝင် ပညတ်တရားကို မည်သူတို့အား ယေဟောဝါပေးတော်မူခဲ့သနည်း။ လူသားအားလုံးကို ပေးခဲ့သလော။ ပညတ်တရား၏ ရည်ရွယ်ချက်ကား အဘယ်နည်း။

အထူးရည် ရွယ်ချက်ဖြင့် ဣသရေလလူမျိုးအား ပေးတော်မူ

၃။ ပညတ်တရားကို ဣသရေလလူမျိုးအားသာ ပေးခဲ့ကြောင်း မည်သို့သိရသနည်း။

၃ ပညတ်တရားကို လူသားတစ်ရပ်လုံးအား မပေးခဲ့။ ယေဟောဝါသည် ဣသရေလလူမျိုးဟူ၍ဖြစ်လာသော ယာကုပ်၏ အမျိုးအနွယ်နှင့် ပဋိညာဉ်၊ သို့မဟုတ် သဘောတူချက်တစ်ရပ် ပြုတော်မူခဲ့သည်။ ဤလူများအားသာ ယေဟောဝါပညတ်တရားကို ပေးတော်မူခဲ့သည်။ တရားဟောရာ ၅:၁-၃ နှင့် ဆာလံ ၁၄၇:၁၉၊ ၂၀ တို့၌ ဤအချက်ကို ရှင်းပြထားသည်။

၄။ ပညတ်တရားကို ဣသရေလလူမျိုးအား အဘယ်ကြောင့် ပေးတော်မူခဲ့သနည်း။

၄ တမန်တော်ပေါလုက “ပညတ်တရားသည် အဘယ်အတွက်နည်း” ဟုမေး၏။ ဟုတ်ပေသည်၊ အဘယ်ရည်ရွယ်ချက်ဖြင့် ၎င်းကိုဣသရေလလူတို့အား ယေဟောဝါပေးတော်မူခဲ့သနည်း။ ပေါလု ဤသို့ဖြေဆို၏– “ကတိတော်ခံရသော အမျိုးအနွယ်မရောက်မီ လွန်ကျူးမှုများကို ထင်ရှားစေရန်တည်း။ . . . သို့ဖြစ်၍ ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကိုပို့ဆောင်သော ငါတို့၏အထိန်း [သို့မဟုတ် ဆရာ] ဖြစ်လာသည်။” (ဂလာတိ ၃:၁၉-၂၄၊ ကဘ) ပညတ်တရား၏ အထူးရည်ရွယ်ချက်မှာ ဣသရေလလူမျိုးအနေဖြင့် ခရစ်တော်ကြွရောက်လာသောအခါ ကိုယ်တော်ကိုလက်ခံဖို့ အသင့်ဖြစ်စေရန်သူတို့ကို ကာကွယ်ထိန်းကျောင်းပေးရေးအတွက် ဖြစ်သည်။ ပညတ်တရား၌ တောင်းဆိုထားသည့် ပူဇော်သကာများစွာတို့က ဣသရေလလူမျိုးအား မိမိတို့သည်ကယ်တင်ရှင်လိုနေသော အပြစ်သားများဖြစ်ကြောင်း သတိရစေသည်။​—ဟေဗြဲ ၁၀:၁-၄။

“ခရစ်တော်သည် ပညတ်တရား၏ ဆုံးခြင်းအကြောင်း ဖြစ်တော်မူ”

၅။ ခရစ်တော်ကြွလာ၍ ကျွန်ုပ်တို့အတွက် အသေခံတော်မူလိုက်သောအခါ ပညတ်တရား မည်သို့ဖြစ်သွားသနည်း။

