ဘုရားသခင်သည် ယေရှုထက် အစဉ်ကြီးမြတ်တော်မူသလော
ယေရှုသည် မိမိကိုယ်ကို ဘုရားသခင်အဖြစ် တစ်ခါမျှမဖော်ပြခဲ့ပေ။ ကိုယ်တော်သည် တန်ခိုး၊ အသိပညာ၊ အသက်အရွယ်တို့တွင် ဘုရားသခင်နှင့်တန်းတူဖြစ်သည်ဟု မယူမှတ်ကြောင်း ကိုယ်တိုင်နှင့်ပတ်သက်ပြီး မိန့်ဆိုသမျှက ဖော်ပြသည်။
ကောင်းကင်တွင်ဖြစ်စေ၊ မြေကြီးတွင်ဖြစ်စေ အသက်တာတစ်လျှောက်လုံးတွင် ကိုယ်တော်ပြောဆိုပြုမူပုံက ဘုရားသခင်၏လက်အောက်ခံဖြစ်ကြောင်း ပေါ်လွင်သည်။ ဘုရားသခင်သည် အစဉ်ကြီးမြတ်ပြီး ယေရှုမူကား ဘုရားသခင်၏ဖန်ဆင်းခြင်းခံရကာ အဆင့်နိမ့်သူဖြစ်သည်။
ယေရှုသည် ဘုရားသခင်နှင့်ကွဲပြားခြားနား
မိမိသည် ဘုရားသခင်နှင့်မတူသော သီးခြားပုဂ္ဂိုလ်ဖြစ်ကြောင်း၊ မိမိအထက်တွင် မိမိကိုယ်တိုင်ကိုးကွယ်သော ဘုရားသခင်ရှိကြောင်း၊ ထိုဘုရားသခင်ကို “အဖ” ဟုခေါ်ကြောင်း ယေရှု ထပ်တလဲလဲဖော်ပြသည်။ ခမည်းတော်ဘုရားသခင်ထံ ဆုတောင်းရာတွင် ယေရှုက “မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်” ဟုဆိုခဲ့သည်။ (ယောဟန် ၁၇:၃) ယောဟန် ၂၀:၁၇ တွင် “ငါ၏ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ဘုရားသခင်ထံတော်သို့ ငါတက်ကြွမည်” ဟုမာဂဒလမာရိကို ကိုယ်တော်မိန့်ဆိုသည်။ (ကက်သလစ်ကျမ်းစာတော်မြတ်) ၂ ကောရိန္သု ၁:၃ [ကဘ] တွင် တမန်တော်ပေါလုက “ငါတို့၏သခင် ယေရှုခရစ်၏ခမည်းတော် ဘုရားသခင် . . . သည် ချီးမွမ်းခံရပါစေ” ဟုဆိုခြင်းဖြင့် ထိုဆက်ဆံရေးကို အတည်ပြုခဲ့သည်။ ယေရှုတွင် ဘုရားသခင်ရှိပြီး ထိုဘုရားသခင်မှာ ကိုယ်တော်၏ခမည်းတော်ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် တစ်ချိန်တည်းတွင် ထိုဘုရားသခင် မဖြစ်နိုင်ပါ။
“ထိုခမည်းတော်ဘုရားသခင်တစ်ပါးတည်းသာ ငါတို့၌ရှိတော်မူ၏။ . . . ထိုသခင်ယေရှုခရစ်တစ်ပါးတည်းသာ ငါတို့၌ရှိတော်မူ၏” ဟုယေရှုနှင့်ဘုရားသခင်၏ ကွဲပြားခြားနားမှုကို ဖော်ပြရာတွင် တမန်တော်ပေါလု ဘာကိုမျှ မထိမ်ချန်ခဲ့ပေ။ (၁ ကောရိန္သု ၈:၆) တမန်တော်သည် “ဘုရားသခင်နှင့် ခရစ်တော်ယေဇူး၏ရှေ့တော်မှောက်တွင်လည်းကောင်း၊ ရွေးကောက်ခံရသော ကောင်းကင်တမန်များရှေ့တွင်လည်းကောင်း” ဟုပြောဆိုချိန်တွင် ထိုကွဲပြားမှုကို ဖော်ပြခဲ့သည်။ (၁ တိမောသေ ၅:၂၁၊ ကက်သလစ်ကျမ်းစာတော်မြတ်) ကောင်းကင်တွင် ယေရှုနှင့်ကောင်းကင်တမန်တို့သည် တစ်ပါးနှင့်တစ်ပါး ကွဲပြားသကဲ့သို့ ယေရှုနှင့်ဘုရားသခင်လည်း ကွဲပြားသည်ဟု ပေါလုဖော်ပြ၏။
