သုံးပါးပေါင်းတစ်ဆူအယူဝါဒ မည်သို့ပေါ်ပေါက်လာသနည်း
‘သုံးပါးပေါင်းတစ်ဆူသည် ကျမ်းစာသွန်သင်ချက် မဟုတ်လျှင် ယင်းသည် ခရစ်ယာန်ဘောင်၏အယူဝါဒ မည်သို့ ဖြစ်လာသနည်း’ ဟုသင်မေးပေမည်။ ယင်းကို အေဒီ ၃၂၅ တွင် နိုင်စီရာကောင်စီ၌ အတည်ပြုပြဋ္ဌာန်းခဲ့သည်ဟု လူများစွာယူဆကြ၏။
သို့သော် ယင်းယူဆချက်သည် အပြည့်အဝ မမှန်ကန်ပေ။ နိုင်စီရာကောင်စီက ခရစ်တော်သည် ဘုရားသခင်နှင့်ဇာတိတော် တူညီသည်ဟုသာ အခိုင်အမာဆိုခဲ့သည်။ သို့သော် ယင်းအဆိုသည် နောက်ပိုင်းတွင် သုံးပါးပေါင်းတစ်ဆူအယူဝါဒ၏ အခြေခံအုတ်မြစ်ဖြစ်လာသည်။ နိုင်စီရာကောင်စီသည် သုံးပါးပေါင်းတစ်ဆူအယူဝါဒကို အတည်မပြုခဲ့ပါ။ အကြောင်းမှာ သန့်ရှင်းသောဝိညာဉ်တော်ကို သုံးပါးပေါင်းတစ်ဆူ ဘုရား၏ တတိယပုဂ္ဂိုလ်အဖြစ် လုံးဝမဖော်ပြခဲ့သောကြောင့်ဖြစ်သည်။
နိုင်စီရာတွင် ကွန်စတင်တိုင်း၏ကဏ္ဍ
ယေရှုသည် ဘုရားသခင်ဖြစ်၏ဟူသော အယူအဆပေါ်ပေါက်လာခြင်းကို နှစ်ပေါင်းများစွာကပင် ကျမ်းစာကိုအခြေခံ၍ အလွန်ဆန့်ကျင်ခဲ့ကြသည်။ သို့နှင့် အငြင်းပွားမှုကိုဖြေရှင်းရန် ရောမဧကရာဇ်ကွန်စတင်တိုင်းက ဂိုဏ်းအုပ်အားလုံးကို နိုင်စီရာမြို့တွင်စုဝေးဖို့ ဆင့်ခေါ်လိုက်သည်။ ဂိုဏ်းအုပ် ၃၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
ကွန်စတင်တိုင်းသည် ခရစ်ယာန်တစ်ဦးမဟုတ်ပေ။ နောက်ပိုင်း သူဘာသာပြောင်းလိုက်သည်ဟု ယူဆရသော်လည်း သူကွယ်လွန်ချိန်အထိ နှစ်ခြင်းမခံခဲ့ပါ။ သူနှင့်ပတ်သက်၍ အစောပိုင်းချာ့ချ်စာအုပ်တွင် ဟယ်နရီချက်ဝစ်ခ်က ဤသို့ရေးခဲ့၏– “ကွန်စတင်တိုင်းသည် သူ့ဖခင်နည်းတူ မရှုံးနိမ့်နိုင်သောနေဘုရားကို ကိုးကွယ်သည်။ . . . စိတ်ရင်းမှန်ဖြင့် ကြည်ညိုလေးစားသောကြောင့် သူဘာသာပြောင်းဝင်လာခြင်းဖြစ်သည်ဟု မယူဆသင့်ပေ။ . . . ယင်းသည် စစ်ရေးစစ်ရာဖြစ်၏။ ခရစ်ယာန်အယူဝါဒအကြောင်း သူရှင်းရှင်းလင်းလင်းသဘောပေါက်ခြင်းမရှိချေ။ သို့သော် တိုက်ပွဲတွင်အနိုင်ရခြင်းကို ခရစ်ယာန်တို့၏ဘုရားသခင်ပေးသနားသော ဆုကျေးဇူးဖြစ်သည်ဟု သူယုံကြည်၏။”
နှစ်ခြင်းမခံခဲ့သော ထို ဧကရာဇ်သည် နိုင်စီရာကောင်စီတွင် အဘယ်ကဏ္ဍမှပါဝင်သနည်း။ ဗြိတဲန်နီကာစွယ်စုံကျမ်းတွင် ဤသို့ဆို၏– “ကွန်စတင်တိုင်းကိုယ်တိုင် ဦးစီးကာ ဆွေးနွေးပွဲများတွင် တက်တက်ကြွကြွ ပါဝင်ညွှန်ကြားခဲ့သည်။ ကောင်စီကထုတ်ဆင့်သည့် ‘ခမည်းတော်နှင့်တစ်ဇာတိတည်းဖြစ်သည်’ ဟူသော အယူဝါဒမှ ဘုရားသခင်နှင့်ခရစ်တော်၏တော်စပ်ပုံကို ကိုယ်တိုင်အဆိုတင်သွင်းခဲ့သည်။ . . . ဧကရာဇ်၏သြဇာအရှိန်ကြောင့် ဂိုဏ်းအုပ်နှစ်ဦးမှအပ အားလုံးလက်မှတ်ရေးထိုးခဲ့သော်လည်း အများစုမှာ မိမိတို့ယုံကြည်ချက်ကို ဆန့်ကျင်၍ပြုခဲ့ကြခြင်းဖြစ်၏။”