၅ ယေရှုခရစ်သည် မွေးဖွားစဉ်က ကောင်းကင်တမန်ကြေညာခဲ့သည့်အတိုင်း ကတိထားရာကယ်တင်ရှင်ပင် ဖြစ်တော်မူ၏။ (လုကာ ၂:၈-၁၄) ထို့ကြောင့် ခရစ်တော်ကြွလာ၍ မိမိ၏ စုံလင်သောအသက်ကို ယဇ်အဖြစ် ဆက်သလိုက်သောအခါ ပညတ်တရား မည်သို့ ဖြစ်သွားသနည်း။ ပယ်ရှားခံရ၏။ ပေါလုက “ငါတို့သည် ထိုအထိန်းလက်မှ လွတ်ကြ၏” ဟု ရှင်းပြ၏။ (ဂလာတိ ၃:၂၅) ပညတ်တရားကို ပယ်ဖျက်လိုက်သောအခါ ဣသရေလလူတို့သည် လွတ်ကျွတ်သွား၏။ သူတို့အားလုံး ပညတ်တရားကို စုံလင်စွာ မစောင့်နိုင်သောကြောင့် သူတို့သည် အပြစ်သားများဖြစ်ကြောင်း ပညတ်တရားက ပြသခဲ့ပြီ။ “ခရစ်တော်သည် . . . ငါတို့ကို ပညတ်တရား၏ ကျိန်ခြင်းမှ ရွေးနုတ်တော်မူပြီ” ဟု ပေါလုဆို၏။ (ဂလာတိ ၃:၁၀-၁၄) ထို့ကြောင့် ကျမ်းစာက “ခရစ်တော်သည် ပညတ်တရား၏ ဆုံးခြင်းအကြောင်း ဖြစ်တော်မူ၏” ဟုလည်း ဆိုထားသည်။​—ရောမ ၁၀:၄; ၆:၁၄၊ သမ္မာ။

၆။ (က) ပညတ်တရားအဆုံးတိုင်သောအခါ ဣသရေလလူမျိုးအတွက်လည်းကောင်း၊ ဣသရေလလူမျိုး မဟုတ်သူများအတွက်လည်းကောင်း အဘယ်အကျိုး သက်ရောက်သနည်း။ အဘယ်ကြောင့်နည်း။ (ခ) ပညတ်တရားနှင့်ပတ်သက်၍ ယေဟောဝါ မည်သို့ပြုတော်မူသနည်း။

၆ ပညတ်တရားသည် ဣသရေလလူမျိုးအား ပညတ်တရားအောက်၌ မရှိသော အခြားလူမျိုးများနှင့် ခြားနားစေသော “တံတိုင်း” ကဲ့သို့ တကယ်ပင် ဖြစ်ခဲ့သည်။ သို့ရာတွင် ခရစ်တော်သည် မိမိအသက်ကို ပူဇော်လိုက်ခြင်းဖြင့် “ဝိနည်းအထုံးအဖွဲ့နှင့်စပ်ဆိုင်သော ပညတ်တရား . . . ကို . . . ပယ်ရှင်းတော်မူသဖြင့် . . . လူမျိုးနှစ်စု [ဣသရေလလူမျိုးနှင့် ဣသရေလလူမျိုးမဟုတ်သူများ] တို့ကို တစ်စုတည်း ဖြစ်စေတော်မူ၏။ . . . ကိုယ်တော်၌ ထိုလူနှစ်စုတို့ကို လူသစ်တစ်ဦး တစ်ကိုယ်တည်း ဖြစ်စေ” တော်မူ၏။ (ဧဖက် ၂:၁၁-၁၈) မောရှေ၏ ပညတ်တရားနှင့်ပတ်သက်၍ ယေဟောဝါဘုရားသခင် ကိုယ်တော်တိုင် မည်သို့ပြုတော်မူသည်နှင့်စပ်လျဉ်း၍ ဤသို့ဖတ်ရသည်– “ငါတို့ လွန်ကျူးမှုရှိသမျှကို ဖြေလွှတ်၍ [ဣသရေလလူမျိုးကို အပြစ်သားများအဖြစ် စီရင်ပြစ်တင်သောကြောင့်] ငါတို့တစ်ဖက် ဆန့်ကျင်လျက် [ပညတ်တော်ဆယ်ပါးအပါအဝင်] ဓမ္မသတ်နှင့်ပြည့်သော စာချုပ်ကို ပယ်ဖျက်နုတ်ယူပြီး [ညှဉ်းဆဲရာတိုင်၊ ကဘ] ၌ ရိုက်ထားတော်မူ” ၏။ (ကောလောသဲ ၂:၁၃၊ ၁၄၊ သမ) ထို့ကြောင့် ခရစ်တော်၏ စုံလင်သောယဇ်နှင့်အတူ ပညတ်တရားသည် အဆုံးတိုင်သွားလေသည်။

