ဂျူး
အဓိပ္ပာယ်သတ်မှတ်ချက်– ယနေ့အများသုံးနှုန်းသည့်အတိုင်း ဂျူးဆိုရာ၌ ဟေဗြဲမျိုးရိုးကိုလည်းကောင်း၊ ဂျူးဘာသာသို့ပြောင်းဝင်လာသော အခြားပုဂ္ဂိုလ်များကိုလည်းကောင်း ရည်ညွှန်းသည်။ ဝိညာဉ်ရေးအရ ဂျူးများဖြစ်၍ “ဘုရားသခင်၏ဣသရေလအမျိုး” ဝင်ဖြစ်သူများလည်းရှိကြောင်း သမ္မာကျမ်းစာက ဂရုပြုစေသည်။
ယနေ့ပကတိဂျူးများသည် ဘုရားသခင့်လက်ရွေးစင်လူမျိုးလော
ဂျူးများစွာ ထိုသို့ပင်ယုံမှတ်ကြသည်။ ဂျူးစွယ်စုံကျမ်း (ယေရုရှလင်၊ ၁၉၇၁၊ အတွဲ ၅၊ ကော်လံ ၄၉၈) က ဤသို့ဆို၏ “လက်ရွေးစင်လူမျိုးတော်ဟူသည် အစ္စရေး (ဣသရေလလူမျိုး) ၏ အများသိ အမှတ်သညာဖြစ်၍ ဣသရေလလူတို့သည် စကြဝဠာဘုရားနှင့် နှစ်ကိုယ်စပ်ကြား ထူးမြတ်သီးသန့်သောဆက်ဆံရေးရှိသည် ဟူသောအယူအဆကို ဖော်ထုတ်နေပေသည်။ ယင်းအယူသည် ဂျူးအတွေးအခေါ်သမိုင်းတစ်လျှောက် ဗဟိုချက်အဖြစ် တည်ရှိသည်။”—တရားဟောရာ ၇:၆-၈; ထွက်မြောက်ရာ ၁၉:၅ ကိုရှု။
ခရစ်ယာန်ဘောင်မှလူအများလည်း အလားတူအယူကိုကိုင်စွဲကြသည်။ အတ္တလန်တာထုတ် ဂျာနယ်နှင့်ဖွဲ့စည်းပုံ (၁၉၈၃၊ ဇန်နဝါရီ ၂၂၊ စ. ၅-ဘီ) စာစောင်က ဤသို့တင်ပြ၏– “ဘုရားသခင်သည် ‘မိမိလူမျိုးတော် ဣသရေလလူတို့ကိုစွန့်၍’ ‘ဣသရေလလူမျိုးသစ်’ တစ်ရပ်ဖြင့် အစားထိုးလိုက်ပြီဟူသော ခရစ်ယာန်အသင်းများ၏ ရာစုနှစ်ပေါင်းကြာသောအယူနှင့်ဆန့်ကျင်လျက်၊ အသင်းများက ‘ဂျူးလူတို့နှင့် ဘုရားသခင်ဖွဲ့သောပဋိညာဉ်သည် ထာဝရဖြစ်သည်’ ဟု ယခုအခိုင်အမာဆိုနေပြီဖြစ်ကြောင်း၊ ‘အတ္တလန္တိသမုဒ္ဒရာကမ်းနှစ်ဖက်စလုံးမှ ပရိုတက်စတင့်နှင့် ကက်သလစ်ဂိုဏ်းများက အံ့သြဖွယ်ကောင်းလောက်အောင် ထိုသို့ပြောင်းပြန်ခံယူလိုက်ပြီဖြစ်ကြောင်း’ သူ (ဖီလဒဲလ်ဖီးယားဗိမာန်တက္ကသိုလ်မှ ဓမ္မပညာဆရာ ပေါလ်အမ်ဗန်ဘုရင်က ဆို၏။” နယူးယောက်တိုင်း (၁၉၈၃၊ ဖေဖော်ဝါရီ ၆၊ စ. ၄၂) က ဤသို့ထပ်ဆင့်တင်ပြ၏–“‘လက်ယာဂိုဏ်းဧဝံဂေလိအသင်းသည် အစ္စရေးနှင့်စပ်လျဉ်း၍ အညှို့ခံနေရပြီး ဘုရားသခင်သည် အစ္စရေးဘက်၌ရှိသဖြင့် အစ္စရေးဘာလုပ်လုပ် ထောက်ခံရမည်ဟူသောအယူရှိ၏’ ဟူ၍ ဂျောန်စ်ဟော့ကင်စ်တက္ကသိုလ်မှ ဓမ္မပညာပါမောက္ခဖြစ်သူ၊ ဝက်စလီယံဧဝံဂေလိအသင်းဝင် တီမသီစမစ်က ပြောဆို၏။ ခရစ်ယာန်ဘောင်မှလူအချို့တို့က ပကတိဣသရေလလူအားလုံး ခရစ်ယာန်ဘာသာဝင်ဖြစ်လာပြီး အဆုံး၌ ကယ်တင်ခြင်းရကြမည်ဟုမျှော်လင့်ကြသည်။ အချို့က ဘုရားသခင်နှင့်ဣသရေလလူတို့သည် ခွဲမရနိုင်သောဆက်ဆံမှုအစဉ်ရှိသဖြင့် ခရစ်တော်မှတစ်ဆင့် ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်ဖို့လိုနေသူမှာ တစ်ပါးအမျိုးသားများသာဖြစ်သည်ဟု ယုံကြည်ကြသည်။
သုံးသပ်ကြည့်ပါ။ ဣသရေလလူတို့သည် ဗာဗုလုန်ပြည်သို့ဖမ်းဆီးခေါ်ဆောင်ခံရသည့်နောက် မိမိတို့နေရင်းပြည်သို့ပြန်ရောက်လာကြသောအခါ ဘုရားပေးမြေပေါ်၌ စစ်မှန်သောဝတ်ပြုရေးကို ပြန်လည်ပျိုးထောင်ဖို့ဖြစ်သည်။ သူတို့ ပထမဆုံးလုပ်ဆောင်သောစီမံကိန်းမှာ ယေရုရှလင်မြို့၌ ယေဟောဝါ၏ဗိမာန်တော် ပြန်လည်ဆောက်တည်ခြင်းတည်း။ သို့သော် စီ.အီး. ၇၀၊ ယေရုရှလင်မြို့ကို ရောမတို့ဖျက်ဆီးသည့်နောက်၌ ဗိမာန်တော်သည် ဘယ်တော့မျှပြန်ဆောက်ခြင်းမရှိတော့။ ၎င်းအစား၊ ယခင်ဗိမာန်တော်တည်ရာနေရာ၌ အစ္စလာမ်အထိမ်းအမှတ်ဗိမာန်တစ်ဆောင်ကိုတွေ့ရသည်။ မောရှေပညတ်အောက်၌ မိမိတို့ရှိပါသည်ဆိုသော ဂျူးတို့သည် ဘုရားသခင့်လက်ရွေးစင်လူမျိုးတော်အဖြစ် ယနေ့ယေရုရှလင်မြို့၌ ရှိသည်မှန်လျှင် ယေဟောဝါဝတ်ပြုရေးအတွက် ဗိမာန်တော်ကို ဆောက်လုပ်ခဲ့မည်မဟုတ်လော။
မ. ၂၁:၄၂၊ ၄၃– “ယေရှုကလည်း၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တစ်ဖန် တိုက်ထောင့်အထွတ်အဖျားသို့ ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရားပြုတော်မူသောအမှုဖြစ်၏။ ငါတို့မျက်မှောက်၌လည်း အံ့သြဖွယ်ဖြစ်၏ ဟူသောစကားကို ကျမ်းစာ၌ သင်တို့ [ယေရုရှလင်မြို့မှ ယဇ်ပုရောဟိတ်အကြီးအမှူးနှင့်အသက်ကြီးသူများ] သည် တစ်ရံတစ်ခါမျှမဖတ်ဖူးသလော။ ထိုကြောင့် ငါဆိုသည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့မှနုတ်၍ နိုင်ငံတော်၏အသီးကိုသီးအံ့သောလူမျိုးအား ပေးရလတ္တံ့ [ဟု မိန့်တော်မူ၏။]”