ကွန်စတင်တိုင်း၏ကဏ္ဍမှာ အရေးပါလှသည်။ နှစ်လတိုင် အချေအတင်ငြင်းခုံမှုဖြစ်ခဲ့ပြီးနောက် ဤအယူမှားနိုင်ငံရေးသမားက ယေရှုသည် ဘုရားသခင်ဖြစ်သည်ဟုအဆိုပြုသူများ၏ အကြိုက်ကိုလိုက်ပြီး ကြားဝင်ဆုံးဖြတ်ပေးခဲ့သည်။ အဘယ်ကြောင့် ထိုသို့ဆုံးဖြတ်ခဲ့ရသနည်း။ ကျမ်းစာကိုအခြေခံ၍ ဆုံးဖြတ်ခဲ့ခြင်းမဟုတ်သည်မှာ လုံးဝသေချာသည်။ “ကွန်စတင်တိုင်းသည် ဂရိဓမ္မပညာရပ်အတိုင်း ဆွေးနွေးမေးမြန်းနေသည့် အဘယ်မေးခွန်းကိုမျှ အခြေခံကျကျနားမလည်ခဲ့ပါ” ဟူ၍ ခရစ်ယာန်အယူဝါဒ၏သမိုင်းတိုစာအုပ်က ဖော်ပြသည်။ သို့သော် ဘာသာရေးကွဲပြားမှုသည် သူ့အင်ပါယာအတွက် အန္တရာယ်ရှိကြောင်း သူနားလည်ထားပြီး သူ့အင်ပါယာကို တည်တံ့ခိုင်မြဲစေလိုသည်။
သို့သော် နိုင်စီရာကောင်စီရှိ ဂိုဏ်းအုပ်တစ်ဦးမျှ သုံးပါးပေါင်းတစ်ဆူအယူကို အဆိုပြုထောက်ခံခြင်းမရှိပါ။ ယေရှု၏ဇာတိကိုသာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ကဏ္ဍ မပါပေ။ ကျမ်းစာတွင် သုံးပါးပေါင်းတစ်ဆူအယူကို ရှင်းရှင်းလင်းလင်းသွန်သင်ထားပါက ထိုအချိန်တွင် ယင်းကို သူတို့အဆိုပြုသင့်သည်မဟုတ်လော။
ထပ်ဆင့်တိုးတက်ဖြစ်ပေါ်မှု
နိုင်စီရာကောင်စီပြီးနောက် ဆယ်စုနှစ်များစွာအထိ အငြင်းအခုံဖြစ်နေဆဲပင်။ ခရစ်တော်သည် ဘုရားသခင်နှင့်တန်းတူမဟုတ်ဟုယုံကြည်သူများ အတန်ကြာ အသာစီးပြန်ရခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် ဧကရာဇ်သီအိုဒိုးစီးယပ်စ်က သူတို့ကို ဆန့်ကျင်ခဲ့သည်။ နိုင်စီရာကောင်စီ၏အယူဝါဒကို အင်ပါယာ၏စံအဖြစ် အတည်ပြုကာ ထိုအယူဝါဒကိုရှင်းလင်းရန် အေဒီ ၃၈၁ တွင် ကောန်စတန်တီနိုပဲလ်အစည်းအဝေးသို့ ဖိတ်ခေါ်ခဲ့သည်။
ထိုအစည်းအဝေးတွင် သန့်ရှင်းသောဝိညာဉ်တော်ကို ဘုရားသခင်၊ ခရစ်တော်နှင့် တန်းတူထားရန် သဘောတူကြသည်။ ဦးဆုံးအနေဖြင့် ခရစ်ယာန်ဘောင်၏သုံးပါးပေါင်းတစ်ဆူအယူ ပေါ်ပေါက်လာသည်။
သို့တိုင် ကောန်စတန်တီနိုပဲလ်အစည်းအဝေးပြီးနောက်ပင် သုံးပါးပေါင်းတစ်ဆူအယူကို လူအများလက်မခံကြပေ။ လူများစွာသည် ယင်းအယူကိုဆန့်ကျင်သည့်အတွက် အပြင်းအထန်နှိပ်စက်ညှဉ်းပန်းခြင်းပင် ခံခဲ့ရကြသည်။ နောက်ပိုင်းရာစုနှစ်များတွင်သာ သုံးပါးပေါင်းတစ်ဆူကို အဓိကအယူဝါဒအဖြစ် သတ်မှတ်ခဲ့သည်။ “အနောက်တိုင်း၏ အလယ်ခေတ် ပညာရှင်လောကတွင် သုံးပါးပေါင်းတစ်ဆူအယူဝါဒ လုံးလုံးလျားလျားထွန်းကားခဲ့သည်။ သူတို့သည် ဒဿနိကဗေဒ၊ စိတ္တဗေဒဝေါဟာရများသုံး၍ ရှင်းပြကြသည်” ဟုအမေရိကားနားစွယ်စုံကျမ်းကဆို၏။
အာသန်နေဆီယန်အယူဝါဒ