ယောဟန် ၈:၁၇၊ ၁၈ [ကဘ] ပါယေရှု၏စကားများကလည်း ထူးခြားသည်။ “‘လူနှစ်ဦး၏သက်သေခံချက်သည် မှန်၏’ ဟုသင်တို့၏ပညတ်ကျမ်း၌လည်း ရေးထား၏။ ငါသည် ကိုယ့်အကြောင်းကို သက်သေခံ၏။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည်လည်း ငါ့အကြောင်းကို သက်သေခံတော်မူ၏” ဟုကိုယ်တော်မိန့်ဆိုသည်။ ဤတွင် ယေရှုက မိမိနှင့် မိမိ၏ခမည်းတော် အနန္တတန်ခိုးရှင်ဘုရားသခင်သည် ကွဲပြားခြားနားသော ပုဂ္ဂိုလ်နှစ်ပါးဖြစ်ကြောင်း ဖော်ပြသည်။ ထိုသို့မဟုတ်ပါက မည်သို့အားဖြင့် သက်သေခံနှစ်ဦး တကယ်ရှိနိုင်ပါမည်နည်း။
“အဘယ်ကြောင့် ငါ့ကိုကောင်းမြတ်သည်ဟု သင်ခေါ်ဆိုသနည်း။ ဘုရားသခင်မှတစ်ပါး မည်သူမျှ ကောင်းမြတ်သည်မဟုတ်” ဟုဆိုခြင်းဖြင့်လည်း မိမိသည် ဘုရားသခင်နှင့်မတူသော သီးခြားပုဂ္ဂိုလ်ဖြစ်ကြောင်း ယေရှုဖော်ပြသည်။ (မာကု ၁၀:၁၈၊ ကက်သလစ်ကျမ်းစာတော်မြတ်) ထို့ကြောင့် ဘုရားသခင်ကောင်းမြတ်သကဲ့သို့ မည်သူမျှ မကောင်းမြတ်၊ မိမိကိုယ်တိုင်ပင် ထိုမျှမကောင်းမြတ်ဟု ယေရှုဆိုလိုနေခြင်းဖြစ်၏။ ဘုရားသခင်၏ကောင်းမြတ်ပုံက ဘုရားသခင်နှင့် ယေရှုကို ကွဲပြားခြားနားစေသည်။
ဘုရားသခင့်လက်အောက်ခံကျေးကျွန်
“ခမည်းတော်ပြုတော်မူသောအမှုကို သားတော်သည် မြင်၍သာပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်။” (ယောဟန် ၅:၁၉) “ငါသည် ငါ့အလိုအတိုင်း ဆောင်ရွက်ရန် ကောင်းကင်မှ ဆင်းသက်သည် မဟုတ်။ ငါ့ကို စေလွှတ်တော်မူသော အရှင်၏အလိုတော်ကိုဆောင်ရန် ဆင်းသက်လာ၏။” (ယောဟန် ၆:၃၈၊ ကဘ) “ငါသွန်သင်သော တရားသည် ငါ၏တရားမဟုတ်၊ ငါ့ကို စေလွှတ်တော်မူသောအရှင်၏ တရားတော်ဖြစ်၏” စသဖြင့် ယေရှု မိန့်ဆိုသည်။ (ယောဟန် ၇:၁၆၊ ကဘ) စေလွှတ်သူသည် စေလွှတ်ခံရသူထက် သာ၍ကြီးမြတ်သည်မဟုတ်လော။
ထိုဆက်ဆံရေးသည် ယေရှု၏စပျစ်ခြံပုံဥပမာတွင် ပေါ်လွင်ထင်ရှားသည်။ ကိုယ်တော်သည် မိမိ၏ခမည်းတော်ကို အခြားသောပြည်သို့ ထွက်သွားသော စပျစ်ခြံပိုင်ရှင်နှင့် နှိုင်းထားသည်။ ပိုင်ရှင်သည် စပျစ်ခြံကိုစောင့်ရှောက်ရန် ဂျူးဘာသာရေးခေါင်းဆောင်များကို ပုံဆောင်သော ခြံလုပ်သားတို့ကို ထားခဲ့သည်။ ပိုင်ရှင်သည် နောက်ပိုင်းတွင် စပျစ်သီးအချို့ရရန် ကျွန်များကို စေလွှတ်သည်။ သို့သော် ခြံလုပ်သားတို့သည် ကျွန်များကိုရိုက်နှက်ပြီး လက်ချည်းလွှတ်လိုက်ကြ၏။ သူတို့သည် ပိုင်ရှင် နောက်ထပ်စေလွှတ်သော ဒုတိယကျွန်၊ တတိယကျွန်တို့ကိုလည်း အလားတူဆက်ဆံကြသည်။ နောက်ဆုံး ပိုင်ရှင်က “ငါ၏ချစ်သား [ယေရှု] ကို ငါစေလွှတ်မည်။ ငါ့သားကိုမူ သူတို့လေးစားကြလိမ့်မည်” ဟုဆို၏။ သို့သော် ဆိုးသွမ်းသောခြံလုပ်သားတို့က “‘ဤသူသည် အမွေခံဖြစ်၏။ သူ့ကိုသတ်ကြစို့။ သို့မှ သူ၏အမွေကို ငါတို့ရကြမည်’ ဟုအချင်းချင်းတိုင်ပင်ပြီးမှ၊ ခြံအပြင်သို့ နှင်ထုတ်၍ သတ်ပစ်ကြ၏။” (လုကာ ၂၀:၉-၁၆၊ ကဘ) ထို့ကြောင့် ယေရှုသည် မိမိ၏အခြေအနေကို ဘုရားသခင့်အလိုတော်ဆောင်ရန် ဘုရားသခင်စေလွှတ်သူအဖြစ် ပုံဖော်ထားသည်။ ဖခင်တစ်ဦးသည် လက်အောက်ခံတတ်သောသားကို စေလွှတ်သကဲ့သို့ဖြစ်၏။