မ. ၂၃:၃၇၊ ၃၈– “အိုယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ သင်သည် ပရောဖက်တို့ကို သတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သောသူတို့ကိုလည်း ကျောက်ခဲနှင့်ပစ်မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲ့သို့ သင်၏သားတို့ကို စုရုံးစေခြင်းငှာ ကြိမ်ဖန်များစွာ ငါအလိုရှိပြီ။ သင်မူကား အလိုမရှိ။ သင်တို့နေသောအိမ်သည် သင်တို့၌ လူဆိတ်ညံလျက်ကျန်ရစ်ရ၏။”
အာဗြဟံနှင့်ဖွဲ့သော ဘုရားသခင့်ပဋိညာဉ်က ဂျူးတို့သည် အဆက်မပြတ်လက်ရွေးစင် လူမျိုးတော်ဖြစ်မည်ဟု အာမခံသလော
ဂလ. ၃:၂၇-၂၉– “ခရစ်တော်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆောင်သောသူဖြစ်ကြ၏။ ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ယောက်ျားမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့အပေါင်းသည် တစ်လုံးတစ်ဝတည်းဖြစ်ကြ၏။ ခရစ်တော်နှင့်စပ်ဆိုင်လျှင် အာဗြဟံ၏အမျိုးအနွယ်ပင်ဖြစ်၍ ကတိတော်အတိုင်း အမွေခံ၏အရာ၌ တည်ကြ၏။” (ထို့ကြောင့်၊ မည်သူသည် ဘုရားသခင့်ရှေ့၌ အာဗြဟံ၏အမျိုးအနွယ်ဖြစ်သည်နှင့်ပတ်သက်၍ အာဗြဟံ၏ပကတိမျိုးရိုးဖြစ်ခြင်းက အဆုံးအဖြတ်မပေးတော့။)
ဂျူးအားလုံး ခရစ်တော်ကိုယုံကြည်လာပြီး ထာဝရကယ်တင်ခြင်းရကြမည်လော
ရော. ၁၁:၂၅၊ ၂၆၊ သက– “ညီအစ်ကိုတို့၊ သင်တို့သည် မိမိတို့ကိုယ်ကို တတ်သိလိမ္မာလှပြီဟု မထင်မမှတ်ကြစေရန် ငါသည် ထာဝရဘုရား၏ လျှို့ဝှက်နက်နဲသောအရာကို သင်တို့အား ဖော်ပြလိုပါ၏။ ထိုလျှို့ဝှက်နက်နဲသောအရာမှာ ဤသို့တည်း။ ယုဒအမျိုးသားတို့ အမြဲစိတ်နှလုံးထိုင်းမှိုင်းလျက်နေကြမည်မဟုတ်ဘဲ ကယ်တင်ခြင်းကိုခံရမည့် အခြားအမျိုးသားတို့ အရေအတွက်ပြည့်မီလာသည့်ကာလအထိသာ ဖြစ်ပါ၏။ ထိုနောက် [“ထိုသို့၊” ယဒ; “ဤနည်းအားဖြင့်၊” TEV; “သို့ဖြင့်၊” CC, By; ဂရိ hou’tos (ဟောက်တို့စ်)] ထာဝရဘုရားသည် ဣသရေလအမျိုးသား တစ်ရပ်လုံးကို