သုံးပါးပေါင်းတစ်ဆူကို အာသန်နေဆီယန်အယူဝါဒတွင် ပို၍အပြည့်အစုံအနက်ဖွင့်ထားသည်။ အာသန်နေစီယပ်စ်သည် နိုင်စီရာတွင် ကွန်စတင်တိုင်းကို ထောက်ခံအားပေးသူဘုန်းကြီးတစ်ပါးဖြစ်၏။ သူ့အမည်တွင်သောအယူဝါဒမှာ ဤသို့ဖြစ်၏– “သုံးပါးပေါင်းတစ်ဆူဘုရားကို ကျွန်ုပ်တို့ကိုးကွယ်သည်။ . . . ခမည်းတော်သည် ဘုရားသခင်၊ သားတော်သည် ဘုရားသခင်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်ဖြစ်၏။ သို့တိုင် ၎င်းတို့သည် ဘုရားသုံးပါးမဟုတ်ဘဲ တစ်ပါးတည်းဖြစ်၏။”
သို့သော် အသိပညာကြွယ်သောကျမ်းပညာရှင်များက အာသန်နေစီယပ်စ်သည် အထက်ပါဖွင့်ဆိုချက်ကို မရေးသားခဲ့ကြောင်း လက်ခံကြသည်။ ဗြိတဲန်နီကာစွယ်စုံကျမ်းသစ်တွင် ဤသို့ဆို၏– “ထိုအယူဝါဒကို ၁၂ ရာစုတိုင်အောင် အရှေ့ပိုင်းချာ့ချ်တွင် လုံးဝမသိရှိခဲ့ပါ။ ၁၇ ရာစုကတည်းက ကျမ်းပညာရှင်များသည် အာသန်နေစီယန်အယူဝါဒကို အာသန်နေစီယပ်စ် (၃၇၃ ခုနှစ်တွင်ကွယ်လွန်သည်) မရေးသားခဲ့ဘဲ ပြင်သစ်နိုင်ငံတောင်ပိုင်း၌ ငါးရာစုအတွင်းရေးသားခဲ့ပုံရှိသည်ဟု သဘောတူညီခဲ့ကြသည်။ . . . ထိုအယူဝါဒ၏သြဇာအရှိန်အဝါသည် ခြောက်ရာစုနှင့်ခုနစ်ရာစုများအတွင်း ပြင်သစ်တောင်ပိုင်းနှင့် စပိန်နိုင်ငံတို့တွင် ဦးဆုံးလွှမ်းမိုးခဲ့ပုံရသည်။ ကိုးရာစုတွင် ယင်းကို ဂျာမနီနိုင်ငံရှိ ချာ့ချ်ဘုရားရှိခိုးစာ၌ ထည့်သွင်းအသုံးပြုခဲ့ပြီး ထိုအချိန်နောက်ပိုင်း ရောမနိုင်ငံတွင် အသုံးပြုခဲ့သည်။”
ထို့ကြောင့် ခရစ်တော်လက်ထက်ပြီးနောက် ရာစုနှစ်များစွာကြာပြီးမှသာ ခရစ်ယာန်ဘောင်သည် သုံးပါးပေါင်းတစ်ဆူအယူကို ကျယ်ကျယ်ပြန့်ပြန့်လက်ခံခဲ့သည်။ အဘယ်အရာကို အခြေခံပြီး ထိုသို့လက်ခံခဲ့သနည်း။ ဘုရားသခင့်နှုတ်ကပါဌ်တော်လော သို့မဟုတ် ခရစ်ယာန်ဘုန်းတော်ကြီးများ၏ယူဆချက်နှင့် နိုင်ငံရေးယူဆချက်များကိုလော။ အီးဒဗလျူဟော့ပ်ကင်က ဘာသာတရား၏ မူလအစနှင့်ဆင့်ကဲဖြစ်စဉ်စာအုပ်တွင် ဤသို့ဖြေဆို၏– “သုံးပါးတစ်ဆူကို နောက်ဆုံးအဓိပ္ပာယ်ဖွင့်ဆိုချက်သည် အမှန်ဆိုလျှင် ချာ့ချ်၏စီမံကွပ်ကဲရေးသာဖြစ်သည်။”
ကြိုဟောထားသောအယူဖောက်ပြန်မှု
သုံးပါးပေါင်းတစ်ဆူ၏ သမိုင်းဆိုးသည် ယေရှုနှင့်တမန်တော်များက သူတို့ခေတ်နောက်ပိုင်းတွင် ပေါ်လာမည်ဟုကြိုဟောခဲ့ရာနှင့် ကိုက်ညီသည်။ သူတို့က အယူဖောက်ပြန်ခြင်း၊ သင်းခွဲခြင်း ဖြစ်လာမည်၊ ခရစ်တော်ကြွလာချိန်အထိ စစ်မှန်သောဝတ်ပြုရေးမှ သွေဖည်သွားကြမည်၊ သို့သော် ဤလောကစနစ်ကိုဖျက်ဆီးမည့် ဘုရားသခင်၏နေ့ကြီးမတိုင်မီ စစ်မှန်သောဝတ်ပြုရေးပြန်လည်ထူထောင်မည်ဟူ၍ ကြိုဟောခဲ့ကြသည်။