၇၊ ၈။ ပညတ်တရားကို နှစ်ပိုင်းပိုင်းမထားကြောင်း အဘယ်အချက်က ပြသနည်း။

၇ သို့ရာတွင် အချို့သူတို့က ပညတ်တရားကို ပညတ်တော်ဆယ်ပါးနှင့် ကျန်အခြားပညတ်များဟူ၍ နှစ်ပိုင်း ပိုင်းထားသည်ဟု ဆိုကြ၏။ ကျန်အခြားပညတ်များသာ အဆုံးတိုင်ခဲ့ပြီး ပညတ်တော်ဆယ်ပါးမှာမူ တည်ရှိသေးသည်ဟု ပြောကြ၏။ သို့သော် မမှန်ပါ။ တောင်ပေါ်ဒေသနာ၌ ယေရှုသည် ပညတ်တော်ဆယ်ပါးမှလည်းကောင်း၊ ပညတ်တရား၏ ကျန်အခြားအပိုင်းများမှလည်းကောင်း ကိုးကားမိန့်ဆိုခဲ့သည်။ ၎င်းတို့ကို မခွဲခြားခဲ့ပါ။ ဤနည်းအားဖြင့် မောရှေ၏ ပညတ်တရားသည် နှစ်ပိုင်းမပိုင်းထားကြောင်း ယေရှုပြတော်မူ၏။​—မဿဲ ၅:၂၁-၄၂။

၈ ၎င်းပြင် “ငါတို့သည် . . . ပညတ်တရား၏လက်မှ လွတ်ခြင်းသို့ ရောက်ကြပြီ” ဟူ၍ ဘုရားသခင်မှုတ်သွင်းခံ၍ တမန်တော်ပေါလုရေးသားခဲ့သည့် အချက်ကိုလည်း သတိပြုပါ။ ဂျူးများသည် ပညတ်တော်ဆယ်ပါးလက်မှ မလွတ်ဘဲ ပညတ်တရားများလက်မှသာ လွတ်ခဲ့သလော။ မဟုတ်ပါ။ အကြောင်းမှာ ပေါလု ဤသို့ဆက်ပြော၏– “ပညတ်တရားအားဖြင့်သာ အပြစ်သဘောကို ငါသိရ၏။ အဘယ်သို့နည်းဟူမူကား လောဘစိတ် [တပ်မက်သောစိတ်၊ သမ] မရှိစေနှင့်ဟု ပညတ်တရားမဆိုလျှင် လောဘ [တပ်မက်သောစိတ်၊ သမ] သဘောကို ငါမသိ။” (ရောမ ၇:၆၊ ၇; ထွက်မြောက်ရာ ၂၀:၁၇) “တပ်မက်လိုချင်သောစိတ် မရှိစေနှင့်” ဟူသည်မှာ ပညတ်တော်ဆယ်ပါး၏ နောက်ဆုံးအပါးဖြစ်သောကြောင့် ဣသရေလလူမျိုးသည် ပညတ်တော်ဆယ်ပါးမှလည်း လွတ်ကျွတ်ခဲ့ပြီဟု ဆိုရမည်။