ယေရှု၏နောက်လိုက်များလည်း ကိုယ်တော့်ကို ဘုရားသခင်၏လက်အောက်ခံ ကျေးကျွန်အဖြစ် ရှုမြင်ပြီး ဘုရားသခင်နှင့်တန်းတူညီသူဟု တစ်ခါမျှမရှုမြင်ခဲ့ကြ။ သူတို့သည် “ဘိသိက်ပေးတော်မူသော သန့်ရှင်းသောကျွန်ရင်းယေရှု၊ . . . သန့်ရှင်းသောကျွန်ရင်း ယေရှု၏နာမတော်အားဖြင့် နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုများကိုဖြစ်စေတော်မူ” ကြောင်းကို ဘုရားသခင်ထံဆုတောင်းကြ၏။—တမန်တော် ၄:၂၃၊ ၂၇၊ ၂၈၊ ၃၀၊ သမ္မာ။
ဘုရားသခင်သည် အစဉ်ကြီးမြတ်တော်မူ၏
ယေရှု၏ဓမ္မအမှု အစ၊ နှစ်ခြင်းခံပြီး ရေမှပေါ်ထစဉ်တွင် “ဤသူသည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဟုကောင်းကင်မှ ဘုရားသခင်၏အသံတော်ကဆိုသည်။ (မဿဲ ၃:၁၆၊ ၁၇၊ ကဘ) ဤတွင် ဘုရားသခင်က မိမိသည် မိမိကိုယ်တိုင်၏သားတော်ဖြစ်ကြောင်း၊ မိမိကိုယ်မိမိ နှစ်သက်မြတ်နိုးကြောင်း၊ မိမိကိုယ်မိမိ စေလွှတ်ကြောင်း မိန့်ဆိုနေခြင်းလော။ မဟုတ်ပါ။ ဖန်ဆင်းရှင်ဘုရားသခင်က မိမိသည် ကြီးမြတ်သောဘုရားသခင်အဖြစ် မိမိထက်အဆင့်နိမ့်သော သားတော်ယေရှုကို ရှေ့တွင်ထမ်းဆောင်ရမည့်တာဝန်အတွက် အတည်ပြုထောက်ခံကြောင်း မိန့်ဆိုနေခြင်းဖြစ်၏။
ယေရှုကလည်း ခမည်းတော်၏ကြီးမြတ်မှုအကြောင်း ဤသို့ဖော်ပြ၏– “ယေဟောဝါဘုရား၏စွမ်းအားတော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသောသူတို့အား သတင်းကောင်းကို ပြောကြားရန် ငါ့ကိုဘိသိက်ပေးတော်မူ၏။” (လုကာ ၄:၁၈၊ ကဘ) ဘိသိက်ပေးခြင်းဟူသည် ကြီးမြတ်သောပုဂ္ဂိုလ်တစ်ဦးက အခွင့်အာဏာမရှိသေးသူကို အခွင့်အာဏာ သို့မဟုတ် တာဝန်တစ်ခု အပ်နှင်းခြင်းဖြစ်သည်။ ဤတွင် ဘုရားသခင်သည် ကြီးမြတ်သောသူဖြစ်ကြောင်း ထင်ရှားသည်။ အကြောင်းမှာ ဘုရားသခင်သည် ယေရှုကို ဘိသိက်ပေးကာ ယေရှုမပိုင်ဆိုင်ခဲ့သောအခွင့်အာဏာကို အပ်နှင်းသောကြောင့်ဖြစ်၏။
