လူဝင်စားခြင်း
အဓိပ္ပာယ်သတ်မှတ်ချက်– လူ့ဘဝသို့ဖြစ်စေ၊ တိရစ္ဆာန်ဘဝသို့ဖြစ်စေ တစ်ဖန် (ဝါ) အဖန်တလဲလဲ ဘဝကူးပြောင်းသည်ဟူသော ယုံကြည်ချက်ဖြစ်သည်။ အထည်မဲ့ “စိုးလ်” က နောက်ခန္ဓာတစ်ခုထဲသို့ဝင်စားသည်ဟု ယူဆလေ့ရှိသည်။ သမ္မာကျမ်းစာ၏သွန်သင်ချက်မဟုတ်ပါ။
မိတ်သစ်ပြင်ပြင် ဒေသသစ်ပြင်ပြင်ကို သိသယောင် ခံစားရခြင်းက လူဝင်စားသည့်အယူမှန်ကြောင်း သက်သေပြသလော
ရှင်ဆဲအမျိုးသား သို့မဟုတ် အမျိုးသမီးတစ်ဦးကို ရှင်ဆဲ အခြားတစ်ယောက်အဖြစ် သင် အထင်မှားဖူးသလော။ လူအတော်များများ ထိုသို့မှားဖူးပါသည်။ အဘယ်ကြောင့်နည်း။ ပြောပုံဆိုပုံ သွားလာလှုပ်ရှားပုံ တူသူမရှား၍ဖြစ်၏။ ရုပ်ရည်တစ်ထေရာတည်းပင် ဖြစ်ချင်ဖြစ်မည်။ ထို့ကြောင့်၊ တစ်ခါကမျှမတွေ့ဖူးသောလူတစ်ယောက်ကို သိသလိုလိုခံစားရသောခံစားချက်က ယခင်ဘဝ၌ သူနှင့်သိကျွမ်းသည်ကို သက်သေမပြပါ။
မိမိတစ်ခါမျှမရောက်ဖူးသောအိမ်တစ်အိမ် သို့မဟုတ် မြို့တစ်မြို့ကို ဘာကြောင့် တွေ့ဖူးသလိုထင်ရသနည်း။ ယခင်ဘဝ၌ ထိုနေရာတွင် နေခဲ့၍လော။ အလားတူပုံစံဖြင့် ဆောက်ထားသောအိမ်များ မနည်းပါ။ အလှမ်းဝေးသော မြို့နှစ်မြို့ထဲမှ ပရိဘောဂများလည်း တစ်ပုံစံတည်းဖြင့်ထုတ်လုပ်ထားခြင်း ဖြစ်နိုင်သည်။ ဝေးကွာလှသောဒေသနှစ်ခုမှရှုမျှော်ခင်းလည်း ဆင်တူရိုးမှားဖြစ်တတ်သည်မဟုတ်လော။ သို့ဖြစ်၍ တွေ့ဖူးသလိုခံစားရခြင်းမှာ ဘဝကူးပြောင်းခြင်းကြောင့် ဟူ၍ဆိုစရာမလိုဘဲနှင့် အကြောင်းရင်းကိုနားလည်နိုင်သည်။
အိပ်မွေ့ချခံရစဉ် ပြန်သတိရ၍ပြောထုတ်သော ယခင်တစ်ချိန် တစ်နေရာမှဘဝအဖြစ်သနစ်များက လူဝင်စားခြင်းအယူကို သက်သေထူသလော
အိပ်မွေ့အချခံရစဉ် ဦးနှောက်ထဲမှအကြောင်းအရာများစွာကို ဖော်ထုတ်နိုင်သည်။ အိပ်မွေ့ချသူက လူ့မသိစိတ်၏မှတ်ဉာဏ်ထဲမှ သိလိုရာကို နှိုက်ထုတ်၏။ သို့သော် မှတ်ဉာဏ်ထဲမှအဖြစ်အပျက်များ အဘယ်နည်းဖြင့် မှတ်ဉာဏ်ထဲသို့ရောက်ခဲ့သနည်း။ စာဖတ်၊ ရုပ်ရှင်ကြည့်၍ဖြစ်နိုင်သည်။ ရုပ်မြင်သံကြား၌ လူတို့အကြောင်း သိမြင်ခဲ့၍လည်းဖြစ်၏။ ထိုလူများ ခံစားသလို သင်ခံစားကြည့်ခဲ့လျှင် ကိုယ်တွေ့ပမာ မှတ်ဉာဏ်ထဲ၌ အကွင်းသား ထင်ကျန်ရစ်နိုင်သည်။ ကိုယ်လုပ်ခဲ့ရာများသည် အချိန်ကြာမြင့်သည်နှင့်အမျှ မေ့ပျောက်ခဲ့လေပြီ။ သို့သော် အိပ်မွေ့ချခံရသောအခါ ထိုမှတ်ဉာဏ်ပြန်ပေါ်လာပြီး “နောက်တစ်ဘဝ” အလား ထင်စရာဖြစ်တတ်၏။ သို့ရာတွင် ဆိုရိုးမှန်လျှင် လူတိုင်း ထိုမှတ်ဉာဏ်မျိုး ရှိဖို့ကောင်း၏။ သို့သော် လူတိုင်း၌မရှိ။ မှတ်သားစရာမှာ၊ အိပ်မွေ့ချ၍ထွက်ဆိုသည့်သက်သေထွက်ဆိုချက်ကို လက်မခံသော အမေရိကန်ပြည် ပြည်နယ်တရားရုံးချုပ် များစွာရှိရုံမက ၎င်းတို့၏အရေအတွက်လည်း တိုးများလျက်နေသည်။ ၁၉၈၀ ပြည့်နှစ်၌ မင့်နစိုးတာတရားရုံးချုပ်က “အထူးချွန်ဆုံး ပါရဂူထွက်ဆိုချက်အရ၊ အိပ်မွေ့ချ၍ မှတ်ဉာဏ်ထဲမှဖော်ထုတ်သောအချက်အလက်များကိုဖြစ်စေ၊ ၎င်းတို့၏တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ မှန်သည်၊ မှားသည်၊ လုပ်ကြံပြောဆိုချက်ဖြစ်သည်ဟူ၍ အဘယ်ပါရဂူကမျှ မပိုင်းဖြတ်နိုင် [ကြောင်း]၊ ၎င်းတို့ကို တိကျမှန်ကန်သောအချက်အလက်အဖြစ် သိပ္ပံနည်းကျကျ အားမထားနိုင်” ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ (State v. Mack, [ပြည်နယ်နှင့်မက် တရားတပေါင်တွေ့။] 292 N.W.2d 764) အိပ်မွေ့အချခံရသူသည် အိပ်မွေ့ချသူ၏အဆိုအမိန့်ဩဇာအောက်သို့ရောက်နေသဖြင့် သူ၏ထွက်ဆိုချက်များကို အားမထားနိုင်ခြင်းဖြစ်သည်။
သမ္မာကျမ်းစာ၌ လူဝင်စားခြင်းအယူကိုယုံကြည်သည့်သာဓကများကို တွေ့ရသလော
မဿဲ ၁၇:၁၂၊ ၁၃ က လူဝင်စားခြင်းအယူကို ဖော်ပြနေသလော
မ. ၁၇:၁၂၊ ၁၃– “[ယေရှုက] ဧလိယရောက်လာပြီ။ လူများသည် သူ့ကိုမသိသဖြင့် သူ့အား ပြုချင်သမျှကိုပြုကြပြီ။ ထိုနည်းတူလူသားသည်လည်း ထိုလူများလက်၌ ခံရမည်ဟု မိန့်တော်မူသော်၊ ဗတ္တိဇံဆရာယောဟန်ကိုအမှတ်ပြု၍ မိန့်တော်မူကြောင်းကို တပည့်တော်တို့သည်နားလည်ကြ၏။”
အထက်စကားက နှစ်ခြင်းဆရာယောဟန်သည် ဧလိယလူဝင်စားဖြစ်သည်ဟုဆိုလိုသလော။ ဂျူးယဇ်ပုရောဟိတ်တို့က ယောဟန်အား “[သင်သည်] ဧလိယဖြစ်သလော” ဟုမေးသောအခါ၊ ယောဟန်က “မဟုတ်” ဟုဆို၏။ (ယော. ၁:၂၁) သို့ဖြစ်လျှင် ယေရှုဘာကိုဆိုလိုသနည်း။ ယေဟောဝါ၏ကောင်းကင်တမန် ကြိုပြောသည့်အတိုင်း ယောဟန်သည် “အဘတို့နှင့်သားတို့ကို အသင့်အတင့်ဖြစ်စေခြင်းငှာလည်းကောင်း၊ ငြင်းဆန်သောသူတို့ကို သူတော်ကောင်းတို့၏သတိပညာလမ်းသို့ ပြောင်းလဲစေသောအားဖြင့်၊ ထာဝရဘုရားအဖို့အလိုငှာ ပြင်ဆင်သောလူမျိုး ဖြစ်စေခြင်းငှာလည်းကောင်း၊ . . . ဧလိယ၏စိတ်ဝိညာဉ်တန်ခိုး [“စိတ်ဓာတ်၊” ကဘ] နှင့်ပြည့်စုံလျက်” ဘုရားသခင်၏မေရှိယရှေ့ မှ သွားခဲ့ပေသည်။ (လု. ၁:၁၇) သို့ဖြစ်၍ နှစ်ခြင်းဆရာယောဟန်သည် ပရောဖက်ဧလိယလုပ်ခဲ့သည့်အလုပ်မျိုးကိုလုပ်ဆောင်ခြင်းဖြင့် ပရောဖက်ပြုချက်ကို ပြည့်စုံစေခြင်းဖြစ်သည်။—မာလ. ၄:၅၊ ၆။