၉။ ပတ်စဉ်ဥပုသ်စောင့်ခြင်းပညတ်လည်း ပယ်ဖျက်ခံရကြောင်း ဘာကပြသနည်း။

၉ သို့ဖြစ်လျှင် ပတ်စဉ်ဥပုသ်စောင့်ရမည်ဟူသော ပညတ်တော်ဆယ်ပါးမှ စတုတ္ထပညတ်သည်လည်း ပယ်ရှင်းခံရပြီလော။ မှန်ပါသည်၊ ပယ်ရှင်းခံလိုက်ရပြီ။ ဂလာတိ ၄:၈-၁၁ နှင့် ကောလောသဲ ၂:၁၆၊ ၁၇ ပါကျမ်းစကားများအရ ခရစ်ယာန်တို့သည် ပတ်စဉ်ဥပုသ်စောင့်ရန်နှင့် တစ်နှစ်အတွင်း အခြားနေ့ကြီးရက်ကြီးများကိုစောင့်ရန် ပညတ်ချက်များနှင့်တကွ ဣသရေလလူတို့အား ဘုရားသခင်ပေးတော်မူခဲ့သည့် ပညတ်တရားအားလုံးအောက်၌ မရှိကြောင်း ပြ၏။ ပတ်စဉ်ဥပုသ်စောင့်ခြင်းသည် ခရစ်ယာန်တို့ပြုရမည့် အမှုမဟုတ်ကြောင်း ရောမ ၁၄:၅ အားဖြင့်လည်း သိသာနိုင်သည်။

ခရစ်ယာန်တို့နှင့်ဆိုင်သော ပညတ်များ

၁၀။ (က) ခရစ်ယာန်တို့သည် အဘယ်ပညတ်များအောက်၌ ရှိကြသနည်း။ (ခ) ၎င်းပညတ်အများကို အဘယ်မှ ယူထားသနည်း။ ထိုမှယူထားသည်မှာ အဘယ်ကြောင့် ဆင်ခြင်တုံတရားနှင့် ညီသနည်း။

၁၀ ခရစ်ယာန်များသည် ပညတ်တော်ဆယ်ပါးအောက်၌ မရှိတော့သဖြင့် မည်သည့်ပညတ်ကိုမျှ စောင့်စရာမလိုတော့ဟု ဆိုလိုသလော။ လုံးဝမဟုတ်၊ ယေရှုသည် မိမိ၏စုံလင်သော လူ့အသက်တည်းဟူသော သာ၍မြတ်သည့်ယဇ်ကို အခြေပြုသော “ပဋိညာဉ်တရားသစ်” ကို ဆောင်သွင်းတော်မူခဲ့သည်။ ခရစ်ယာန်တို့သည် ၎င်းပဋိညာဉ်သစ်အောက်သို့ ရောက်ရှိပြီး ခရစ်ယာန်ပညတ်များလက်အောက်တွင် ရှိကြ၏။ (ဟေဗြဲ ၈:၇-၁၃; လုကာ ၂၂:၂၀) ၎င်းပညတ်အများမှာ မောရှေပညတ်တရားမှ ထုတ်နုတ်ထားခြင်းဖြစ်သည်။ ၎င်းသည်မမျှော်လင့်ထားသည့် အထူးအဆန်းမဟုတ်။ တိုင်းပြည်တစ်ပြည်တွင် အစိုးရအသစ် ပြောင်းလဲသောအခါ၌လည်း ထိုသို့ဖြစ်လေ့ရှိသည်။ အစိုးရဟောင်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပယ်ဖျက်၍ အစားထိုးမည်ဖြစ်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေသစ်၌ အဟောင်းမှ ဥပဒေအမြောက်အမြားကို ပြန်လည်ထည့်သွင်းတတ်ကြသည်။ ထို့နည်းတူ ပညတ်ပဋိညာဉ်သည် အဆုံးတိုင်ခဲ့သော်လည်း ၎င်းမှအခြေခံပညတ်နှင့် မူအများအပြားကို ခရစ်ယာန်ဘာသာ၌ လက်ခံအတည်ပြုထားသည်။