တပည့်နှစ်ပါး၏မိခင်သည် ယေရှု၏ နိုင်ငံတော်တည်ထောင်သောအခါ သားနှစ်ယောက်ကို လက်ယာဘက်၌တစ်ယောက်၊ လက်ဝဲဘက်၌တစ်ယောက် ထိုင်ရသောအခွင့်ကိုပေးရန် တောင်းလျှောက်လေ၏။ ထိုအခါ ယေရှုက “ငါ၏လက်ယာဘက်၊ လက်ဝဲဘက်မှာ ထိုင်ရသောအခွင့်ကိုကား အကြင်သူတို့အဖို့အလို့ငှာ ငါ့ခမည်းတော် [ဘုရားသခင်] သည် ပြင်ဆင်၏၊ ထိုသူတို့အားသာ ငါပေးပိုင်သည်” ဟုဖြေဆိုခြင်းဖြင့် ခမည်းတော်၏ကြီးမြတ်မှုကို ထင်ရှားပေါ်လွင်စေခဲ့သည်။ (မဿဲ ၂၀:၂၃) ယေရှုသာ အနန္တတန်ခိုးရှင်ဖြစ်မည်ဆိုလျှင် ထိုအခွင့်ကို ပေးပိုင်မည်။ သို့သော် ယေရှု ထိုသို့မပေးနိုင်ခဲ့၊ အကြောင်းမှာ ယင်းတို့ကို ဘုရားသခင်သာ ပေးပိုင်ခွင့်ရှိပြီး ယေရှုသည် ဘုရားသခင်မဟုတ်သောကြောင့်ဖြစ်သည်။
ယေရှုကိုယ်တိုင်၏ဆုတောင်းချက်သည် ကိုယ်တော်၏လက်အောက်ခံ အခြေအနေကိုဖော်ပြသော အကောင်းဆုံးဥပမာဖြစ်သည်။ ယေရှုသေဆုံးခါနီးတွင် “အဖ၊ အလိုတော်ရှိလျှင် ဤခွက်ကို ကျွန်ုပ်ထံမှ ဖယ်ရှားတော်မူပါ။ သို့ရာတွင် ကျွန်ုပ်၏အလိုအတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်ပါစေ” ဟုဆုတောင်းခြင်းဖြင့် မည်သူကြီးမြတ်ကြောင်း ဖော်ပြသည်။ (လုကာ ၂၂:၄၂၊ ကဘ) မည်သူ့ထံ ယေရှုဆုတောင်းနေသနည်း။ မိမိကိုယ်တိုင်ထံလော။ မဟုတ်ပါ၊ မိမိနှင့်လုံးလုံးကွဲပြားခြားနားသော ခမည်းတော်ဘုရားသခင်ထံဖြစ်သည်။ ဘုရားသခင်၏အလိုတော်သည် သာ၍ကြီးမြတ်တော်မူပြီး ယေရှုကိုယ်တိုင်၏အလိုနှင့် ကွဲပြားနိုင်ကာ ဘုရားသခင်တစ်ပါးတည်းသာလျှင် ‘ထိုခွက်ကိုဖယ်ရှား’ နိုင်သူဖြစ်သည်။
ထို့နောက် အသက်ထွက်ခါနီးတွင် “အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကိုစွန့်ပစ်တော်မူသနည်း” ဟုဟစ်အော်ခဲ့သည်။ (မာကု ၁၅:၃၄) ကိုယ်တော်သည် မည်သူ့ထံ ဟစ်အော်ခဲ့ခြင်းဖြစ်သနည်း။ မိမိကိုယ်တိုင်ထံလော။ မိမိကိုယ်ကို ဘုရားသခင်အဖြစ် သတ်မှတ်သူသည် ထိုသို့ “အကျွန်ုပ်ဘုရား” ဟုငိုကြွေးမည်မဟုတ်သည်မှာ သေချာသည်။ ထို့ပြင် ယေရှုသာ ဘုရားသခင်ဖြစ်ပါက မည်သူက ကိုယ်တော့်ကို စွန့်ပစ်ခဲ့ခြင်းဖြစ်သနည်း။ ကိုယ်တိုင်လော။ သို့ဆိုလျှင် လုံးဝအဓိပ္ပာယ်မရှိပေ။ “အဖ၊ ကျွန်ုပ်၏အသက်ကို ကိုယ်တော့်လက်၌ အပ်ပါ၏” ဟုလည်း ယေရှုဆိုခဲ့သည်။ (လုကာ ၂၃:၄၆၊ ကဘ) ယေရှုသာ ဘုရားသခင်ဖြစ်ပါက အဘယ်ကြောင့် မိမိအသက်ကို ခမည်းတော်ထံအပ်သင့်သနည်း။
ယေရှုသေဆုံးပြီးနောက် သင်္ချိုင်းဂူအတွင်း သုံးရက်နီးပါးနေခဲ့ရသည်။ ကိုယ်တော်သာ ဘုရားသခင်ဖြစ်ပါက “အိုထာဝရဘုရား၊ အကျွန်ုပ်၏သန့်ရှင်းတော်မူသောဘုရားသခင် . . . ကိုယ်တော်သည် သေခြင်းနှင့်ကင်းလွတ်တော်မူပါ၏” ဟုဆိုထားသော ဟဗက္ကုတ် ၁:၁၂ သည် မှားပေသည်။ သို့သော် သမ္မာကျမ်းစာက ယေရှု တကယ်သေဆုံးခဲ့ပြီး သင်္ချိုင်းဂူအတွင်း ဘာမှမသိသောအခြေအနေတွင် ရှိနေခဲ့သည်ဟုဆို၏။ သို့ဆိုလျှင် ယေရှုကို မည်သူက ထမြောက်ပေးခဲ့သနည်း။ ကိုယ်တော်သာ တကယ်သေဆုံးခြင်းဖြစ်ပါက မိမိကိုယ်ကို