ယောဟန် ၉:၁၊ ၂ ပါ အဖြစ်အပျက်က လူဝင်စားခြင်းအယူကို အရိပ်အမြွက်ပြသလော
ယော. ၉:၁၊ ၂– “လမ်း၌သွားတော်မူစဉ်၊ အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူတစ်ယောက်ကို တွေ့မြင်တော်မူ၏။ တပည့်တော်တို့က၊ အရှင်ဘုရား၊ ဤသူသည် အဘယ်သူ၏အပြစ်ကြောင့် မျက်စိကန်းသနည်း။ ကိုယ်အပြစ်ကြောင့်ကန်းသလော။ မိဘအပြစ်ကြောင့်ကန်းသလောဟု မေးလျှောက်ကြ၏။”
တပည့်တော်တို့သည် “လူကောင်းတို့၏စိုးလ်သာလျှင် အခြားခန္ဓာအတွင်းသို့ပြောင်းရွှေ့ခံရသည်” ဟူသောဂျူးဖာရိရှဲတို့၏အယူလွှမ်းမိုးခြင်းကိုခံရ၍ ထိုသို့မေးခြင်းဖြစ်နိုင်သလော။ (Wars of the Jews [ဂျူးတို့၏စစ်ပွဲများ] ဂျိုစီဖတ်စ်၊ စာအုပ် ၂၊ အခန်း ၈၊ အပိုဒ် ၁၄) ဖြစ်ဟန်မတူ။ သူတို့၏မေးခွန်း၌ ထိုလူကန်းသည် လူကောင်းဖြစ်သည်ဟူသောသဘော မပါသောကြောင့်ဖြစ်၏။ သူတို့သည် ယေရှု၏တပည့်များအနေနှင့် ကျမ်းစာကိုယုံ၍ စိုးလ်သေနိုင်ကြောင်းသိဖို့အကြောင်းက များပေသည်။ သို့တစေ၊ အမိဝမ်းထဲမှကလေးပင် အသက်ရှင်၍ အပြစ်၌ ပဋိသန္ဓေစွဲသည်ဖြစ်ရာ တပည့်တော်တို့က မမွေးသေးသောကလေးတစ်ယောက် အပြစ်ပြုသောကြောင့် မျက်စိကန်းခဲ့ရခြင်းမဖြစ်နိုင်ပေလောဟူ၍ တွေးတောချင်တွေးတောကြမည်။ မည်သို့ရှိစေ၊ ယေရှု၏အဖြေက လူဝင်စားခြင်းအယူကိုဖြစ်စေ၊ အမိဝမ်းတွင်းမှကလေး မမွေးခင်အပြစ်ပြုသည်ဟူသောအယူကိုဖြစ်စေ မထောက်ခံ။ “ယေရှုကလည်း ကိုယ်အပြစ်ကြောင့်မဟုတ်။ မိဘအပြစ်ကြောင့်လည်းမဟုတ်” ဟုဖြေကြားတော်မူ၏။ (ယော. ၉:၃) ကျွန်ုပ်တို့သည် အာဒံ့သားမြေးများဖြစ်သောကြောင့် ချွတ်ယွင်းချက်နှင့်မစုံလင်မှုများကို အမွေခံရကြကြောင်း သိတော်မူ၏။ ယေရှုသည် ထိုအခွင့်အခါကိုသုံး၍ ဘုရားသခင်ကိုဂုဏ်ပြုသည့်အနေနှင့် မျက်မမြင်ကို ကုသတော်မူလေသည်။
စိုးလ်နှင့်သေခြင်းဆိုင်ရာကျမ်းစာသွန်သင်ချက်က လူဝင်စားခြင်းအယူကို လက်ခံသလော