၁၁။ ခရစ်ယာန်များအား ပေးသော အဘယ်ပညတ်များ၊ သို့မဟုတ် သွန်သင်ချက်များသည် ပညတ်တော်ဆယ်ပါးနှင့် အလွန်တူသနည်း။

၁၁ စာမျက်နှာ ၂၀၃ ၌ပါသော ပညတ်တော်ဆယ်ပါးကို ဖတ်ပြီး အောက်ပါ ခရစ်ယာန်ပညတ်များ၊ သွန်သင်ချက်များနှင့် နှိုင်းယှဉ်ပါ။ အထက်ဆိုခဲ့သည့်အတိုင်း ဖြစ်နေသည်ကို သတိပြုပါ– “သင်၏ဘုရားသခင် [ယေဟောဝါ] ကို ကိုးကွယ်ရမည်။” (မဿဲ ၄:၁၀; ၁ ကောရိန္သု ၁၀:၂၀-၂၂) “ရုပ်တုဆင်းတုကို ကြဉ်ရှောင်ကြလော့။” (၁ ယောဟန် ၅:၂၁; ၁ ကောရိန္သု ၁၀:၁၄) “ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော [မထီမဲ့မြင်မပြု]။” (မဿဲ ၆:၉) “သားသမီးတို့. . . မိဘစကားကို နားထောင်ကြလော့။” (ဧဖက် ၆:၁၊ ၂) လူသတ်ခြင်း၊ လင်မယား သစ္စာဖျက်မှု၊ ခိုးမှု၊ လိမ်ညာမှုနှင့် သူ့ဥစ္စာတပ်မက်မှုတို့သည်လည်း ခရစ်ယာန်များအတွက်ဖြစ်သော ပညတ်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ကျမ်းစာက ရှင်းလင်းစွာ ဖော်ပြထားသည်။​—ဗျာဒိတ် ၂၁:၈; ၁ ယောဟန် ၃:၁၅; ဟေဗြဲ ၁၃:၄; ၁ သက်သာလောနိတ် ၄:၃-၇; ဧဖက် ၄:၂၅၊ ၂၈; ၁ ကောရိန္သု ၆:၉-၁၁; လုကာ ၁၂:၁၅; ကောလောသဲ ၃:၅။

၁၂။ ဥပုသ်ပညတ်ဆိုင်ရာမူသည် ခရစ်ယာန်အစီအစဉ်သို့ မည်သို့ ကူးဝင်လာသနည်း။

၁၂ ခရစ်ယာန်များအား ပတ်စဉ်ဥပုသ်စောင့်ရန် မပညတ်သော်လည်း ၎င်းအစီအစဉ်မှ ကျွန်ုပ်တို့ အကြောင်းတစ်ခုကို သိရ၏။ ဣသရေလလူတို့သည် ပကတိအတိုင်း အနားယူကြ၏။ သို့သော် ခရစ်ယာန်တို့သည် ဝိညာဉ်ရေးဘက်တွင် နားကြ၏။ အဘယ်နည်းဖြင့်နည်း။ ခရစ်ယာန်စစ်တို့သည် ယုံကြည်ခြင်းနှင့် နာခံခြင်းကြောင့် တစ်ကိုယ်ကောင်းဆန်သောအလုပ်များ လုပ်ခြင်းကို စွန့်ပစ်လိုက်ကြခြင်းအားဖြင့် ဖြစ်သည်။ တစ်ကိုယ်ကောင်းဆန်သောအလုပ်များဆိုရာ၌ မိမိတို့ကိုယ်ကို မိမိတို့ ဖြောင့်မတ်သည်ဟု သက်သေထူရန် အားထုတ်ခြင်းလည်း ပါဝင်သည်။ (ဟေဗြဲ ၄:၁၀) ဤဝိညာဏနားခြင်းကို တစ်ပတ်လျှင်တစ်ရက်သာ ပြုသည်မဟုတ်။ ခုနစ်ရက်လုံး ပြု၏။ ဝိညာဏရေးရာများအတွက် တစ်ရက်ကို ဖယ်ထားရမည်ဟူသော ပကတိဥပုသ်ပညတ်သည် ဣသရေလလူတို့အား ရှိသမျှအချိန်ကို ဥစ္စာပစ္စည်း တိုးပွားရေးအတွက်သာ တစ်ကိုယ်ကောင်းဆန်ဆန် မသုံးမိစေရန် ကာကွယ်ပေးသည်။ ၎င်းမူကို နေ့စဉ်နေ့တိုင်း ဝိညာဏနည်းဖြင့် ကျင့်သုံးလျှင် ဥစ္စာသာ ပဓာနဟူသောစိတ်ကို ပို၍ထိရောက်စွာ တွန်းလှန်နိုင်မည်။