ရှင်ပြန်ထမြောက်စေနိုင်မည်မဟုတ်ပါ။ တစ်ဖက်တွင်မူ ကိုယ်တော် တကယ်မသေခဲ့ပါက ဟန်ဆောင်သေခြင်းဖြင့် အာဒံ့အပြစ်အတွက် ရွေးနုတ်ဖိုးပေးနိုင်မည်မဟုတ်။ သို့သော် တကယ်သေဆုံးခြင်းဖြင့် တန်ဖိုးအပြည့်အဝကို ပေးနိုင်ခဲ့သည်။ ထို့ကြောင့် “ဘုရားသခင်သည် သေခြင်း၏ချုပ်နှောင်မှုမှ လွတ်မြောက်စေခြင်းဖြင့် [ယေရှု] ကို ရှင်ပြန်ထမြောက်စေတော်မူပြီ။” (တမန်တော် ၂:၂၄၊ ကဘ) သာ၍ကြီးမြတ်တော်မူသော အနန္တတန်ခိုးရှင်ဘုရားသခင်သည် မိမိထက်အဆင့်နိမ့်သော ကျေးကျွန်ယေရှုကို သေခြင်းမှထမြောက်ပေးခဲ့သည်။
လူတို့ကိုရှင်ပြန်ထမြောက်ပေးခြင်းကဲ့သို့သော အံ့ဖွယ်အမှုများပြုနိုင်စွမ်းက ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း ဖော်ပြသလော။ အမှန်မှာ တမန်တော်များ၊ ပရောဖက်ဧလိယနှင့် ဧလိရှဲတို့လည်း ထိုသို့ပြုလုပ်နိုင်သည့်တန်ခိုးရှိကြသည်၊ သို့သော် ယင်းက သူတို့ကို လူထက်သာလွန်မြင့်မြတ်သူများ မဖြစ်စေပါ။ ဘုရားသခင်သည် ပရောဖက်များ၊ ယေရှုနှင့် တမန်တော်များကို အံ့ဖွယ်အမှုများပြုလုပ်နိုင်စွမ်းပေးခြင်းမှာ သူတို့ကို မိမိထောက်မပေးနေကြောင်း ဖော်ပြလို၍ဖြစ်သည်။ သို့သော် ယင်းသို့ပြုလုပ်နိုင်ခြင်းက မည်သူ့ကိုမျှ သုံးပါးပေါင်းတစ်ဆူဘုရားအဝင် မဖြစ်စေပါ။
ယေရှုတွင် အသိပညာအကန့်အသတ်သာရှိ
ဤလောကစနစ်ဆုံးခန်းအကြောင်း ပရောဖက်ပြုချက်တွင် ယေရှုက “ထိုနေ့ရက်နှင့် ထိုအချိန်နာရီကိုမူကား ခမည်းတော်မှတစ်ပါး မည်သူမျှမသိ။ ကောင်းကင်တမန်များလည်း မသိကြ။ သားတော်လည်း မသိချေ” ဟုဆိုသည်။ (မာကု ၁၃:၃၂၊ ကက်သလစ်ကျမ်းစာတော်မြတ်) ယေရှုသာ သုံးပါးပေါင်းတစ်ဆူမှ ဘုရားသခင်နှင့်တန်းတူဖြစ်သော သားတော်ဖြစ်ပါက ခမည်းတော်သိသည့်အရာကို သိမည်ဖြစ်သည်။ သို့သော် ယေရှုသည် ဘုရားသခင်နှင့် တန်းတူမဟုတ်သောကြောင့် မသိခဲ့ပေ။
အလားတူ၊ ဟေဗြဲ ၅:၈ [ကဘ] တွင် ယေရှုသည် “ဆင်းရဲဒုက္ခခံခြင်းဖြင့် နာခံမှုကို သင်ယူတော်မူ၏” ဟုဖတ်ရသည်။ ဘုရားသခင်သည် တစ်စုံတစ်ခုကို သင်ယူရမည်ဟု ထင်သလော။ မဖြစ်နိုင်ပါ၊ ယေရှုမူကား သင်ယူခဲ့၏၊ အကြောင်းမှာ ကိုယ်တော်သည် ဘုရားသခင်သိသောအရာ မှန်သမျှကို မသိ၍ဖြစ်သည်။ ဘုရားသခင်အဖို့ သင်ယူရန် လုံးဝမလိုအပ်သော နာခံမှုကိုလည်း ယေရှုသင်ယူခဲ့ရသည်။ ဘုရားသခင်သည် မည်သူ့ကိုမျှ နာခံစရာမလိုပေ။