ကယ်တင်တော်မူလိမ့်မည်။” (“ဣသရေလအမျိုးသား တစ်ရပ်လုံး” ၏ကယ်တင်ခြင်းသည် ‘အခြားအမျိုးသားတို့ဝင်လာခြင်း’ အားဖြင့် အထမြောက်မည်ဖြစ်ကြောင်း၊ ဂျူးအားလုံး ခရစ်ယာန်ဘာသာသို့ပြောင်းဝင်ခြင်းအားဖြင့်မဟုတ်ကြောင်း သတိပြုပါ။ အချို့ဘာသာပြန်သူများက အခန်းငယ် ၂၆ ကို ဤသို့ပြန်ဆိုကြသည်– “ထို့နောက် ကျန်ဣသရေလလူတို့သည် ကယ်တင်ခံရကြမည်။” သို့သော် ဓမ္မသစ်ကျမ်း ဂရိအဘိဓာန်လက်စွဲ [အက်ဒင်ဘာရာမြို့၊ ၁၉၃၇၊ ဂျီ. အဘောတ်စမစ်သ်၊ စ. ၃၂၉] က ဟောက်တို့စ် ကို “ဤနည်းဖြင့်၊ ဤသို့၊ ဤပုံဖြင့်” ဟု အနက်ဖော်သည်။)
ရောမ ၁၁:၂၅၊ ၂၆ ကို မှန်ကန်စွာနားလည်နိုင်ရန် ရောမစာစောင် ရှေ့ ဦးပိုင်းမှ အောက်ပါစကားများကို ထည့်သွင်းစဉ်းစားသင့်သည်။ “အပြင်အားဖြင့်သာ ယုဒလူဖြစ်သောသူသည် ယုဒလူမှန်မဟုတ်။ အပြင်အားဖြင့်သာ ကိုယ်အသား၌ အရေဖျားလှီးခြင်းသည် အရေဖျားလှီးခြင်းအမှန်မဟုတ်။ အတွင်းအားဖြင့် ယုဒလူဖြစ်သောသူသည် ယုဒလူမှန်၏။ အရေဖျားလှီးခြင်းလည်း ကျမ်းဟောင်းတရားအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်တရားအားဖြင့် စိတ်နှလုံးနှင့်စပ်ဆိုင်၏။” (၂:၂၈၊ ၂၉) “ဣသရေလမှပေါက်ဖွားလာသူတိုင်း ‘ဣသရေလလူ’ စင်စစ်မဟုတ်။”—၉:၆၊ ကဘ။
ဂျူးတို့သည် ယေရှုခရစ်ကိုယုံကြည်မှသာ ကယ်တင်ခြင်းရမည်လော
ဟေရှာယ ၅၃:၁-၁၂ က မေရှိယသည် ‘လူများစွာတို့၏အပြစ်များကိုသယ်ပိုး၍ ကျူးလွန်သူတို့အဖို့ ကြားဖျန်ပေးရန် အသေခံရမည်ဖြစ်ကြောင်း’ ကြိုပြောထားသည်။ ဒံယေလ ၉:၂၄-၂၇ က မေရှိယ၏ကြွလာခြင်းနှင့်သေခြင်းကို ‘အပြစ်ကိုအဆုံးသတ်၍ ဆိုးညစ်မှုကိုခွင့်လွှတ်ခြင်းနှင့် ဆက်စပ်ထားသည်။ ကျမ်းပိုဒ်နှစ်ပိုဒ်စလုံးက ဂျူးတို့သည် ထိုသို့သောကြားဖျန်မှုနှင့်ခွင့်လွှတ်မှုကို လိုအပ်ကြောင်း တင်ပြသည်။ သူတို့သည်မေရှိယကိုငြင်းပယ်လျက်နှင့် မေရှိယကိုစေလွှတ်တော်မူသောအရှင်၏ မျက်နှာသာတော်ရဖို့ မျှော်လင့်နိုင်မည်လော။