၁၃။ (က) ခရစ်ယာန်များ အဘယ်ပညတ်ကို စောင့်ထိန်းရန် တိုက်တွန်းခံရသနည်း။ ၎င်းကို မည်သို့စောင့်ထိန်းကြသနည်း။ (ခ) အဘယ်ပညတ်ကို ယေရှု အလေးအနက် တင်ပြခဲ့သနည်း။ (ဂ) အဘယ်ပညတ်သည် မောရှေပညတ်တစ်ခုလုံး၏ အခြေခံ ဖြစ်သနည်း။

၁၃ ထို့ကြောင့် ခရစ်ယာန်များအား ပညတ်တော်ဆယ်ပါးကို စောင့်လော့ဟူ၍ မပညတ်ဘဲ “ခရစ်တော်၏ တရားကို ကျင့်ကြလော့” ဟု တိုက်တွန်းထားသည်။ (ဂလာတိ ၆:၂) ယေရှုသည် ပညတ်နှင့် ညွှန်ကြားချက်များစွာ ချပေးထားတော်မူသဖြင့် ၎င်းတို့ကို လိုက်နာလျှင် ကိုယ်တော့်ပညတ်များကို ကျင့်ရာရောက်၏။ အထူးသဖြင့် ယေရှုက မေတ္တာ၏အရေးကြီးမှုကို အလေးအနက် ပြုတော်မူခဲ့သည်။ (မဿဲ ၂၂:၃၆-၄၀; ယောဟန် ၁၃:၃၄၊ ၃၅) မှန်သည်၊ သူတစ်ပါးကို ချစ်ခြင်းသည် ခရစ်ယာန်ပညတ်တစ်ပါး ဖြစ်သည်။ ကျမ်းစာ၌ဆိုထားသည့်အတိုင်း ၎င်းသည် မောရှေပညတ်တရား၏ အချုပ်ဖြစ်သည်– “အပေါင်းအဖော်ကို ကိုယ်နှင့်အမျှ ချစ်လော့ ဟူသော ကျမ်းတစ်ချက်၌ ပညတ်တရားအလုံးစုံ ချုပ်ခြာလျက်ရှိ၏။”​—ဂလာတိ ၅:၁၃၊ ၁၄၊ သမ; ရောမ ၁၃:၈-၁၀။

၁၄။ (က) မောရှေပညတ်၏မူများကို လေ့လာသုံးသပ်၍ ကျင့်သုံးလျှင် အဘယ်ကောင်းကျိုး ရရှိမည်နည်း။ (ခ) မေတ္တာသည် ဘာပြုရန် ကျွန်ုပ်တို့အား လှုံ့ဆော်မည်နည်း။