ဘုရားသခင်နှင့်အတူရှိရန် ကောင်းကင်သို့ ယေရှုရှင်ပြန်ထမြောက်သွားချိန်တွင်လည်း ဘုရားသခင်သိသောအရာနှင့် ခရစ်တော်သိသောအရာတို့ ကွာခြားသည်။ ဗျာဒိတ်ကျမ်းမှ ဤနိဒါန်းစကားကို သတိပြုပါ– “ဘုရားသခင်ပေးအပ်တော်မူသော ယေဇူးခရစ်တော်၏ ဗျာဒိတ်စကားပေတည်း။” (ဗျာဒိတ် ၁:၁၊ ကက်သလစ်ကျမ်းစာတော်မြတ်) ယေရှုသည် သုံးပါးပေါင်းတစ်ဆူဘုရားအဝင်ဖြစ်လျှင် ယင်း၏တစ်စိတ်တစ်ပိုင်းဖြစ်သော ဘုရားသခင်က ယေရှုကို ဗျာဒိတ်ပေးရန် လိုအပ်မည်လော။ ဘုရားသခင်သိသောအရာအားလုံးကို ယေရှုသိမည်မှာ သေချာသည်။ သို့သော် ယေရှုမသိပေ၊ အကြောင်းမှာ ကိုယ်တော်သည် ဘုရားသခင်မဟုတ်သောကြောင့်ဖြစ်၏။
ယေရှု ဆက်၍လက်အောက်ခံ
လူသားဘဝမတိုင်မီနှင့် မြေကြီးပေါ်ရှိစဉ် ယေရှုသည် ဘုရားသခင်ကို လက်အောက်ခံခဲ့၏။ ရှင်ပြန်ထမြောက်ပြီးနောက်တွင်လည်း စကြဝဠာတွင် ဒုတိယအကြီးမြတ်ဆုံးပုဂ္ဂိုလ်အဖြစ် ဆက်၍လက်အောက်ခံသည်။
ယေရှု ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ပေတရုနှင့်အခြားတမန်တော်တို့က “ဘုရားသခင်သည် ထိုအရှင် [ယေရှု] ကို . . . လက်ယာဘက်၌ ချီးမြှောက်တော်မူ၏” ဟုဂျူးတရားရုံးချုပ်တွင် ပြောခဲ့ကြသည်။ (တမန်တော် ၅:၃၁၊ ကဘ) ပေါလုကလည်း “ဘုရားသခင်သည် ကိုယ်တော်ကို သာလွန်မြင့်မြတ်သော အခွင့်အရာသို့ ချီးမြှောက် . . . တော်မူ၏” ဟုဆိုသည်။ (ဖိလိပ္ပိ ၂:၉၊ ကဘ) ယေရှုသာ ဘုရားသခင်ဖြစ်ပါက မိမိ၏ယခင်အခြေအနေထက် သာ၍ကြီးမြတ်သောအခြေအနေသို့ မည်သို့ချီးမြှောက်ခံရနိုင်မည်နည်း။ ကိုယ်တော်သည် ကြီးမြတ်သောသုံးပါးပေါင်းတစ်ဆူဘုရားတစ်ပါး ဖြစ်ပြီးသားပင်။ အကယ်၍ ချီးမြှောက်မခံရမီကပင် ယေရှုသည် ဘုရားသခင်နှင့်တန်းတူညီတူဖြစ်လျှင် ထိုသို့ချီးမြှောက်ခံရခြင်းက ဘုရားသခင်ထက် သာ၍ကြီးမြတ်သွားစေမည်မဟုတ်လော။
ခရစ်တော်သည် “ငါတို့အတွက်ကြောင့် ယခု ဘုရားသခင်၏ရှေ့တော်၌ ကိုယ်ကိုပြခြင်းငှာ ကောင်းကင်ကိုယ်ထဲသို့ဝင်တော်မူပြီ” ဟုလည်း ပေါလုဆိုသည်။ (ဟေဗြဲ ၉:၂၄) တစ်စုံတစ်ဦးရှေ့တွင် သင်ရှိနေသည်ဆိုလျှင် သင်သည် တစ်ချိန်တည်းတွင် ထိုပုဂ္ဂိုလ်မည်သို့ဖြစ်နိုင်မည်နည်း။ မဖြစ်နိုင်ပါ။ သင်သည် ထိုသူနှင့်ကွဲပြားခြားနားသော သီးခြားပုဂ္ဂိုလ်ဖြစ်ရမည်။
ထိုနည်းတူ အာဇာနည် သတေဖန်သည် ကျောက်ခဲနှင့်ပေါက်သတ်မခံရမီ “ကောင်းကင်သို့ စေ့စေ့ကြည့်သောအခါ ဘုရားသခင်၏ဘုန်းတော်ကိုလည်းကောင်း၊ ဘုရားသခင်၏လက်ယာတော်ဘက်၌ ယေရှုရပ်နေသည်ကိုလည်းကောင်း မြင်” လေ၏။ (တမန်တော် ၇:၅၅၊ ကဘ) သူသည် သီးခြားပုဂ္ဂိုလ်နှစ်ဦးကိုမြင်ခဲ့ကြောင်း ထင်ရှားသည်။ သန့်ရှင်းသောဝိညာဉ်တော်ကိုလည်း မမြင်ခဲ့၊ သုံးပါးပေါင်းတစ်ဆူဘုရားကိုလည်း မမြင်ခဲ့ပေ။