က. ၂:၇ က– “ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့်လူကိုဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကိုမှုတ်တော်မူလျှင် လူသည် အသက်ရှင်သောသတ္တဝါ [“စိုးလ်၊” ကဘ] ဖြစ်လေ၏” ဟု ဆိုသည်။ လူကိုယ်တိုင် စိုးလ်ဖြစ်ကြောင်း သတိပြုပါ။ စိုးလ်သည် ကိုယ်နှင့်ကွဲ၍ သီးခြားဖြစ်သော ရုပ်မဲ့ပစ္စည်းမဟုတ်။ “ပြစ်မှားသောဝိညာဉ်သည် အသက်သေရမည်။” (ယေဇ. ၁၈:၄၊ ၂၀) သေသောလူကို “သေသောစိုးလ်” အဖြစ် ရည်ညွှန်းထားသည်။ (တော. ၆:၆၊ ကဘ) လူသေသောအခါ၊ “အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ချင်းတွင်၊ သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။” (ဆာ. ၁၄၆:၄) ထို့ကြောင့် လူတစ်ဦးသေသောအခါ၊ ပုဂ္ဂိုလ်တစ်ယောက်လုံးသေ၏။ အခြားခန္ဓာတစ်ခုထဲသို့ပြောင်းရွှေ့နိုင်စရာ ဘာမျှမကျန်ပါ။ (ထပ်ဆင့်အသေးစိတ်အချက်ကို “စိုးလ်” နှင့် “သေခြင်း” အကြောင်း၌ရှု။)
ဒေ. ၃:၁၉– “လူသားတွေ့ကြုံသောအမှုကို တိရစ္ဆာန်တွေ့ကြုံတတ်၏။ ထိုနှစ်ဦးတို့သည် တစ်ပါးတည်းသောအမှုကို တွေ့ ကြုံလျက် တစ်ဦးသေသကဲ့သို တစ်ဦးသေတတ်၏။” (တိရစ္ဆာန်သေစဉ် လူကဲ့သို့ပင် ဘာမျှမကျန်။ နောက်ခန္ဓာတစ်ခုသို့ဝင်စားနိုင်ရန် ဘာမျှမရှိ။)
ဒေ. ၉:၁၀– “ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအားထုတ်၍ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသော မရဏာနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။” (လူသေသည် အခြားခန္ဓာတစ်ခုအတွင်းဝင်သွားသည်မဟုတ်။ လူသားတို့သွားရာသင်္ချိုင်းသို့ဝင်ကြ၏။)
လူဝင်စားခြင်းအယူသည် ကျမ်းစာကမ်းလှမ်းသောမျှော်လင့်ချက်နှင့် မည်မျှခြားနားသနည်း
လူဝင်စားခြင်း– ဤအယူအရ၊ လူသေသောအခါ၊ လူကောင်းလုပ်ခဲ့လျှင် “ပုဂ္ဂိုလ်စင်စစ်” ဖြစ်သောစိုးလ်သည် သာ၍မြတ်သောဘဝသို့လား၍ သုစရိုက်ထက် ဒုစရိုက်များလျှင်မူ တိရစ္ဆာန်ဘဝသို့လားရ၏။ မွေးလာတိုင်း ဒုက္ခနှင့်အနိစ္စကိုရင်ဆိုင်ရသော နဂိုစနစ်အတွင်းသို့ ပြန်ရောက်ရသည်ဟုယုံကြည်ကြ၏။ ဤဘဝသံသရာသည် အဆုံးမရှိဟုယူမှတ်ကြသည်။ သင့်နောင်ရေးသည် ဤသို့ပင်လော။ အချို့သူတို့က တစ်ပါးတည်းသော အကျွတ်တရားမှာ တဏှာရှိသမျှကိုချုပ်ငြိမ်းစေရန်ဖြစ်သည်ဆို၏။ အဘယ်ဘဝသို့ကျွတ်လွတ်ကြသနည်း။ အချို့သူတို့ဆိုသည့် အသိတရားမဲ့သောဘဝသို့တည်း။