၁၄ ပညတ်တော်ဆယ်ပါးအပါအဝင် မောရှေမှတစ်ဆင့်ပေးတော်မူသောပညတ်တရားသည် ဘုရားသခင်ထံတော်မှသက်ရောက်သော ဖြောင့်မတ်သည့် ပညတ်တစ်စုံဖြစ်ပေသည်။ ယနေ့ ကျွန်ုပ်တို့သည် ၎င်းပညတ်တရားအောက်၌မရှိသော်လည်း ၎င်း၏မြင့်မြတ်သော အခြေခံမူများသည် ကျွန်ုပ်တို့အတွက်များစွာ အဖိုးတန်ဆဲပင်ဖြစ်သည်။ ၎င်းတို့ကိုလေ့လာကျင့်သုံးလျှင် ပညတ်ပေးရှင်ကြီးယေဟောဝါဘုရားသခင်ကို လေးမြတ်သောသဘောတိုးများလာမည်။ သို့ရာတွင် အထူးသဖြင့်ခရစ်ယာန်ပညတ်နှင့် သွန်သင်ချက်များကိုလေ့ကျက်၍ အသက်တာတွင် ကျင့်သုံးသင့်သည်။ ယေဟောဝါကိုချစ်လျှင် ယခုကျွန်ုပ်တို့ထံမှ တောင်းဆိုသမျှကို နာခံ၍ပြုလုပ်လိုသောဆန္ဒ ဖြစ်ပေါ်လာမည်တည်း။​—၁ ယောဟန် ၅:၃။

[စာမျက်နှာ ၂၀၃ ပါ လေးထောင့်ကွက်]

ပညတ် တော် ဆယ် ပါး

၁။ “ငါသည် . . . သင့်ဘုရားသခင် [ယေဟောဝါ] ပေတည်း။ ငါမှတစ်ပါး အခြားသောဘုရားများကို မကိုးကွယ်နှင့်။

၂။ “ရုပ်ပွားဆင်းတုကိုလည်းကောင်း၊ အထက်ကောင်းကင်၊ အောက်မြေကြီး၊ မြေကြီးအောက် ရေထု၌ရှိသောအရာ၏ ပုံသဏ္ဌာန်ကိုလည်းကောင်း မလုပ်နှင့်။ ရှိမခိုး၊ ဝတ်မပြုနှင့်။

၃။ “သင့်ဘုရားသခင် ငါ [ယေဟောဝါ] ၏နာမတော်ကို မထီမဲ့မြင်ပြု၍ မသုံးနှင့်။

၄။ “ဥပုသ်နေ့ကို သီးသန့်စောင့်ရှောက်ရန် သတိရလော့။ ခြောက်ရက်အတွင်း ကိုယ့်အမှုအရေးရှိသမျှကို လုပ်ဆောင်ရသော်လည်း သတ္တမနေ့သည် သင့်ဘုရားသခင် [ယေဟောဝါ] ရှေ့ဥပုသ်နေ့ဖြစ်သဖြင့် သင်မှစ၍ သား၊ သမီး . . . ပါ မည်သည့်အမှုအရေးကိုမျှ မလုပ်မဆောင်ရ။

၅။ “သင့်ဘုရားသခင် ငါ [ယေဟောဝါ] ပေးသနားသော ပြည်၌ တာရှည်စေရန်၊ မိဘကို ရိုသေမှုပြုလော့။

၆။ “သူ့အသက်ကို မသတ်နှင့်။

၇။ “သူ့သားအိမ်ရာကို မပြစ်မှားနှင့်။

၈။ “သူ့ဥစ္စာကို မခိုးနှင့်။

၉။ “သူတစ်ပါး၏ တစ်ဖက်၌ မုသားသက်သေ မခံနှင့်။

၁၀။ “သူတစ်ပါး၏ အိမ်၊ မယား၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ နွားမြည်းမှစ၍ ပိုင်ဆိုင်ရာတစ်စုံတစ်ခုကိုမျှ တပ်မက်သောစိတ် မရှိစေနှင့်။”​—ထွက်မြောက်ရာ ၂၀:၂-၁၇၊ သမ။

[စာမျက်နှာ ၂၀၄ ပါ ရုပ်ပုံ]

ပညတ်တရားသည် ဣသရေလလူမျိုးနှင့် အခြားလူမျိုးများစပ်ကြား တံတိုင်းပမာ ကာဆီးခဲ့သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