ဗျာဒိတ် ၄:၈ မှ ၅:၇ အထိမှတ်တမ်းတွင် ဘုရားသခင်သည် ကောင်းကင်ပလ္လင်ပေါ်တွင်ထိုင်နေကြောင်း ဖော်ပြထားပြီး ယေရှုကိုမူ မဖော်ပြပေ။ ယေရှုသည် ဘုရားသခင်ထံချဉ်းကပ်ပြီး ဘုရားသခင့်လက်ယာလက်မှ စာစောင်ကို ခံယူလေ၏။ ယင်းက ကောင်းကင်တွင် ယေရှုသည် ဘုရားသခင်မဟုတ်၊ ဘုရားသခင်နှင့်မတူသော သီးခြားပုဂ္ဂိုလ်ဖြစ်ကြောင်း ဖော်ပြသည်။
ယင်းအချက်ကို ထောက်ခံသည့်အနေနှင့် အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့ရှိ ဂျွန်ရိုင်လန်းစ် စာကြည့်တိုက်ကြေညာစာတမ်းတွင် ဤသို့ဆိုသည်– “ယေရှုသည် မြေကြီးသားအဖြစ် အသက်ရှင်စဉ်က ဘုရားသခင်နှင့်မတူသော သီးခြားပုဂ္ဂိုလ်ဖြစ်သကဲ့သို့ ရှင်ပြန်ထမြောက်ပြီးနောက် ကောင်းကင်အသက်တာတွင်လည်း ဘုရားသခင်နှင့်မတူသော သီးခြားပုဂ္ဂိုလ်အဖြစ် ရှိနေကြောင်း ပုံဖော်ထားသည်။ ယေရှုသည် ဘုရားသခင်နှင့်အတူ ဘုရားသခင်၏အပါးတွင် ရှိနေသော်လည်း ကောင်းကင်တရားပလ္လင်တွင် ကောင်းကင်တမန်များကဲ့သို့ ကောင်းကင်သတ္တဝါတစ်ပါးအဖြစ် တည်ရှိသည်။ သို့သော် ဘုရားသခင့်သားတော်အဖြစ် သူတို့နှင့်ခြားနားသော အဆင့်အတန်းတွင်ရှိပြီး သူတို့ထက် အလွန်မြင့်မားသောရာထူးရှိသည်။”—ဖိလိပ္ပိ ၂:၁၁ နှင့်နှိုင်းယှဉ်။
ထိုကြေညာစာတမ်းက ဤသို့လည်းဆို၏– “သို့သော် ကောင်းကင်သားခရစ်တော်အဖြစ် ကိုယ်တော်၏ဘဝအသက်တာ၊ လုပ်ဆောင်မှုများနှင့်ပတ်သက်၍ ပြောဆိုထားရာများသည် ဘုရားသခင်နှင့်တန်းတူဖြစ်သည်ဟူ၍လည်းကောင်း၊ ဘုရားသခင်ပင်ဖြစ်သည်ဟူ၍လည်းကောင်း မဆိုလိုပေ။ ယင်းအစား ဓမ္မသစ်ကျမ်းတွင် ကိုယ်တော်၏ကောင်းကင်အသက်တာနှင့် ဓမ္မအမှုအကြောင်းဖော်ပြချက်အရ ကိုယ်တော်သည် ဘုရားသခင်နှင့်မတူသော သီးခြားပုဂ္ဂိုလ်ဖြစ်ပြီး ဘုရားသခင်၏လက်အောက်ခံဖြစ်သည်ဟု ကျွန်ုပ်တို့ယူမှတ်သည်။”
ယေရှုသည် ထာဝရအနာဂတ်တွင် ကောင်းကင်၌ ဘုရားသခင်နှင့်သီးခြားပုဂ္ဂိုလ်အဖြစ် ဘုရားသခင်ကို ဆက်၍လက်အောက်ခံပြီး တည်ရှိနေမည်ဖြစ်သည်။ သမ္မာကျမ်းစာက ယင်းကို ဤသို့ဖော်ပြ၏– “ခရစ်တော်သည် အထွဋ်အမြတ်အာဏာတန်ခိုး အမျိုးမျိုးကိုပယ်ရှင်း၍ မိမိနိုင်ငံကို [ကောင်းကင်တွင်] ဘုရားသခင်တည်းဟူသော ခမည်းတော်၌အပ်ပြန်တော်မူပြီးမှ ကမ္ဘာကုန်ရလတ္တံ့။ . . . ခပ်သိမ်းသောအရာတို့ကို သူ့အောက်၌ချထားတော်မူသောသူ၏ အုပ်စိုးတော်မူခြင်းကို သားတော်သည် ကိုယ်တိုင်ဝန်ခံလိမ့်မည်။ အကြောင်းမူကား ဘုရားသခင်သည် အလုံးစုံဖြစ်တော်မူမည်အကြောင်းတည်း။”—၁ ကောရိန္သု ၁၅:၂၄၊ ၂၈။
ယေရှုသည် မိမိကိုယ်ကို ဘုရားသခင်ဖြစ်သည်ဟု တစ်ခါမျှမမိန့်ဆိုခဲ့