ကျမ်းစာ– ကျမ်းစာအရ၊ စိုးလ်သည် ပုဂ္ဂိုလ်တစ်ခုလုံးဖြစ်သည်။ လူသည် ယခင်က အဆိုးပြုခဲ့ပင်ငြား၊ နောင်တရ၍ပြောင်းလဲလျှင် ယေဟောဝါဘုရားသခင် သူ့ကိုခွင့်လွှတ်တော်မူမည်။ (ဆာ. ၁၀၃:၁၂၊ ၁၃) လူသေသောအခါ ဘာမျှမကျန်ရစ်။ သေခြင်းသည် အိပ်မက်မမက်သော အိပ်မောကျခြင်းဖြစ်၏။ လူသေများ ရှင်ပြန်ထမြောက်လာမည်။ ၎င်းသည် လူဝင်စားခြင်းမဟုတ်။ နဂိုပင်ကိုစရိုက်ကိုပြန်ရှင်စေခြင်းဖြစ်၏။ (တ. ၂၄:၁၅) အများထုသည် ကမ္ဘာပေါ်သို့ပြန်ရှင်လာကြမည်။ လက်ရှိစနစ်ဆိုးကို ဘုရားသခင်အဆုံးသတ်သည့်နောက်၌ဖြစ်မည်။ အိုနာသေခြင်းဆင်းရဲ ကွယ်ပျောက်သွားမည်။ (ဒံ. ၂:၄၄၊ ၄၅; ဗျာ. ၂၁:၃၊ ၄) ဤသို့သောမျှော်လင့်ချက်မျိုးသည် သိလိုဖွယ်မကောင်းပေလော။ ဘာကြောင့်ယုံကြည်နိုင်သနည်းဟူ၍ စစ်ဆေးချင်စဖွယ် မဟုတ်ပေလော။
တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်—
‘ကျွန်တော် လူဝင်စားတာကိုယုံတယ်’
ဤသို့ ပြန်ပြောနိုင်သည်– ‘နောက်ပိတ်ဆုံးမှာ အခုဘဝထက်မြတ်တဲ့ဘဝကိုရဖို့ မိတ်ဆွေမျှော်လင့်တယ် မဟုတ်လား။ . . . ဒီ ဗျာဒိတ် ၂၁:၁-၅ မှာဖော်ပြတဲ့ကမ္ဘာမျိုးပေါ်မှာ နေချင်သလားဆိုပြီး မေးပါရစေ။’
သို့မဟုတ် ဤသို့ဆိုနိုင်သည်– ‘ခုလိုပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အရင်ကတည်းက ဒီလိုယုံကြည်ခဲ့သလား၊ သိပါရစေ။ . . . ဘာအတွက်ကြောင့် အရင်ကအယူကို မိတ်ဆွေစွန့်ခဲ့သလဲ။ (ထို့နောက် စာမျက်နှာ ၂၈၇ ပါ ခေါင်းစဉ်အောက်မှ အကြောင်းအရာကို သုံးနိုင်သည်။)
အဖြေနောက်တစ်မျိုး– ‘မိတ်ဆွေလိုအယူအဆရှိတဲ့တခြားလူတွေနဲ့ ကျွန်တော်ဆွေးနွေးခွင့်ရခဲ့ဖူးတယ်။ ဘာကြောင့်ဘဝကူးပြောင်းဖို့လိုတယ်လို့မိတ်ဆွေထင်သလဲ၊ မေးပါရစေ။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘အရင်ဘဝမှာ မိတ်ဆွေဘာတွေဖြစ်ခဲ့သလဲဆိုတာ အသေးစိတ်မှတ်မိသလားခင်ဗျာ။ . . . ဘဝဟောင်းကအမှားကိုပြုပြင်ပြီးတိုးတက်ချင်တယ်ဆိုလို့ရှိရင် ဒါတွေကိုသိဖို့လိုတာပေါ့။ မဟုတ်လားခင်ဗျာ။’ (၂) သူက သတိမရတာပဲကောင်းတယ်ဟုဆိုလျှင် ‘လူဟာ မှတ်ဉာဏ်မကောင်းလို့ရှိရင် နေ့စဉ်ဘဝအတွက် အကျိုးရှိတယ်လို့ မိတ်ဆွေယူဆသလား။ ဒီပုံအရ၊ အနှစ် ၇၀ ၈၀ ကုန်လွန်တိုင်း၊ သိသမျှ မှတ်သမျှ အကုန်မေ့လို့ရှိရင် ဘဝကိုပိုပြီးတိုးတက်ကောင်းမွန်စေဖို့ အထောက်အကူဖြစ်စေနိုင်ပါ့မလား’ ဟူ၍ မေးနိုင်သည်။ (၃) သူက ပိုကောင်းတဲ့လူတွေမှ လူအဖြစ်ပြန်မွေးတယ်ဟုဆိုလျှင် ဤသို့ပြန်ပြောနိုင်သည်။ ‘ဒီလိုဆိုရင် ကမ္ဘာ့အခြေအနေ ဘာကြောင့်ဆိုးသထက်ဆိုးနေသလဲ။ . . . ကျွန်တော်တို့ခေတ်မှာ တကယ့်တိုးတက်မှု ဘယ်လိုလုပ်ရလာမယ်ဆိုတာကို ကျမ်းစာက ပြောပြပါတယ်။ (ဒံ. ၂:၄၄၊ ၄၅)’