အခန်း ၂၁
ယေရှု၏နေရင်းမြို့ တရားဇရပ်၌
နာဇရက်ရှိ မိမိအိမ်သို့ယေရှုပြန်ရောက်စဉ် ယေရှုစိတ်အမှန်လှုပ်ရှားတက်ကြွပေမည်။ လွန်ခဲ့သောတစ်နှစ်သာသာအချိန်က ယောဟန်ထံနှစ်ခြင်းခံရန် ယေရှုမကြွမီ ကိုယ်တော်ကို လက်သမားတစ်ဦးအဖြစ်သာ လူသိများသည်။ ယခုမူအံ့ဖွယ်အမှုပြုသူဟု လူသိများနေပြီ။ အံ့ဖွယ်အမှုများကို နာဇရက်မြို့သားများ အလွန်မြင်လိုကြသည်။
ထုံးစံအတိုင်း တရားဇရပ်ကိုယေရှုဝင်သည့်အခါ ထိုလူများပို၍မြင်လိုစိတ်ပြင်းပြလာကြသည်။ ဝတ်ပြုနေစဉ် ကျမ်းစာဖတ်ရန်ကိုယ်တော်ထ၍ ပရောဖက်ဟေရှာယရေးသောကျမ်းလိပ်ကိုလှမ်းယူ၏။ ယေဟောဝါဝိညာဉ်တော်ဘိသိက်ပေးခံရသောအရှင်အကြောင်းပါရှိသည့်အပိုင်း ဤခေတ်သုံးကျမ်းတွင် ဟေရှာယအခန်းကြီး ၆၁ ကိုကိုယ်တော်ဖွင့်၍ဖတ်လေသည်။
ထိုအရှင်သည် အနှောင်အဖွဲ့အတွင်းရှိလူတို့အားလွှတ်ရန် မည်သို့ဟောမည်၊ မျက်မမြင်တို့ကိုမြင်စေမည်နှင့် ယေဟောဝါ၏မင်္ဂလာနှစ်ကာလအကြောင်း ဖတ်ကြားပြီးမှ ထိုကျမ်းလိပ်ကိုပြန်အပ်၍ ထိုင်လေ၏။ ပရိသတ်အပေါင်းသည် ကိုယ်တော်ကိုစိုက်ကြည့်နေကြ၏။ အတန်ကြာမှ ဤသို့မိန့်တော်မူ၏။ “ယနေ့ပင် ဤကျမ်းစာချက်သည် သင်တို့ကြားသိသည့်အတိုင်း ပြည့်စုံလေပြီ။”
နှုတ်တော်ထွက် ‘တင့်တယ်ဖွယ်စကား’ ကိုအံ့သြလျက် “ဤသူသည်ယောသပ်၏သားမဟုတ်လော” ဟုအချင်းချင်းပြောဆိုကြ၏။ အံ့ဖွယ်အမှုကိုမြင်လိုကြကြောင်းသိသဖြင့် ကိုယ်တော်က “သင်တို့သည်ငါ့အား ‘အချင်း [ဆရာဝန်] ကိုယ်ကိုကျန်းမာစေလော့’ ဟူသောဆိုရိုးအတိုင်း ကပေရနောင်မြို့တွင် ပြုခဲ့ကြောင်း ငါတို့ကြားရသမျှကို နေရင်းမြို့၌လည်းပြုဦးလော့’ ဟုဆိုကောင်းဆိုမည်” ဟုမိန့်ဆို၏။ [သမ] နေရင်းမြို့ရှိ မိမိလူများ ဦးစွာအကျိုးခံစားရရန် ယေရှုအနာရောဂါငြိမ်းစေသင့်ကြောင်း အိမ်နီးချင်းများကယူဆသည်။ ထိုကြောင့်မိမိတို့ကို ယေရှုမထီလေးစားပြုသည်ဟု အထင်ရှိကြသည်။
ယင်းကိုရိပ်စားမိသောယေရှုက သက်ဆိုင်ရာသမိုင်းကိုဖေါ်ညွှန်းသည်။ ဧလိယလက်ထက်ဣသရေလနိုင်ငံတွင် မုဆိုးမများစွာရှိသော်လည်း သူတို့ထံဧလိယကိုမစေလွှတ်ခဲ့။ ဇိဒုန်ပြည်ရှိတိုင်းတစ်ပါးသူ မုဆိုးမထံသို့သာစေလွှတ်၍ အသက်ကယ်ဆယ်သည့် အံ့ဖွယ်အမှုကိုပြုစေကြောင်း၊ ဣသရေလနိုင်ငံတွင် နူနာရောဂါသည်များစွာရှိသော်လည်း ရှုရိပြည်မှ နေမန်တစ်ဦးတည်းကိုသာ ဧလိရှဲသန့်ရှင်းစေခဲ့ကြောင်း အမှတ်ရစေသည်။
သူတို့၏အတ္တဆန်မှုနှင့် အယုံအကြည်ကင်းမဲ့မှုကိုထင်ရှားစေသည့် မျက်နှာပျက်စေသော ဤနှိုင်းယှဉ်ချက်များကြောင့် တရားဇရပ်ရှိသူအပေါင်းတို့သည် ပြင်းစွာအမျက်ထွက်လျက် ယေရှုကိုမြို့ပြင်ထုတ်၍ နာဇရက်မြို့တည်ရာကုန်းထိပ်စွန်းမှပစ်ချရန်ကြိုးစားကြ၏။ သို့သော်ယေရှုသည် သူတို့လက်မှလွတ်၍ ဘေးကင်းစွာကြွသွားတော်မူ၏။ လုကာ ၄:၁၆-၃၀။ ၃ ဓမ္မရာဇဝင် ၁၇:၈-၁၆။ ၄ ဓမ္မရာဇဝင် ၅:၈-၁၄။
▪ နာဇရက်မြို့သားများ အဘယ်ကြောင့်စိတ်လှုပ်ရှားတက်ကြွနေကြသနည်း။
▪ ယေရှုတရားဟောချက်ကို မြို့သားများမည်သို့ထင်မြင်ကြသနည်း။ သို့သော်အဘယ်ကြောင့် ပြင်းစွာအမျက်ထွက်ကြသနည်း။
▪ မြို့သားများကယေရှုအား အဘယ်သို့ပြုရန်အားထုတ်ကြသနည်း။