ယင်းနှင့်ပတ်သက်၍ တမန်တော်ပေါလု ဤသို့ဆို၏– “အယူဖောက်ပြန်ခြင်း ဦးစွာ မဖြစ်ပေါ်မီ၊ တရားမဲ့သောသူ . . . မထင်ရှားမီ ထိုနေ့ရက်သည် ရောက်လာလိမ့်မည်မဟုတ်။” (၂ သက်သာလောနိတ် ၂:၃၊ ၇၊ ကဘ) နောက်ပိုင်းတွင် သူဤသို့ဆက်ဆို၏– “ငါမရှိသည်နောက် ကြမ်းတမ်းသော တောခွေးတို့သည် သိုးများကိုမသနားဘဲ သင်တို့အထဲသို့ဝင်မည်ကိုလည်းကောင်း၊ တပည့်တော်များကို သွေးဆောင်ခြင်းငှာ မှားသောစကားကို ပြောတတ်သောလူတို့သည် သင်တို့အထဲ၌လည်း ပေါ်လာမည်ကိုလည်းကောင်း ငါသိ၏။” (တမန်တော် ၂၀:၂၉၊ ၃၀) ယေရှု၏အခြားတပည့်တော်များလည်း ထိုအယူဖောက်ပြန်ခြင်းနှင့် ‘တရားမဲ့သော’ ခရစ်ယာန်ဘုန်းကြီးအတန်းစားအကြောင်း ရေးသားခဲ့သည်။—၂ ပေတရု ၂:၁; ၁ ယောဟန် ၄:၁-၃; ယုဒ ၃၊ ၄။
“နောင်ကာလ၌ လူတို့သည် စင်ကြယ်သောသြဝါဒကိုနားမခံနိုင်ဘဲ ယားတတ်သောနားရှိလျှင် မိမိတပ်မက်ခြင်းအတိုင်း များပြားသောဆရာတို့နောက်သို့ လိုက်ကြလိမ့်မည်။ သမ္မာတရားကိုနားမထောင်ဘဲ ဒဏ္ဍာရီစကားကိုနားထောင်၍ လွဲသွားကြလိမ့်မည်” ဟုတမန်တော်ပေါလုရေးခဲ့သည်။—၂ တိမောသေ ၄:၃၊ ၄။
ထိုသို့စစ်မှန်သောဝတ်ပြုရေးမှ သွေဖည်သွားခြင်း၏နောက်ကွယ်တွင် အဘယ်အရာရှိကြောင်း ယေရှုကိုယ်တိုင်မိန့်ဆိုခဲ့၏။ ကိုယ်တော်က မိမိသည် ကောင်းသောမျိုးစေ့ကို စိုက်သော်လည်း ရန်သူစာတန်က တောမျိုးစေ့ကို လာကြဲမည်ဟု ဆိုသည်။ ထို့ကြောင့် ဂျုံပင်များနှင့်အတူ တောပင်များပါ ပေါက်လာခဲ့သည်။ သို့ဖြစ်၍ စစ်မှန်သောခရစ်ယာန်ဘာသာမှ သွေဖည်ခြင်းသည် ယေရှုကိုယ်တိုင် အရေးယူလုပ်ဆောင်ချိန်ဖြစ်သော ရိတ်သိမ်းချိန်အထိ ရှိနေမည်ဟု မျှော်လင့်ရသည်။ (မဿဲ ၁၃:၂၄-၄၃) အမေရိကားနားစွယ်စုံကျမ်းတွင် ဤသို့ဆို၏– “စတုတ္ထရာစု သုံးပါးတစ်ဆူအယူဝါဒသည် ဘုရားသခင့်ဇာတိတော်နှင့်ပတ်သက်သော ရှေးခရစ်ယာန်သွန်သင်ချက်ကို တိကျမှန်ကန်စွာ မဖော်ပြပါ။ ယင်းအစား ထိုသွန်သင်ချက်မှ သွေဖည်ခဲ့ခြင်းဖြစ်သည်။” ထိုသို့သွေဖည်ခြင်းသည် အဘယ်နေရာမှ အစပြုပေါ်ပေါက်ခဲ့သနည်း။—၁ တိမောသေ ၁:၆။
လွှမ်းမိုးခဲ့သောသြဇာ
ရှေးဗာဗုလုန်မှစ၍ ခေတ်အဆက်ဆက်တွင် သုံးပါးပေါင်းတစ်ဆူ ဒိဋ္ဌိဘုရားများကို ဝတ်ပြုခြင်းသည် ရေပန်းစားခဲ့သည်။ ယင်းသည် ခရစ်တော်လက်ထက်မတိုင်မီ၊ ခရစ်တော်လက်ထက်အတွင်း၊ ခရစ်တော်လက်ထက်ပြီးနောက် ရာစုနှစ်များတစ်လျှောက် အီဂျစ်၊ ဂရိ၊ ရောမတို့တွင် ဩဇာလွှမ်းမိုးခဲ့သည်။ တမန်တော်များသေဆုံးပြီးနောက် ထိုဒိဋ္ဌိယုံကြည်ချက်များသည် ခရစ်ယာန်ဘာသာအတွင်းသို့ စိမ့်ဝင်လာသည်။