တ. ၄:၁၁၊ ၁၂– “[တမန်တော်ပေတရုက သန့်ရှင်းသောဝိညာဉ်တော်လှုံ့ဆော်ခြင်းကိုခံရ၍ ယေရုရှလင်မြို့ရှိ ဂျူးအရာရှိများနှင့်အသက်ကြီးသူများအား ယေရှုခရစ်နှင့်ပတ်သက်၍ ဤသို့ဆို၏။] ထိုသခင်ကား၊ သင်တို့သည် တိုက်ကိုတည်လုပ်သောအခါ ပယ်ထား၍ နောက်တစ်ဖန် တိုက်ထောင့်အထွတ်ဖျားသို့ ရောက်ပြန်သောကျောက်ဖြစ်တော်မူ၏။ ထိုသခင်မှတစ်ပါး အဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။ ထိုသခင်၏နာမတော်မှတစ်ပါး ငါတို့ကိုကယ်တင်နိုင်သောနာမ တစ်စုံတစ်ခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ။” (ပကတိဣသရေလလူတို့သည် ဘုရားသခင့်မျက်နှာသာတော်ကို အထူးမခံစားရတော့သော်လည်း မေရှိယယေရှုမှတစ်ဆင့် ကယ်တင်ခြင်းသို့ရောက်သောလမ်းသည် လူမျိုးအားလုံးရှေ့ ပွင့်လျက်ရှိသည်နည်းတူ ဂျူးတို့ရှေ့ မှာလည်း ပွင့်လျက်ရှိပေသည်။)
ယနေ့ အစ္စရေးနိုင်ငံအတွင်း ဖြစ်ပျက်လျက်ရှိသောအရာများက သမ္မာကျမ်းစာပရောဖက်ပြုချက်၏ပြည့်စုံချက်လော
ယေဇ. ၃၇:၂၁၊ ၂၂– “အရှင်ထာဝရဘုရား၏အမိန့်တော်ကိုလည်းဆင့်ဆိုရမည်မှာ ဣသရေလအမျိုးသားတို့ရောက်သော တစ်ပါးအမျိုးသားနေရာအရပ်ရပ်တို့မှ သူတို့ကို ငါခေါ်ခဲ့၍ စုဝေးစေပြီးလျှင် သူတို့ကို နေရင်းပြည်သို့ပို့ဆောင်မည်။ ထိုပြည်တွင် ဣသရေလတောင်တို့အပေါ်၌ လူတစ်မျိုးတည်းဖြစ်စေ၍ ရှင်ဘုရင်တစ်ပါးတည်းသာလျှင် ထိုသူအပေါင်းတို့ကို စိုးစံရလိမ့်မည်။” (ယနေ့အစ္စရေးမှာ ဒါဝိဒ်မင်းမျိုးမှဘုရင်တစ်ပါးအုပ်စိုးသောနိုင်ငံမဟုတ်။ သမ္မတနိုင်ငံဖြစ်၏။)
ဟေရှာ. ၂:၂-၄– “နောက်ဆုံးသောကာလ၌ ထာဝရဘုရား၏အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ်တို့၏ထိပ်ပေါ်မှာချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်းသောလူမျိုးတို့သည် ထိုတောင်သို့စည်းဝေးကြလိမ့်မည်။ များပြားသောသူတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ဘုရားသခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကိုပြသသွန်သင်တော်မူ၍ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်ဟု ခရီးသွားလျက်ပြောဆိုကြလိမ့်မည်။ . . . သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန်မသင်ရကြ။” (ယနေ့အစ္စရေးနိုင်ငံတွင်၊ ယခင်က ဗိမာန်တော်တည်ရာယေရုရှလင်မြို့၌ “ယာကုပ်အမျိုး၏ဘုရားသခင့်အိမ်တော်” ကိုမတွေ့ရ။ အစ္စလာမ်အထိမ်းအမှတ်ဗိမာန်တစ်ဆောင်သာရှိသည်။ အစ္စရေးနှင့်အိမ်နီးချင်းနိုင်ငံများအနေနှင့်လည်း မိမိတို့ “ဓားလက်နက်များကို ထွန်သွားဖြစ်စေ” ရန် မပြုကြပါ။ လက်နက်ကိုအားကိုးတကြီး အသင့်ပြင်လျက်နေခြင်းဖြင့်သာ တည်တံ့နေကြသည်။)
ဟေရှာ. ၃၅:၁၊ ၂– “တောနှင့်လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည်။ ဆိတ်ညံသောအရပ်သည်လည်း ရွှင်လန်း၍ နှင်းပွင့်ကဲ့သို့အပွင့်ပွင့်လိမ့်မည်။ အလွန်ပွင့်လန်း၍ ဝမ်းမြောက်ခြင်း၊ သီချင်းဆိုခြင်းနှင့်တကွ မြူးထူးလိမ့်မည်။ လေဗနုန်တောင်၏ဘုန်းနှင့်လည်းကောင်း၊ ကရမေလတောင်၊ ရှာရုန်အရပ်တို့၏တင့်တယ်ခြင်းအသရေနှင့်လည်းကောင်း ပြည့်စုံလိမ့်မည်။ ထာဝရဘုရား၏ဘုန်းတော်ကိုလည်းကောင်း၊ ငါတို့ဘုရားသခင်၏တန်ခိုးအာနုဘော်တော်ကိုလည်းကောင်း မြင်ရကြလိမ့်မည်။” (အစ္စရေးနိုင်ငံ၌ သစ်ပင်ပြန်စိုက်ခြင်းနှင့် ဆည်မြောင်းစီမံကိန်း သိသာအောင်မြင်စွာပြုလုပ်လျက်ရှိပေသည်။ သို့သော် ၎င်း၏ခေါင်းဆောင်များက အရှင်ထာဝရဘုရား၏ဂုဏ်ကျေးဇူးကိုအမွှမ်းမတင်ကြပါ။ ယခင်ဝန်ကြီးချုပ် ဒေးဗစ်ဘင်-ဂူရီယွန်ဆိုသည့်အတိုင်း၊ “အစ္စရေးသည် . . . သိပ္ပံစွမ်းပကားနှင့် ရှေ့ဆောင်စိတ်ဓာတ်ဖြင့် သဲကန္တာရပေါ် အောင်ပန်းဆွတ်၍ ၎င်းကိုပွင့်လန်းကြီးပွားစေပြီး နိုင်ငံတော်ကိုလည်း ဒီမိုကရေစီခံတပ်အဖြစ် အသွင်ပြောင်းစေရန် သန္နိဋ္ဌာန်ချထားသည်။”)
ဇာ. ၈:၂၃– “ထိုကာလ၌ ဘာသာအသီးအသီးကိုပြောတတ်သောလူအမျိုးမျိုးတို့တွင် တစ်ကျိပ်သောလူတို့သည် ယုဒလူဖြစ်သောသူ၏အဝတ်စွန်းကိုကိုင်လျက် ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူသည်ဟု အကျွန်ုပ်တို့သည်ကြားသိ၍ သင်တို့နှင့်အတူလိုက်ပါမည်ဟု ဆိုကြလိမ့်မည်။” (ပရောဖက်ပြုချက်သည် အဘယ်ဘုရားကို