သမ္မာကျမ်းစာ၏အဆိုမှာ ရှင်းပါသည်။ ယေဟောဝါသည် အနန္တတန်ခိုးရှင်ဖြစ်သည်သာမက ယေရှုနှင့်မတူသော သီးခြားပုဂ္ဂိုလ်ဖြစ်ပြီး ယေရှုထက် အစဉ်ကြီးမြတ်သည်။ ယေရှုသည် ဘုရားသခင်နှင့်မတူသော သီးခြားပုဂ္ဂိုလ်ဖြစ်ပြီး ဘုရားသခင်ထက် အဆင့်နိမ့်ကာ နှိမ့်ချမှုရှိသောကျေးကျွန်ဖြစ်သည်။ ထို့ကြောင့် သမ္မာကျမ်းစာက “ယောက်ျားတိုင်း၏ဦးခေါင်းကား ခရစ်တော်ဖြစ်” သည်နည်းတူ “ခရစ်တော်၏ဦးခေါင်းကား ဘုရားသခင်ဖြစ်တော်မူ” သည်ဟုရှင်းလင်းစွာဆိုသည်။ (၁ ကောရိန္သု ၁၁:၃၊ ကဘ) ထို့ကြောင့် “ခမည်းတော်သည် ငါ့ထက်ကြီးမြတ်တော်မူ၏” ဟုယေရှုဆိုရခြင်းဖြစ်သည်။—ယောဟန် ၁၄:၂၈၊ ကက်သလစ်ကျမ်းစာတော်မြတ်။
အမှန်မှာ ယေရှုသည် ဘုရားသခင်မဟုတ်၊ မိမိကိုယ်ကို ဘုရားသခင်ဖြစ်သည်ဟုလည်း တစ်ခါမျှ မမိန့်ဆိုခဲ့ပါ။ ယင်းကို ကျမ်းပညာရှင်များစွာ အသိအမှတ်ပြုလာကြသည်။ ရိုင်လန်းစ် ကြေညာစာတမ်းက “နာမည်ကျော် ဓမ္မသစ်ကျမ်းပညာရှင်များစွာက ဓမ္မသစ်ကျမ်းကို လွန်ခဲ့သောနှစ်ပေါင်း သုံးဆယ်လေးဆယ်အတွင်း သုတေသနပြုခဲ့ရာ ယေရှုသည် . . . မိမိကိုယ်ကို ဘုရားသခင်အဖြစ် တစ်ခါမျှမယူမှတ်ကြောင်း ကောက်ချက်ချခဲ့ကြသည်” ဟုဖော်ပြ၏။
ကြေညာစာတမ်းက ပထမရာစုခရစ်ယာန်များနှင့်ပတ်သက်၍လည်း ဤသို့ဆို၏– “ထို့ကြောင့် သူတို့သည် [ယေရှုကို] ဂုဏ်တင်လေးစားသောအားဖြင့် ခရစ်တော်၊ လူသား၊ ဘုရားသခင်၏သားတော်၊ သခင်စသည့် ဘွဲ့နာမများဖြင့် ခေါ်ဝေါ်ခြင်းမှာ ကိုယ်တော်သည် ဘုရားသခင်ဖြစ်၍မဟုတ်ဘဲ ဘုရားသခင့်အလိုတော်ကို ထမ်းဆောင်ခဲ့သောကြောင့်ဖြစ်သည်။”
ထို့ကြောင့် သမ္မာကျမ်းစာပါ သက်သေအထောက်အထားအားလုံးက ယေရှုသည် ဘုရားသခင်ဖြစ်သည်ဟူသောအချက်ကို ဆန့်ကျင်ကြောင်း ဘာသာရေးပညာရှင်အချို့ပင် ဝန်ခံလာကြသည်။ ဘုရားသခင်သည် အစဉ်ကြီးမြတ်တော်မူပြီး ယေရှုသည် လက်အောက်ခံကျေးကျွန်တစ်ဦးဖြစ်ပေ၏။
[စာမျက်နှာ ၁၇ ပါ အကျဉ်းဖော်ပြချက်]
ယေရှုက ဂျူးများကို “ငါသည် ငါ့အလိုအတိုင်း ဆောင်ရွက်ရန် ကောင်းကင်မှ ဆင်းသက်သည် မဟုတ်။ ငါ့ကို စေလွှတ် တော်မူသော အရှင်၏အလိုတော်ကို ဆောင်ရန် ဆင်းသက်လာ၏” ဟု မိန့်ဆိုသည်။—ယောဟန် ၆:၃၈
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
“ကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကိုစွန့်ပစ်တော်မူသနည်း” ဟုဟစ်အော်ခြင်းက ယေရှုသည် မိမိကိုယ်ကို ဘုရားသခင်အဖြစ် လုံးဝမယူမှတ်ကြောင်း ထင်ရှားသည်
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
‘ဓမ္မသစ်ကျမ်းပညာရှင်များစွာက ဓမ္မသစ်ကျမ်းကို သုတေသနပြုခဲ့ရာ ယေရှု သည် မိမိကိုယ်ကို ဘုရားသခင်အဖြစ် တစ်ခါမျှ မယူမှတ်ကြောင်း ကောက်ချက်ချခဲ့ကြသည်။’ —ဂျွန်ရိုင်လန်းစ် စာကြည့်တိုက်ကြေညာစာတမ်း