သမိုင်းပညာရှင် ဝီလ်ဒူးရဲန့်က ဤသို့ဆို၏– “ခရစ်ယာန်ဘာသာသည် ဒိဋ္ဌိအယူကို မပျက်စီးစေပါ၊ ယင်းကို အတည်ပြုလက်ခံခဲ့သည်။ . . . သုံးပါးပေါင်းတစ်ဆူသဘောတရားများသည် အီဂျစ်ပြည်မှ အရင်းခံလာသည်။” ဇစ်ဖရိဒ်မိုရင့်ဇ်ရေးသော အီဂျစ်တို့၏ဘာသာရေးစာအုပ်တွင်လည်း ဤသို့ဆိုသည်– “သုံးပါးပေါင်းတစ်ဆူသည် အီဂျစ်တို့၏ဓမ္မပညာရှင်များ အဓိကအာရုံစိုက်သော အယူဝါဒဖြစ်၏။ . . . ဘုရားသုံးပါးသည် တစ်ပေါင်းတစ်စည်းတည်ရှိ၍ ထိုဘုရားသုံးပါးကို တစ်ပါးတည်းအဖြစ်ယူမှတ်ပြီး အနည်းကိန်းဖြင့် ဖော်ပြသည်။ ထို့ကြောင့် အီဂျစ်၏ဘာသာတရားသည် ခရစ်ယာန်ဓမ္မပညာရပ်နှင့် တိုက်ရိုက်ဆက်စပ်နေ၏။”
အီဂျစ်နိုင်ငံ၊ အလက်ဇန္ဒြီးယားမြို့တွင် တတိယရာစုနှောင်းပိုင်းနှင့် စတုတ္ထရာစုအစောပိုင်းမှ အာသန်နေစီယပ်စ်ကဲ့သို့သော ဘာသာရေးခေါင်းဆောင်များသည် သုံးပါးပေါင်းတစ်ဆူသို့ဦးတည်စေသော အယူဝါဒများချမှတ်ရာတွင် ယင်းသြဇာလွှမ်းမိုးမှုခံခဲ့ရသည်။ သူတို့၏ကိုယ်ပိုင်အတွေးအခေါ်များ လွှမ်းမိုးလာသောကြောင့် မိုရင့်ဇ်က “အလက်ဇန္ဒြီးယားမြို့မှ ဘာသာရေးယုံကြည်ချက်သည် အီဂျစ်ရိုးရာဘာသာနှင့် ခရစ်ယာန်ဘာသာကို ပေါင်းကူးပေးသည်” ဟုဆိုခဲ့၏။
အက်ဒ်ဝက်ဂစ်ဘွန်ရေးသည့် ခရစ်ယာန်ဘာသာသမိုင်းကြောင်း စာအုပ်နိဒါန်းတွင် ဤသို့ဆို၏– “ဒိဋ္ဌိဘာသာကို ခရစ်ယာန်ဘာသာအနိုင်ရခဲ့လျှင် ခရစ်ယာန်ဘာသာသည် ဒိဋ္ဌိဘာသာကြောင့် ပျက်စီးခဲ့သည်နှင့်မခြားပေ။ ဆင်ခြင်တုံတရားအရ ဘုရားသခင်ကိုယုံကြည်သော ရှေးခရစ်ယာန်တို့၏ ယုံကြည်ချက်သည် ရောမချာ့ချ်ကြောင့် . . . ရှုပ်ထွေးနက်နဲသော ဒိဋ္ဌိသုံးပါးပေါင်းတစ်ဆူအယူဝါဒသို့ ပြောင်းလဲသွားသည်။ အီဂျစ်တို့ထံမှ လက်ခံယူသော၊ ပလေတိုအမွှမ်းတင်သော ဒိဋ္ဌိအယူဝါဒများစွာသည် ယုံကြည်ထိုက်ရာအဖြစ် ဆက်ရှိနေခဲ့သည်။”
သုံးပါးပေါင်းတစ်ဆူသည် “တိုင်းတစ်ပါးဘာသာတရားများမှ မွေးစားယူခဲ့သော ဖောက်ပြန်မှုတစ်ခုဖြစ်ပြီး ခရစ်ယာန်တို့၏ယုံကြည်ခြင်း၌ ပေါင်းစပ်သွားခြင်းဖြစ်သည်” ဟုလူများစွာပြောဆိုကြကြောင်း ဘာသာရေးအသိပညာဆိုင်ရာအဘိဓာန်ကျမ်းက ဖော်ပြသည်။ ထို့ပြင် “[သုံးပါးပေါင်းတစ်ဆူ] ၏မူလအစသည် အယူမှားဝါဒီမှဖြစ်၏” ဟုကျွန်ုပ်တို့၏ခရစ်ယာန်ဘာသာတရားရှိ အယူမှားဝါဒစာအုပ်က အခိုင်အမာဆိုသည်။
ထို့ကြောင့် ဘာသာတရားနှင့်လူ့ကျင့်ဝတ်ဆိုင်ရာစွယ်စုံကျမ်းတွင် ဂျိမ်းဟတ်စတင်က ဤသို့ရေးသား၏– “ဥပမာ၊ အိန္ဒိယဘာသာတရားတွင် ဗြဟ္မာ-သိဝ-ဗိဿနိုး ဟူသော သုံးပါးပေါင်းတစ်ဆူဘုရားနှင့် အီဂျစ်ဘာသာတရားတွင် အိုစိုက်ရစ္စ-အိုက်စစ္စ-ဟောရပ်စ် ဟူသော သုံးပါးပေါင်းတစ်ဆူဘုရားကို ကျွန်ုပ်တို့တွေ့ရသည်။ . . . သမိုင်းဝင်ဘာသာတရားကြီးများတွင်သာ ဘုရားသခင်ကို သုံးပါးပေါင်းတစ်ဆူအဖြစ် ရှုမြင်ကြခြင်းမဟုတ်ကြောင်း တွေ့ရ၏။ အထူးသဖြင့် လက်သစ်ပလေတိုဝါဒီများက ‘သုံးပါးပေါင်းတစ်ဆူ’ ကို အမြင့်မြတ်ဆုံး သို့မဟုတ် အကြွင်းမဲ့အမှန်တရားဟု ရှုမြင်ကြသည်။” သို့ဆိုလျှင် ဂရိအတွေးအခေါ်ပညာရှင် ပလေတိုသည် သုံးပါးပေါင်းတစ်ဆူအယူနှင့် မည်သို့ပတ်သက်သနည်း။