ရည်ညွှန်းနေသနည်း။ ဟေဗြဲဘာသာ၌ [ယေဟောဝါဟူ၍ အများကဘာသာပြန်သော] ကိုယ်တော့်နာမတော် [יהוה] ကို ဇာခရိကျမ်း၌ အကြိမ်ပေါင်း ၁၃၀ မက တွေ့ရသည်။ ယနေ့ တစ်ဦးတစ်ယောက်က ထိုနာမတော်ကိုသုံးသောအခါ၊ သူသည် ဂျူးဖြစ်ရမည်ဟု လူများထင်မှတ်ကြသလော။ မထင်မှတ်ပါ။ ဂျူးတို့ အယူသီးကာ ဘုရားသခင့်ကိုယ်ပိုင်နာမတော်ကို အသံထွက်၍ပင် မရွတ်ဆိုတော့သည်မှာ ရာစုနှစ်နှင့်ချီ၍ကြာညောင်းခဲ့လေပြီ။ ပကတိဣသရေလနှင့်စပ်လျဉ်း၍ ဘာသာရေးဆိုင်ရာစိတ်ဝင်စားမှုလှိုင်းလုံးကြီးထခဲ့သော်လည်း အထက်ပရောဖက်ပြုချက်နှင့် မကိုက်ညီချေ။)
သို့ဖြစ်လျှင် ခေတ်သစ်အစ္စရေး၏အဖြစ်အပျက်များကို မည်သို့ယူမှတ်ရန်နည်း။ သမ္မာကျမ်းစာကြိုဟောခဲ့သော ကမ္ဘာ့ဖြစ်ရပ်များ၏အစိတ်အပိုင်းများသာဖြစ်သည်။ စစ်မက်၊ ဒုစရိုက်၊ ဘုရားသခင်ပေါ်မေတ္တာလျော့နည်းလာခြင်းနှင့် ငွေတပ်မက်ခြင်း ပါဝင်သည်။—မ. ၂၄:၇၊ ၁၂; ၂ တိ. ၃:၁-၅။
ဣသရေလနိုင်ငံပြန်လည်ထူထောင်ခြင်းဆိုင်ရာပရောဖက်ပြုချက်များသည် ယနေ့ မည်သူများပေါ်မှာ ပြည့်စုံခဲ့သနည်း
ဂလ. ၆:၁၅၊ ၁၆– “ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်းအကျိုးမရှိ။ မခံဘဲနေခြင်းလည်းအကျိုးမရှိ။ သတ္တဝါသစ်ဖြစ်ခြင်းသာ အကျိုးရှိ၏။ ဤနည်းဥပဒေသအတိုင်း ကျင့်သောသူရှိသမျှတို့အပေါ်၌လည်းကောင်း၊ ဘုရားသခင်၏ဣသရေလအမျိုးအပေါ်၌လည်းကောင်း၊ ငြိမ်သက်ခြင်းနှင့်သနားတော်မူခြင်း သက်ရောက်ပါစေသော။” (ထို့ကြောင့်၊ “ဘုရားသခင်၏ဣသရေလ” ဟုတ်မဟုတ်ဟူသောအချက်သည် အိမ်ထောင်ထဲမှ ယောက်ျားမှန်သမျှ အရေဖျားလှီးမင်္ဂလာခံရမည်ဟူသော အာဗြဟံအားပညတ်တော်မူသည့်အတိုင်းပြုခြင်းပေါ်မူမတည်တော့။ ဂလာတိ ၃:၂၆-၂၉ အတိုင်း၊ ခရစ်တော်နှင့်စပ်ဆိုင်သောသူ၊ ဘုရားသခင်၏ ဝိညာဉ်တော်ဖွားသားများသာလျှင် “အာဗြဟံ၏အမျိုးအနွယ်” စစ်ဖြစ်သည်။