ပလေတိုအယူဝါဒ
ပလေတိုသည် ခရစ်တော်မပေါ်မီ ၄၂၈ မှ ၃၄၇ အတွင်း အသက်ရှင်ခဲ့သည်။ လက်ရှိသုံးပါးပေါင်းတစ်ဆူအယူဝါဒကို သူ,မသွန်သင်ခဲ့သော်လည်း သူ၏အတွေးအခေါ်များက ယင်းအတွက် လမ်းခင်းပေးခဲ့သည်။ နောက်ပိုင်း၊ သုံးပါးပေါင်းတစ်ဆူယုံကြည်ချက်များအပါအဝင် အတွေးအခေါ်ပညာရပ်လှုပ်ရှားမှုများ ပေါ်ပေါက်လာပြီး ယင်းတို့ကို ဘုရားသခင်နှင့်ဇာတိတော်ဆိုင်ရာ ပလေတို၏အယူအဆများက လွှမ်းမိုးခဲ့သည်။
ပြင်သစ်အဘိဓာန်တစ်အုပ်တွင် ပလေတို၏သြဇာလွှမ်းမိုးမှုအကြောင်း ဤသို့ဆို၏– “ပလေတို၏သုံးပါးပေါင်းတစ်ဆူအယူအဆသည် ရှေးလူမျိုးများ၏ သုံးပါးပေါင်းတစ်ဆူအယူဟောင်းများကို ပြန်လည်မွမ်းမံထားရုံသာဖြစ်ပြီး ဆင်ခြင်တုံတရားနှင့်ညီသော သုံးပါးပေါင်းဘုရားတစ်ဆူ ဖြစ်ဟန်တူသည်။ ယင်းသည် ခရစ်ယာန်အသင်းများသွန်သင်သော ဘုရားသုံးပါးတွဲအယူကို မွေးထုတ်ပေးသည်။ . . . ဤဂရိဒဿနပညာရှင်၏ သုံးပါးပေါင်းတစ်ဆူဘုရားခံယူချက်ကို . . . ရှေး [မိစ္ဆာဒိဋ္ဌိ] ဘာသာအားလုံးတို့တွင် တွေ့နိုင်သည်။”
ဘာသာရေးစွယ်စုံကျမ်းတစ်စောင်တွင် ထိုဂရိအတွေးအခေါ်၏သြဇာလွှမ်းမိုးမှုအကြောင်း ဤသို့ဆို၏– “လိုဂေါ့စ်နှင့် သုံးပါးပေါင်းတစ်ဆူအယူဝါဒများသည် ဂရိဂိုဏ်းအုပ်များထံမှ ဆင်းသက်လာသည်။ . . . ထိုသူတို့သည် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်နည်းဖြင့် ပလေတိုအတွေးအခေါ်၏ ဩဇာလွှမ်းမိုးမှုခံရသည်။ . . . ယင်းတို့မှအရင်းခံ၍ မှားယွင်းမှုနှင့်ဖောက်ပြန်မှုများ ချာ့ချ်အတွင်းဝင်ရောက်လာသည်ကို မငြင်းဆိုနိုင်ပေ။”
ပထမသုံးရာစုမှချာ့ချ်စာအုပ်တွင် ဤသို့ဆို၏– “သုံးပါးတစ်ဆူအယူဝါဒသည် တဖြည်းဖြည်းနှင့် နောက်ပိုင်းအချိန်၌သာ အကောင်အထည်ပေါ်လာခဲ့သည်၊ . . . ဂျူးနှင့်ခရစ်ယာန်ကျမ်းစာစောင်များ၏ပြင်ပမှ စတင်ဖြစ်ပေါ်လာသည်၊ . . . ပလေတိုအယူကိုလက်ခံသော ဂိုဏ်းအုပ်များကြောင့် တဖြည်းဖြည်းအကောင်အထည်ပေါ်လာပြီး ခရစ်ယာန်ဘာသာတရားအတွင်း ထည့်သွင်းဆက်ခံခဲ့သည်။”
အေဒီသုံးရာစုအဆုံးပိုင်းသို့ရောက်သော် “ခရစ်ယာန်ဘာသာ” နှင့် လက်သစ်ပလေတိုအတွေးအခေါ်များသည် တစ်ကျိတ်တည်းတစ်ဉာဏ်တည်းဖြစ်လာ၏။ ခရစ်ယာန်အယူဝါဒ၏သမိုင်းကြောင်းနှင့်ပတ်သက်သောစာအုပ်တွင် အဒေါ့ဖ်ဟားနာခ်၏ဖော်ပြချက်အရ “ချာ့ချ်အယူဝါဒသည် [ဒိဋ္ဌိဂရိအတွေးအခေါ်] တွင် အခိုင်အမာအမြစ်စွဲလျက်ရှိသည်။ သို့ဖြင့် ယင်းသည် ခရစ်ယာန်အများစုအတွက် လျှို့ဝှက်နက်နဲရာဖြစ်လာသည်။”
မိမိတို့၏အယူဝါဒအသစ်များသည် သမ္မာကျမ်းစာကိုအခြေခံထားသည်ဟု ချာ့ချ်ကဆိုသည်။ သို့သော် ဟားနာခ်က ဤသို့ပြော၏– “အမှန်အားဖြင့် ယင်းသည် ဂရိအတွေးအခေါ်၊ ဒိဋ္ဌိတို့၏အယူသီးမှုများ၊ လျှို့ဝှက်နက်နဲသော ဝတ်ပြုရေးဓလေ့များနှင့်ကိုက်ညီအောင် ပြုလုပ်ထားခြင်းပင်ဖြစ်သည်။”
အင်ဒရူးနော်တွန်က A Statement of Reasons စာအုပ်တွင် သုံးပါးတစ်ဆူနှင့်ပတ်သက်၍ ဤသို့ရေးသည်– “ကျွန်ုပ်တို့သည် ဤအယူဝါဒ၏သမိုင်းကြောင်းကို ခြေရာခံပြီး ယင်း၏အရင်းမူလကို ဖော်ထုတ်နိုင်သည်။ သို့သော် ခရစ်ယာန်တရား၏ ဖွင့်ဆိုချက်တွင်မဟုတ်၊ ပလေတို၏အတွေးအခေါ်တွင်သာဖြစ်သည်။ . . . သုံးပါးပေါင်းတစ်ဆူသည် ခရစ်တော်နှင့်တမန်တော်များ၏ သွန်သင်ချက်မဟုတ်၊ နောက်ပိုင်း ပလေတိုဝါဒီများ၏ ကျောင်းများမှ ထွင်လုံးတစ်ခုသာဖြစ်သည်။”
သို့ဖြင့် အေဒီစတုတ္ထရာစုတွင် ယေရှုနှင့်တမန်တော်များ ကြိုတင်ဟောခဲ့သော အယူဖောက်ပြန်မှု အကြီးအကျယ်ပြန့်ပွားလာသည်။ သုံးပါးပေါင်းတစ်ဆူအယူဖြစ်ပေါ်လာခြင်းမှာ ယင်း၏သာဓကတစ်ခုသာဖြစ်၏။ အယူဖောက်ပြန်သူများ၏ချာ့ချ်များတွင် မီးငရဲ၊ ဝိညာဉ်မသေနိုင်၊ ရုပ်တုကိုးကွယ်ခြင်းစသော အခြားဒိဋ္ဌိအယူဝါဒများကို လက်ခံကျင့်သုံးလာသည်။ ခရစ်ယာန်ဘောင်သည် ဝိညာဏသဘောအရ “တရားမဲ့သောသူတည်းဟူသော” ဓမ္မဆရာအတန်းအစားများ၏သြဇာလွှမ်းမိုးမှု ခံနေရပြီး အမှောင်ဖုံးနေသည်။—၂ သက်သာလောနိတ် ၂:၃၊ ၇၊ ကဘ။
ယင်းကို ဘုရားသခင်၏ပရောဖက်များ အဘယ်ကြောင့် မသွန်သင်ခဲ့သနည်း
နှစ်ထောင်ပေါင်းများစွာမှ ဘုရားသခင့်ပရောဖက်တစ်ဦးမျှ သုံးပါးပေါင်းတစ်ဆူအကြောင်း မသွန်သင်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ထို့ပြင် နောက်ပိုင်းတွင် ကြီးမြတ်သောဆရာယေရှုသည် မိမိ၏သွန်သင်ခြင်းစွမ်းရည်ကို အသုံးပြုပြီး နောက်လိုက်များအား သုံးပါးပေါင်းတစ်ဆူအကြောင်း ရှင်းပြပေးရမည် မဟုတ်လော။ သုံးပါးပေါင်းတစ်ဆူသည် ယုံကြည်ခြင်း၏ “အဓိကအယူဝါဒ” ဖြစ်ခဲ့လျှင် ယင်းကိုသွန်သင်ပါဟူသော ညွှန်ကြားချက်မပါဘဲ သမ္မာကျမ်းစာကို ဘုရားသခင် မှုတ်သွင်းပါမည်လော။
ခရစ်တော်လက်ထက်ပြီးနောက်နှင့် ကျမ်းစာကိုမှတ်တမ်းတင်ပြီးနောက် ရာစုနှစ်များတွင် ဘုရားသခင်သည် နှစ်ထောင်ပေါင်းများစွာမှ မိမိကျေးကျွန်များ လုံးဝမသိသည့်၊ ‘လူ့ဉာဏ်မမီနိုင်အောင် လျှို့ဝှက်နက်နဲ’ သည့်၊ မှားယွင်းသောဘာသာမှ ဆင်းသက်လာသည့်၊ “ချာ့ချ်၏စီမံကွပ်ကဲရေးသာ” ဖြစ်သည့် အယူဝါဒတစ်ခု ပေါ်ပေါက်လာရန် ထောက်မပေးသည်ဟု ခရစ်ယာန်များ ယုံကြည်ကြမည်လော။
သမိုင်းအထောက်အထားမှာ ရှင်းနေပါသည်– သုံးပါးပေါင်းတစ်ဆူသည် သမ္မာတရားမှ သွေဖည်ခြင်း၊ အယူဖောက်ပြန်ခြင်းဖြစ်၏။
[စာမျက်နှာ ၈ ပါ ပုံစာ]