ယေ. ၃၁:၃၁-၃၄၊ သမ္မာ– “ထာဝရဘုရားမိန့်တော်မူသည်ကား၊ . . . ပဋိညာဉ်သစ်ကို ဣသရေလအမျိုးသား၊ ယုဒအမျိုးသားတို့နှင့် ငါဖွဲ့သောအချိန်ကာလရောက်လိမ့်မည်။ . . . ထိုသူတို့က ထာဝရဘုရားကိုသိကျွမ်းလော့ဟု အချင်းချင်း တစ်ယောက်ကိုတစ်ယောက် နောက်တစ်ဖန် ဆုံးမသြဝါဒပေးရတော့မည်မဟုတ်။ အကြောင်းမူကား၊ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင်၊ ထိုသူအပေါင်းတို့သည် ငါ့ကိုသိကျွမ်းကြလိမ့်မည်။” (ထိုပဋိညာဉ်သစ်ကို ပကတိဣသရေလလူတို့နှင့်ဖွဲ့တော်မမူ။ ကောင်းကင်အသက်တာသို့ခေါ်တော်မူခြင်းခံရသော ယေရှု၏သစ္စာရှိတပည့်များနှင့် ဖွဲ့တော်မူ၏။ မိမိ၏သေခြင်းကိုအောက်မေ့သောပွဲတော်ကို ယေရှုအစပြုစဉ် သူတို့အား စပျစ်ရည်ခွက်ကိုကမ်းလျက် “ဤခွက်ကား ငါ၏အသွေး၌တည်သောပဋိညာဉ်တရားသစ်ဖြစ်၏” ဟု မိန့်တော်မူသည်။ [၁ ကော. ၁၁:၂၅])
ဗျာ. ၇:၄– “တံဆိပ်ခတ်ခြင်းကိုခံရသောသူအရေအတွက်ကို ငါကြားရ၍ ဣသရေလအမျိုးသားတို့၌ အသီးအသီးသောအမျိုးအနွယ်ထဲက လူတစ်သိန်းလေးသောင်းလေးထောင်တို့သည် တံဆိပ်ခတ်ခြင်းကိုခံရကြ၏။” (သို့ရာတွင်၊ နောက်ဆက်တွဲအခန်းငယ်များ၌ “လေဝိအမျိုး” နှင့် “ယောသပ်အမျိုး” အကြောင်း ဖော်ပြထားသည်။ ထိုနှစ်နွယ်မှာ ပကတိဣသရေလ ၁၂ နွယ်ဝင်မဟုတ်။ “ဣသရေလအမျိုးသားတို့၌ အသီးအသီးသောအမျိုးအနွယ်ထဲက” လူတို့ကို တံဆိပ်ခတ်မည်ဟုဆိုသော်လည်း ဒန်နှင့်ဧဖရိမ်အနွယ်မပါဝင်သည်မှာ စိတ်ဝင်စားဖွယ်ပင်။ [တောလည်ရာ ၁:၄-၁၆ နှင့်နှိုင်းယှဉ်။] ဘုရားသခင့်ဝိညာဏဣသရေလလူတို့ကို ပြောနေခြင်းဖြစ်ရပေမည်။ ဗျာဒိတ် ၁၄:၁-၃ က သူတို့သည် ခရစ်တော်၏ကောင်းကင်နိုင်ငံတော်၌ ကိုယ်တော်နှင့်အတူ စိုးစံကြမည်ဟုဆို၏။)
ဟေဗြဲ ၁၂:၂၂-၂၄– “သင်တို့သည် ဇိအုန်တောင်သို့လည်းကောင်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏မြို့တော်တည်းဟူသော ကောင်းကင်ယေရုရှလင်မြို့သို့လည်းကောင်း၊ အတိုင်းမသိ များစွာသောကောင်းကင်တမန်တို့၏စည်းဝေးခြင်းသို့လည်းကောင်း၊ . . . ရောက်ကြ၏။” (ထို့ကြောင့်၊ ခရစ်ယာန်စစ်တို့က ဘုရားသခင့်ကတိတော်များသည် မြေကြီးယေရုရှလင်မြို့၌မပြည့်စုံ၊ “ကောင်းကင်ယေရုရှလင်မြို့” ၌ပြည့်စုံမည်ကို မျှော်လင့်ကြပေသည်။)