‘စတုတ္ထရာစု သုံးပါးတစ်ဆူ အယူဝါဒသည် ရှေးခရစ်ယာန် သွန်သင်ချက်မှ သွေဖည်ခဲ့ခြင်းဖြစ်သည်။’ —အမေရိကားနားစွယ်စုံကျမ်း
[စာမျက်နှာ ၉ ပါ ပုံစာ]
“ကြီးမြတ်သော သုံးပါးပေါင်းတစ်ဆူဘုရားများ”
ခရစ်တော်လက်ထက်မတိုင်မီ နှစ်ပေါင်းများစွာတွင် ရှေးခေတ် ဗာဗုလုန်နှင့် အဆီးရီးယားတို့၌ သုံးပါးပေါင်းတစ်ဆူဘုရားများရှိသည်။ ပြင်သစ် “လာရုစ်ဒဏ္ဍာရီစွယ်စုံကျမ်း” က ထိုမက်ဆိုပိုတေးမီးယားဒေသရှိ အဆိုပါသုံးပါးပေါင်းတစ်ဆူဘုရားအကြောင်း ဤသို့ဆိုသည်– “စကြဝဠာကို အပိုင်းသုံးပိုင်းခွဲထားပြီး တစ်ပိုင်းစီကို ဘုရားတစ်ပါးစီက စိုးမိုးအုပ်ချုပ်၏။ အားနူး၏အပိုင်းမှာ မိုးကောင်းကင်ဖြစ်သည်။ အဲင်းလီလ်သည် ကမ္ဘာမြေကိုရပြီး အဲအားသည် ရေကို အစိုးရသောဘုရားဖြစ်လာသည်။ သူတို့သုံးပါးပေါင်းပြီး ကြီးမြတ်သောသုံးပါးပေါင်းတစ်ဆူဘုရားဖြစ်သည်။”
[စာမျက်နှာ ၁၂ ပါ ပုံစာ]
ဟိန္ဒူသုံးပါးပေါင်းတစ်ဆူ
“ဟိန္ဒူနတ်ဘုရားများနှင့် ဘာသာရေးဓလေ့ထုံးတမ်းများ၏အထိမ်းအမှတ်” စာအုပ်တွင် ခရစ်တော်မပေါ်မီ ရာစုနှစ်များကတည်းက ပေါ်ပေါက်ခဲ့သော ဟိန္ဒူသုံးပါးပေါင်းတစ်ဆူဘုရားနှင့်စပ်လျဉ်း၍ ဤသို့ဆို၏– “သိဝသည် သုံးပါးပေါင်းတစ်ဆူတွင် ဘုရားတစ်ပါးဖြစ်ပြီး ဖျက်ဆီးသူဖြစ်၏။ နောက်ထပ်ဘုရားနှစ်ပါးမှာ ဖန်ဆင်းသူဗြဟ္မာနှင့် ထိန်းသိမ်းသူဗိဿနိုးတို့ဖြစ်ကြ၏။ . . . ထိုဖြစ်စဉ်သုံးခုသည် တစ်ခုတည်းဖြစ်ပြီး တူညီကြောင်းဖော်ပြရန် ထိုဘုရားသုံးပါးကို တစ်ပါးတည်းအဖြစ် ပေါင်းစည်းခဲ့ကြ၏။”—Published by A. Parthasarathy Bombay
[စာမျက်နှာ ၈ ပါ ပုံစာ]
“ကွန်စတင်တိုင်းသည် ဂရိဓမ္မပညာရပ်အတိုင်း ဆွေးနွေးမေးမြန်းနေသည့် အဘယ်မေးခွန်းကိုမျှ အခြေခံကျကျ နားမလည်ခဲ့ပါ။” —ခရစ်ယာန်အယူဝါဒ ၏ သမိုင်းတို
[စာမျက်နှာ ၁၀ ပါ ပုံစာ]
၁။ အီဂျစ်။ ဘီစီဒုတိယထောင်စုနှစ်မှ ဟောရပ်စ်၊ အိုက်စစ္စ၊ အိုစိုက်ရစ္စတို့ ဘုရားသုံးဆူ၊
၂။ ဗာဗုလုန်။ ဘီစီဒုတိယထောင်စုနှစ်မှ အစ်ရှတာ၊ စင်း၊ ရှာမက်ရှ်ဘုရားသုံးဆူ
၃။ ပဲလ်မိုင်ရာမြို့။ အေဒီပထမရာစုခန့်မှ လဘုရား၊ ကောင်းကင် ဘုရား၊ နေဘုရား ဘုရားသုံးဆူ
၄။ အိန္ဒိယ။ အေဒီ ခုနစ်ရာစု ခန့်မှ ဟိန္ဒူသုံးပါးပေါင်းတစ်ဆူ
၅။ ကမ်ပူးချား။ အေဒီ ၁၂ ရာစုခန့်မှ ဗုဒ္ဓသုံးပါးပေါင်း တစ်ဆူ
၆။ နော်ဝေး။ အေဒီ ၁၃ ရာစုခန့်မှ (ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်) သုံးပါးပေါင်းတစ်ဆူ
၇။ ပြင်သစ်။ အေဒီ ၁၄ ရာစုခန့်မှ သုံးပါးပေါင်းတစ်ဆူ
၈။ အီတလီ။ အေဒီ ၁၅ ရာစုခန့်မှ သုံးပါးပေါင်းတစ်ဆူ
၉။ ဂျာမနီ။ အေဒီ ၁၉ ရာစုခန့်မှ သုံးပါးပေါင်းတစ်ဆူ
၁၀။ ဂျာမနီ။ အေဒီ ၂၀ ရာစုမှ သုံးပါးပေါင်းတစ်ဆူ